အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း(၃၄၅)
ကိုယ့်အရင်ကုမ္ပဏီဟောင်း ပိတ်သိမ်းသွားတယ်ဆိုတဲ့ သတင်းထက် ပိုပျော်စရာကောင်းတဲ့ သတင်းရှိပါဦးမလား။ သူက စီးကရက်ဖီတာကို လျှာနဲ့ထိုးပြီး နှုတ်ခမ်းထောင့်ကို ရွှေ့လိုက်ကာ တစ်ဖွာ ဖွာလိုက်တယ်။ မျက်စိထောင့်နားမှာ စီးကရက်မီးရောင် ရဲသွားတာကို သူ မြင်လိုက်ရတယ်။
"တစ်နေ့ကျရင် သူ ထွက်ပြေးမယ်ဆိုတာ ငါ သိသားပဲ"
Mint News အင်တာနက်သတင်းကုမ္ပဏီ ပိတ်သိမ်းသွားခဲ့ပြီ။ သူ အရင်က တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ ဂျူနီယာတစ်ယောက်ဆီကနေ ဒီသတင်းကို သူ ကြားခဲ့တာ။ သေချာအောင်ဆိုပြီး သူတို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ပေမယ့် '404 Not Found' ဆိုတဲ့ စာတန်းပဲ တက်လာတယ်။ ဒါက မနေ့က ကိစ္စလေ။ သူ့ဂျူနီယာက အရက်ဝိုင်းမှာ စာမူခမပေးတဲ့ အခု-ဥက္ကဋ္ဌဟောင်းဖြစ်သွားတဲ့သူကို ဆဲဆိုနေခဲ့တယ်။ အဲဒါက ဂျူနီယာဖြစ်သူက ဒေါင်ဝုခ် ကို အရက်ဖိုးရှင်းခိုင်းတဲ့ နည်းလမ်းပဲလေ။ ဒေါင်ဝုခ် က အဲဒီဂျူနီယာနဲ့ ဘယ်တုန်းကမှ မရင်းနှီးခဲ့ပေမယ့် ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားတဲ့အတွက် သနားသွားလို့ အရက်ဖိုးအပြင် တက္ကစီခပါ ရှင်းပေးလိုက်တယ်။ အဲဒီဂျူနီယာ အိမ်ကို ဘေးကင်းကင်း ရောက်သွားပါ့မလားလို့ သူ စိတ်ပူမိပေမယ့်လည်း နောက်ဘယ်တော့မှ သူ့ကို ထပ်မဆက်သွယ်လာဖို့ကိုလည်း သူ့စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေမိတယ်။
ဒေါင်ဝုခ် က တစ်ဝက်လောက်ပဲ သောက်ရသေးတဲ့ စီးကရက်ကို ငြှိမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။
"အန်တီ၊ ပိုက်ဆံရှင်းမယ်"
"အန်တီ အလုပ်ရှုပ်နေလို့ အဲဒီမှာပဲ ထားခဲ့လိုက်။ ပြီးတော့ ဆိုင်ထဲမှာ ဆေးလိပ်သောက်ခွင့် မရှိတော့ဘူးနော်၊ အဲဒါလေး မှတ်ထားဦး"
"ထမင်းစားပြီး တစ်လိပ်လောက်တောင် မသောက်ရတော့ဘူးလား"
"အန်တီက ဆုံးဖြတ်ရတာမှ မဟုတ်တာ။ အန်တီက ဘာလုပ်ပေးရမှာလဲ"
ဒေါင်ဝုခ် က ကောင်တာအောက်မှာထားတဲ့ ထမင်းကြွပ်မုန့်တစ်တုံးကို ယူလိုက်ပြီး ဆိုင်ထဲက ထွက်လာခဲ့တယ်။ တိုင်ဖွန်းမုန်တိုင်းတစ်ခုလောက် တိုက်လိုက်ရင် လွင့်စင်ပျောက်ကွယ်သွားမယ့်ပုံပေါက်နေတဲ့ အဲဒီဆိုင်ရှေ့မှာတော့ မှန်တွေကာထားတဲ့ အထပ်မြင့်အဆောက်အအုံကြီးတစ်ခု ရှိနေတယ်။ ဒီနေရာက ဆင်းရဲသားရပ်ကွက်နဲ့ မြို့ပြ တွေ့ဆုံတဲ့နေရာပဲ။
"နောက်နှစ်အနည်းငယ်လောက်ဆို ဆိုးလ် မှာ တစ်ထပ်တိုက်တွေ ပျောက်သွားတော့မယ့်ပုံပဲ"
အဲဒီအချိန်ကျရင် ဒီဆိုင်ရော၊ အနီးအနားက ဆိုင်တွေပါ ပျောက်ကွယ်သွားလောက်တယ်။ ပိုးကောင်တစ်ကောင်မှ မမြင်ရတဲ့ တောက်ပနေတဲ့ စားသောက်ဆိုင်တွေမှာ ထမင်းစားရတာ ကောင်းပေမယ့်၊ ဒေါင်ဝုခ် ကတော့ အန်တီကြီးရဲ့ အော်သံတွေနဲ့ ဆီနံ့တွေ ထောင်းနေတဲ့ ဒီလိုဆိုင်မျိုးမှာ စားရတာကို ပိုသဘောကျတယ်။ အဲဒါက သန့်ရှင်းမှုထက် စိတ်ခံစားမှုနဲ့ ပိုဆိုင်တာပေါ့။ မှန်ကွဲနေတဲ့ ဟောင်းနွမ်းနေတဲ့ စက်ထဲကနေ ဝမ်နှစ်ရာတန် နို့ကော်ဖီတစ်ခွက်ကို သူ ဝယ်လိုက်တယ်။ ဒီလိုစက်တွေကနေ ကော်ဖီဝယ်သောက်တိုင်း ဝမ်နှစ်ရာတန်ချင်း အတူတူတောင်မှ 'အဆင့်မြင့်ကော်ဖီ' နဲ့ 'ရိုးရိုးကော်ဖီ' က ဘာတွေကွာခြားလဲလို့ သူ အမြဲတွေးမိတယ်။ အရင်က သူ နှစ်မျိုးလုံးကို စမ်းသောက်ကြည့်ဖူးပေမယ့် အရသာကတော့ ဘာမှမကွာဘူးလေ။ ခံစားချက်ကြောင့်များ ကွာနေတာလား။
အပူပေးနေဆဲဆိုတဲ့ မီးက မငြိမ်းသေးပေမယ့် ဒေါင်ဝုခ် က အဖုံးကိုဖွင့်ပြီး သူ့လက်ကို အထဲထည့်လိုက်တယ်။ ဒါက ကိုရီးယားလူမျိုးတိုင်း လုပ်လေ့ရှိတဲ့ ထုံးစံတစ်ခုလိုဖြစ်နေပြီ။ နောက်ဆုံး ကော်ဖီတစ်စက် ခွက်ထဲကျကျချင်းပဲ သူ ခွက်ကို ဆွဲထုတ်လိုက်တယ်။
"အား၊ ပူလိုက်တာ"
သူ့လက်ချောင်းပေါ် ကျလာတဲ့ ကော်ဖီစက်ကို လျှာနဲ့လျက်လိုက်ချိန်မှာပဲ ဘယ်ဘက်အိတ်ကပ်ထဲက သူ့ဖုန်းက ကျယ်လောင်စွာ မြည်လာတယ်။ သူက လက်ထဲက ကော်ဖီကို ဆိုင်ရှေ့က စားပွဲပေါ်တင်လိုက်ပြီး ဖုန်းကို ကိုင်လိုက်တယ်။
"ဟုတ်ကဲ့ ဥက္ကဋ္ဌ။ နေ့လယ်စာ စားပြီးပြီလား"
“ခုလေးတင် စားပြီးပြီ။ ဒါထက် ရုပ်ရှင်အတွက် ကြော်ငြာသတင်းဆောင်းပါးကိစ္စလေ”
"ဒီနေ့အပြီး လုပ်လိုက်ပါ့မယ်။ သတင်းအချက်အလက် နည်းနည်းရတာနဲ့ ကျွန်တော် တင်လိုက်မယ်။ ကျွန်တော့်ရဲ့ အရင်ဂျူနီယာတချို့လည်း အဲဒီဆောင်းပါးကို ရေးမယ်လို့ ပြောထားတယ်ဆိုတော့ ကျွန်တော် တင်လိုက်တာနဲ့ ရှာဖွေမှု အများဆုံးစာရင်းထဲ ဝင်သွားမှာပါ"
“မင်း ပြီးသွားရင် ငါ တစ်ချက် ကြည့်လိုက်မယ်။ ဒီနေ့ မင်း Soul ကို သွားမယ်ဆို”
"ဟုတ်တယ်။ ချိန်းထားတာ နှစ်နာရီဆိုတော့ ကျွန်တော် သွားတော့မယ်။ ဒါနဲ့ မနေ့က သတင်းတွေ တွေ့လိုက်လား။ ဟို လီဟျော့ လည်း Soul ထဲ ဝင်သွားပြီထင်တယ်"
“တွေ့လိုက်တယ်။ သူတို့ တော်တော် ထိုးစစ်ဆင်နေတဲ့ပုံပဲ။ သူတို့ တိတ်တဆိတ်နဲ့ လူတော်တော်များများကို ဆက်သွယ်နေကြတယ်”
"ဖျော်ဖြေရေးလောကက အကောင်ကြီးကြီးတစ်ယောက်လည်း Soul ကို ပြောင်းတော့မယ်လို့ ကျွန်တော့်ဂျူနီယာတစ်ယောက်ဆီကနေ သိရတယ်။ သူတို့က အခုမှ စလုပ်တာဆိုပေမယ့် သူတို့ရဲ့ ဩဇာအာဏာက သာမန်တော့ မဟုတ်ဘူး"
ဒေါင်ဝုခ် က ဖုန်းကို ခေါင်းနဲ့ ပခုံးကြားမှာ ညှပ်ထားရင်း နောက်ကျောအိတ်ကပ်ထဲက မှတ်စုစာအုပ်ငယ်လေးကို ထုတ်လိုက်တယ်။
"ပြီးတော့ Soul ရဲ့ စီအီးအို နောက်ခံကလည်း တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော် ကြိုပြီး စုံစမ်းကြည့်တော့ သူက ဒီနယ်ပယ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူမဟုတ်ဘဲ ကုမ္ပဏီကြီးတစ်ခုက အမှုဆောင်တစ်ယောက် ဖြစ်နေတယ်။ YM Logistics မှာ သူ တော်တော်လေး စွမ်းဆောင်ရည်ရှိတယ်လို့ ကြားတယ်"
“ဒါပေမယ့် သူက ဖျော်ဖြေရေးလောကထဲကို ရုတ်တရက်ကြီး ဝင်လာတာပေါ့။
"ဒီနေ့ အင်တာဗျူးလုပ်ရင်း သူ့ကို စမ်းသပ်ကြည့်ရမှာပဲ။ ဒါပေမယ့် ဟောင်ဂျန်ဟဲ ဆိုတဲ့ ဒီလူက သာမန်မဟုတ်ဘူး။ Soul ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ YM က ဒီကုမ္ပဏီကို အကြီးအကျယ် ဈေးကွက်ရှာဖွေပေးနေတာကို ကြည့်ရင် သူ ယုံကြည်မှု အများကြီး ရထားတာ သေချာတယ်။ ငွေကြေးကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတချို့ဆီကနေ တစ်ခုခုသိရအောင် ကျွန်တော် ကြိုးစားကြည့်ဦးမယ်။ ငွေကြေးလောကနဲ့ ဖျော်ဖြေရေးလောက ချိတ်ဆက်နေတာ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ။ သေချာစုံစမ်းကြည့်ရင် စိတ်ဝင်စားစရာ တစ်ခုခုများ ရနိုင်မလားလို့"
“ဟောင်ဂျန်ဟဲ”
"ဟုတ်တယ်။ သိတဲ့သူများလား"
“အဲဒီနာမည်နဲ့ တစ်ယောက်ကိုတော့ ငါ သိတယ်။ ဒါပေမယ့် နာမည်တူတဲ့ လူနှစ်ယောက် ဖြစ်လောက်ပါတယ်။ သူက ဖျော်ဖြေရေးလောကကို ရွံရှာတဲ့သူလေ။ ဘာပဲဖြစ်ဖြစ် ချင့်ချိန်ပြီး စုံစမ်းကြည့်ပါ။ အရမ်းကြီးတော့ အနက်ရှိုင်းကြီး မဝင်သွားနဲ့။ ပြီးတော့ ဂွန်ဆူ ရဲ့ ရုပ်ရှင် ဖျက်သိမ်းလိုက်တဲ့ကိစ္စကိုပါ မင်း စုံစမ်းပေးလို့ရမလား။
ဂျွန်မင်း က တိုးတိုးလေး မေးလိုက်တယ်။ ဒေါင်ဝုခ် ကတော့ ညည်းတွားလိုက်မိတယ်”
"ကျွန်တော် ဘာလုပ်နိုင်မလဲဆိုတာ ကြည့်လိုက်ပါ့မယ်"
ဖုန်းပြောပြီးသွားတဲ့အခါ သူက သူ့မှတ်စုစာအုပ်မှာ 'ဂွန်ဆူ ရုပ်ရှင်စုံစမ်းရန်' လို့ ရေးမှတ်လိုက်တယ်။
"ကဲ... သွားလိုက်ကြစို့လား"
ဒေါင်ဝုခ် က အေးနေတဲ့ ကော်ဖီကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ထွက်လာခဲ့တယ်။
* * * * * * * * *
"ဟူး..."
မာပိုခရိုင် မှာရှိတဲ့ Soul ရဲ့ ကုမ္ပဏီအဆောက်အအုံကို သူ အကဲခတ်ကြည့်လိုက်တယ်။ အဲဒီအဆောက်အအုံက တန်ဖိုးကြီးတဲ့ မြေနေရာရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေတာ။ သူက စပ်စုချင်လာလို့ အနီးအနားက အိမ်ခြံမြေအကျိုးဆောင်တွေဆီမှာ မြေဈေးကို စုံစမ်းကြည့်တော့ မြေတန်ဖိုးချည်းပဲ တစ်ပျောင်းကို ဝမ်သန်း ၄၀ တောင် ရှိတယ်။ သူသာ လှဲအိပ်လိုက်မယ်ဆိုရင် သူ့ကိုယ်အောက်က မြေနေရာလေးတင် ဝမ်သန်း ၄၀ တန်ဖိုးရှိနေတာပဲ။ တကယ့်ကို ခေါင်းမူးစရာပါပဲ။
(TR Note: ပျောင်း ကိုရီးယားဧရိယာတိုင်းတာတဲ့ ယူနစ်၊ ၁ပျောင်း=၃.၃စတုရန်းမီတာ)
"အို... စီနီယာ"
အမျိုးသမီးတစ်ယောက်ရဲ့ အသံကို ကြားတော့ သူ ခေါင်းလှည့်ကြည့်လိုက်တယ်။ အဲဒီမှာ ရုပ်သံလိုင်းတစ်ခုမှာ သတင်းထောက်လုပ်နေတုန်းက သိခဲ့ရတဲ့ အမျိုးသမီးသတင်းထောက်တစ်ယောက်ကို သူ တွေ့လိုက်တယ်။ သူမ နာမည်က ချွဲမီယွန်း ဖြစ်ရမယ်။ သူတို့က လမ်းမှာဆုံရင်တောင် အခက်အခဲမရှိ နှုတ်ဆက်နိုင်လောက်တဲ့အထိ ရင်းနှီးကြတယ်။
"မတွေ့ရတာ ကြာပြီနော်။ ကျွန်တော် အင်တာဗျူးလုပ်ဖို့ ချိန်းထားတဲ့ သတင်းကုမ္ပဏီက နင်တို့ဆီကလား"
"ဟုတ်တယ်။ အို... ဒါပေမယ့် ကျွန်မ သတင်းကုမ္ပဏီမှာ အလုပ်မလုပ်တော့ဘူး။ ထွက်လိုက်ပြီ"
"ဒီလိုနေရာကောင်းကနေ ဘာလို့ ထွက်လိုက်တာလဲ"
"ဒါဆို စီနီယာကကော ရုပ်သံလိုင်းကနေ ဘာလို့ ထွက်လိုက်တာလဲ"
"ငါ ရူးနေလို့လေ"
"ကျွန်မလည်း အတူတူပါပဲ။ မွန်းကျပ်လာလို့ပါ။ အခုတော့ အမျိုးသမီးမဂ္ဂဇင်းတစ်ခုမှာ အလုပ်လုပ်နေတယ်"
သူမက ပိုက်ဆံအိတ်ထဲကို မွှေနှောက်ရှာဖွေပြီးနောက် လိပ်စာကတ်တစ်ခုကို သူ့ကို ကမ်းပေးလိုက်တယ်။ အဲဒီမှာ 'Sharon' ဆိုတဲ့ နာမည်ရေးထားတယ်။ အဲဒါက ဒေါင်ဝုခ် သိတဲ့နေရာတစ်ခုပဲ။ အဲဒီ မဂ္ဂဇင်းကုမ္ပဏီကနေ မဂ္ဂဇင်းတွေ တော်တော်များများ ထုတ်ထားခဲ့တာလေ။
"အခု စီနီယာက ဘယ်မှာ အလုပ်လုပ်နေတာလဲ"
"ငါလား။ အလွတ်တန်းသတင်းထောက်ပဲ"
"ဝိုး... အလွတ်တန်းတဲ့။ စီနီယာ တော်တော်တော်လို့ နေမှာပေါ့"
သူက ပခုံးတွန့်ပြလိုက်ပြီး Soul ရဲ့ ကုမ္ပဏီအဆောက်အအုံဘက်ကို လျှောက်သွားလိုက်တယ်။ အဆောက်အအုံရဲ့ အပြင်ဘက်နံရံမှာ 'The Five' ကနေ ထွက်လာတဲ့ သုံးယောက်ရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားတယ်။ နောက်မှာ ကရိန်းပါတဲ့ ကုန်တင်ကားတစ်စီးလည်း ရှိနေပြီး လီဟျော့ ရဲ့ ဓာတ်ပုံကိုပါ ချိတ်ဆွဲတော့မယ့်ပုံပဲ။
အခုမှ အသစ်ဆောက်ထားတဲ့ အဆောက်အအုံလိုပဲ အထဲမှာ တော်တော်လေးကို သန့်ရှင်းသပ်ရပ်နေတယ်။ နံရံတွေမှာ မီးလုံးတွေ တပ်ဆင်ထားပြီး မှိန်ပျပျ အလင်းရောင်တွေ ထွက်ပေါ်နေတယ်။ ကြမ်းပြင်ပေါ်မှာလည်း ကော်ဇောနီလိုမျိုး အနီရောင်ကျောက်ပြားတွေကို ခင်းထားတယ်။ မျက်စိပသာဒဖြစ်စရာတွေကို သူ လိုက်ငေးကြည့်နေတုန်းမှာပဲ၊
"သတင်းထောက် ကင်ဒေါင်ဝုခ် နဲ့ ချွဲမီယွန်း တို့ မဟုတ်လားရှင့်"
"အာ... ဟုတ်ပါတယ်"
ဆံပင်ဘော့စတိုင်ညှပ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ပြုံးယောင်ယောင် မျက်နှာလေးနဲ့ လှည့်လာတယ်။ သူမက ရိုးရိုး ဝန်ထမ်းတစ်ယောက်လို့ ထင်ရပေမယ့် တော်တော်လေးကို လှတယ်။ သူမရဲ့ နောက်ကျောအလှကတောင် ကြည့်ကောင်းနေတာ။ နာမည်ကြီးချင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါလို့ ပြောရင်တောင် ယုံရလောက်တယ်။ သူတို့နှစ်ယောက်က သူမနောက်ကို လိုက်ပြီး စတုတ္ထထပ်ကို တက်သွားကြတယ်။ ဧရာမမှန်ပြတင်းပေါက်ကြီးတွေရဲ့ တစ်ဖက်မှာတော့ မာပိုခရိုင် က အဆောက်အအုံတွေကို လှမ်းမြင်နေရတယ်။ အမျိုးသမီးက ဘယ်ဘက်ကိုကွေ့ပြီး သူတို့ကို ဆက်ခေါ်သွားတယ်။ လမ်းမှာတွေ့ရတဲ့ သူတွေအားလုံးက ကွန်ပျူတာတွေနဲ့ လုံးပန်းနေကြတယ်။
"ခဏလောက် စောင့်ပေးပါရှင့်"
အမျိုးသမီးက တံခါးကိုခေါက်ပြီးနောက် အထဲဝင်သွားတယ်။ ခဏကြာတော့ သူမက တံခါးကိုပြန်ဖွင့်ပြီး သူတို့ကို ဝင်လာဖို့ ပြောတယ်။ ဒေါင်ဝုခ် က ထူးဆန်းတဲ့ ဖိအားတစ်မျိုးကို ခံစားလိုက်ရတယ်။ အထဲဝင်သွားရင်း သူ့ရှပ်အင်္ကျီကြယ်သီးတွေကို သေသေချာချာ တပ်လိုက်တယ်။
"ကြိုဆိုပါတယ်"
သူ့ကို နှုတ်ဆက်လိုက်တဲ့သူက ကျန်းမာရေးကောင်းပုံပေါက်တဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပဲ။ ဒေါင်ဝုခ် သိထားသလောက်ဆို သူက အသက် ငါးဆယ်ဝန်းကျင်လောက် ရှိရမှာဆိုပေမယ့် အခု လူချင်းတွေ့လိုက်ရချိန်မှာတော့ အသက် လေးဆယ်စွန်းစွန်းလို့ ပြောရင်တောင် ယုံရလောက်တယ်။ သေသပ်စွာ ဖြီးသင်ထားတဲ့ ဆံပင်နဲ့ သူ့ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ခရမ်းရောင်ရှပ်အင်္ကျီ။ သူ့ခန္ဓာကိုယ်ကလည်း ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းတယ်။ ဒေါင်ဝုခ် က အဲဒီလူကို ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိဟောင်းလို့ ကြားထားတဲ့အတွက် စာရွက်စာတမ်းတွေကြားမှာ အလုပ်ရှုပ်နေမယ့် ဗိုက်ရွှဲရွှဲနဲ့ လူလတ်ပိုင်းတစ်ယောက်လို့ ထင်ထားခဲ့ပေမယ့် သူ့ခန့်မှန်းချက်တွေ အကုန်လွဲချော်သွားခဲ့တယ်။ စတိုင်ကျနေတဲ့ ဖိနပ်ကအစ သူ့မျက်စိကို ဆွဲဆောင်သွားတယ်။ သူ့လက်ပတ်နာရီကလည်း ဈေးကြီးတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး၊ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ ဩဇာမျိုးမဟုတ်ဘဲ လူငယ်ဆန်ဆန် စွမ်းအားမျိုးကို ခံစားရစေတယ်။ သူက ဘယ်လိုနေရင် ကြည့်ကောင်းမလဲဆိုတာ သေချာသိတဲ့လူတစ်ယောက်ပဲ။
"ကျွန်တော် အရင်က အင်တာဗျူးလုပ်တာမျိုးတွေ တစ်ခါမှ မလုပ်ဖူးတော့ သေချာလုပ်နိုင်ပါ့မလား မသိဘူး။ လိုအပ်တာတွေရှိရင်လည်း ပြောပြပေးကြပါ" လို့ ဟောင်ဂျန်ဟဲ က ထိုင်ခုံမှာ ထိုင်ရင်း ပြောလိုက်တယ်။
သူက ပြုံးယောင်ယောင်လေးလုပ်ရင်း ဆိုဖာကို လက်ညှိုးထိုးပြလိုက်တဲ့ သူ့အမူအရာလေးတစ်ခုကတင် ဖိအားတွေကို ဖြစ်ပေါ်စေတယ်။ သဘောကောင်းပုံပေါ်ပေမယ့် ကြီးမားတဲ့ ဖိအားတစ်ခုကို ခံစားရစေတယ်။ သူက တကယ့်ကို အထက်တန်းလွှာက လူတစ်ယောက်ဆိုတာ သေချာတယ်။
သူတို့နှစ်ယောက် ထိုင်လိုက်တဲ့အခါ လက်ဖက်ရည်သောက်ရင်း စကားစကြရအောင်လို့ ဂျန်ဟဲ က ပြောလိုက်တယ်။ သူတို့ကို ခေါ်လာတဲ့ အမျိုးသမီးက လက်ဖက်ရည် လာချပေးတယ်။ လက်ဖက်ရည်က ရိုးရိုးမဟုတ်ဘဲ ဂရင်းတီး လာတေး ဖြစ်နေတယ်။ ဒါက ဒေါင်ဝုခ် မကြာခဏ သောက်လေ့ရှိတဲ့ အကြိုက်ဆုံးအရည်ပဲလေ။ မီယွန်း ရဲ့ မျက်နှာအမူအရာကို သူ ဘေးကနေ အကဲခတ်ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာအမူအရာအရ အခုသူ့ရှေ့မှာ ချထားတဲ့ အရည်က သူမ အကြိုက်ဆုံးဆိုတာ သိသာနေတယ်။
'သတိမထားဘူးဆိုရင်တော့ သတင်းအချက်အလက် ဘာတစ်ခုမှ ရမှာမဟုတ်ဘူးထင်တယ်'
ဒါက တိုက်ဆိုင်မှုသက်သက်တော့ ဖြစ်နိုင်စရာအကြောင်းမရှိဘူး၊ ဆိုလိုတာက သူတို့အကြိုက်တွေကို ကြိုတင်စုံစမ်းထားတယ်ဆိုတဲ့ သဘောပဲ။ ဘာမှမဟုတ်ဘူးဆိုပေမယ့် သူ့ကိုယ်သူ စုံစမ်းခံထားရတယ်လို့ ခံစားလိုက်ရတဲ့အတွက် သိပ်တော့ သဘောမကျဘူး။
"အကြိုက်တွေ့ရဲ့လား"
"ဟုတ်ကဲ့။ ကျွန်တော် ဂရင်းတီး လာတေး ကို သဘောကျပါတယ်"
"ကျွန်မလည်း ကီဝီကို သဘောကျတယ်၊ ခစ် ခစ်"
"ဒါဆို ကောင်းတာပေါ့"
ဂျန်ဟဲ က လက်ချောင်းတွေကို ယှက်လိုက်ပြီး ခြေချိတ်ထိုင်လိုက်တယ်။ ဒေါင်ဝုခ် က မသိမသာ ပြုံးလိုက်မိတယ်။ တစ်ဖက်လူက အင်တာဗျူးအတွေ့အကြုံ မရှိဘူးဆိုပေမယ့် လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုတော့ ကောင်းကောင်းသိနေတယ်။
"အေးအေးဆေးဆေး သောက်ကြပါ။ သောက်ပြီးမှပဲ အင်တာဗျူးကို ဆက်လုပ်ကြတာပေါ့" လို့ ဂျန်ဟဲ က သူ့ကော်ဖီခွက်ကို မရင်း ပြောလိုက်တယ်။
* * * * * * * *
စီနီယာ၊ မတွေ့ရတာ ကြာပြီဆိုတော့ အတူတူ သောက်ကြရအောင် - အဲဒီစကားနဲ့ စတင်ခဲ့တဲ့ အရက်ဝိုင်းက ဒုတိယအချီအထိ ရောက်သွားတယ်။ ဆိုဂျူးခွက်ကို မော့သောက်လိုက်တဲ့အချိန်မှာပဲ ဒီအမျိုးသမီး ဘယ်လောက် အရက်သောက်နိုင်လဲဆိုတာကို သူ သတိရသွားပေမယ့် အခုတော့ နောက်ဆုတ်လို့ မရတော့ဘူးလေ။ အကင်ဆိုင်မှာ သောက်ပြီးတာနဲ့ သူ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် သူ့ဂျူနီယာက အနီးအနားက ပိုဂျန်မာချာ တစ်ခုကို ဆွဲခေါ်သွားတယ်။ အဲဒီမှာ ခုံးကောင်ဟင်းချိုနဲ့ ဆိုဂျူး ထပ်သောက်ကြတယ်။ အလုပ်ကလည်း ပြီးသွားပြီဖြစ်လို့ လွတ်လွတ်လပ်လပ် သောက်လို့ရပေမယ့်၊ ဆိုဂျူးနှစ်ပုလင်းကို တစ်ယောက်တည်း ကုန်အောင်သောက်တာတောင် မျက်နှာမပျက်တဲ့ သူ့ဂျူနီယာကို သူ နည်းနည်းတော့ လန့်သွားတယ်။
"ဟား... ဒါကိုသာ ကျွန်မရဲ့ အယ်ဒီတာကို ပေးလိုက်ရင်၊ အဓိပ္ပာယ်မရှိတဲ့ ဒီအင်တာဗျူးအတွက် ကျွန်မခေါင်းကို ခေါက်လောက်တယ်" လို့ မီယွန်း က သက်ပြင်းချရင်း ပြောလိုက်တယ်။
ဒေါင်ဝုခ် လည်း သူမစကားကို ထောက်ခံတယ်။
ယေဘုယျအားဖြင့်တော့ အင်တာဗျူး နှစ်မျိုးရှိတယ်။
ကြေညာဖို့လုပ်တဲ့ အင်တာဗျူးနဲ့ ထိုးထွင်းစုံစမ်းဖို့လုပ်တဲ့ အင်တာဗျူးဆိုပြီးတော့လေ။
မီဒီယာပေါ်က ကြယ်ပွင့်တွေကို ကြည့်နေတဲ့ ပရိသတ်တွေက သူတို့ရဲ့ နေ့စဉ်ဘဝတွေအကြောင်းကို စပ်စုချင်ကြတယ်။ နားနေချိန်တွေမှာ ဘာလုပ်လဲ၊ ဘာအစားအစာတွေ စားလဲ၊ အိမ်မှာ ဘယ်လို အိမ်မွေးတိရစ္ဆာန်တွေ မွေးထားလဲ ဆိုတာမျိုးပေါ့။ အသေးအဖွဲ ကိစ္စလေးတွေကိုတောင် သူတို့က သိချင်ကြတာ။ အဲဒါကြောင့်ပဲ သတင်းထောက်တွေက အင်တာဗျူးလုပ်တဲ့အခါ ပရိသတ်တွေ သိပြီးသား အချက်အလက်တွေထက် ထူးခြားတဲ့အကြောင်းအရာတစ်ခုခုကို ပြောလာအောင် ကြယ်ပွင့်တွေကို သွယ်ဝိုက်ပြီး မေးခွန်းတွေ မေးကြတာလေ။ ဒါပေမယ့် ဖျော်ဖြေရေးလောကနဲ့ နီးစပ်ပေမယ့် လူတွေ စိတ်မဝင်စားတဲ့ အေဂျင်စီ စီအီးအိုတွေ၊ ထုတ်လုပ်သူတွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေလို လူမျိုးတွေကို အင်တာဗျူးလုပ်တဲ့အခါမှာတော့ သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကိုပဲ ပြောခွင့်ပေးလိုက်ရင် အဲဒီအင်တာဗျူးက အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။
ဂျန်ဟဲ အနေနဲ့ပြောရရင် သူက ဒုတိယအမျိုးအစားထဲမှာ ပါပေမယ့် အခုအခြေအနေကတော့ နည်းနည်းထူးခြားနေတယ်။ သူက အငြင်းပွားစရာတွေရဲ့ ဗဟိုချက်ဖြစ်နေတဲ့ 'Soul' ရဲ့ စီအီးအိုလေ။ 'The Five' ရဲ့ ကျွန်ချုပ်စာချုပ် ကိစ္စကို သူက ဖော်ထုတ်လိုက်ပြီး ဖျော်ဖြေရေးလောကမှာ မုန်တိုင်းကြီးတစ်ခုကို ဖန်တီးခဲ့တာ။ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ကျွန်ချုပ်စာချုပ်တွေနဲ့ နာမည်ကြီးစူပါစတားတွေ ကုမ္ပဏီပြောင်းတဲ့ သတင်းတွေကြောင့် Soul ရဲ့ စီအီးအိုအပေါ် ပရိသတ်စိတ်ဝင်စားမှုက အခုအချိန်မှာ သိပ်မရှိသေးပေမယ့် မကြာခင်မှာတော့ သူတို့ တော်တော်လေးကို သိချင်လာကြလိမ့်မယ်။ သူက ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ မေးလာကြတော့မှာ။
အဲဒါကြောင့်မို့လို့ပဲ သူက တခြားလူတွေထက် ဦးအောင် အင်တာဗျူးလုပ်ဖို့ တောင်းဆိုခဲ့ပြီး လောကမှာ တားမြစ်ထားတဲ့အရာဖြစ်တဲ့ စာချုပ်ကိစ္စတွေကို ဘာလို့ ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ၊ ပြီးတော့ နာမည်ကြီးအနုပညာရှင်တွေကို ဘာလို့ တက်တက်ကြွကြွ စည်းရုံးနေတာလဲဆိုတဲ့ အကြောင်းရင်းတွေကို စုံစမ်းဖို့ ကြိုးစားခဲ့တာ။ ဒါပေမယ့် ဟောင်ဂျန်ဟဲ ကတော့ သူ့ရဲ့ အေးဆေးတဲ့အပြုံးတွေ၊ နောက်ပြောင်မှုတွေနဲ့ အဲဒီမေးခွန်းတွေအားလုံးကို ရှောင်လွှဲသွားခဲ့တယ်။
သူက ဘာအခွင့်အရေးမှကို မပေးခဲ့တာ။ လတ်တလော အငြင်းပွားနေတဲ့ 'The Five' ကိစ္စကို မေးတဲ့အချိန်မှာတောင် 'လုပ်အားအတွက် ထိုက်တန်တဲ့လုပ်အားခ ရတာကို ဘာလို့ မေးခွန်းထုတ်စရာ လိုနေသေးလို့လဲ' လို့ပဲ သူက ပြန်ဖြေခဲ့တာဆိုတော့ နောက်ထပ်မေးခွန်းတွေ ဆက်မေးလို့ မရတော့ဘူးလေ။ 'မှန်ကန်တဲ့' အဖြေတွေကို ပြန်ချေပဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ်မဟုတ်လား။
နောက်ဆုံးမှာတော့ ပေါ့ပျက်ပျက် အင်တာဗျူးလေးတစ်ခုပဲ ရလိုက်တယ်။ ဒါကို သူ အရင်ဆုံး မှတ်တမ်းတင်ပြီး ဂျန်ဟဲ ရဲ့ အတည်ပြုချက်ကို ယူရမှာဖြစ်ပေမယ့် ပြင်ပေးဖို့တော့ တောင်းဆိုစရာ ရှိမှာမဟုတ်ဘူး။ အဲဒီလောက်အထိကို သန့်ရှင်းလွန်းတဲ့ အင်တာဗျူးတစ်ခုလေ။ သူက လူထုဆက်ဆံရေးမှာ ပြဿနာတွေဖြစ်လာရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စံပြတစ်ယောက်လိုပဲ။ သူ့ရဲ့ ဉာဏ်ရည်နဲ့ စိတ်နေသဘောထားကို ကြည့်ရင် YM Corp က သူ့ကို အငြိမ်းစားယူမယ့်အချိန်အထိ အချိန်ဖြုန်းဖို့သက်သက် ဒီနေရာကို လွှတ်လိုက်တာ မဟုတ်ဘူးဆိုတာ သေချာတယ်။
"Soul က ဂီတအစီအစဉ်တစ်ခု ထုတ်လွှင့်ထားတာကို စီနီယာ သိတယ်မလား"
"အင်း... သိတယ်"
"လူတွေရဲ့ တုံ့ပြန်မှုကလည်း တော်တော်လေး ကောင်းတယ်"
"ဟုတ်လို့လား။ သီချင်းနားထောင်ဖို့ ပိုက်ဆံပေးရတယ်မဟုတ်လား။ လူတွေက တကယ်ပဲ ပိုက်ဆံပေးပြီး သီချင်းနားထောင်ကြပါ့မလား။ စီဒီတွေ ရတာမျိုးလည်း မဟုတ်ဘဲနဲ့"
"အခမဲ့ သီချင်းဒေါင်းလုဒ်ဆွဲလို့ရတဲ့ ဆိုဒ်တွေ အကုန်လုံး ပိတ်သွားပြီလေ။ အဲဒီအပြင် ရုပ်ရှင်ရုံ ကြော်ငြာချိန်တွေမှာ သူတို့ရဲ့ 'Good Downloader' အကြောင်း ပညာပေးကြော်ငြာတွေကိုလည်း ပြသနေကြတာ။ အဲဒါကိုလည်း Soul ကပဲ ဦးဆောင်နေတာလေ။ အိုင်ဒေါတွေနဲ့ သရုပ်ဆောင်တော်တော်များများက စခရင်ပေါ်ကနေ 'ထုတ်လုပ်သူနဲ့ စားသုံးသူရဲ့ အခွင့်အရေးနဲ့ အကျိုးအမြတ်ကို ကာကွယ်ပေးကြပါ' လို့ ပြောနေကြတာဆိုတော့ လူတွေရဲ့ အသိစိတ်ကို သွားဆွပေးသလို ဖြစ်နေတာ။ ကျွန်မလည်း ပိုက်ဆံနည်းနည်းပေးပြီး လိုင်းပေါ်ကနေ သီချင်းနားထောင်ကြည့်တာ ဘာခေါ်လဲ Streaming ဆိုလားပဲ၊ သိပ်တော့ မဆိုးပါဘူး။ ပိုက်ဆံနည်းနည်းလောက် ပေးလိုက်ရုံနဲ့ အကုန်နီးပါး နားထောင်လို့ရတယ်"
"ဒါဆို သူတို့က မူပိုင်ခွင့်ပြဿနာကို ဖြေရှင်းလိုက်ပြီပေါ့"
"KOMCA နဲ့ ညှိနှိုင်းတာကတော့ ပြီးသွားပြီထင်တယ်။ အရင်က CD တွေဖြန့်တဲ့ပုံစံကနေ အခုတော့ ဒစ်ဂျစ်တယ်ဖြန့်ချိတဲ့ပုံစံကို ပြောင်းသွားတာလို့ သဘောပေါ့"
"ဒါဆို ဖြန့်ချိရေးပုံစံကို ပြောင်းလိုက်တာပဲပေါ့။ YM က ဒါကို ကြိုသိနေတာလား။ ဒါပေမယ့် လူတွေက သီချင်းအတွက် ပိုက်ဆံမပေးကြဘူးဆိုရင် အလုပ်ဖြစ်မှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
"ဒါပေမယ့် တယ်လီကွန်းတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ YM က အခိုင်အမာ နေရာယူထားပြီးသားလေ။ သူတို့က တစ်လ အခမဲ့ သုံးခွင့်ပေးနေတာ တွေ့လိုက်တယ်၊ အဲဒါကို ဈေးကွက်ဗျူဟာအနေနဲ့ သုံးနေတယ်လို့ ထင်တယ်။ အင်တာနက်ကလည်း ဒီအတိုင်းပဲလေ"
သူမက စကားကို တော်တော်လေး ချောချောမွေ့မွေ့ ပြောနေတယ်။ ဒေါင်ဝုခ် က မီယွန်း ကို ကြည့်လိုက်တယ်။ သူမ မူးနေတာလား။
"ဒီရက်ပိုင်း အသုံးဝင်မယ့် သတင်းတွေများ ရှိလား"
"အသုံးဝင်မယ့် သတင်း။ ဟီးဟီး"
မီယွန်း က တခစ်ခစ် ရယ်လိုက်တယ်။ သူမ ငါးစာမိသွားပြီ။ မူးနေတဲ့အချိန်ဆို သူမသိသမျှ အကုန်ပြောပြမယ့်ပုံပဲ။ သူ အားနာပေမယ့် ဝမ်းရေးအတွက်တော့ လုပ်ရမှာပဲလေ။
ဒေါင်ဝုခ် က နားစွင့်လိုက်တယ်။ မဂ္ဂဇင်းတွေက ရေပန်းစားတာတွေကို သိလွယ်ကြတယ်လေ။ မဂ္ဂဇင်းလောကမှာ သတင်းအမှားတွေ ပြန့်တာက ငွေကြေးနယ်ပယ်လောက်ကို မြန်တာ။
"စီနီယာ"
"ဟင်"
"တတိယအချီ ဆက်သွားရအောင်"
"တ..တတိယအချီ"
"ဟုတ်တယ်"
"အဲဒီမတိုင်ခင် စိတ်ဝင်စားစရာကောင်းတဲ့ ဟိုကိစ္စလေးကို ပြောပြပါဦး..."
"ဟင့်အင်း၊ နေရာပြောင်းရအောင်။ ကြက်ကြော်လေးနဲ့ဆို ဘယ်လိုလဲ။ သိလား။ ဒီရက်ပိုင်း အတူတူသောက်ပေးမယ့်သူ မရှိလို့ ကျွန်မ တော်တော်လေး စိတ်ညစ်နေတာ"
မီယွန်း က 'ပိုက်ဆံရှင်းမယ်' လို့ အော်လိုက်ပြီး ပိုဂျန်မာချာ ထဲကနေ ထွက်သွားတယ်။ ဒေါင်ဝုခ် က မျက်တောင်အကြိမ်ကြိမ် ခတ်လိုက်ပြီးမှ ဆိုင်ရှင်ကို ပိုက်ဆံပေးလိုက်တယ်။
'ငါ့ကိုများ ပြန်အကွက်ဆင်သွားတာလား'
"စီနီယာ။ လာသွားမယ်။ ဘီယာသောက်ရင်း အကြီးကြီးတစ်ခု ပြောပြမယ်"
သူမ အသံတွေက အာလေးလျှာလေး ဖြစ်နေပေမယ့် လမ်းလျှောက်တာကတော့ ဖြောင့်ဖြောင့်တန်းတန်းပါပဲ။ ဒေါင်ဝုခ် က အရင်က သူကြည့်ဖူးတဲ့ ရုပ်ရှင်တစ်ခုကို သွားသတိရလိုက်တယ်။ ပါးလျလျဖြစ်နေတဲ့ သူ့ပိုက်ဆံအိတ်ကို သူ တစ်ချက်ကြည့်လိုက်ပြီး မီယွန်း နောက်ကို လိုက်သွားတယ်။ သူမကို စကားပြောကြည့်ရင် တစ်ခုခုတော့ ထွက်လာလောက်ပါတယ်။
* * * * * * * * *