အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း(၃၄၆)
သူမက အရက်မူးတာကို ဘီယာနဲ့ ဖြေရှင်းပြီး ပါးစပ်ဆေးတဲ့ အရူးမတစ်ယောက်ပဲ။ အရက်မူးချင်ရင် ဗော့ဒ်ကာ လိုတယ်လို့ သူမပြောတာက နောက်နေတာနဲ့ မတူဘူး။
"ထပ်သောက်ပါဦး"
"မင်းလောက် သောက်ရရင် ငါ လဲသွားမှာပေါ့"
"ယောက်ျားဖြစ်ပြီး အရက်သောက်တာ သိပ်ညံ့တာပဲ"
ငါက ညံ့တာမဟုတ်ဘူး၊ မင်းက တအားသောက်နိုင်လွန်းနေတာ။ ဒေါင်ဝုခ် စိတ်ထဲကနေ တွေးလိုက်တယ်။
ချဉ်စူးစူးအရသာတစ်ခုက သူ့လည်ချောင်းထဲ ဆန်တက်လာတယ်။ ဒေါင်ဝုခ် က ရေအေးလေးသောက်ပြီး သူ့ဗိုက်ကို သက်သာအောင် လုပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ မီယွန်း က ရုတ်တရက် လက်ထောင်ပြလိုက်တယ်။ ဆိုဂျူး နောက်တစ်ပုလင်း ထပ်မှာမယ့်ပုံပဲ။ ဒေါင်ဝုခ် က သူမကို အမြန်လှမ်းပြောလိုက်တယ်။
"ငါတို့ အခု စလိုက်ကြမလား။ ငါလည်း အလုပ်လုပ်စားရဦးမယ်လေ"
"ဘာစမှာလဲ"
"ဒီလိုလုပ်ချင်တာလား။ ငါ အခုပဲ ပြန်တော့မယ်"
အဲဒီတော့မှ မီယွန်း က စားပွဲပေါ် လက်တင်ပြီး သူမရဲ့ မေးစေ့ကို လက်ခုံပေါ် တင်လိုက်တယ်။
"ဒီတလော သိပ်မလှုပ်ရှားဖြစ်တဲ့ မင်းသမီးတွေ ဘာလုပ်နေလဲဆိုတာကို စုံစမ်းပြီး အထူးထုတ်စာစောင်တစ်ခု လုပ်ဖို့ ကျွန်မတို့ ကုမ္ပဏီက ဆုံးဖြတ်လိုက်တယ်။ သိတဲ့အတိုင်းပဲ၊ စာမူတွေ ပြတ်နေတဲ့အချိန် ထွက်လာတဲ့ အကြံဉာဏ်တွေထဲက တစ်ခုပေါ့။ ကျွန်မတို့ကို စာပြန်တဲ့ မင်းသမီးတွေနဲ့ စကားစမြည်ပြောပြီး လတ်တလော အခြေအနေလေးတွေ မေးရုံပဲဆိုတော့ လွယ်လွယ်ကူကူ ပြီးသွားမယ့် အလုပ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့..."
သူမ ခဏလောက် တိတ်သွားပြီး ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်တယ်။
"တစ်ယောက်နဲ့ စကားပြောနေတုန်း စိတ်မဝင်စားစရာ ကိစ္စတစ်ခု ပေါ်လာတယ်။ ဒီရက်ပိုင်း ဘာတွေလုပ်နေလဲလို့ ပေါ့ပေါ့ပါးပါးပဲ မေးလိုက်ပေမယ့် အဲဒီကိစ္စ ထွက်လာတာပဲ"
"မင်း ဘာတွေပြောနေတာလဲ"
"စီနီယာ။ ပြီးခဲ့တဲ့ရက်ပိုင်းက RBS မှာ ပါလာတဲ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရတဲ့ သတင်းကို မြင်လိုက်လား။ ပွဲဦးထွက်ခွင့်ပေးမယ်လို့ မက်လုံးပေးပြီး မင်းသမီးသစ်လေးတွေကို ဟိုတယ်ဆီ ခေါ်သွားကြတယ် ဆိုတာလေ"
"မြင်တယ်။ အဲဒီတုန်းက တော်တော်လေး ဂယက်ရိုက်သွားတာပဲ"
"အဲဒီအချိန်တုန်းကပဲ ဆူညံသွားတာပါ။ အခုတော့ ဘယ်သူမှ အဲဒီအကြောင်း မပြောကြတော့ဘူး"
ဒေါင်ဝုခ် က လက်ပိုက်လိုက်တယ်။ အခြေအနေရဲ့ ဆိုးရွားမှုနဲ့ ယှဉ်လိုက်ရင် တုံ့ပြန်မှုက တော်တော်လေးကို နည်းလွန်းတယ်။ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြဿနာရဲ့ အရင်းအမြစ်ကို ဖော်ထုတ်တော့မယ့်ပုံစံ ဖမ်းခဲ့တဲ့ သတင်းဌာနတွေလည်း ငြိမ်ကျသွားတယ်။ အလတ်စားနဲ့ အသေးစား မီဒီယာတချို့က အဲဒီအကြောင်းကို ခဏတဖြုတ် အာရုံစိုက်လာသလို ရှိခဲ့ပေမယ့် သိပ်မကြာလိုက်ဘူး။ လိင်ကျွန်ပြုမှုနဲ့ ပတ်သက်တဲ့ ဆောင်းပါးတချို့ သတင်းတွေထဲမှာ ထွက်ပေါ်လာပေမယ့် အတိုအထွာလေးတွေလောက်ပါပဲ။ ဘယ်အရာကမှ အသေးစိတ် မပါလာဘူး။
"အဲဒီတော့"
"ကျွန်မ သူနဲ့ နေ့လယ်စာစားရင်း စကားပြောတော့ သူက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအကြောင်း ပြောပြတယ်။ သူ တော်တော်လေး ဒုက္ခရောက်နေတဲ့ပုံပဲ"
"သူလည်း အဲဒီလို ကမ်းလှမ်းခံခဲ့ရတာကို ပြောတာလား"
"ကမ်းလှမ်းခံရတာထက် အတင်းအကျပ် ခိုင်းစေခံရတာ ပိုဖြစ်နိုင်တယ်။ အချိန်အတော်ကြာခဲ့ပြီဖြစ်ပေမယ့် အဲဒီနေ့ကို အခုထိ မှတ်မိနေတုန်းပဲလို့ သူက ပြောတယ်။ သူ အဲဒီလောကကနေ ထွက်လာခဲ့လို့သာ ပြောနိုင်တာလို့ဆိုပြီး အကြောင်းအရာ တချို့ကို ကျွန်မကို ပြောပြခဲ့ပေမယ့် အဲဒီဇာတ်လမ်းတွေက ကျွန်မကို နည်းနည်း ဒေါသထွက်စေတယ်"
"ဘာဖြစ်ခဲ့လို့လဲ"
မီယွန်း က လက်ထောင်ပြီး ဆိုဂျူး ထပ်မှာလိုက်တယ်။ ဒေါင်ဝုခ် က သူ့ကို မတားတော့ဘူး။
"လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုဆိုတာ တကယ့်ကို ထူးခြားပြီး ရှားပါးတဲ့ကိစ္စလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ မှားသွားတယ်။ အဲဒါက တော်တော်လေး အဖြစ်များနေတာပဲ။ မျက်နှာပြင်ပေါ်မှာ မပေါ်လာရုံလေးပါ။ သူပြောပြတာကို နားထောင်ကြည့်ရသလောက်ဆို 'ယဉ်ယဉ်ကျေးကျေး ကမ်းလှမ်းခံရတဲ့' အကြိမ်အရေအတွက်က တွေးကြည့်လို့တောင် မရနိုင်ဘူး။ အထက်ပိုင်းကလူတွေဆီကနေ 'အတူတူ ပေါ့ပေါ့ပါးပါးလေး သောက်ရအောင်' ဆိုတဲ့ စကားကို အမြဲ ကြားနေရလို့ သူတောင် စိတ်ကုန်နေပြီတဲ့"
"အထက်ပိုင်းဆိုတာက CEOs တွေ၊ အဲဒီလို လူမျိုးတွေကို ပြောတာလား"
"ဟုတ်တယ်၊ အဲဒီလို လူမျိုးတွေပေါ့။ လူသစ်လေးတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ သူတွေလေ။ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေ၊ ပရိုဂျူဆာတွေ၊ CEOs တွေ စသဖြင့်ပေါ့"
"ဒါတွေ လူသိရှင်ကြား ဖြစ်မလာခဲ့တဲ့ အကြောင်းရင်းက နောက်ဆက်တွဲ ပြဿနာတွေကို ကြောက်လို့ မဟုတ်လား"
မီယွန်း က ခေါင်းညိတ်ပြတယ်။ ဆိုင်ရှင်က သူတို့ကို ဆိုဂျူးနဲ့ ပေါက်ပေါက်ဆုပ်တချို့ လာချပေးတယ်။ ဒေါင်ဝုခ် က ဆိုဂျူးပုလင်းကို ဝဲဂယက်ဖြစ်သွားအောင် တစ်ချက်လှုပ်လိုက်ပြီး မီယွန်း အတွက် ခွက်ထဲကို ငှဲ့ပေးလိုက်တယ်။
"စိတ်မကောင်းစရာပဲ၊ ဒါပေမဲ့ အဲဒါ ငါ စိတ်ဝင်စားတဲ့ကိစ္စ မဟုတ်ဘူး"
ဒေါင်ဝုခ် က တစ်ငုံသောက်ရင်း ပြောလိုက်တယ်။ မီယွန်း က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်ပြီးမှ တခစ်ခစ် ရယ်ရင်း ထိုင်ခုံနောက်မှီကို မှီချလိုက်တယ်။
"ဟုတ်ပါတယ်။ ဒါက စိတ်မဝင်စားစရာ အချက်အလက်တစ်ခုပါပဲ၊ ဆောင်းပါးရေးဖို့လည်း မလုံလောက်ဘူးလေ။ ဒါပေမဲ့ သူတို့တွေ လွန်လွန်းမနေဘူးလား။ သူတို့မှာ သတင်းထောက်တစ်ယောက်ရဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင် ဒီလိုကိစ္စတွေကို ဒေါသထွက်ပြီး လူသိရှင်ကြားဖြစ်အောင် လုပ်သင့်တာပေါ့"
"ငါကတော့ အဲဒါကို အိမ်လခနဲ့ လဲလိုက်ပြီ။ မင်း ဆက်ပြောချင်ရင် ပြော၊ မဟုတ်ရင် ဒီမှာတင် ရပ်လိုက်ကြစို့။ ငါကတော့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေပြောရင်း ပြဿနာ မတက်ချင်ဘူး"
သူမက ရုပ်သံလိုင်းက အလုပ်ကနေ ထွက်ခဲ့တာ။ မဂ္ဂဇင်း သတင်းထောက်တစ်ယောက်တောင် အင်တာဗျူးတိုလေးတစ်ခုနဲ့ သိနိုင်တဲ့ ကိစ္စတစ်ခုကို ရုပ်သံလိုင်းက မသိဘဲနေစရာ အကြောင်းမရှိဘူး။ လူသိရှင်ကြားဖြစ်လာရင် ကြီးမားတဲ့ အာရုံစိုက်မှုကို ရလာနိုင်မယ့် ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ ဘယ်သူကမှ အဲဒီအကြောင်းအရာကို မတို့ထိကြဘူး။ ဒါကိုကြည့်ရင် အဆိပ်ခွက်ကို ဘယ်သူမှ မကိုင်ချင်ဘူးဆိုတာ ရှင်းနေတာပါပဲ။
တရားမျှတမှုနဲ့ ကိုယ်ကျင့်တရားအတွက် ကလောင်ကိုင်ခဲ့ကြတဲ့ သတင်းထောက်တွေဟာ ဝါကြန့်နေတဲ့ သတင်းစာတွေအပေါ်မှာပဲ အထီးကျန်စွာ သေဆုံးခဲ့ကြရတယ်။
"ကျွန်မကတော့ ဆက်ပြောချင်သေးတယ်" မီယွန်း က သူ့ကို အရက်ငှဲ့ပေးရင်း ပြောလိုက်တယ်။
ဒေါင်ဝုခ် က စားပွဲကို ခဏလောက် ခေါက်နေပြီးမှ ခွက်ကို လှမ်းယူလိုက်တယ်။
"ငါ နားထောင်နေတယ်၊ နားပဲ ထောင်မှာနော်"
"ဟုတ်ကဲ့ပါ။ ကျွန်မလည်း လူသူကင်းမဲ့တဲ့ ဝါးတောထဲမှာ 'ဘုရင်ကြီးမှာ မြည်းနားရွက်ကြီးတွေ ရှိတယ်' လို့ အော်နေတယ်လို့ပဲ သဘောထားပါတယ်၊ ဒါကြောင့် စီနီယာလည်း အဲဒီလောက် အသေးစိတ် နားထောင်နေစရာ မလိုပါဘူး"
မီယွန်း ပြုံးနေပေမယ့် အချည်းနှီးဖြစ်နေတဲ့ပုံပဲ။ သတင်းထောက်တစ်ယောက်အဖြစ် ရှင်သန်ရတဲ့အခါ ကိုယ်ပိုင် တရားမျှတမှု၊ လူ့အဖွဲ့အစည်းရဲ့ တရားမျှတမှုနဲ့ ကုမ္ပဏီရဲ့ တရားမျှတမှုတွေ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ အများကြီးရှိခဲ့တယ်။ အဲဒီလို လုပ်ငန်းစဉ်တွေ ပြီးသွားတဲ့အခါ သိလာရတဲ့ အသိတရားတစ်ခုပဲ ရှိတယ်- တကယ်တော့ ကလောင်က ဓားထက် မထက်မြက်ဘူး ဆိုတာပဲ။
မီယွန်း က သူ့ကို ဘာလို့ အရက်သောက်ဖို့ ခေါ်တာလဲ၊ ပြီးတော့ သူမ ရင်ထဲက ကိစ္စတစ်ခုကို သိပ်မရင်းနှီးတဲ့သူ တစ်ယောက်ဆီကို ဘာလို့ ပြောပြချင်နေတာလဲဆိုတာကို ဒေါင်ဝုခ် နားလည်လိုက်တယ်။ သိပ်မရင်းနှီးလို့ကို ဖွင့်ပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတတ်တာကိုး။
"အဲဒီတော့ ဘာဆက်ဖြစ်လဲ။ မင်းက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ် ဆိုတဲ့အကြောင်းကို ဒီအတိုင်း လာညည်းပြနေတာတော့ မဟုတ်လောက်ဘူး ထင်တယ်"
"အဲဒီနေရာအထိ ကြားရတုန်းကတော့ ကျွန်မ နည်းနည်း ဒေါသထွက်မိရုံပဲ။ ဒါပေမဲ့ ကျွန်မ ဘာလုပ်နိုင်မှာလဲ။ အဲဒီမင်းသမီးအတွက် ကျွန်မ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ အဲဒီအကြောင်း ကျွန်မ ရေးလိုက်ရင်တောင် ကျွန်မရဲ့ အယ်ဒီတာက သဘောကျမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်၊ ကျွန်မ သိပါတယ်။ စိတ်ဆန္ဒရှိရုံနဲ့ ပြဿနာတိုင်းကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်မတို့ ဘာကို ပူပန်နေစရာ လိုတော့မလဲ။ ကျွန်မတို့အားလုံး ဘဝမှာ တစ်နည်းမဟုတ် တစ်နည်းတော့ အလျှော့ပေးလိုက်လျောကြရတာပဲလေ။ ကျွန်မလည်း အဲဒါကို ဒီအတိုင်း လျစ်လျူရှုထားလိုက်ဖို့ပဲ စဉ်းစားထားတာ။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"စီနီယာလည်း သိမှာပါ။ တချို့အချိန်တွေမှာ လုံးဝ လျစ်လျူရှုထားလို့ မရဘူးဆိုတာလေ၊ ဒါက မိုက်မဲတဲ့ လုပ်ရပ်ဆိုတာ သေသေချာချာ သိနေလျက်နဲ့ကို အဲဒီအထဲ နစ်မြုပ်သွားမိတယ်"
သူမက ဘီယာခွက်ထဲကို ဆိုဂျူးတွေ ငှဲ့ထည့်ပြီး မော့သောက်ဖို့ လုပ်လိုက်တယ်။ ဒေါင်ဝုခ် က လက်လှမ်းပြီး သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တယ်။
"မင်း တော်တော်လေး လျှော့သောက်သင့်နေပြီ"
"ဒီတစ်ခွက်တော့ သောက်ပါရစေ"
"မင်း သောက်ပြီးမှ မှောက်မှာလား၊ ဒါမှမဟုတ် မင်းပြောစရာရှိတာ ပြောပြီးမှ မှောက်မှာလား"
မီယွန်း က အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခွက်ကို ချထားလိုက်တယ်။ သူမက ဘေးကို လှည့်ပြီး အိတ်ထဲကနေ တစ်ခုခုကို ထုတ်လိုက်တယ်။ သေသေချာချာ ခေါက်ထားတဲ့ သတင်းစာပိုင်းလေး တစ်ခုပဲ။ ဒေါင်ဝုခ် က အဲဒီသတင်းစာကို ယူပြီး ဖွင့်ကြည့်လိုက်တယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ အမှုတစ်ခုအကြောင်းပဲ။ အကြောင်းအရာက ရှင်းပါတယ်။ အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ နေ့စဉ်ဘဝ အခက်အခဲတွေကြောင့် သူ့ရဲ့ အသက် ၁၀ နှစ်အရွယ် သမီးလေးနဲ့အတူ သေကြောင်းကြံစည်ခဲ့တယ် ဆိုတာပဲ။ 'မင်းသမီးဟောင်း A' ဆိုတဲ့ စာသားနဲ့ အစချီထားတယ်။
"ဒီအမျိုးသမီးက အဲဒီမင်းသမီးလား"
"ဟုတ်တယ်။ အင်တာဗျူးလုပ်ပြီး တစ်လလောက်အကြာမှာ အဲဒီသတင်းကို ကျွန်မ တွေ့လိုက်တာ။ သူက နာမည်ကြီးတဲ့သူလည်း မဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်မတို့ နိုင်ငံက ဘဝအခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့သူတွေ အများကြီးရှိတဲ့ နိုင်ငံဆိုတော့ အဲဒီသတင်းက လူသိပ်စိတ်ဝင်စားတာ မခံခဲ့ရဘူး။ ဒါပေမဲ့ အဲဒါကို ဖတ်လိုက်ရတဲ့အခါ ကျွန်မ ရင်ထဲမှာ..."
သူမရဲ့ လက်သီးတွေကို တင်းတင်းဆုပ်ထားတယ်။ မီယွန်း က သူမရဲ့ လက်သီးတွေကို ငုံ့ကြည့်နေတယ်။
"ကျွန်မ လျစ်လျူရှုထားဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး။ တအားကို အသက်ရှူကျပ်လာသလို ခံစားရတယ်။ ကျွန်မသာ သူ့စကားကို နည်းနည်းလောက် ပိုပြီး နားထောင်ပေးချင်စိတ် ရှိခဲ့မယ်ဆိုရင် သူ့အခြေအနေ ဘယ်လိုများ ဖြစ်သွားမလဲ။ အဲဒီနောက်ပိုင်း သူ့ကို တိုင်ပင်ဖော်လုပ်ပေးခဲ့မယ်ဆိုရင် တစ်ခုခုများ ပြောင်းလဲသွားနိုင်မလား"
မီယွန်း က ကိုယ့်ကိုယ်ကိုယ် ရွံရှာတဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။
"မင်းမှာ တာဝန်ရှိတယ်လို့ ခံစားနေရတာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဆောင်းပါးထဲမှာ ရေးထားသလိုပဲ၊ သူက ဘဝအခက်အခဲတွေကြောင့် သေကြောင်းကြံသွားတာပါ။ မင်း တစ်ခုခု လုပ်ပေးနိုင်တဲ့ ပြဿနာမျိုးမှ မဟုတ်တာ"
"ကျွန်မ သိပါတယ်။ အဲဒါကို သိပေမယ့် လူတွေရဲ့ စိတ်က ဒီလိုပါပဲ။ အကြောင်းပြချက်တွေကို မလိုက်နာဘူးလေ။ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။ သူ့အတွက် တစ်ခုခု လုပ်ပေးချင်ခဲ့တယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ အကျင့်ဟောင်းတွေကို ပြန်ဖော်ပြီး ဟိုဟိုဒီဒီ လိုက်စုံစမ်းနေမိတာ"
"အဲဒါက ငါ အကြံပေးချင်တဲ့ လမ်းစဉ်မျိုးတော့ မဟုတ်ဘူး"
"အဲဒါတော့ ဟုတ်ပါတယ်"
"အဲဒီတော့ ဘုရင်ကြီးရဲ့ နားရွက်တွေက မြည်းနားရွက်တွေမှန်း မင်း ရှာတွေ့ခဲ့လား"
သူ အဲဒီမေးခွန်းကို မမေးခဲ့သင့်ဘူး။ အဆင်ပြေသွားမှာပါ၊ အဲဒီကိစ္စကို မေ့ပစ်လိုက်ပါ၊ တမလွန်မှာ ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးလိုက်ရင် ရပြီလို့ ပြောပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သင့်တာ။ ဆက်လာမယ့် ဇာတ်လမ်းက သေချာပေါက် လေးလံလာမှာဖြစ်ပြီး သူ့ရဲ့ ဂျူနီယာကလည်း အဲဒီဇာတ်လမ်းကို ပြောပြရင်း ဝန်ထုတ်ဝန်ပိုးတွေကို မျှဝေချင်နေတာ အထင်းသားပဲ။ သူ့ကို သွေးအေးတဲ့လူလို့ပဲ ပြောပြော၊ ပင်ပန်းပြီး အကျိုးအမြတ်မရှိတဲ့ ကိစ္စတစ်ခုအပေါ်မှာ သူ့ရဲ့ စိတ်အားထက်သန်မှုတွေကို ပုံအောလိုက်ဖို့ သူ့မှာ အချိန်မရှိဘူး။ သူ့မှာ အချိန်ရှိမယ်ဆိုရင် ပိုပြီး လိုအပ်တဲ့၊ အကျိုးအမြတ်ရှိမယ့် ဆောင်းပါးတွေကိုပဲ ရေးရမယ်လေ။
ဒါပေမဲ့လည်း သူက သူမကို ဆက်ပြောဖို့ တိုက်တွန်းမိရက်သား ဖြစ်သွားတယ်။ သူမ ပြောသလိုပါပဲ။ သတင်းထောက်တွေဆိုတာ မိုက်မဲတဲ့ လုပ်ရပ်မှန်း သေသေချာချာ သိနေလျက်နဲ့တောင် အကျိုးမရှိတဲ့ ကိစ္စတစ်ခုကို အစချီပြီး တူးဆွရတာကို မွေးရာပါ ဝါသနာပါကြတယ်။ အဲဒီလိုလူတွေမှလည်း သတင်းထောက် ဖြစ်လာနိုင်တာကိုး။ သူတို့သာ အဲဒီလို မိုက်မဲတဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရာထူးတိုးသွားကြလိမ့်မယ်၊ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ သတင်းထောက်ဆု ရရင်ရ၊ မရရင် သတင်းထောက်အလုပ်ကို လုံးဝ စွန့်လွှတ်လိုက်ရုံပဲ။
ဒေါင်ဝုခ် က တစ်ချိန်က သူ့ကိုယ်သူ ပထမလူစားမျိုးလို့ ထင်ခဲ့ဖူးတယ်။ ရုပ်သံလိုင်းက အလုပ်ကနေ ထွက်ခဲ့တာက လောကြီးပြီး လုပ်မိတဲ့ အမှားတစ်ခုလို့ပဲ သူ တွေးခဲ့တယ်။ အဲဒီလို အမှားမျိုး နောက်တစ်ခါ ထပ်မလုပ်တော့ဘူးလို့လည်း သူ ဆုံးဖြတ်ထားခဲ့တယ်။ တရားမျှတမှုဆိုတဲ့ စိတ်ဓာတ်ကို သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာပဲ မြှုပ်နှံထားပြီး ဒီလောကမှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ပဲ ဆောင်းပါးတွေ ရေးသွားတော့မယ်လို့ သူ ကျိန်ဆိုထားခဲ့တာပါ။
ဒါပေမဲ့လည်း အကျင့်ဟောင်းက ဖျောက်ဖျက်ရ ခက်တယ်လို့ ဆိုကြတယ်လေ။ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီလို့ ထင်ခဲ့တဲ့ သူ့ရဲ့ သတင်းထောက်စိတ်ဓာတ်က တဖြည်းဖြည်း ခေါင်းထောင်လာပြန်တယ်။ ယေဘုယျကျတဲ့ စကားတွေလောက်ပဲ ပြောပြီး ပြဿနာတစ်ခု ဖန်တီးကာ ချက်ချင်း ပြန်ဆုတ်ခွာလိုက်မယ်လို့ သူ့ကိုယ်သူ ဆင်ခြေပေးနေမိပေမယ့် သူမရဲ့ ဇာတ်လမ်းကို နားထောင်လိုက်တာနဲ့ အဆုံးထိ တွယ်ကပ်နေမိတော့မယ် ဆိုတာကို သူ ကောင်းကောင်း သိနေတယ်။
"ဒါက တော်တော်လေး ဟောင်းနေပြီဖြစ်တဲ့ ဇာတ်လမ်းဆိုတော့ အဲဒီအကြောင်း တစ်ခုခု သိရဖို့ ခက်တယ်။ တကယ်တော့ ဘယ်ကနေ စရမှန်းတောင် ကျွန်မ မသိခဲ့ဘူး။ အဲဒီအချိန်မှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ သတင်းကို မြင်လိုက်ရတော့ အဲဒီကနေပဲ စဖို့ ဆုံးဖြတ်လိုက်တယ်"
"မင်း သွားပြီး သူ့စကားကို နားထောင်ခဲ့တာလား"
"ဟုတ်တယ်။ အဲဒီအမျိုးသမီးက ပင်ပန်းနေခဲ့ပြီ။ ကျွန်မက အင်တာဗျူးဖို့ လာတာလို့ ပြောတော့ သူမလိုဘူးလို့ ပြောတယ်။ မီဒီယာတွေကို သူ စိတ်ကုန်နေတဲ့ပုံပဲ။ သူ့နေရာမှာ ကျွန်မသာဆိုရင်လည်း စိတ်ကုန်မိမှာပဲလေ။ လူတိုင်းက သူ့ပြဿနာကို ကူညီဖြေရှင်းပေးမလိုလိုနဲ့ ဘယ်သူကမှ လုပ်မပေးခဲ့ကြဘူး"
"သူ့မျက်နှာကို လူသိများသွားပြီး ဒီလောကမှာ သူ့ဘဝက ပြီးဆုံးသွားခဲ့ပြီလေ။ သူ အတော်လေး အကျပ်ရိုက်နေခဲ့မှာပေါ့"
"သူ့ကို စကားပြောလာအောင် ကျွန်မ အနိုင်နိုင် ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ သိပ်ပြီး နက်နက်ရှိုင်းရှိုင်းတော့ မဟုတ်ဘူး။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူမ ပြောပြနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူးလို့ သူက ပြောတယ်"
"အဲဒီတော့ သူက ညှိနှိုင်းခဲ့တာပေါ့"
"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မီဒီယာတွေမှာ ထုတ်ပြန်ထားတာထက်တော့ ကျွန်မ ပိုသိခဲ့ရတယ်"
မီယွန်း က သံသယဝင်နေတဲ့ မျက်နှာအမူအရာ လုပ်ပြလိုက်တယ်။
"စီနီယာ။ သူပါဝင်ခဲ့တဲ့ အေဂျင်စီကို သိလား"
"မသိဘူး"
"MH လေ။ ကြားဖူးသလို ရှိတယ်မလား"
"The Five ရဲ့ အေဂျင်စီဟောင်းလေ"
"ဟုတ်တယ်။ မတရားတဲ့ စာချုပ်တွေကြောင့် ပြဿနာတက်နေတဲ့ ကုမ္ပဏီလေ"
"အဲဒီတော့။ အဲဒီနှစ်ခုက ဘယ်လို ဆက်စပ်နေလို့လဲ"
"စီနီယာ။ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု သတင်းတွေ တက်လာတာနဲ့ တစ်ပြိုင်နက် The Five ရဲ့ ပြဿနာက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားတာကို သိလား"
"အဲဒီတော့ မင်းပြောချင်တာက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြဿနာကို ဖုံးကွယ်ဖို့အတွက် The Five ရဲ့ ပြဿနာကို ဆွဲထုတ်လိုက်တယ် ဆိုတဲ့ သဘောလား။ အဲဒါ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ မတရားတဲ့ စာချုပ်သတင်းက ဒီမီးကို ငြိမ်းသတ်နိုင်လောက်တဲ့အထိ မကြီးမားဘူးလေ"
"ဒါပေမဲ့ တကယ်တမ်း ဘာဖြစ်သွားလဲ။ လူတွေက သူတို့ရဲ့ စိတ်ဝင်စားမှုကို ချက်ချင်း ပြောင်းလိုက်ကြတယ်လေ"
"အဲဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်း အများကြီး တွေးလွန်းနေသေးတယ်လို့ ငါထင်တယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြဿနာက The Five ပြဿနာ မရှိရင်တောင် အလိုလို ငြိမ်ကျသွားမယ့် ကိစ္စမျိုးပါ။ မေဂျာသတင်းတွေအထိတောင် မရောက်ခဲ့ဘူးလေ။ ဒါက တိုက်ဆိုင်မှုတစ်ခုလို့ မင်း မထင်ဘူးလား"
"ကျွန်မလည်း အဲဒီလိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ စုံစမ်းကြည့်လိုက်တော့ နောက်ထပ် အချက်အလက်တချို့ကို ထပ်သိလာရတယ်"
မီယွန်း က သူမရဲ့ အသံကို တိုးလိုက်တယ်။
"အခု ကျွန်မ ပြောမယ့်ကိစ္စက ကျွန်မ မူးနေလို့ လျှောက်ပြောနေတာလို့ပဲ သဘောထားလိုက်နော်၊ ဟုတ်ပြီလား"
"မူးလို့ လျှောက်ပြောနေတာတဲ့လား"
"ဟုတ်တယ်။ ဒါကြောင့် နားထောင်ပြီးရင် မေ့ပစ်လိုက်ပါ"
"ငါ လုပ်နိုင်ရင်တော့ လုပ်လိုက်ပါ့မယ်"
မီယွန်း က ခေါင်းမော့ပြီး ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့်လိုက်ကာ သတိထားပြီး စကားစပြောတယ်။
"ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကိုတော့ သူတို့ ဘာမှ မလုပ်နိုင်တော့ဘူးလေ။ သူတို့မှာ ဖုံးကွယ်ထားနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိခဲ့ပေမယ့် ပေါက်ကြားသွားတဲ့ ကိစ္စတွေကိုတော့ လူတွေက မှတ်မိနေကြမှာပဲ။ နောက်ဆုံးတော့ အဲဒါတွေ မပေါက်ကြားခင် သူတို့ ဖြေရှင်းလိုက်ရမယ် ဆိုတဲ့ သဘောပဲ"
"ဖြေရှင်းလိုက်ရမယ်"
"လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပြဿနာတွေ အများကြီးရှိတယ်လို့ ကျွန်မ ပြောခဲ့တယ်မလား"
"အေး"
မီယွန်း က အလွတ်ဖြစ်နေတဲ့ ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးမှ ပြောလိုက်တယ်။
"စိတ်ဝင်စားစရာကောင်းတာက 'လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု' လို့ လူတွေ ကြားလိုက်တာနဲ့ အမျိုးသမီးတွေက အမျိုးသားတွေကို ဝန်ဆောင်မှုပေးတယ်လို့ပဲ အမြဲ တွေးတတ်ကြတာပဲ"
* * * * * * * * *
သူက ဂွတ်ဂျွန် ပြောထားတဲ့ တိုက်ခန်းဆီ သွားနေတာပါ။ ဘတ်စ်ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်ရင်း ဒေးမြောင် က မနေ့က ဖြစ်ခဲ့တာတွေကို တွေးပြီး သက်ပြင်းချလိုက်တယ်။ သူတို့ အရည်အချင်းစစ်ပွဲကို အောင်မြင်သွားပြီလို့ ကြားတော့ ဆရာမ ဆူယွန်း ရဲ့ အိမ်ကို သွားခဲ့ကြတယ်။ မူလက သီချင်းသွားဆိုကြပြီးတဲ့နောက် အိမ်ပြန်ဖို့ စဉ်းစားထားခဲ့ကြပေမယ့် ဒီလိုမျိုး လူစုခွဲလိုက်ရမှာ နှမြောစရာကောင်းတယ်ဆိုပြီး ပါတီဆက်လုပ်ရအောင်လို့ ဆူယွန်း က ပြောတာကြောင့် အားလုံးက သူမနောက်ကို လိုလိုလားလား လိုက်သွားခဲ့ကြတယ်။
အိမ်ရောက်တာနဲ့ ရေခဲသေတ္တာထဲကနေ အရက်တွေ ထွက်လာတော့တာပဲ။ ဘီယာနဲ့ ဆိုဂျူးတွေပါတယ်။ သူတို့ ဝက်ရိုးစွပ်ပြုတ်နည်းနည်းမှာပြီး အရင်က သောက်ဖူးသလိုမျိုး အရက်သောက်ခဲ့ကြတယ်။ အရက်က ခါတိုင်းလိုပဲ ခါးသက်နေပေမယ့် အရည်အချင်းစစ်ပွဲ အောင်မြင်သွားတဲ့ ဝမ်းသာမှုနဲ့ ခွက်အနည်းငယ်လောက် သောက်လိုက်တဲ့အခါ အရက်က နည်းနည်း ချိုသလို သူ ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ ကစားပွဲတွေ စတော့တာပဲ။ အားလုံး ပျော်ပျော်ရွှင်ရွှင် ရယ်မောရင်း အရက်သောက်ခဲ့ကြတယ်။
အားလုံး အဆင်ပြေပါတယ်။ အရမ်းကြီး မသောက်မိအောင် သူတို့ တော်တော်လေး ထိန်းချုပ်နေခဲ့ကြတာပါ။ ပြဿနာက ဂျီယွန်း ကစားပွဲတိုင်း ရှုံးနေတဲ့အချိန်က စတာပဲ။ နီရဲနေတဲ့ ဂျီယွန်း ရဲ့ မျက်နှာကို သူ ဆက်မကြည့်ရက်တော့တဲ့အဆုံး သူ့ကိုယ်စား ဝင်သောက်ပေးရင်းနဲ့ ရောစပ်ထားတဲ့ အရက်ခွက် တော်တော်များများကို သောက်မိရက်သား ဖြစ်သွားတယ်။
သူ ဆက်မသောက်ဘဲ နေလို့ရတယ်လို့ ဆူယွန်း က ပြောပေမယ့် ဂျီယွန်း က ဘေးကနေ သူ့ကို ကြည့်နေတယ်လို့ တွေးလိုက်မိတဲ့အခါ ထူးဆန်းတဲ့ ယုံကြည်မှုတွေ ဝင်လာခဲ့တယ်။ အဲဒီလိုနဲ့ မိနစ် ၄၀ လောက်ကြာတော့ ဒေးမြောင် တစ်ယောက် လဲကျသွားပြီး စားသောက်ထားသမျှ အကုန် ပြန်အန်ချလိုက်တော့တယ်။ ဆိုးတာက ကော်ဇောပေါ်မှာ ဖြစ်နေတာပဲ။
ကံကောင်းသွားတာက အားလုံး အရက်မူးပြီး မှောက်သွားကြလို့ပါ။ အဲဒီပုံစံကို ဂျီယွန်း သာ မြင်သွားရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရူးချင်စရာပဲ။ အဲဒီလိုနဲ့ သူ နောက်နေ့မွန်းတည့်ချိန်၊ အခု ဒီနေ့မှပဲ နိုးလာခဲ့တယ်။ ဗုဒ္ဓဟူးနေ့ကစပြီး ပြန်လေ့ကျင့်ကြမှာဆိုတော့ သူ့အခြေအနေ ဘယ်လောက်ဆိုးနေပါစေ ကိစ္စမရှိပါဘူး။
သူ အရက်နာကျပြီး တစ်ခုခုသောက်ချင်စိတ်နဲ့ နိုးလာခဲ့ပေမယ့် ဖုန်းမြည်လာတော့မှ သူ မကိုင်လိုက်ရတဲ့ ဖုန်းတွေ ရှိနေတာကို သတိထားမိလိုက်တယ်။ ဂွတ်ဂျွန် နဲ့ မာရူး ဆီက ဖုန်းတွေပဲ။
'နောက်တစ်ခါတော့ လုံးဝကို မသောက်တော့ဘူး'
ဒေးမြောင် က ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း ဂွတ်ဂျွန် ဆီ ဖုန်းခေါ်လိုက်တယ်။ ဖုန်းကိုင်လိုက်တော့ ဂွတ်ဂျွန် က အဲဒီနေရာမှာပဲ စောင့်နေဖို့ ပြောတယ်။ သူ ဟိုဟိုဒီဒီ ကြည့်ရင်း စောင့်နေတုန်းမှာပဲ လမ်းတစ်ဖက်ကနေ သူ့ကို လက်လှမ်းပြနေတဲ့ ဂွတ်ဂျွန် ကို တွေ့လိုက်ရတယ်။
* * * * * * * * *