← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း(၃၄၇)

ဂွတ်ဂျွန်က ခေါင်းတစ်ချက်ဆတ်ပြရုံနဲ့တင် နှုတ်ဆက်တာကို အစားထိုးလိုက်တယ်။ သူက ဒေးမြောင် ကို လိုက်ခဲ့ဖို့တောင် မပြောဘဲ လမ်းစလျှောက်သွားတယ်။ ဒေးမြောင်လည်း ဘာမှမပြောဘဲ သူ့နောက်ကို လိုက်သွားတယ်။ ဟာ့ဒ်ဝဲပစ္စည်းအရောင်းဆိုင်ကို ကျော်ပြီးတဲ့နောက် သူတို့ ဘယ်ဘက်ကို ကွေ့လိုက်ကြတယ်။ လူနေရပ်ကွက်အဆုံးမှာ တိုက်ခန်းအဆောက်အအုံတစ်ခု ရှိနေတယ်။ ဂွတ်ဂျွန်က အဲဒီကို သွားနေတဲ့ပုံပဲ။

သူတို့ လမ်းလျှောက်လာတဲ့ ဆယ်မိနစ်လောက်အတွင်းမှာ ဘာစကားမှ မပြောဖြစ်ကြဘူး။ ဒေးမြောင်က ဂွတ်ဂျွန် နောက်ကိုသာ လိုက်သွားတယ်။ ကံကောင်းတာက သူ အဲဒီလို တိတ်ဆိတ်နေတတ်တာကို ဒေးမြောင် ကျင့်သားရနေပြီ။ အစတုန်းကတော့ သူ့ကို သဘောမကျလို့များလားဆိုပြီး သူ စိတ်ပူခဲ့မိသေးတယ်။ ဒါက ဂွတ်ဂျွန် ရဲ့ စရိုက်ဆိုတာကို သိသွားတဲ့နောက်မှာတော့ သူ အခက်အခဲ မဖြစ်တော့ပါဘူး။ စကားလုံးဝမပြောတာမျိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် သူက တခြားသူတွေထက်တောင် စကားပိုပြောတတ်တဲ့သူပါ။

"မင်းမိဘတွေ အဆင်ပြေရဲ့လား"

ညအိပ်မှာနဲ့ပတ်သက်ပြီး သူက မေးနေတဲ့ပုံပဲ။

"ဟုတ်ကဲ့"

"ဒါဆိုလည်း ပြီးတာပါပဲ"

တိုက်ခန်းအဆောက်အအုံထဲ မဝင်ခင် သူတို့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို ဝင်ခဲ့ကြတယ်။ အဲဒီမှာ ဆီတွေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီးတစ်လုံးကို ဒေးမြောင် တွေ့လိုက်တယ်။ သဘောကောင်းပုံရတဲ့ အဘိုးကြီးတစ်ယောက်က ကြက်ကြော်ဆီကနေ ဆီတွေကို ခါချလိုက်တော့ ဆီပေါက်လေးတွေက အိုးထဲကို ပြန်ကျသွားတယ်။ အဲဒါကိုမြင်တော့ ဒေးမြောင် တံတွေးမျိုချမိသွားတယ်။ သူ ဗိုက်ဆာနေတာကို ရုတ်တရက် သတိရသွားတယ်။

သူတို့ မသွားခင် ကြက်ကြော်သုံးကောင် ဝယ်လိုက်ကြတယ်။ '၂၀၁' လို့ ရေးထားတဲ့ တိုက်ခန်းထဲကို သူတို့ ဝင်သွားတယ်။ ဓာတ်လှေကားထဲမှာ ကလေးချီထားတဲ့ အဘွားကြီးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ ဒေးမြောင်က ကလေးကို ပြုံးပြတော့ ကလေးကလည်း သူ့ကို ပြန်ပြုံးပြတယ်။

ဓာတ်လှေကားက တတိယထပ်မှာ ရပ်သွားတယ်။ ဒေးမြောင်က ကလေးကို လက်ပြနှုတ်ဆက်ပြီး ဂွတ်ဂျွန် နောက်ကနေ ထွက်လာခဲ့တယ်။

"ဒါ အစ်ကို့အိမ်လား" အီလက်ထရောနစ် တံခါးလော့ခ်အဖုံးကို ကျွမ်းကျင်စွာ ဖွင့်နေတဲ့ ဂွတ်ဂျွန် ကို သူ မေးလိုက်တယ်။ ဂွတ်ဂျွန်က စကားဝှက်ကို ရိုက်ထည့်ရင်း ပြန်ဖြေတယ်။

"မဟုတ်ဘူး"

တံခါးပွင့်သွားတယ်။ အထဲကိုဝင်သွားရင်း ဒေးမြောင် မျက်တောင်ခဏခဏ ခတ်လိုက်မိတယ်။ ဒါ သူ့အိမ်မဟုတ်ဘူးဆိုရင် ဘယ်သူ့အိမ်လဲ။ ဖိနပ်စင်မှာ စုတ်ပြဲနေတဲ့ အိမ်စီးဖိနပ်တစ်ရန်၊ ရှေ့ထိပ်ကွေးနေတဲ့ ရှူးဖိနပ်တစ်ရန်နဲ့ ဝါကြန့်နေတဲ့ အားကစားဖိနပ်တစ်ရန်တို့ကို သူ တွေ့လိုက်ရတယ်။

"ဝင်လာခဲ့လေ"

ဒေးမြောင်က ဖိနပ်ကိုချွတ်၊ သေသေချာချာ စီထားခဲ့ပြီးမှ အထဲဝင်သွားတယ်။ ဧည့်ခန်းထဲမှာ သုံးယောက်ထိုင်ဆိုဖာတစ်ခု၊ နံရံကပ် တီဗီတစ်လုံးနဲ့ စာအုပ်စင်အရှည်ကြီးတစ်ခု ရှိနေတယ်။ စာအုပ်တွေ ပြည့်နေတဲ့ စာအုပ်စင်ရှေ့မှာတော့ အသစ်စက်စက် စာအုပ်တွေကို မျှော်စင်တစ်ခုလို ထပ်ထားတယ်။ ဂွတ်ဂျွန် မီးဖိုချောင်ထဲ ဝင်သွားတုန်း ဒေးမြောင်က အဲဒီစာအုပ်တွေကို လိုက်ကြည့်နေတယ်။ ဝတ္ထုတွေ၊ ကဗျာစာအုပ်တွေ၊ အက်ဆေးတွေ၊ ခရီးသွားမှတ်တမ်းတွေ၊ ဒဿနိကဗေဒစာအုပ်တွေနဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေပါမကျန် နယ်ပယ်ပေါင်းစုံက စာအုပ်တွေဟာ သူတို့ရဲ့ အထူနဲ့ အလေးချိန်ကို ရဲတိုက်နံရံကြီးတွေလို ဝင့်ကြွားစွာ ပြသနေကြတယ်။

စာအုပ်စင်အရှည်ကြီးက ဧည့်ခန်းနဲ့ ဆက်နေတဲ့ ဝရန်တာအထိ ဆက်သွားတယ်။ ဒေးမြောင်က စာအုပ်တွေကို လိုက်ကြည့်ရင်း ဝရန်တာဘက်ကို ခေါင်းပြူကြည့်လိုက်တယ်။ အဲဒီစာအုပ်စင်တွေရှေ့မှာလည်း စာအုပ်တွေ ထပ်ထားတဲ့ မျှော်စင်ကြီးတစ်ခု ရှိနေပြန်တယ်။

"သူ အပြင်ထွက်သွားတဲ့ပုံပဲ"

"ဘယ်သူလဲ"

"အိမ်ရှင်လေ။ မင်း တစ်ခုခု သောက်မလား"

"ရေပဲ ရပါတယ်"

"ဟိုဘက်မှာ ထိုင်လို့ရတယ်"

စာအုပ်ပုံတွေရှေ့မှာ ဒေးမြောင် ဝင်ထိုင်လိုက်တယ်။

"ဒါတွေ ကျွန်တော် ကြည့်လို့ရမလား"

"အေး။ ဒါပေမဲ့ သတိတော့ထား။ အောက်ကဟာတွေ ဆွဲယူလိုက်ရင် ပြိုကျလာလိမ့်မယ်"

သူ့အရပ်ထက်တောင် မြင့်နေတဲ့ စာအုပ်ပုံကြီး သူ့အပေါ် ပြိုကျလာရင် ဘာဖြစ်သွားမလဲဆိုတာကို ဒေးမြောင် ခဏလောက် မြင်ယောင်ကြည့်လိုက်မိတယ်။ ပြီးတော့ အပေါ်ဆုံးက စာအုပ်ကို သူ ယူလိုက်တယ်။ သူက စာဖတ်ဝါသနာပါလို့တော့ မဟုတ်ပေမယ့် ဂျန်ဂါ ကစားစရာလို ပုံထားတဲ့ စာအုပ်တွေကို မြင်တော့ စိတ်ဝင်စားသွားတာပါ။ ဒီစာအုပ်တွေကို အိမ်ရှင် ဖတ်ပြီးသွားပြီလားလို့ သူ တွေးနေမိတယ်။ စာအုပ်ကျောရိုးမှာ အရေးအကြောင်းတွေ မထင်သွားအောင် သူ သေချာလေး ဂရုစိုက်ပြီး စာအုပ်ကို ဖွင့်လိုက်တယ်။ ပထမဆုံးစာမျက်နှာက တော်တော်လေး တင်းနေတယ်။ တစ်ခါမှ မဖွင့်ဖူးတဲ့အတိုင်းပဲ။ အိမ်ရှင်က စာအုပ်ရောင်းတဲ့သူများလား။

"ရော့"

ရေခွက်တစ်ခွက်က သူ့မျက်နှာရှေ့ကို ရုတ်တရက် ရောက်လာတယ်။ ဒေးမြောင် စာအုပ်ကိုချပြီး ရေခွက်ကို လှမ်းယူလိုက်တယ်။ ရေက သွားကျိန်းလောက်အောင်ကို အေးစက်နေတာပဲ။ ရေသောက်ပြီးသွားတဲ့နောက် နွေရာသီရဲ့ အပူဒဏ်က နည်းနည်း သက်သာသွားသလို သူ ခံစားလိုက်ရတယ်။

"ဘီယာ သောက်တတ်လား"

"န-နည်းနည်းတော့ သောက်တတ်တယ်"

"တစ်ခွက်လောက်ပဲ သောက်ကြတာပေါ့"

မနေ့က အများကြီး သောက်ထားလို့ သူ တွန့်ဆုတ်သွားပေမယ့် ဘီယာတစ်ခွက်လောက်ကတော့ ဒုက္ခမပေးနိုင်လောက်ဘူးလို့ သူ တွေးလိုက်တယ်။ ပါလာတဲ့ ကြက်ကြော်နဲ့အတူ သူတို့ ဘီယာ သောက်လိုက်ကြတယ်။ တီဗီမှာ ဇာတ်လမ်းတွဲ တစ်ခု လာနေတယ်။ ဧည့်ခန်းတစ်ဖက်မှာရှိတဲ့ နာရီကို ဒေးမြောင် ကြည့်လိုက်တယ်။ ည ၁၀ နာရီ ရှိပြီ။

"အို"

ဆူယွန်း ရုပ်သံဖန်သားပြင်ပေါ်မှာ ပေါ်လာတယ်။ အခုမှ စဉ်းစားကြည့်တော့ ဒီနေ့က ဆူယွန်း ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်း ထုတ်လွှင့်တဲ့နေ့ပဲ။

"မင်းလည်း သူ့ကို သိတာလား"

"ဟုတ်ကဲ့။ သူက ကျွန်တော်တို့ ပြဇာတ်ကလပ်ရဲ့ နည်းပြလေ"

"အဲဒီမှာကော သူ ကောင်းကောင်းနေရဲ့လား"

"က-ကောင်းကောင်းနေရဲ့လား ဟုတ်လား"

ဘီယာမသောက်ခင် အဖြေမလိုတော့ဘူးဆိုတဲ့ သဘောနဲ့ ဂွတ်ဂျွန်က လက်ကာပြတယ်။ သူ မျက်မှောင်နည်းနည်း ကုတ်သွားတာကို ဒေးမြောင် မြင်လိုက်တယ်။ သူက ဆူယွန်း နဲ့ အဆင်မပြေတာများလား။

တီဗီထဲက ဆူယွန်း က ထွက်သွားတဲ့ ကားကို လွမ်းဆွတ်နေတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့အချိန်မှာပဲ တံခါးလော့ခ်ပွင့်သွားသံကို ဒေးမြောင် ကြားလိုက်ရတယ်။ တံခါးဘက်ကို ကြည့်လိုက်တော့ မုတ်ဆိတ်မွေးတွေ စူးထွက်နေတဲ့ လူတစ်ယောက် ဝင်လာတာကို သူ တွေ့လိုက်တယ်။ တစ်ညလုံး မအိပ်ထားရတဲ့ပုံနဲ့ သူက တော်တော်လေး ပင်ပန်းနေပုံရတယ်။

"အစ်ကိုကြီး။ ကြက်ကြော် စားပါဦး"

"ကြက်ကြော်လား။ ဘယ်တော့မှ မရိုးနိုင်တဲ့ မှော်ဆန်တဲ့ အစားအစာပဲ။ ဒါထက် မင်းဘေးကတစ်ယောက်က မင်းပြောပြောနေတဲ့ တစ်ယောက်လား"

"ဟုတ်တယ်။ ဒေးမြောင် ၊ မိတ်ဆက်လိုက်ဦး။ ဒါ ငါအားကိုးနေရတဲ့ အစ်ကိုကြီးပဲ"

"ငါ့အတွက် တကယ်တစ်ခုခု လုပ်ပေးပြီးမှ အဲဒီစကားကို ပြောပါလား"

အဲဒီလူက ဖိနပ်ချွတ်ပြီး အိမ်ထဲကို ဝင်လာကာ ဒေးမြောင် ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်တယ်။ ဒေးမြောင်လည်း စိုးရိမ်တကြီးနဲ့ သူ့ကို ပြန်ကြည့်နေမိတယ်။ အဲဒီလူက ခန္ဓာကိုယ် ပိန်ပိန်ပါးပါး၊ ဖြူဖျော့ဖျော့ မျက်နှာနဲ့ ဖျားနေတဲ့ပုံ ပေါက်နေပေမယ့် သူ့မျက်လုံးတွေကတော့ သာမန်လူတွေထက်ကို ပိုပြီး အသက်ဝင်နေသလိုပဲ။

"မင်္ဂလာပါ။ က-ကျွန်တော့်နာမည်က ပတ်ဒေးမြောင် ပါ"

အဲဒီလူရဲ့ အကြည့်တွေက သူ့ကိုယ်ပေါ် စူးဝင်လာတယ်။ သူက အနေခက်စွာနဲ့ ပြုံးပြပြီး စောင့်နေတဲ့အချိန်မှာပဲ အဲဒီလူက ပြုံးလိုက်တယ်။

"မမျှော်လင့်ထားဘူးပဲ။ သူ့ရဲ့ ကိုယ်ပွားလေးတစ်ယောက် အလည်လာမယ် ထင်ထားတာ၊ မင်းက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပါလား။ အာ.. ဒေးမြောင် ဆိုလား။ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက အန်ဖီဟျွန်း ပါ။ ဟို ကြမ်းပြင်ပေါ်က စာအုပ်တွေကို ရေးတဲ့ စာရေးဆရာပေါ့"

ဒေးမြောင်က သူ အရင်က ယူထားတဲ့ စာအုပ်ကို ကြည့်လိုက်တယ်။ စာရေးဆရာရဲ့ နာမည်က တကယ်ပဲ အန်ဖီဟျွန်း ဖြစ်နေတာကို သူ တွေ့လိုက်ရတယ်။

"အား... ဘာလို့ ဒီလောက်တောင် ပူနေရတာလဲ။ နေဝင်သွားပြီဆိုတာ သေချာရဲ့လား"

"အိမ်မှာပဲ နေပါလို့ ကျွန်တော် ပြောသားပဲ"

"ငါ့ကို လေကောင်းလေသန့်လေးတော့ ရှူခွင့်ပြုပါဦးကွာ။ လူတွေက အသက်ရှင်ဖို့ နေရောင်ခြည်နဲ့ အလင်းဓါတ်ခံတာ လုပ်ဖို့ လိုတယ်လေ"

"အစ်ကိုက ညဘက်မှာ အလင်းဓါတ်ခံလို့မှ မရတာ"

"လရောင်နဲ့လည်း လုပ်လို့ရတာပဲ။ စာရေးသမားတွေက နေရောင်ထက် လရောင်ကို ပိုလိုတာကွ"

ဖီဟျွန်း က သဘောကောင်းတဲ့ အပြုံးနဲ့ ဝင်ထိုင်လိုက်တယ်။ ဂွတ်ဂျွန် မျက်နှာထား နည်းနည်းလျှော့သွားတာကို ပထမဆုံးအကြိမ်အဖြစ် ဒေးမြောင် မြင်လိုက်ရတယ်။

"သူ့လိုလူ မျက်စိကျတာ ခံရတာ မင်း တော်တော် ဒုက္ခရောက်မှာပဲ။ သူက တော်တော်လေး အသက်ရှူကျပ်စရာကောင်းတဲ့ ကောင်မလား" ဖီဟျွန်း က သူ့ကို ကြက်ပေါင်တစ်ချောင်း ပေးရင်း မေးလိုက်တယ်။

သူ ဘယ်လို ပြန်ဖြေရမလဲ။ ဟုတ်ကဲ့လို့လည်း ပြန်ဖြေလို့မရတော့ သူ ဒီတိုင်းပဲ ရယ်ပြလိုက်ရမလား။

"အဲဒီလောက်လေးနဲ့ ဘာလို့ တုံ့ဆိုင်းနေတာလဲ။ မင်းကြည့်ရတာလည်း တော်တော် သတ္တိရှိမယ့်ပုံပါပဲ"

တစ်ယောက်ယောက်က သူ့ကို 'သတ္တိရှိတယ်' လို့ ခေါ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒေးမြောင်က ဖျော့တော့တော့ ပြုံးလိုက်ပြီးမှ ကြက်ပေါင်ကို စားလိုက်တယ်။ သူ အထာကျဖို့ အချိန်နည်းနည်း ပိုလိုဦးမယ့်ပုံပဲ။

"ဒါနဲ့ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"

ဖီဟျွန်း ရဲ့ အမေးကိုကြားတော့ ဒေးမြောင် မျက်တောင်ခဏခဏ ခတ်လိုက်ပြီး ဂွတ်ဂျွန် ကို ကြည့်လိုက်တယ်။ ဂွတ်ဂျွန် ကတော့ ခါတိုင်းလိုပဲ နည်းနည်း ဒေါသထွက်နေတဲ့ပုံပေါက်တဲ့ မျက်နှာထားနဲ့ တီဗီကိုပဲ ကြည့်နေတယ်။

"အစ်ကိုဂျွန် လာဆိုလို့ ကျွန်တော် လာတာပါ"

"ဒါဆို မင်း ဘာလို့ ဒီရောက်နေလဲဆိုတာ မသိဘူးပေါ့"

"မသိပါဘူး"

"ဝိုး၊ တော်တော် အလိမ်ခံရလွယ်တာပဲ။ လူတွေက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းစားကြလိမ့်မယ် သိလား။ သူ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်း မသိသေးဘူးမဟုတ်လား။ သူ့ကို ကြည့်လိုက်စမ်း။ အပြုံးလေးနဲ့ တခြားလူကို ဓားနဲ့ထိုးမယ့် လူစားမျိုးနဲ့ တူတယ်လေ"

"အဲ- အဲလိုတော့ မဟုတ်..."

"မင်းရဲ့ လေယူလေသိမ်းအရဆိုရင် ငါပြောတာကို တစ်စိတ်တစ်ပိုင်း သဘောတူတယ်ပေါ့"

"ဗျာ။ မ-မဟုတ်ပါဘူး"

"ဒါဆို သူက မင်းအမြင်မှာ သဘောကောင်းမယ့်ပုံ ပေါက်နေလို့လား။ မပေါက်ဘူးမလား"

"...."

သူ ဘာမှမပြောဘဲ ခဏလောက် ငြိမ်နေပြီး ဘီယာကိုသာ စုပ်သောက်လိုက်တယ်။ သူတို့နှစ်ယောက် တော်တော်ရင်းနှီးတယ်ဆိုတာကို သူ နားလည်လိုက်တယ်။ ရင်းနှီးလို့သာ ဒီလို နောက်ပြောင်နိုင်ကြတာလေ။ ဖီဟျွန်း ကို သူ အကဲခတ်ကြည့်လိုက်တယ်။ ဖီဟျွန်း က ဒေးမြောင် ကို ဘာမှမမေးခဲ့ဖူးတဲ့အတိုင်း ဘီယာသောက်ရင်း ဂွတ်ဂျွန် နဲ့ စကားပြောနေတယ်။

သူတို့က ဇာတ်လမ်းတွဲအကြောင်း ခဏလောက် ပြောပြီးတာနဲ့ ကြက်တစ်ကောင်လုံးကြော်တာနဲ့ အမှုန့်ကပ်ကြော်တဲ့ ကြက်ကြော်တို့ရဲ့ ကွာခြားချက်အကြောင်းကို ခေါင်းစဉ်ပြောင်းသွားကြပြန်တယ်။ စကားရာတွေ အရမ်းမြန်မြန်ပြောင်းသွားလို့ သူ မီအောင်မလိုက်နိုင်တော့ဘူး။ သူတို့ကို နားထောင်ရုံနဲ့တင် သူ ခေါင်းတွေရှုပ်လာတယ်။

"ဒေးမြောင် "

"ဗျာ"

"ကြက်တွေမှာ ဘာလို့ ခြေထောက်နှစ်ချောင်း ရှိရတာလဲ"

"ဘ-ဘယ်သူ သိမှာလဲ"

"ခြေထောက်သုံးချောင်းသာဆိုရင် ကမ္ဘာကြီး ပိုငြိမ်းချမ်းသွားမလား။ အဲဒီလိုပဲ လူတွေမှာသာ လက်သုံးဖက်ရှိရင် အလုပ်လုပ်နိုင်စွမ်းတွေ အဆမတန် တက်လာမှာပဲ။ ဒါပေမဲ့ ဘာလို့ အရာအားလုံးက ဘယ်ညာညီညာတဲ့ အချိုးအစားနဲ့ နံပါတ်နှစ်ဆိုတဲ့ အနေအထားကိုပဲ ဆင့်ကဲပြောင်းလဲလာခဲ့ကြတာလဲ"

ခဏလောက် စဉ်းစားပြီးတဲ့နောက် ဒေးမြောင် ပြန်ဖြေလိုက်တယ်။

"နှစ်ဆိုတဲ့ကိန်းဂဏန်းက အရာအားလုံးကို မျှတအောင် လုပ်ပေးလို့များလား"

"ကင်မရာတင်တဲ့ သုံးချောင်းထောက်ကို မင်း သိတယ်မလား"

"...ဟုတ်ကဲ့"

"သုံးခုက အရာရာကို ပိုပြီး ဟန်ချက်ညီစေတာပဲလေ။ ဒါပေမဲ့ ဘာလို့ နှစ်ခုပဲ ရှိရတာလဲ"

ဖီဟျွန်း က အဲဒီလို ရုတ်တရက်ရောက်လာတဲ့ အကြောင်းအရာကို အလေးအနက် စဉ်းစားနေတယ်။ ဂွတ်ဂျွန် ကလည်း လက်ပိုက်ပြီး တွေးနေတဲ့ပုံပဲ။ ဒေးမြောင် ကတော့ ဘာမှန်းကို နားမလည်တော့ဘူး။ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းက နောက်ပြောင်တာတွေရော၊ အလေးအနက်ပြောတာတွေရော ရောထွေးနေတော့ သူ ဘယ်ဟာကို အလေးအနက်ထားရမှန်း မသိတော့ဘူး။ သူ ဘာမှမပြောတော့ဘဲ သူတို့နှစ်ယောက် ခေါင်းစဉ်ပြောင်းသွားမယ့်အချိန်ကိုပဲ တိတ်တဆိတ် စောင့်နေလိုက်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က လူတွေမှာ ဘာလို့ လက်နှစ်ဖက်၊ ခြေနှစ်ဖက် ရှိရသလဲဆိုတဲ့အကြောင်းကို ဆယ်မိနစ်လောက်ကြာတဲ့အထိ ဆွေးနွေးနေကြတယ်။

"ဒေးမြောင် ။ မင်း စဉ်းစားပြီးပြီလား"

အဲဒီမေးခွန်းက သူ့ဆီကို ရုတ်တရက် ရောက်လာတယ်။ ကံကောင်းတာက သူ အချိန်တိုင်း ငေးကြောင်ပြီး ထိုင်မနေခဲ့လို့ အဖြေတစ်ခု ပြန်ပေးလိုက်နိုင်တယ်။

"လူတွေမှာသာ ခြေလက် သုံးဖက်စီ ရှိမယ်ဆိုရင်..."

"လူတွေမှာ ခြေလက် သုံးဖက်စီ ရှိရင် ဘာဖြစ်လဲ"

"ညဘက် အိပ်တဲ့အခါ သိပ်အဆင်မပြေလောက်ဘူး၊ အဲဒါကြောင့်များ ပျောက်သွားတာလားမသိဘူး။ လူးလှိမ့်တဲ့အချိန်တိုင်း တော်တော်လေး အနှောင့်အယှက်ဖြစ်စရာ ကောင်းမယ်ထင်တယ်"

ခိုင်လုံမှုမရှိတဲ့ အဖြေတစ်ခုကို ပေးလိုက်ရလို့ သူ ရှက်သွားပေမယ့် နားထောင်နေတဲ့ သူတို့နှစ်ယောက်ကတော့ ခေါင်းညိတ်ကြတယ်။

"ဖြစ်နိုင်ချေရှိတာပဲ။ ခြေထောက်သုံးချောင်းရှိလို့ အိပ်မပျော်တဲ့ရောဂါ ရနေတဲ့ လူတစ်ယောက်သာ ရှိရင် သူ ဆေးကုဖို့ ဘယ်သွားရမလဲ။ စိတ်ကျန်းမာရေး ဆွေးနွေးပေးတဲ့သူဆီလား။ ဒါမှမဟုတ် ခြေထောက်တစ်ချောင်း ဖြတ်ပစ်ရမလား"

အဲဒီအချိန်မှာပဲ ဂွတ်ဂျွန် ဆီကနေ အဖြေထွက်လာတယ်။

"အိပ်စက်ခြင်းဆိုတာ အရေးကြီးတဲ့ ပြဿနာတစ်ခုပဲလေ။ ဆေးသောက်လို့ မပျောက်ဘူးဆိုရင် ဖြတ်ပစ်တာက ပိုကောင်းတဲ့ ရွေးချယ်မှုပဲလို့ ငါ ထင်တယ်"

"ဒါပေမဲ့ ခြေထောက်သုံးချောင်းရှိတာက ပုံမှန်ဖြစ်နေခဲ့ရင်၊ မင်းဆီမှာ ခြေနှစ်ချောင်းပဲ ကျန်တော့တာနဲ့ မင်းက မသန်စွမ်းဖြစ်သွားမှာပေါ့"

"ဒါဆို အဲဒါကို ဖြတ်ပစ်ပြီး အပြင်သွားရင် ခြေတုတပ်သွားရမှာပေါ့"

"မရှိတော့တဲ့ ခြေထောက်က နာကျင်နေသလို ခံစားရတဲ့ ရောဂါ ဖြစ်လာရင်ကော"

"ဒါဆိုရင်တော့ စိတ်ကျန်းမာရေး ဆွေးနွေးပေးတဲ့သူဆီ သွားဖို့လိုပြီ"

"ဒါဆို ခြေထောက်သုံးချောင်းလည်းရှိမယ်၊ အိပ်မပျော်တဲ့ရောဂါလည်း ရှိနေမယ်ဆိုတာ သိပ်သနားစရာကောင်းတဲ့ ကိစ္စပဲ"

"ကိုယ်ရှိသင့်တဲ့အရာ မရှိတာကလည်း မသန်စွမ်းဖြစ်သလို၊ ကိုယ်မရှိသင့်တဲ့အရာ ရှိနေတာကလည်း မသန်စွမ်းဖြစ်တာပါပဲ။ ဒါဆို ဒါကကော ဘယ်လိုလဲ။ ပါးစပ်နှစ်ပေါက်ရှိတဲ့ လူတစ်ယောက်ရှိတယ်။ တစ်ပေါက်က စားဖို့၊ နောက်တစ်ပေါက်က စကားပြောဖို့။ ဒါပေမဲ့ တစ်နေ့မှာ စားတဲ့ပါးစပ်က စကားပါပြောချင်လာတယ်ဆိုရင်ကော"

"ဟမ်း၊ ငါ သိပ္ပံဇာတ်လမ်းတိုလေး တစ်ပုဒ်ရေးဖို့ လိုနေတာ၊ အဲဒါလေးက မဆိုးဘူးပဲ"

"ဒါဆို ခင်ဗျား ပိုက်ဆံရရင် ကျွန်တော့်ကို ထမင်းတစ်နပ်လောက် ကျွေးပါလား"

"ဟေ့ကောင်၊ မင်း ဘယ်သူ့အိမ်မှာ အလကား လာစားသောက်နေတယ်လို့ ထင်နေတာလဲ"

ဂွတ်ဂျွန် က ပခုံးတွန့်ပြပြီး တီဗီကို ဆက်ကြည့်နေတယ်။ စောစောက အပြင်းအထန် ဆွေးနွေးနေကြတဲ့ စကားဝိုင်းနေရာမှာ တိတ်ဆိတ်မှုက အစားထိုးဝင်ရောက်လာတယ်။ ဖီဟျွန်း က သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ တစ်ခုခုကို အလေးအနက် ရေးမှတ်နေတယ်။ ဒေးမြောင် ကတော့ တတ်နိုင်သလောက် ငြိမ်ငြိမ်လေးနေပြီး သူ့ကို ကြည့်နေတယ်။

နောက်ဆုံးမှာတော့ ဖီဟျွန်း က စာရေးလို့ ပြီးသွားတဲ့ပုံနဲ့ မှတ်စုစာအုပ်ကို ချလိုက်တယ်။

"ခြေသုံးချောင်းရှိတဲ့ လူတစ်ယောက်နဲ့ သူ့ရဲ့ အိပ်မပျော်တဲ့ရောဂါက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ် မလား"

"ဗျာ။ အာ၊ ဟုတ်ကဲ့"

"မင်းရဲ့ အိမ်မက်က ဒါရိုက်တာတစ်ယောက် ဖြစ်ဖို့ဆိုတာ ဂျွန် ဆီကနေ ငါ ကြားထားတယ်"

"ဟုတ်ကဲ့"

"မင်း ဘယ်လို ဒါရိုက်တာမျိုး ဖြစ်ဖို့ အိမ်မက်မက်နေလဲ ငါ မသိပေမယ့်၊ အဲဒီလမ်းကြောင်းကို တကယ်သွားချင်တယ်ဆိုရင် မင်းခေါင်းထဲမှာ ရှိနေတာတွေကို သေသေချာချာ ထုတ်ပြနိုင်အောင် လေ့ကျင့်ဖို့ လိုတယ်။ အဲဒါက တော်တော်လေး အထောက်အကူဖြစ်လိမ့်မယ်"

"ထုတ်ပြရမယ် ဟုတ်လား"

"ဟုတ်တယ်။ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဂီတပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို ဖန်တီးချင်တဲ့သူတွေက အဲဒီစွမ်းရည်ကို လိုအပ်တယ်။ မင်းက အိုင်ဒီယာ ရာချီပြီး တွေးနိုင်ရင်တောင် အဲဒါတွေကို မှတ်တမ်းမတင်နိုင်ဘူးဆိုရင် အသုံးမကျတဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်သွားမှာပဲ။ အဲဒီအိုင်ဒီယာတွေကို သတ်မှတ်ထားတဲ့ ပုံစံတစ်ခုထဲ ထည့်လိုက်နိုင်မှသာ တန်ဖိုးရှိလာတာ။ အမိန့်ပေးရမယ့် ဒါရိုက်တာတစ်ယောက်အတွက်ဆိုရင် အဲဒါက ပိုတောင် အရေးကြီးသေးတယ်။ ကပ္ပတိန်က ဘာလုပ်ရမှန်းမသိရင် ပဲ့ကိုင်ဘီးက သူ့ဘာသာ လည်နေပြီး သိပ်မကြာခင်မှာပဲ သင်္ဘောနစ်သွားလိမ့်မယ်။ ငါ့လို တတိယတန်းစား မဖြစ်ချင်ဘူးဆိုရင် မင်း အခုကတည်းက စပြီး လေ့ကျင့်သင့်တယ်"

ဖီဟျွန်း က ဝမ်းနည်းစရာကောင်းတဲ့ တတိယတန်းစား စာရေးဆရာတစ်ယောက်ပါလို့ ကိုယ့်ကိုယ်ကိုယ် ညည်းတွားရင်း မတ်တတ်ရပ်လိုက်တယ်။ သူက အိပ်ခန်းမကြီးထဲကို တန်းဝင်သွားပြီး တံခါးပိတ်လိုက်တယ်။ ဘီယာသောက်နေတဲ့ ဂွတ်ဂျွန် က သူ့ကို စကားစပြောတယ်။

"တော်တော်လေး ရှုပ်ယှက်ခတ်နေတာပဲ မလား"

"ဟုတ်ကဲ့၊ နည်းနည်းတော့ ရှုပ်တယ်"

"သူနဲ့ နှစ်ခါသုံးခါလောက် စကားပြောကြည့်လိုက်ရင် မင်း ကျင့်သားရသွားလိမ့်မယ်။ အဲဒီအချိန်အထိတော့ သည်းခံပေးလိုက်ပါ။ ပြီးတော့ သူက အချိန်တိုင်း အဲဒီလို ဖြစ်မနေပါဘူး။ အဲဒီအတွက် စိတ်ပူစရာမလိုပါဘူး"

"အမ်း... အစ်ကို"

"ဘာလဲ"

"ဒီနေ့ ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်တာလဲဆိုတာ မေးလို့ရမလား"

"စကားပြောချင်လို့လေ"

"စကားပြောချင်လို့။ ဘယ်လိုစကားမျိုးလဲ"

"ဘာအကြောင်းပဲဖြစ်ဖြစ် အကုန်လုံးပေါ့။ မင်း ဇာတ်ညွှန်းတွေ ပြင်နေတာကို ကြည့်ပြီး မင်းဆီမှာ ပါရမီရှိတယ်ဆိုတာ ငါ မြင်လိုက်တယ်။ ဒါရိုက်တာလုပ်ဖို့တော့ ငါမသိပေမယ့် မင်းဆီမှာ စာရေးဖို့ ပါရမီတော့ သေချာပေါက် ရှိတယ်။ အဲဒါကြောင့် မင်းကို ဒီခေါ်လိုက်တာ"

ဂွတ်ဂျွန် က တစ်ရှူးနဲ့ လက်ချောင်းတွေကို သုတ်လိုက်ပြီးမှ စကားဆက်ပြောတယ်။

"နွေရာသီကျောင်းပိတ်ရက်အတွင်း အဲဒီ အစ်ကိုကြီး နဲ့ ငါ့ဆီကနေ စာရေးတာကို သင်ယူကြည့်ပါ။ မင်း ပစ္စည်းတွေယူပြီး ဒီမှာလာနေဖို့ တိုက်တွန်းချင်ပေမယ့် မင်းက ကျောင်းသားဆိုတော့ အဲဒါကို နောက်မှပဲ စဉ်းစားကြတာပေါ့"

"က-ကျွန်တော်လား။ စာရေးရမယ်"

"မင်းကို ဝတ္ထုရေးဆရာတို့ဘာတို့ ဖြစ်လာဖို့ ငါ ပြောနေတာ မဟုတ်ဘူး။ မင်းဖြစ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းအတွက် စာရေးဖို့ သင်ယူဖို့ လိုတယ်လို့ ငါ ပြောနေတာ။ ဒါကြောင့် အချိန်တိုလေးပဲဖြစ်ဖြစ် သင်ယူသင့်တယ်လို့ ပြောတာပါ။ တိတိကျကျပြောရရင် ငါတို့အားလုံး အတူတူ သင်ယူနေကြတာလေ။ ငါက သိပ်ပြီး ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ အရာအားလုံးကို ငါ့ဘာသာပဲ ရေးခဲ့တာ၊ ဒါပေမဲ့ အဲဒါက သိပ်ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ဘူး။ စာရေးတဲ့သူတွေနဲ့ ရင်းနှီးအောင် နေပါ။ အဲဒီ အစ်ကိုကြီး က ရုပ်ရှင်နယ်ပယ်ရော ဝတ္ထုနယ်ပယ်မှာပါ အဆက်အသွယ်တွေ ရှိတယ်ဆိုတော့ သူက မင်းရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူပေးနိုင်လိမ့်မယ်"

ဂွတ်ဂျွန် က မတ်တတ်ရပ်ရင်း အမှိုက်တွေကို ရှင်းလိုက်တယ်။ ဒေးမြောင် လည်း အမြန် ကူရှင်းလိုက်တယ်။

"မင်း ခါတိုင်းလုပ်နေကျအတိုင်း ဇာတ်ညွှန်းတွေကို တည်းဖြတ်ပြီး၊ တစ်ချိန်တည်းမှာပဲ ဝတ္ထုတစ်ပုဒ်ပါ ရေးကြည့်"

"ကျွန်တော် ဝတ္ထုတွေ ဘာတွေ မရေးတတ်ပါဘူး"

"မင်း ဇာတ်လမ်းကို ပြီးအောင် ရေးထားပြီးပြီ မဟုတ်ဘူးလား။ အဲဒါကို အခြေခံပြီး တစ်ပုဒ်ရေးကြည့်လေ"

ဒေးမြောင် တော်တော်လေး အံ့အားသင့်သွားတယ်။

"ကျွန်တော်က စာတောင် သိပ်ဖတ်တာ မဟုတ်ဘူး"

"ဟိုဘက်မှာ အများကြီးရှိတယ်။ ကျောင်းပိတ်ရက်မှာ အမျိုးအစားမရွေး စာအများကြီး ဖတ်ကြည့်။ စာဖတ်တယ်ဆိုတာလည်း အကျင့်တစ်ခုပဲ။ မင်း စာဖတ်တဲ့အကျင့် ရသွားတာနဲ့ ဘာကိုပဲဖတ်ဖတ် ပြဿနာရှိမှာ မဟုတ်တော့ဘူး။ စွဲသွားရင်တောင် ပိုကောင်းသေးတယ်"

ဂွတ်ဂျွန် ပန်းကန်တွေ ဆေးနေတုန်း ဒေးမြောင် က စားပွဲကို သန့်ရှင်းရေးလုပ်လိုက်တယ်။ သူ့စိတ်တွေ ရှုပ်ထွေးနေတယ်။ ဒီမုန်တိုင်းထဲမှာ သူ သေချာတဲ့ တစ်ခုတည်းသောအရာကတော့ ဒါဟာ နောက်တစ်ကြိမ် ထပ်မရနိုင်တော့မယ့် အခွင့်အရေးတစ်ခုဆိုတာပါပဲ။

* * * * * * * * *

All Chapters