← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း(၃၄၉)

လမ်းတွေက တောင်တန်းတွေ ဝန်းရံနေတယ်။ ဘတ်စ်ကားက စိမ်းလန်းတဲ့ တောင်ကုန်းတွေကို ခက်ခက်ခဲခဲ တက်နေတယ်။ မာရူးက ပြတင်းပေါက်ကို နည်းနည်း ဖွင့်လိုက်တယ်။ သစ်တောရဲ့ လတ်ဆတ်မှုတွေ ပါလာတဲ့ လေပြေတွေက အဲဒီဟနေတဲ့ ကြားထဲကနေ တိုးဝင်လာတယ်။ လန်းဆန်းတဲ့ လေပြေကြောင့် သူ မသိမသာ ပြုံးလိုက်မိတယ်။

'ဒီလို တောင်တန်းတွေရဲ့ အလယ်မှာ ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။'

နမ်ယန်းဂျူ မှာရှိတဲ့ ရိုက်ကူးရေးနေရာကို လာခဲ့ဖို့ ဆူယွန်း ပြောတုန်းက မြို့နဲ့မတူတဲ့ လွင်ပြင်တစ်ခုကို သူ ပြေးမြင်ခဲ့တာ။ လူသွားလူလာ သင့်တင့်ရုံလောက်ရှိပြီး ဟာလာဟင်းလင်းပြင်ကြီးထဲမှာ ကွန်တိန်နာတစ်လုံးလောက် ရှိနေမယ်လို့ သူ စိတ်ကူးထားပေမယ့် တကယ်တမ်း သူကြုံတွေ့လိုက်ရတာက လုံးဝကို ကွဲလွဲနေတယ်။

အွန်ဂီလ်ဆန် ဘူတာရုံမှာ ရထားပေါ်ကနေ ဆင်းလိုက်တော့ သူ ပထမဆုံး မြင်လိုက်ရတာက ညာဘက်မှာရှိနေတဲ့ မြောက်ပိုင်းဟန်မြစ် ပဲ။ နေရောင်ခြည်က မြစ်ရေပြင်ပေါ်မှာ အလင်းဟပ်ပြီး တဖျပ်ဖျပ် လင်းလက်နေတယ်။ ရေပြင်ပေါ်မှာ ရွှေမှုန်တွေ ဝဲလွင့်နေသလိုပဲ။ အဲဒီရှေ့မှာတော့ လယ်ကွင်းတွေ၊ ဖန်လုံအိမ်တွေနဲ့ အဖြူရောင် မီးခိုးတွေ ထွက်နေတဲ့ စက်ရုံတစ်ရုံ ရှိတယ်။ ဘူတာရုံနားမှာ အဆောက်အအုံ တချို့ပဲရှိပြီး တခြားနေရာတွေကို လှမ်းကြည့်လိုက်ရင် မြင်ရတာက တောင်တန်းတွေချည်းပဲ။ ရိုက်ကူးရေးနေရာက အနီးအနားမှာပဲ ရှိမယ်လို့ မာရူး ခန့်မှန်းထားပေမယ့် လမ်းသွားလမ်းလာ တစ်ယောက်ကို မေးကြည့်လိုက်တော့ အဝေးကြီး လိုသေးတယ်လို့ သိလိုက်ရတယ်။

လမ်းသွားလမ်းလာ ပြောပြတဲ့ နမ်ယန်းဂျူ ရိုက်ကူးရေးနေရာကို သွားမယ့် ရှပ်တယ်ဘတ်စ်ကားပေါ် သူ တက်လိုက်တယ်။ စုံတွဲ ငါးတွဲလောက် တက်လာပြီးမှ ကားက စထွက်တယ်။ ကားက မြောက်ပိုင်းဟန်မြစ် ရဲ့ ဘယ်ဘက်လမ်းကနေ မောင်းသွားပြီး တောင်တန်းတွေဘက်ကို မကွေ့ခင် ဥမင်လိုဏ်ခေါင်း တော်တော်များများကို ဖြတ်သွားခဲ့တယ်။ ကွန်ကရစ် အဆောက်အအုံတွေက မျက်စိအောက်ကနေ ပျောက်ကွယ်သွားပြီး သစ်ပင်တွေကိုပဲ မြင်နေရတော့တယ်။

မာရူးက တွေးနေတာကို ရပ်လိုက်ပြီး ရှေ့ကို ပြန်လှည့်ကြည့်လိုက်တယ်။ အဆောက်အအုံ တချို့ကို သူ မြင်လိုက်ရတယ်။ ကားက အရှိန်လျော့သွားပြီး နောက်ဆုံးတော့ ရပ်သွားတယ်။ လေမတိုက်တော့တဲ့အတွက် မာရူး နှမြောသွားပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ်။ လက်မှတ်ရုံကို ရောက်ပြီလို့ ကားဆရာက သူ့ကို ပြောတယ်။ သူ ကားပေါ်ကဆင်းပြီး နည်းနည်းလောက် လျှောက်သွားတော့ ရိုက်ကူးရေးနေရာကို မြင်လိုက်ရတယ်။ နမ်ယန်းဂျူအထွေထွေရိုက်ကွင်း ပေါ့။ ဆလိတ်ပြား ပန်းပုရုပ်တုကြီးတစ်ခုက အရိပ်အရှည်ကြီး ကျနေတယ်။ အဲဒီအရိပ်ထဲမှာ ကလေးတချို့ စက်ဝိုင်းပုံစံ ဆောင့်ကြောင့်ထိုင်နေကြတယ်။ သူတို့ လေ့လာရေးခရီးများ လာကြတာလားလို့ သူ တွေးမိတယ်။

မာရူးက ကားတူတူစီးလာတဲ့ စုံတွဲတွေအနောက်ကနေ လက်မှတ်ရုံဆီ လိုက်သွားတယ်။ အချိန် နှစ်နာရီလောက် လိုသေးတာမို့ သူ အေးအေးဆေးဆေး လိုက်ကြည့်ဖို့ စဉ်းစားထားတယ်။

"ဘယ်နှယောက်လဲ"

"အထက်တန်းကျောင်းသား တစ်ယောက်တည်းပါ"

"၁,၅၀၀ ဝမ် ကျပါမယ်"

သူ လက်မှတ်ဖိုး ရှင်းလိုက်တယ်။

"လမ်းညွှန်စာအုပ်လိုမျိုး ရှိလားဗျ"

"ဘယ်ဘက်မှာ ရှိပါတယ်"

လက်မှတ်ရုံရဲ့ ဘယ်ဘက်က လမ်းညွှန်တိုင်အောက်မှာ လမ်းညွှန်စာအုပ်တွေ ရှိတယ်။ သူ စာအုပ်ငယ်လေးတစ်အုပ် ယူလိုက်ပြီး စလျှောက်လာခဲ့တယ်။ လူတွေ အများကြီးရှိနေတာကို ကြည့်ရင် ဧည့်သည်တွေ အလာများတဲ့ နေရာတစ်ခုဖြစ်ပုံရတယ်။ မာရူးက မိဘတွေနဲ့ လက်တွဲပြီး လမ်းလျှောက်နေတဲ့ ကလေးတစ်ယောက်ကို ကြည့်နေမိတယ်။ ကလေးရဲ့ တောက်ပတဲ့ အပြုံးက သူ့အာရုံကို ဖမ်းစားသွားတယ်။ အဲဒီမိသားစု သူ့မျက်စိအောက်ကနေ ပျောက်သွားမှပဲ သူ ဆက်လျှောက်ဖြစ်တော့တယ်။ နေရာပြောင်းပြီးတဲ့နောက် သူ ပထမဆုံး မြင်လိုက်ရတာက ရုပ်ရှင်ရုံတစ်ရုံပဲ။ လာလည်တဲ့သူတွေကို အခမဲ့ ရုပ်ရှင်ပြပေးတဲ့နေရာလို့ စာအုပ်လေးထဲမှာ ရေးထားတယ်။

တောင်ကုန်းအတိုင်း နည်းနည်းထပ်လျှောက်သွားတော့ အဆောက်အအုံ လေးလုံး တန်းနေတာကို သူ မြင်လိုက်ရတယ်။ ဒါက ရိုက်ကူးရေးနေရာပဲ။ အဲဒီနေရာတွေက ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ တခြား တီဗီအစီအစဉ် မျိုးစုံကို ရိုက်ကူးတဲ့ အဆောက်အအုံတွေဖြစ်ကြောင်း စာအုပ်လေးထဲမှာ မိတ်ဆက်ထားတယ်။ ဒါပေမဲ့ အဲဒီနေရာကို အများပြည်သူ ဝင်ခွင့်မပြုထားဘူးလေ။ ဘာပဲဖြစ်ဖြစ် အထဲမှာ တစ်ယောက်ယောက်က တစ်ခုခု ရိုက်ကူးနေမှာပဲ။

စတူဒီယို လေးခုနားကို သူ ပတ်လျှောက်ကြည့်တယ်။ အဲဒီအချိန်မှာပဲ ပထမဆုံး အဆောက်အအုံထဲကို အပြေးအလွှား ဝင်သွားတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်ရတယ်။ အဲဒီလူက ပခုံးတစ်ဖက်မှာ ကေဘယ်ကြိုးခွေကြီးကို ထမ်းထားတယ်။ အထဲမှာ ဘာကား ရိုက်နေတာလဲလို့ သူ တွေးမိတယ်။ ပထမဆုံး စတူဒီယိုက အကြီးဆုံးဖြစ်နေတာကြောင့် ရုပ်ရှင်ကားကြီး ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။

"နှစ်နာရီလား"

မူလချိန်းထားတဲ့အချိန်က ၁ နာရီဆိုပေမယ့် သူ နှစ်နာရီအရောက်လာဖို့ ဆူယွန်း စာပို့ထားတယ်။ အကြောင်းတစ်ခုခုကြောင့် ရိုက်ကူးရေး နောက်ကျနေပုံရတယ်။ နောက်ခံသရုပ်ဆောင် လုပ်တုန်းက ဒီလိုမျိုး အကြိမ်ကြိမ် ကြုံဖူးတဲ့အတွက် သူ သိပ်တော့ မအံ့ဩပါဘူး။

အနားယူတဲ့ အဆောက်အအုံကနေ ကော်ဖီတစ်ခွက် ဝယ်ပြီး သူ ထွက်လာခဲ့တယ်။ ခါးသက်သက် ကော်ဖီကို သောက်ရင်း ပန်မုန်ဂျုံ အပြင်အဆင်ဘက်ကို သူ လျှောက်သွားတယ်။ နာမည်ကြီး ရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ဝင်ခန်းတွေကို လူတော်တော်များများက ပြန်လည် ပုံဖော်နေကြတယ်။ မာရူးလည်း တန်းစီပြီး အဲဒီအပြင်အဆင်ကို ဓာတ်ပုံရိုက်လိုက်တယ်။ အဲဒီရုပ်ရှင်ကို ပြသတာ ကြာပြီဖြစ်ပေမယ့် ရုပ်ရှင်က ချန်ရစ်ခဲ့တဲ့ ခံစားချက်တွေက ဒီနေရာမှာ ကျန်ရစ်နေပြီး လာလည်တဲ့သူတွေရဲ့ နှလုံးသားကို ထိရှစေတုန်းပဲ။ ဒါက အနုပညာရဲ့ ကြီးကျယ်ခမ်းနားမှုပါပဲ။

သူ နောက်ထပ် သွားတဲ့နေရာက ရုပ်ရှင်ထောက်ပံ့ရေးအဆောက်အအုံပဲ။ အဲဒါက ရုပ်ရှင်ရိုက်ကူးရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာမျိုးစုံနဲ့ အသုံးအဆောင်တွေအပြင် ရိုက်ကူးရေး အပြင်အဆင်တွေ၊ ဝတ်စုံတွေနဲ့ အနုပညာခန်းတွေကို ပြသထားတဲ့ နေရာတစ်ခုပဲ။

အဲဒီမှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မာရူး တွေ့လိုက်ရတယ်။ ကိုရီးယားရုပ်ရှင်သမိုင်းပြခန်း မှာ ပြသထားတဲ့ အဖြူအမည်း ပိုစတာတန်းတွေကြားထဲမှာ မွန်ဂျောင် ရဲ့ မျက်နှာကို သူ တွေ့လိုက်တယ်။ ဒီပိုစတာတွေကို ကြည့်ရုံနဲ့ အဖိုးအိုက ဒီနိုင်ငံရဲ့ ရုပ်ရှင်နယ်ပယ်အတွက် ဘယ်လောက်တောင် စွမ်းဆောင်ပေးခဲ့လဲဆိုတာကို သူ သိနိုင်တယ်။

"သူ ကြည့်ကောင်းသားပဲ"

သူ လက်ပိုက်လိုက်ပြီး အချိန်ကာလအလိုက် ပြသထားတဲ့ ရုပ်ရှင်ပိုစတာတွေအားလုံးကို လိုက်ကြည့်လိုက်တယ်။ နှစ်တွေ ပြောင်းလဲသွားပေမယ့် ပိုစတာတွေထဲမှာ မွန်ဂျောင် ရဲ့ မျက်နှာကို တွေ့နေရတုန်းပဲ။ သမိုင်းပြခန်းရဲ့ အဆုံးမှာ ရုပ်ရှင်တွေအကြောင်း အတိုချုံး မိတ်ဆက်ထားတာရှိပြီး အဲဒီမှာလည်း သူ့ခေတ်သူ့အခါက အကြီးကျယ်ဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတဲ့ မိတ်ဆက်စာနဲ့အတူ မွန်ဂျောင် ရဲ့ မျက်နှာကို မြင်တွေ့နိုင်တယ်။ နာမည်ကြီး မင်းသမီး တော်တော်များများက သူနဲ့အတူ ရုပ်ရှင်ရိုက်ချင်ကြတယ်ဆိုတဲ့ ဇာတ်လမ်းတွေလည်း ရှိတယ်။ အဆုံးမှာတော့ သူက သရုပ်ဆောင်အဖြစ်ကနေ အနားယူသွားပြီး သရုပ်ဆောင်ပညာကို လူသိများလာအောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ရေးထားတယ်။ အဖိုးအိုဟာ ဘယ်လောက်တောင် တော်တဲ့ သရုပ်ဆောင်တစ်ယောက်လဲဆိုတာကို မာရူး ခံစားမိသွားတယ်။ ခဏတာလေးဆိုပေမယ့် အဲဒီလို သရုပ်ဆောင်မျိုးနဲ့ ရိုက်ကူးရေးတစ်ခုတည်းမှာ သူ အတူတူ ပါဝင်ခဲ့ရတယ်။ ဒါက ဂုဏ်ယူစရာ ကိစ္စတစ်ခု မဟုတ်ဘူးလား။

ပတ်ကြည့်ပြီးတဲ့နောက် သမိုင်းဝင် ရုပ်ရှင်ရိုက်ကူးရေး အပြင်အဆင်ဘက်ကို သူ သွားခဲ့တယ်။ အဲဒီလို လျှောက်သွားနေတုန်း နာရီလက်တံက နှစ်နာရီနား ကပ်နေပြီ။ စတူဒီယိုကို သူ သွားရမယ့် အချိန်ရောက်ပြီ။ ဒုတိယ စတူဒီယိုဆီ သွားရင်း စာအုပ်ငယ်လေးနဲ့ သူ ယပ်ခတ်နေတယ်။ အထဲကို ဝင်သွားတော့ 'ဝန်ထမ်းများသာ' ဆိုတဲ့ ဆိုင်းဘုတ်ကို သူ တွေ့လိုက်တယ်။ မှန်တံခါးတွေကို ဖြတ်သွားပြီး သန့်ရှင်းနေတဲ့ စကျင်ကျောက် ကြမ်းပြင်တွေရှိတဲ့ အနားယူခန်းထဲမှာ သူ ရပ်နေလိုက်တယ်။ ညာဘက်မှာ ပွင့်နေတဲ့ တံခါးတစ်ချပ်ရှိပြီး လူတွေက ပစ္စည်းတွေကို အထဲကို အလုပ်များလှုပ်ရှား သယ်ယူနေကြတယ်။

အထက်တန်းကျောင်းသားတစ်ယောက် ရှိနေတာကို အနှောင့်အယှက်ဖြစ်သလိုမျိုး တချို့လူတွေက သူ့ကို လှမ်းကြည့်ပေမယ့် ဘယ်သူမှ စကားမပြောကြဘူး။

ဘယ်ကို သွားရမလဲ သူ စဉ်းစားမရတာနဲ့ ဆူယွန်း ဆီကို ဖုန်းဆက်လိုက်တယ်။

“အို၊ ရောက်ပြီလား”

"ဟုတ်ကဲ့၊ ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် ဘယ်ကို လာခဲ့ရမလဲ။ အခု အနားယူခန်းထဲမှာ ရောက်နေတယ်"

“ညာဘက်က တံခါးကို မြင်လား”

"ဟုတ်ကဲ့ မြင်ပါတယ်"

“အဲဒီတံခါးကနေ ဝင်ခဲ့လို့ရတယ်။ ထောင့်ကို ကွေ့လိုက်တာနဲ့ ဝန်ထမ်းနားနေခန်းကို တွေ့လိမ့်မယ်”

သူ ဖုန်းချလိုက်ပြီး စလျှောက်သွားတယ်။ အသံလုံတဲ့ တံခါးအထူကြီးတွေလိုမျိုး တံခါးတွေတပ်ထားတဲ့ အခန်းထဲကို သူ ဝင်သွားတယ်။ သူ ပထမဆုံး မြင်လိုက်ရတာက မျက်နှာကြက်ကနေ တွဲကျနေတဲ့ ကေဘယ်ကြိုးတွေပဲ။ သေချာ ကြည့်လိုက်တော့ အဲဒါတွေအကုန်လုံးက မီးလုံးတွေဖြစ်နေတာကို သူ သတိထားမိလိုက်တယ်။ အဲဒီအောက်မှာ သစ်သားနဲ့လုပ်ထားတဲ့ နံရံတစ်ခုရှိတယ်။ အပြင်ဘက်ကနေ ကြည့်ရင်တော့ တော်တော်လေး ညံ့ညံ့ဖျင်းဖျင်း လုပ်ထားသလို ပုံစံပေါက်ပေမယ့် အထဲမှာတော့ ဇိမ်ခံတိုက်ခန်းတစ်ခုလိုမျိုး ဖြစ်နေလောက်တယ်။

"ကေဘယ်ကြိုးတွေကို ချထားပြီး အပြင်အဆင် ကြမ်းပြင်တွေကို ခိုင်အောင်လုပ်ထားကြ"

ပျောင်း ၃၀၀ လောက် ကျယ်တဲ့ ရိုက်ကူးရေး အပြင်အဆင်က လူတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ မာရူးက အပြင်အဆင်ဘက်ကို မသွားတော့ဘဲ ဆူယွန်း ပြောသလိုပဲ ထောင့်ချိုးတစ်ခုကို ရောက်တဲ့အထိ စင်္ကြံလမ်းအတိုင်း လျှောက်သွားလိုက်တယ်။ စင်္ကြံလမ်းရဲ့ ညာဘက်မှာ အခန်းတွေ အများကြီးရှိပြီး တံခါးတွေရဲ့ အပေါ်မှာ ဆိုင်းဘုတ်အမျိုးမျိုးကို ချိတ်ထားတယ်။ ဝန်ထမ်းနားနေခန်း၊ မိတ်ကပ်ခန်း၊ ဇာတ်ပို့ မိတ်ကပ်ခန်း။ စင်္ကြံလမ်းရဲ့ အဆုံးမှာရှိတဲ့ အခန်းက ဇာတ်ပို့ မိတ်ကပ်ခန်းပဲ။ မာရူးက ဝန်ထမ်းနားနေခန်းကို တံခါးခေါက်ပြီး ဝင်သွားတယ်။

"ရောက်လာပြီပဲ"

အထဲမှာ ဆူယွန်း ရှိနေတယ်။ သူမက လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုင်ပြီး လူတွေနဲ့ စကားပြောနေတယ်။ ရင်းနှီးနေတဲ့ နောက်ထပ် မျက်နှာတစ်ခုကိုလည်း တွေ့လိုက်တယ်။ ကင်မရာဒါရိုက်တာ ကင်ဂျန်ဆူ ပဲ။

"မင်္ဂလာပါ"

"အို၊ မင်း ရောက်လာပြီပဲ"

ဂျန်ဆူ မတ်တတ်ရပ်လိုက်ပြီး 'သူက ငါ ပြောခဲ့တဲ့ တစ်ယောက်လေ' လို့ ပြောလိုက်တာကို သူ မြင်တယ်။ သူတို့ကို ဘာတွေပြောထားလဲလို့ သူ တွေးမိတယ်။ တခြားသူတွေရဲ့ မျက်နှာပေါ်မှာ မကောင်းတဲ့ အမူအရာတွေ မရှိတာကို ကြည့်ရင် ပြဿနာ တစ်စုံတစ်ရာ ရှိပုံမပေါ်ဘူး။

"မင်းတို့နှစ်ယောက် ကုမ္ပဏီတစ်ခုတည်းကမှန်း ငါ မသိခဲ့ဘူး"

"သူက ငါ အချစ်ဆုံး ဂျူနီယာလေးလေ။ ကြိုးစားတယ်၊ ယဉ်ကျေးတယ်၊ ပြီးတော့ သရုပ်ဆောင်တာလည်း တော်တယ်" ဆူယွန်း က စကားပြောရင်း သူ့ပခုံးကို ဖက်လိုက်တယ်။

မာရူးက သူမရဲ့လက်ကို ဖယ်ချဖို့ ညာဘက်လက်ကို မြှောက်လိုက်တယ်။ ဆူယွန်း က တခစ်ခစ် ရယ်လိုက်ပြီး ဝန်ထမ်းတွေနဲ့ ဆက်စကားပြောနေတယ်။

"ဒါပေမဲ့ သူက တော်တော် ရှက်တတ်တာ။ ဒါလေးကိုပဲ ကြည့်လေ။ သူနဲ့ ရင်းနှီးအောင် ငါ ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ နင်တို့ သိမှာမဟုတ်ဘူး"

သူမရဲ့လက်က သူ့လည်ပင်းကို ပြန်ဖက်လိုက်ပြန်တယ်။ ဆူယွန်း ရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ အမူအရာကို မြင်တော့ ဝန်ထမ်းတွေက ပြုံးလိုက်ကြတယ်။ သူ ထပ်ပြီး ဖယ်ပစ်ချင်ပေမယ့် မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လောလောဆယ်တော့ ဉာဏ်များတဲ့ မြေခွေးမလေးရဲ့ အကြံအစည်တွေအတိုင်း သူ လိုက်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"မင်း သူနဲ့ ရုပ်ရှင်တွဲရိုက်နေတယ်ဆိုတာ ချွန်းဟို ဆီကနေ ငါ ကြားတယ်" လို့ ဂျန်ဆူ က အအေးဗူး လှမ်းပစ်ပေးရင်း ပြောတယ်။

မာရူးက အအေးဗူးကို ဖမ်းဖမ်းလိုက်ပြီး ပြန်ဖြေတယ်။

"ဟုတ်ကဲ့၊ ကံကောင်းပြီး သူနဲ့ အတူအလုပ်လုပ်ခွင့် ရခဲ့တာပါ"

"အက်ရှင်ကား မဟုတ်လား။ ပြီးခဲ့တဲ့အကြိမ် ငါ မြင်ခဲ့ရသလောက်ဆိုရင်တော့ မင်းက ခန္ဓာကိုယ်အသုံးပြုတဲ့နေရာမှာ တော်မှာပါ။ အကောင်းဆုံး ကြိုးစားပါ။ ချွန်းဟို က တစ်ဖက်သားကို စိတ်ရောကိုယ်ပါ ကူညီတတ်တဲ့ လူစားမျိုးကွ"

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

"မင်းက တကယ် ထက်မြက်တဲ့ ကလေးပဲ။ မြင်လား။ သူ့မှာ အလားအလာရှိတယ်လို့ ငါ ပြောသားပဲ။ အို၊ ဒီက လူကြီးတွေနဲ့လည်း မိတ်ဆက်ပေးဦးမယ်။ ဘယ်ဘက်ကနေ စပြောရရင် ဒါရိုက်တာ ချာ၊ ဒါရိုက်တာ လီ၊ ဒါရိုက်တာ ချွဲ တို့ပဲ။ သူတို့က ဒီအနုပညာနယ်ပယ်မှာ တော်တော်လေး ဩဇာတိက္ကမကြီးတဲ့သူတွေဆိုတော့ သူတို့ သဘောကျအောင် မင်း လုပ်နိုင်ရင် အကျိုးအများကြီး ရှိလိမ့်မယ်"

ဒါရိုက်တာတွေက အသက် လေးဆယ်နှောင်းပိုင်းကနေ ငါးဆယ်ဝန်းကျင်လောက် ရှိပြီ။ အစက သူတို့ဟာ ဝါရင့်တွေလို့ သူ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အားလုံးက ရိုက်ကွင်းမှာ အလုပ်လုပ်နေသူတွေ ဖြစ်နေတယ်။ သူတို့ အချင်းချင်း အတိုချုံး နှုတ်ဆက်လိုက်ကြတယ်။ အကယ်၍ သူသာ အလုပ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် ဒီလိုလူမျိုးတွေနဲ့ ခဏခဏ ပြန်ဆုံတွေ့ရနိုင်တယ်။ ဂျန်ဆူ ပြောသလိုမျိုး သူတို့ကို သဘောကျသွားအောင် လုပ်နိုင်ရင် သူ့အတွက် အကျိုးကျေးဇူး အများကြီး ရှိလာနိုင်တယ်။

"ဒါဆို ကျွန်တော်တို့ သွားကြရအောင်"

အဲဒီ ဒါရိုက်တာ သုံးယောက်က ဟိုဘက် အဆောက်အအုံဖြစ်တဲ့ ပထမဆုံး စတူဒီယိုမှာ ရိုက်နေတဲ့ ရုပ်ရှင်ကို တာဝန်ယူထားတာလို့ ပြောတယ်။ နေ့လယ်စာစားချိန်ဖြစ်လို့ သူတို့ ဒီကို အလည်လာခဲ့ကြတာပဲ။ ဒါရိုက်တာတွေ ထွက်သွားတော့ ဆူယွန်း လည်း သူတို့နောက်ကို လိုက်သွားတယ်။ သူမက သူတို့နဲ့ စကားပြောနေတာ တော်တော်လေး သဘာဝကျတယ်။ သူတို့နဲ့ တော်တော်လေး ရင်းနှီးတဲ့ပုံတောင် ပေါက်နေတယ်။

"မင်း အရင်က ဒီကို ရောက်ဖူးလား"

"မရောက်ဖူးပါဘူး၊ ဒါ ပထမဆုံးအကြိမ်ပါ"

"အပြင်အဆင်ကို ကြည့်ပြီးတော့ ပထမဆုံး ဘာတွေးမိလဲ"

"ကျွန်တော် မျှော်လင့်ထားတာထက် အများကြီး ပိုကြီးနေလို့ အံ့ဩသွားတယ်။ ရိုးရိုး ကွန်တိန်နာတစ်လုံးလို့ပဲ ကျွန်တော် ထင်ထားခဲ့တာ။ ဒါပေမဲ့ ကစားကွင်းတစ်ခုလို ပုံစံဖန်တီးထားတာကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်"

"ဒါက စီးပွားရေးပဲလေ။ တစ်ကြိမ်ပဲ ရိုက်ပြီးလို့ အားလုံးကို ပြန်ဖျက်ပစ်လိုက်ရင် ပိုက်ဆံတွေ နှမြောစရာကြီး။ လာလည်စရာ နေရာတစ်ခုအနေနဲ့ ချန်ထားခဲ့ရင် အနည်းဆုံးတော့ လက်မှတ်ဖိုး ရနိုင်သေးတယ်လေ။ အို... ဒါက ဒီနေ့အတွက် မင်းရဲ့ ဇာတ်ရုပ်ပဲ"

ဂျန်ဆူ က သူ့ကို ဇာတ်ညွှန်းတစ်ခု ပေးတယ်။

"မင်း ဓားအသုံးပြုတာ ကျွမ်းကျင်ရဲ့လား"

"ဓားလား"

"မင်း ဇာတ်လမ်းတွဲ မကြည့်ဖူးဘူးလား"

"မကြည့်ဖူးပါဘူး"

"ဟာ... တော်တော်ခက်တဲ့ကောင်ပဲ။ ငါ့အတွက်တော့ နည်းနည်း ဝမ်းနည်းစရာပဲ။ ငါ့ရဲ့ ကင်မရာရိုက်ချက်တွေအတွက် ချီးကျူးခံနေရတဲ့ အချိန်မှာတောင်မှကွာ"

"တောင်းပန်ပါတယ်ဗျာ"

"ရပါတယ်ကွာ၊ တောင်းပန်စရာမလိုပါဘူး။ ဒါပေမဲ့ မင်းက ကိုယ့်ကုမ္ပဏီက တခြားလူတွေရဲ့ အလုပ်တွေကို လေ့လာမထားဘူးလား"

"သူ့ဘာသာသူ အဆင်ပြေပြေ လုပ်နိုင်မှာပါ"

"စကားကို ကွယ်ဝှက်မပြောတတ်တဲ့ မင်းရဲ့ အကျင့်ကို ငါ သဘောကျတယ်။ ထားပါတော့၊ ဒီဇာတ်လမ်းတွဲက ဟင်းချက်တဲ့ ဇာတ်လမ်းတွဲကွ။ အင်း... နိုင်ငံထဲက ဇာတ်လမ်းတွဲတွေရဲ့ ရေစီးကြောင်းအရ အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားမယ်ဆိုတာ သေချာပေမယ့် အစပိုင်းမှာတော့ ဟင်းချက်ပြိုင်ပွဲကို အဓိကထားရိုက်ထားတာ။ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းလို့ တွေးကြည့်ရင် ပိုလွယ်လိမ့်မယ်"

"ဒါဆို ဓားသုံးရမယ်ဆိုတာ အဲဒီသဘောပေါ့..."

"မင်းကို ပထမတန်းစား စားဖိုမှူးတစ်ယောက်လောက် ကျွမ်းကျင်နေဖို့ ငါတို့ မျှော်လင့်မထားပါဘူး။ ကင်မရာနဲ့ ရိုက်တဲ့အချိန်မှာ မရိုင်းသွားဖို့ပဲ လိုတာပါ။ ဘယ်လိုလဲ၊ မင်း လုပ်နိုင်မလား"

"ဟုတ်ကဲ့။ အိမ်မှာ အရံဟင်းလျာတွေ ကျွန်တော် လုပ်ဖြစ်လို့ ဓားကိုင်ရတာ အဆင်ပြေလောက်မှာပါ။ သိပ်တော့ မကျွမ်းကျင်ပေမယ့်ပေါ့"

"အဲဒီလောက်ဆို လုံလောက်ပါပြီ။ မင်းရဲ့ ဇာတ်ညွှန်းကို ကြည့်လိုက်ဦး။ ကုမ္ပဏီတစ်ခုက လူငယ်တွေကို စုဆောင်းပြီး အရည်အချင်းရှိသူတွေကို အလုပ်ခန့်ဖို့ ပြိုင်ပွဲတစ်ခု လုပ်နေတာ။ အပြင်အဆင်ဆီကို သွားလိုက်ရင် မင်း တွေ့ရပါလိမ့်မယ်၊ ဟင်းချက်တဲ့စားပွဲတွေ အစီအရီ ရှိနေလိမ့်မယ်။ မင်းရဲ့ ဇာတ်ရုပ်က ဇူကီနီတွေကို ခုတ်စဉ်းပြီး စကား နည်းနည်းပါးပါး ပြောရဖို့ပဲ။ အဲဒီမှာ ပြုတ်သွားသူ ၁ ဆိုတာကို မင်း မြင်လား"

မာရူးက ဇာတ်ညွှန်းထဲမှာ သူ့ရဲ့ ဇာတ်ရုပ်ကို ရှာတွေ့သွားပြီး ခေါင်းညိတ်လိုက်တယ်။ ပြိုင်ပွဲဝင်နေတဲ့ မျှော်လင့်ချက်ကြီးမားတဲ့ လူငယ်စားဖိုမှူးတွေထဲက တစ်ယောက်ပဲ။ ဇာတ်လိုက်ရဲ့ အရည်အချင်းကို ပေါ်လွင်အောင် ပံ့ပိုးပေးရမယ့် ဇာတ်ရံတွေထဲက တစ်ယောက်ပါပဲ။

"ပရိုဂျူဆာ နေ့လယ်စာစားပြီး ပြန်လာတာနဲ့ အစမ်းလေ့ကျင့်တာကို စလုပ်မယ်။ အဲဒီကျမှ သူ့ကို နှုတ်ဆက်လိုက်လို့ရတယ်။ စင်္ကြံလမ်းရဲ့ အဆုံးမှာက နောက်ခံသရုပ်ဆောင်တွေအတွက် နားနေခန်း ရှိတယ်။ တခြားအခန်းတွေကို လှည့်တောင် မကြည့်နဲ့။ အဓိကဇာတ်ဆောင်တွေနဲ့ ဇာတ်ပို့တွေရဲ့ မိတ်ကပ်ခန်းတွေနားမှာ သွားရှုပ်နေရင် လူတွေက မင်းကို ဆဲကြလိမ့်မယ်။ ခေါင်းမာပြီး ဂုဏ်မောက်တဲ့ သရုပ်ဆောင်တွေ အများကြီးရှိတာမို့ မင်း ရှေ့ကိုပဲ တည့်တည့်ကြည့်သွား၊ ကြားလား"

"ဟုတ်ကဲ့ပါ"

"ဒီနေ့ ရိုက်ကူးရေးပြီးရင် မင်းမှာ တခြားကိစ္စ ရှိသေးလား"

"မရှိပါဘူး"

"ဒါဆို တူတူ သွားစားကြတာပေါ့။ ငါက တစ်ယောက်ယောက်ကို ကျွေးမယ်လို့ ပြောပြီးရင် မကျွေးဘဲ နေတတ်တဲ့ သဘောထားသေးသိမ်တဲ့လူမျိုး မဟုတ်ဘူး"

အရင်ဇာတ်လမ်းတွဲ ရိုက်တုန်းက ဂျန်ဆူ ပြောခဲ့တဲ့ စကားကို မာရူး သတိရသွားတယ်။ သူက ထမင်းတစ်နပ်လောက် ကျွေးမယ်လို့ ပြောခဲ့တာလေ။ သူ မှတ်မိနေပုံရတယ်။ မာရူးက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ ဒါက တစ်ယောက်ယောက်နဲ့ ရင်းနှီးအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုဖြစ်တာမို့ သူ လွတ်ခံမှာ မဟုတ်ဘူး။

"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"

"အေးအေး၊ နောက်မှ တွေ့မယ်"

သူ နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ စင်္ကြံလမ်းအဆုံးကို မလျှောက်သွားခင် အပြင်အဆင်ရဲ့ အဝင်ဝကို တစ်ချက်လောက် လှမ်းကြည့်လိုက်တယ်။ သူ့ညာဘက်မှာ တစ်ခန်းနဲ့တစ်ခန်း အကွာအဝေးတူတူခြားထားတဲ့ မိတ်ကပ်ခန်းတွေရှိပြီး တံခါးမှာတော့ 'အဓိကဇာတ်ဆောင် နားနေခန်း' ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားတယ်။ အထဲမှာ ဂုဏ်မောက်တဲ့ သရုပ်ဆောင်တစ်ယောက် ရှိနေတာလား။ နာမည်ကို သူ ကြည့်လိုက်ပေမယ့် မမှတ်မိဘူး။

မာရူးက စင်္ကြံလမ်းရဲ့ အဆုံးမှာရှိတဲ့ 'သရုပ်ဆောင်များ နားနေခန်း' ရှေ့မှာ ရပ်လိုက်တယ်။ တံခါးက နည်းနည်းဟနေတာနဲ့ သူ ဝင်သွားလိုက်တယ်။ အထဲမှာ အသက် နှစ်ဆယ်ကျော်စအရွယ်လောက်ရှိမယ့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ်။ သူ ဝင်သွားတော့ လူတွေ သတိထားမိသွားပေမယ့် ချက်ချင်းပဲ အာရုံလွှဲသွားကြတယ်။ အကုန်လုံးက ဇာတ်ညွှန်းဖတ်နေတာ ဒါမှမဟုတ် သူတို့ရဲ့ စကားပြောတွေကို တိုးတိုးလေး ရွတ်ဆိုနေကြတယ်။ တခြားလူတွေကို စိတ်ဝင်စားတဲ့သူ သိပ်မရှိကြဘူး။

ကျဉ်းမြောင်းတဲ့နေရာလေးမှာ လူဆယ်ယောက်ထက်မက ရှိနေတဲ့အတွက် တချို့က နံရံကို မှီနေကြတယ်။ မာရူးလည်း ဗီရိုတစ်ခုရဲ့ဘေးမှာ နေရာယူလိုက်တယ်။ သူ ဇာတ်ညွှန်းကိုဖွင့်ပြီး အစကနေအဆုံး ဖတ်ကြည့်လိုက်တယ်။ သူ ဖတ်ရသလောက်ဆိုရင် ရိုက်ကွင်းမှာ ဆူယွန်း နဲ့လည်း ဆုံနိုင်ခြေရှိတယ်။ အဲဒီအခါကျရင်တော့ သူ ပြောစရာ စကား ရှိမှာမဟုတ်ဘူး။ သူတို့က ဇာတ်ဝင်ခန်းတစ်ခုတည်းမှာပဲ အကြိမ်ရေ အနည်းငယ်လောက် အတူတူ ပါဝင်ရုံလောက်ပဲ။

လေးနက်တဲ့ သရုပ်ဆောင်မှုမျိုး သိပ်မလိုတဲ့အတွက် သူ ဇာတ်ညွှန်းကို ခပ်စောစောပဲ ပြန်ပိတ်လိုက်တယ်။ တခြားလူတွေကလည်း စောင့်ရတဲ့အချိန် တအားကြာလာလို့ ပျင်းလာတဲ့ပုံနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားစပြောလာကြတယ်။ အဲဒီအချိန်မှာပဲ လေထုထဲမှာရှိနေတဲ့ ခပ်ဖျော့ဖျော့ တင်းမာမှုလေးက ပျောက်ကွယ်သွားတယ်။ အဲဒီနေရာမှာ သက်သောင့်သက်သာရှိတဲ့ အပြုံးတွေနဲ့ တစ်ယောက်ချင်းစီရဲ့ ပြောစကားတွေက အစားထိုးဝင်ရောက်လာတယ်။

အဲဒီအချိန်မှာပဲ သူ့ဆီကို လျှောက်လာတဲ့ လူတစ်ယောက်ကို မာရူး ကြည့်လိုက်တယ်။ အဲဒီလူက တော်တော်လေး ဇဝေဇဝါဖြစ်နေတဲ့ မျက်နှာပေးနဲ့ ကြည့်နေရာကနေ အနေခက်တဲ့ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

"အမ်း... အရင်က လူရွေးပွဲတစ်ခုမှာ ကျွန်တော်တို့ ဆုံဖူးတယ်မလား"

"လူရွေးပွဲလား"

"ဟုတ်တယ်။ ဆည်းဆာအချိန် ရုန်းကန်မှုများ ကားအတွက်လေ..."

"အာ"

မာရူးလည်း မှတ်မိသွားတယ်။

"နံပါတ် ၄ မလား"

"ဟုတ်တယ်ဗျ။ ခင်ဗျားက နံပါတ် ၂၇ မလား"

"ဟုတ်တယ်။ ကျွန်တော် နံပါတ် ၂၇ ပါ" မာရူးက စကားပြောရင်း ခေါင်းညိတ်လိုက်တယ်။

* * * * * * * * *

All Chapters