အခန်း ၁၇၄
Vol. 15 Ch. 174
အခန်း။ ၁၇၄
ကျန်းယီဖန်က "ခုခံချေပတဲ့ရှေ့နေရဲ့ တောင်းဆိုချက်တွေက လုံးဝကို အဓိပ္ပာယ်မဲ့လွန်းလှပါတယ်။
ဒီလိုတောင်းဆိုချက်မျိုးက သူ့ရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းကိုတောင် သံသယဝင်စရာ ဖြစ်စေပါတယ်။
သူ ဒီတရားခွင်မှာ ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ပါဘူး" ဟု ပြောကာ ဂူချန်ကို တရားခွင်မှ ထုတ်ပယ်ပေးရန် ချက်ချင်း တောင်းဆို လိုက်သည်။
တရားသူကြီးချုပ် ဝမ်ကျုံးက "တရားလိုဘက်က တောင်းဆိုချက်ကို ပယ်ချပါတယ်။ တရားလိုရှေ့နေကို သတိပေးလိုက်မယ်။ တစ်ဖက်ရှေ့နေကို တရားခွင်ကနေ ထွက်ခွာသွားဖို့ မတရားသဖြင့် တောင်းဆိုခြင်းမျိုး မပြုလုပ်သင့်ဘူး" ဟု မိန့်ကြားလိုက်သည်။
ကျန်းယီဖန်မှာမူ မျက်နှာပျက်သွားရသည်။
သူက ဂူချန်ကို အကျည်းတန်အောင် လုပ်လိုက်ချင်ရုံမျှရှိသော်လည်း တရားသူကြီးချုပ်၏ ပထမဆုံး သတိပေးချက်ကို ခံလိုက်ရတော့သည်။
တရားသူကြီးချုပ် ဝမ်ကျုံးက ဂူချန်ဘက်သို့ လှည့်၍ "ခုခံချေပတဲ့ရှေ့နေ တရားရုံးက ခင်ဗျားရဲ့ လျှောက်လဲချက်ကို လက်ခံရရှိထားပါတယ်။ ခင်ဗျားရဲ့ လျှောက်လဲချက်နဲ့အညီ သက်ဆိုင်ရာ အထောက်အထားတွေကို တင်ပြရပါမယ်။ မဟုတ်ရင် တရားရုံးက ခင်ဗျားရဲ့ တောင်းဆိုချက်ကို ပယ်ချသွားမှာပါ။ အခု တရားလိုရှေ့နေကို အမှုကို တင်ပြပြီး တောင်းဆိုချက်တွေကို ရှင်းပြခိုင်းပါမယ်" ဟု ပြောလိုက်သည်။
အားလုံး၏ အကြည့်တို့မှာ ရွီမော်ဘဏ်၏ ရှေ့နေ ကျန်းယီဖန်ထံသို့ ရောက်ရှိသွားသည်။
ကျန်းယီဖန်က စတင်လျှောက်လဲသည်။
"ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ပထမအချက်အနေနဲ့ ပထမအဆင့် စီရင်ချက်မှာ ကျောက်ရိရှန်းကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။
ကျောက်ရိရှန်းက ဘဏ်မှာ လုယက်သူတွေနဲ့ ပူးပေါင်းပြီး ငွေသားအမြောက်အမြားကို လုယူခဲ့တာပါ။
ကျောက်ရိရှန်းက ဘဏ်ကောင်တာကို ဒေါသတကြီး ထုရိုက်ပြီး လုယက်သူတွေကို အချက်ပြခဲ့တာပါ။
လုယက်မှု ဖြစ်ပွားပြီးတဲ့နောက် လုယက်သူတွေက ဆေးရုံအထိ လိုက်သွားပြီး လုယက်ထားတဲ့ ပိုက်ဆံတွေကို ကျောက်ရိရှန်းရဲ့ အဖေဆေးကုသဖို့ ပေးအပ်ခဲ့ပါတယ်။
ဒါက ရွီမော်ဘဏ်ကို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တာမို့ ကျောက်ရိရှန်းကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုပါတယ်။
တရားဥပဒေဆိုတာ မျှတမှုရှိရပါမယ်။
ဒီနေ့ ရာဇဝတ်သားတွေကို ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးဆိုရင် နောက်နောင်မှာ လူတွေက ဥပဒေကို အထင်သေးပြီး ဘဏ်တွေကို ပိုလုယက်လာကြပါလိမ့်မယ်"
"ဒုတိယအချက်အနေနဲ့ ကျောက်ရိရှန်းက ရွီမော်ဘဏ်ရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။
သူနဲ့ ဘဏ်ဝန်ထမ်းတွေအကြား ဖြစ်ပျက်ခဲ့တာတွေကို အွန်လိုင်းပေါ် တင်ခဲ့တာက ဘဏ်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေပါတယ်။
ဒါကြောင့် ကျောက်ရိရှန်းထံကနေ ယွမ် ၄ သိန်း လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်"
"တတိယအချက်အနေနဲ့ ဒီအမှုအတွက် ကုန်ကျခဲ့တဲ့ တရားရေးစရိတ် ယွမ် ၂၃၃,၄၅၉.၉၃ ကို ကျောက်ရိရှန်းက တာဝန်ယူပေးဖို့ တောင်းဆိုပါတယ်။
တရားသူကြီးချုပ်ခင်ဗျား တစ်ချက်လောက် ထပ်ပြောပါရစေ။
ကျွန်တော်တို့ ရွီမော်ဘဏ်က နစ်နာသူပါ။
လုယက်သူတွေက ဘဏ်ကို မတရား လုယက်ခဲ့တာပါ။
ကျောက်ရိရှန်းက လုယက်သူတွေနဲ့ ပူးပေါင်းပြီး ဘဏ်ပိုက်ဆံတွေကို ယူခဲ့တာမို့ သူက လုယက်မှုရဲ့ အပေါင်းအပါပဲ။
သူ့မှာ ဘယ်လိုအကြောင်းပြချက်ပဲ ရှိနေပါစေ၊ သူက လုယက်မှု ကျူးလွန်သူပါ။
ကျောက်ရိရှန်းရဲ့ အဖေက ဆေးကုဖို့ ပိုက်ဆံလိုတယ်ဆိုရင် တခြား တရားဝင်နည်းလမ်းတွေနဲ့ ရှာသင့်တာပါ။
ဒီနေ့ သူ ဘဏ်ကို လုယက်တယ်၊ နောက်နေ့ လမ်းသွားလမ်းလာတွေကို လုယက်တော့မှာပါ။
ဒါကြောင့် ခြိမ်းခြောက်မှုမှန်သမျှကို အမြစ်ဖြတ်ရပါမယ်။
ဒီလိုလူမျိုးက ဘယ်လိုလုပ် အပြစ်မရှိနိုင်ရမှာလဲ ဘယ်လိုလုပ် အပြစ်ကင်းစင်နိုင်မှာလဲ တရားသူကြီးချုပ်ခင်ဗျား ကျွန်တော့် လျှောက်လဲချက် ပြီးဆုံးပါပြီ"
ကျန်းယီဖန်မှာ ဤအမှုတွင် အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်နေသည်။
ဂူချန်၏ "အပြစ်မရှိ" ဟူသော လျှောက်လဲချက်ကို ကြားသောအခါ သူ လှောင်ပြုံး ပြုံးလိုက်သည်။
သူ လုယက်ခဲ့တာပဲဟာ။
ကောင်တာကို ထုရိုက်တာက လုယက်မှု မဟုတ်ဘူးလား။
တိုက်ဆိုင်မှုတွေ ဖြစ်နေရအောင် သူတို့က ဘဏ်တစ်ခုတည်း၊ ဆေးရုံတစ်ခုတည်းမှာ တူတူရှိနေပြီး ကျောင်းနေဖက်တွေ ဖြစ်နေရတာက ဘာကို ဆိုလိုတာလဲ။
သူတို့ အချင်းချင်း မသိဘူး၊ မပူးပေါင်းဘူးဆိုတာ ယုံနိုင်စရာ ရှိလို့လား။
လုယက်မှုမှာ တိုက်ရိုက် လက်နက်ကိုင် မဝင်ရောက်ပေမဲ့ လုယက်မှု ကျူးလွန်သူအဖြစ် မသတ်မှတ်နိုင်ဘူးလား။
ကျောက်ရိရှန်းကို အပြစ်မရှိဘူးဆိုတဲ့ ဂူချန်၏စကားကို သူ လုံးဝ နားမလည်နိုင်ပေ။
"သူ ဘယ်လိုလုပ်ပြီး အပြစ်မရှိနိုင်ရမှာလဲ"
"အကယ်၍ သူသာ အပြစ်မရှိခဲ့ရင် ပထမအဆင့် စီရင်ချက်မှာ ထောင်ဒဏ် ၁၅ နှစ် ဘာလို့ ချမှတ်ခံခဲ့ရတာလဲ"
တရားသူကြီးချုပ် ဝမ်ကျုံးက ဂူချန်ကို ကြည့်ကာ "ခုခံချေပတဲ့ရှေ့နေ အခု သက်ဆိုင်ရာ ဥပဒေအခြေခံ အထောက်အထားတွေကို တင်ပြပေးပါ" ဟု ပြောလိုက်သည်။
တရားခွင်တစ်ခုလုံးရှိ လူအပေါင်းတို့သည် ဂူချန်ကိုသာ စိုက်ကြည့်နေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် သောင်းနှင့်ချီသော ပရိသတ်များမှာလည်း ဂူချန်၏ နောက်ထပ်ခြေလှမ်းကို အသက်ရှူမှားလုမတတ် စောင့်ကြည့်နေကြသည်။
ဒီအမှုမှာ ဂူချန်က အပြစ်မရှိကြောင်း ဘယ်လိုမျိုးချေပမှာလဲ။
ကျောက်ရိရှန်းအတွက် အပြစ်မရှိကြောင်း လျှောက်လဲရန်မှာ မည်သူမျှ စိတ်ကူးမယဉ်နိုင်လောက်အောင် ခက်ခဲလှသည်။
ကျောက်ရိရှန်းမှာ အပြစ်မရှိကြောင်း ဘယ်လိုလုပ် ပြောနိုင်မှာလဲ။
အင်တာနက်အသုံးပြုသူ အများစုမှာ ကျောက်ရိရှန်းဘက်မှ ရပ်တည်ကြသော်လည်း ကျောက်ရိရှန်းသည် ဘဏ်ကောင်တာကို ထုရိုက်ခဲ့သည့် ရာဇဝတ်မှုတစ်ခု ရှိနေပြီးသား ဖြစ်သလို လုယက်သူများနှင့်လည်း ဆက်စပ်မှုရှိနေသည်။
[ငါတော့ တကယ်ကို နားမလည်နိုင်တော့ဘူး။ အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးဖို့ ကြိုးစားနေတဲ့ ဂူချန်က... ဒီလောက်အထိ အထောက်အထား ခိုင်လုံနေတဲ့အမှုကို အမှန်
တကယ်ကြီး အောင်မြင်အောင် လုပ်ပြနိုင်ပါ့မလား။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာကို...]
ဤအမှုတွင် ဂူချန် မည်သို့ လျှောက်လဲသွားမည်ကို ဘေးတွင် ထိုင်နေသည့် ရွှယ်ချင်းချင်းပင် မခန့်မှန်းနိုင်ပေ။
ဂူချန်က "တရားသူကြီးချုပ်ခင်ဗျား ကျွန်တော့်အမှုသည်ကို ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်က အခြေအနေအသေးစိတ်ကို ပြန်လည်ပြောပြခွင့်ပြုဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
တရားသူကြီးချုပ် ဝမ်ကျုံးက တူကို ရိုက်လိုက်သည်။
"ခွင့်ပြုတယ်။ တရားခံ ထွက်ဆိုနိုင်ပါတယ်"
ကျောက်ရိရှန်းသည် ဂူချန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် ခါးကို မတ်လိုက်ပြီး စကားစတင်ပြောတော့သည်။
"အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာကို ပြောပြပါမယ်။ အဲဒီအချိန်မှာ ကျွန်တော် ဘဏ်မှာ ပိုက်ဆံထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ်က ကျွန်တော့်ကို ငွေထုတ်မပေးခဲ့ဘူး။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်း သက်သေပြဖို့ အတင်းအကျပ် တောင်းဆိုတယ်။ ကျွန်တော် ဘယ်လိုပဲ သက်သေပြပြ မလုံလောက်ဘူးလို့ ပြောတယ်။ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ နောက်ဆုံး အဖေ့ရဲ့ နေ့စဉ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ မိသားစုဓာတ်ပုံတွေ ပြတဲ့အထိပဲ။ ဘာတစ်ခုမှ အသုံးမဝင်ခဲ့ဘူး"
"ဘဏ်က ပြောတာက အဖေ ကိုယ်တိုင်လာရမယ် ဒါမှမဟုတ် အဖေက အဖေဖြစ်ကြောင်း သက်သေခံလက်မှတ် တစ်စောင် ယူလာမှပဲ ပိုက်ဆံထုတ်ပေးမယ်လို့ ပြောတယ်"
"ကျွန်တော်က အဲဒီလို လက်မှတ်ကို ဘယ်မှာသွားယူရမလဲလို့ မေးတော့ သူတို့က မသိဘူးလို့ပဲ ပြောတယ်။ ဒါပေမဲ့ လက်မှတ်တော့ လိုတယ်လို့ပဲ အတင်းပြောတယ်"
"ကျွန်တော့်အဖေက အဖေဖြစ်ကြောင်းကို ကျွန်တော် ဘယ်လိုလုပ်ပြီး သက်သေပြနိုင်မှာလဲ။ ကျွန်တော် ရပ်ကွက်ရုံးကို သွားတယ်။ ရွာကော်မတီကို သွားတယ်။ ရဲစခန်းကို သွားတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလို လက်မှတ်မျိုး ထုတ်မပေးနိုင်ဘူးလို့ ပြောကြတယ်။ ဘဏ်ကတော့ ဒီလက်မှတ်ကိုပဲ အတင်းတောင်းနေတာ။ ကျွန်တော့်မှာ တကယ်ကိုပဲ လမ်းစပျောက်ခဲ့ရတာပါ"
"နောက်ဆုံးတော့ ကျွန်တော် ဘဏ်ကို သွားပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော့်အဖေရဲ့ အကောင့်ထဲက ပိုက်ဆံတွေကို ထုတ်ပေးဖို့ အသည်းအသန် တောင်းဆိုခဲ့ပေမဲ့ ဘဏ်က လုံးဝ လက်မခံခဲ့ပါဘူး"
"အခြေအနေက တကယ်ကို လမ်းမရှိတော့တဲ့ အဆုံးသတ်ပါ။ ကျွန်တော့်အဖေက ဆေးရုံမှာ အသက်လုနေရတာ၊ ခွဲစိတ်ဖို့ ပိုက်ဆံက အရေးတကြီး လိုအပ်နေတာ။ ဒါပေမဲ့ ဒီပိုက်ဆံတွေက ကျွန်တော့်အဖေ ပိုင်တဲ့ပိုက်ဆံတွေလေ သူ စုထားတဲ့ ပိုက်ဆံ ၇ သိန်းတောင် ရှိတာကို ဘဏ်က တစ်ပြားမှ ထုတ်မပေးဘဲ ပိတ်ပင်ထားတာပါ"
"ကျွန်တော် ဒေါသထွက်လွန်းလို့ ရူးမတတ်ပါပဲ"
"ကျွန်တော့်အဖေကိုသာ မကယ်နိုင်တော့ဘူးဆိုရင် ကျွန်တော်လည်း အသက်ဆက်မရှင်ချင်တော့ဘူးလို့ တွေးလိုက်မိတယ်"
"ဒါနဲ့ ကျွန်တော် ဘဏ်ကောင်တာကို လက်သီးနဲ့ ထိုးလိုက်မိတယ်။ ကျွန်တော့်ရဲ့ ဒေါသကို ထုတ်ပြတာပါ။ ဒါက ကျွန်တော့်ဘက်က စိတ်လိုက်မာန်ပါ လုပ်မိတဲ့အမှားဆိုတာ ဝန်ခံပါတယ်"
"အဲ့ဒီအချိန်မှာပဲ လူတွေ ဘဏ်ထဲကို ဝင်လာပြီး လုယက်ကြတော့တာပဲ။ တခြားသူတွေ အကုန်လုံး ကြောက်လန့်တကြားနဲ့ ခေါင်းငုံ့ပြီး လက်မြှောက်ထားကြပေမဲ့ ကျွန်တော်ကတော့ မငုံ့ခဲ့ဘူး"
"အဲ့ဒီလူတွေက ဘဏ်ထဲကို ရောက်နေပြီးသားပါ။ ကျွန်တော် ဘဏ်ကို ပိုက်ဆံတောင်းနေတာကို သူတို့ မြင်ကောင်း မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကို လာပြီး လုယက်တာမျိုး မလုပ်ခဲ့ပါဘူး"
ထိုအချက်ကို ရောက်သောအခါ တရားလို ရွီမော်ဘဏ်၏ ရှေ့နေ ကျန်းယီဖန်က လက်ကို မြှောက်လိုက်သည်။
ကျန်းယီဖန်က "တရားသူကြီးချုပ်ခင်ဗျား ကြားလိုက်ကြတယ်မဟုတ်လား။ ကျောက်ရိရှန်း ကိုယ်တိုင် ဝန်ခံသွားပြီလေ။ သူက တကယ်ကို လုယက်သူတွေရဲ့ အပေါင်းအပါပဲ။ လုယက်သူတွေက လူတိုင်းဆီက ပိုက်ဆံကို လုယူသွားပေမဲ့ ကျောက်ရိရှန်းကိုတော့ ဘာလို့ မလုတာလဲ။ ကျောက်ရိရှန်းရဲ့ ပိုက်ဆံက တခြားသူတွေထက် တန်ဖိုးနည်းလို့လား။ ဒါ လုယက်မှုပဲ။ သူက လုယက်သူတွေရဲ့ အပေါင်းအပါပဲ ဘယ်လိုပဲ ကြည့်ကြည့် သူက ပြစ်မှုကျူးလွန်သူပဲ တရားသူကြီးချုပ်ခင်ဗျား ချက်ချင်း စီရင်ချက်ချပေးပါ။ ကျောက်ရိရှန်းကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ပေးပါ။ သူ့ရဲ့ လုပ်ရပ်က အရမ်းကို ဆိုးရွားလွန်းပါတယ်" ဟု ကြုံးဝါးလိုက်သည်။
ကျန်းယီဖန်မှာ တရားသူကြီးချုပ်၏ အမိန့်ကိုပင် စောင့်မနေဘဲ သူကိုယ်တိုင် အမှု၏ ကောက်ချက်ကို ဦးဆောင်၍ ပြောကြားလိုက်သည်။
ထိုအချိန်တွင် ဂူချန်ကလည်း လက်ကို မြှောက်လိုက်သည်။
"တရားသူကြီးချုပ်ခင်ဗျား ကျွန်တော် ကန့်ကွက်ပါတယ်"