အခန်း ၁၇၇
Vol. 15 Ch. 177
အခန်း။ ၁၇၇
ဝမ်ရွေက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ မင်း အမှုစစ်ဆေးတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကျွန်တော်နဲ့အတူ ထိုင်ကြည့်ပြီး ဒီအမှုကို ကျွန်တော့်အတွက် အနိုင်ယူပေးရမယ်" ဟု ပြောသည်။
ကျန်းဟုန်ရှန်းက အပြုံးတစ်ခုဖြင့် ယုံကြည်မှုရှိရှိ ခေါင်းညိတ်သည်။
ဂူချန်က အမှုလိုက်တဲ့နေရာမှာ တော်တယ်ပဲ ထားပါဦး...
သူက အမှန်တကယ်ကြီး အနိုင်ရသွားနိုင်မယ်တဲ့လား...
လုံးဝ... မဖြစ်နိုင်တာ...
ရွီမော်ဘဏ်ရဲ့ ဥပဒေရေးရာဌာနဆိုတာ တကယ့်ကို ဝါရင့်ကျွမ်းကျင်တဲ့ ထိပ်သီးတွေပဲလေ။ ဒါတင်မကသေးဘူး...
ငါတို့ရဲ့ နောက်ကွယ်မှာ ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေတာ။
တစ်ကိုယ်တော် အမှုလိုက်နေတဲ့ ရှေ့နေပေါက်စလေး တစ်ယောက်က ဘယ်လိုနည်းနဲ့မှ ငါတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...။
...
ဂူချန်က "တရားသူကြီးခင်ဗျား ကျွန်တော့်ရဲ့ လျှောက်လဲချက် ပြီးပါပြီ" ဟု ပြောလိုက်သည်။ ဆိုလိုသည်မှာ သူ၏ အမှုသည်ကို ပြစ်ဒဏ်မှ လွတ်မြောက်စေရန် တောင်းဆိုလိုက်ခြင်းပင်။
တရားသူကြီး ဝမ်ကျုံးက ခေါင်းညိတ်လိုက်ပြီး တရားသူကြီးသုံးဦးစလုံးမှာ မှတ်တမ်းတင်နေကြသည်။
ရွီမော်ဘဏ်မှ ရှေ့နေ ကျန်းယီဖန်သည် ဂူချန်၏ ခုခံချေပပုံကို မမျှော်လင့်ထားခဲ့ပေ။
သူသည် ဂူချန်၏ စကားကို ကြားပြီးနောက် လုံးဝ အံ့အားသင့်သွားရသည်။
သို့သော် သူသည် လက်ကို ချက်ချင်းမြှောက်လိုက်သည်။
ရွီမော်ဘဏ်တွင် ပရော်ဖက်ရှင်နယ် ဥပဒေအဖွဲ့ရှိနေသရွေ့ သူတို့သည် ဂူချန်ကို စိုးရိမ်စရာမလိုဘူးဟု ယူဆထားသည်။
တရားသူကြီး ဝမ်ကျုံးက ရွီမော်ဘဏ်ဘက်မှ ရှေ့နေကို ကြည့်၍ "အခု တရားလိုဘက်က လျှောက်လဲချက်ကို တင်ပြပါ" ဟု မိန့်ကြားလိုက်သည်။
ကျန်းယီဖန်သည် ဂူချန်ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် "တရားသူကြီးခင်ဗျား ကျွန်တော် ယူဆတာကတော့ ခုခံချေပတဲ့ရှေ့နေက စကားလုံးကစားပြီး လမ်းကြောင်းလွဲအောင် လုပ်နေတာပါ။ သူ့ရဲ့ လျှောက်လဲချက်မှာ ယုတ္တိမရှိဘဲ ကျောက်ရိရှန်းကို အမှုကနေ လွတ်မြောက်အောင် ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒါက ကျောက်ရိရှန်း ပြစ်မှုကျူးလွန်ထားတဲ့အချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ခုခံချေပတဲ့ရှေ့နေရဲ့ လျှောက်လဲချက်ကို ပယ်ချပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
တရားသူကြီး ဝမ်ကျုံးက "ခင်ဗျားရဲ့ အကြောင်းပြချက်ကို တင်ပြပါ" ဟု ပြောလိုက်သည်။
တရားလိုရှေ့နေ ကျန်းယီဖန်က "ကျွန်တော်တို့ အားလုံး မြင်တဲ့အတိုင်းပါပဲ။ ကျောက်ရိရှန်း ဘဏ်ကောင်တာကို ထုရိုက်ပြီးမှ လုယက်သူတွေက လုယက်မှုကို စတင်ခဲ့တာပါ။ လုယက်သူတွေက ဘဏ်ထဲမှာ ရှိနေပြီးသားပါ။ ဘာလို့ သူတို့ အစောကတည်းက မလုတာလဲ ကျောက်ရိရှန်း ထုရိုက်ပြီးမှ စတင်တာ မဟုတ်ဘူးလား"
"ပြီးတော့ ဒီလုယက်သူတွေက ဘာလို့ ဆေးရုံအထိ လိုက်သွားပြီး ပိုက်ဆံ ၃ သိန်းကို တိုက်ရိုက် ပေးအပ်ရတာလဲ။ သူတို့ အချင်းချင်း မသိဘူးဆိုရင် ဒီလိုမျိုး လုပ်ပေးပါ့မလား။ လုယက်သူတွေမှာ အဲ့လောက်တောင် ကရုဏာရှိကြသလား။ သူတို့ ဘဏ်ပိုက်ဆံတွေကို လုယူပြီး ကုသိုလ်ကောင်းမှု လုပ်ဖို့ စိတ်ကူးနေတာလား"
"အဲဒီအချိန်မှာ ဆေးရုံမှာ ပိုက်ဆံလိုနေတာ ကျောက်ရိရှန်းတစ်ယောက်တည်းမှ မဟုတ်တာ။ ဘာလို့ လုယက်သူတွေက ကျောက်ရိရှန်းရဲ့ မိသားစုအတွက်ပဲ သီးသန့်ပေးရတာလဲ။
ကျွန်တော် မေးချင်တာက လုယက်သူတစ်ယောက်က မသိတဲ့လူတစ်ယောက်ကို ဘာလို့ ပိုက်ဆံပေးရမှာလဲ တကယ်လို့ သူတို့မှာ အဲ့လောက် စေတနာရှိရင် ဘဏ်ကို ဘာလို့ လုယက်ရမှာလဲ"
"အကယ်၍ ဒီအမှုကိုသာ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် မသိဘူးလို့ ယူဆပြီး ကျောက်ရိရှန်းကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်ရင် ဒါက လူထုကို မကျေနပ်မှုတွေ ဖြစ်စေပါလိမ့်မယ်။ ဒါက နောင်လာနောက်သား လုယက်သူတွေအတွက် အတုယူစရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ တစ်ယောက်ယောက်က ဘဏ်ထဲဝင်ကြည့်တယ်။ ပြီးတော့ အချက်ပြတယ်။ အားလုံးက ပူးပေါင်းပြီး လုယက်ကြတယ်။ ဒါက ရာဇဝတ်မှု ကျူးလွန်ဖို့ ပူးပေါင်းကြံစည်တာပါ။ အကျဉ်းထောင်ထဲက လူတွေက မသိဘူးလို့ ပြောနေပေမဲ့ အဲ့ဒါက အမှန်တရားလား ဒါတွေက အလိမ်အညာသက်သက်ပါပဲ" ဟု စွပ်စွဲကာ ပြောလိုက်သည်။
"သူတို့ တကယ်ပဲ မသိဘူးဆိုရင် သူတို့က ကျောင်းနေဖက်တွေ ဖြစ်နေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ"
ကျန်းယီဖန်သည် ဂူချန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းတွင် မထီမဲ့မြင်ပြုသည့် အပြုံးတစ်ခုကို ပေါ်လွင်စေသည်။
ကျန်းယီဖန်က "ကျွန်တော် အားလုံးကို မေးချင်ပါတယ်။ ဆေးရုံမှာ ငွေကြေးအကျပ်အတည်းနဲ့ ပိုက်ဆံလိုနေသူတွေ အများကြီးရှိနေတဲ့ထဲကမှ လုယက်သူတွေက ဘာကြောင့် ကျောက်ရိရှန်းရဲ့ မိသားစု ဆေးကုသစရိတ်အတွက်ပဲ သီးသန့် ပေးအပ်ခဲ့တာလဲ။ သူတို့က ကျောင်းနေဖက်တွေလေ။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ" ဟု ပြောလိုက်သည်။
တရားခွင်အတွင်းရှိ လေ့လာသူများအားလုံးက ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယီဖန်က ဆက်လက်၍ "ဒါဆိုရင် အဖြေက ရှင်းနေပါပြီ"
"ဒါက လုယက်မှုအမှုတွဲပဲ"
"ကျောက်ရိရှန်းရဲ့ ဘဏ်တွင်းမှာ တာဝန်က စကားပြောဖို့၊ ဘဏ်ရဲ့ တည်ဆောက်ပုံကို လေ့လာဖို့ ပြီးရင် အခွင့်အရေးစောင့်ပြီး ပြဿနာရှာဖို့ပါ။ ဝန်ထမ်းတွေရဲ့ အာရုံကို လွှဲဖယ်ပေးပြီး အချိန်တန်တဲ့အခါ အချက်ပေးလိုက်တာနဲ့ တိုက်ရိုက် လုယက်တော့တာပဲ"
"ကျောက်ရိရှန်းကို ဘယ်လိုနည်းနဲ့မှ အပြစ်မှ လွတ်ငြိမ်းခွင့် ပေးလို့မရဘူး"
"ဒီလိုသာ စီရင်ချက်ချလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ဖြစ်လာမယ့် လုယက်မှုတိုင်းမှာ လူထုက ကြောက်ရွံ့နေကြလိမ့်မယ်"
"ဒီလို ဆုံးဖြတ်ချက်က လုယက်မယ့်သူတွေအတွက် ပုံစံခွက်တစ်ခုနဲ့ ရာဇဝတ်မှု ကျူးလွန်ဖို့ အကြံဉာဏ်ပေးလိုက်သလို ဖြစ်နေလိမ့်မယ်"
ကျန်းယီဖန်က အားရပါးရ ကြုံးဝါးလိုက်သည်။
ထိုအချိန်တွင် ဂူချန်က လက်ကို မြှောက်လိုက်သည်။
တရားသူကြီး ဝမ်ကျုံးက "ခုခံချေပတဲ့ရှေ့နေ ပြန်လည်ခြေပနိုင်ပါတယ်" ဟု ပြောလိုက်သည်။
ဂူချန်က "တရားသူကြီးများနှင့် တရားခွင်အတွင်းရှိ လူကြီးမင်းတို့ခင်ဗျား... "
"ကျန်းယီဖန် ပြောသွားတဲ့အချက်တွေကို ကျွန်တော် လုံးဝ သဘောတူပါတယ်"
ဂူချန်၏ စကားအဆုံးတွင် တရားခွင်တစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားသွားပြီး ဆူညံသွားသည်။
ဘာတွေဖြစ်နေတာလဲ။
ဂူချန်က တရားလိုဘက်က ရှေ့နေအတွက် စကားပြောပေးနေတာလား။
နွီရှကျွမ်းနှင့် ကျောက်ရိရှန်းတို့မှာ ရုတ်တရက် ထိတ်လန့်သွားကြသည်။
အရာအားလုံး ပြီးဆုံးသွားပြီဟု သူတို့ ထင်လိုက်ကြသည်။
ရွီမော်ဘဏ်ရှေ့နေ၏ လျှောက်လဲချက်မှာ အလွန်ပင် ခိုင်လုံနေသဖြင့် ကျောက်ရိရှန်းမှာ အပြစ်ရှိကြောင်း ထပ်မံအတည်ပြုခံရတော့မည်ဟု သူတို့ အလွန်အမင်း စိုးရိမ်တကြီး ခံစားလိုက်ရသည်။
"တကယ်လို့ သူက လုယက်သူတွေရဲ့ အပေါင်းအပါ မဟုတ်ဘူးဆိုရင်တောင် အခုချိန်မှာ သူက သူ့ကိုယ်သူ အပြစ်ကနေ ကင်းရှင်းအောင် မရှင်းပြနိုင်တော့ဘူး"
[ကျောက်ရိရှန်းက တရားခံဖြစ်သွားရတော့မှာလား]
[ဂူချန် ရှုံးနိမ့်သွားတော့မှာလား]
ရွီမော်ဘဏ်၏ ဥပဒေဌာနက အမှုလိုက်ရာတွင် အလွန်ပင် ကျွမ်းကျင်လှသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များမှာလည်း မှတ်ချက်အမျိုးမျိုး ပေးနေကြသည်။
[ဒီအမှုတော့ ရှုံးတော့မှာပဲ...]
[ရွီမော်ဘဏ်ရဲ့ ဥပဒေဌာနက တကယ်ပဲ ဒီလောက်ထိ ထက်မြက်တာလား...]
[ပြောရရင်တော့ ရွီမော်ဘဏ်ရဲ့ ရှေ့နေပြောတာလည်း ခိုင်လုံသားပဲ။ ရှေ့နေဂူ ဒီတစ်ခါတော့ တကယ် ရှုံးတော့မှာပဲ]
[ရှေ့နေဂူကိုတော့ အပြစ်တင်လို့ မရပါဘူး။ ကျောက်ရိရှန်းက တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလေ။ ဘာမှ လုပ်လို့မရတော့ဘူး]
[ဒါဆိုရင်တော့ ပြီးပြီပဲ... ရှေ့နေဂူက ဟိုဘက်အဖွဲ့အတွက် ပြောပေးနေတာလား တရားသူကြီးက ပြန်ချေပဖို့ ခွင့်ပြုတော့ သူက တရားလိုရှေ့နေပြောတာ မှန်တယ်လို့ သွားပြောနေတယ်။ ကျွန်တော် လုံးဝ နားမလည်တော့ဘူး]
တရားလိုရှေ့နေ ကျန်းယီဖန်ပင်လျှင် ဂူချန်၏ စကားကြောင့် ခေတ္တမျှ ဝေဝါးသွားသည်။
သူက ခုခံဖို့ လက်မြှောက်လိုက်တာလား။
ရွီမော်ဘဏ်ဉက္ကဌဝမ်ရွေကမူ ကျေနပ်စွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ရွီမော်ဘဏ်၏ ဥပဒေဌာနကို အထင်မသေးသင့်ပေ။
ထိုစဉ် ဂူချန်က စကားစလိုက်သည်။
"ဒါပေမဲ့..."
လူတိုင်း ဂူချန်ဘက်သို့ အာရုံစိုက်လိုက်ကြသည်။
ဂူချန်က ဆက်ပြောလိုက်သည်။
"တကယ်လို့ ကျောက်ရိရှန်းဟာ လုယက်သူတွေရဲ့ အပေါင်းအပါ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင် တရားလိုရှေ့နေရဲ့ အမြင်ကို ကျွန်တော် လုံးဝ ထောက်ခံပါတယ်။ လုယက်သူဆိုတာ သဘာဝအတိုင်း ရာဇဝတ်သားတွေပဲ။ ဒါကြောင့် ကျောက်ရိရှန်းက တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ကျွန်တော်က သူ့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ နည်းလမ်းရှာမှာပဲ ရှိမှာပါ။ အပြစ်မရှိကြောင်းကို ဘယ်လိုနည်းနဲ့မှ လျှောက်လဲမှာ မဟုတ်ပါဘူး"
"တရားလိုရှေ့နေရဲ့ စွပ်စွဲချက်အရတော့ ကျောက်ရိရှန်းက လုယက်သူတွေနဲ့ အရင်ကတည်းက ရင်းနှီးတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်နေတာကြောင့် ဒီလုယက်မှုမှာ အတူတူ ပူးပေါင်းပါဝင်ခဲ့တာ ထင်ရှားနေပါတယ်။ ဒါကြောင့်မို့လို့ နောင်တစ်ချိန်မှာ ဒီလိုမျိုး ရာဇဝတ်မှုတွေ ထပ်မဖြစ်လာစေဖို့အတွက် သူ့ကို ပြတ်ပြတ်သားသား ပြစ်ဒဏ်ချမှတ်ရမယ်လို့ ပြောထားပါတယ်..."
ဂူချန်သည် သူ၏လက်ထဲတွင် ကိုင်ထားသော စာရွက်စာတမ်းများကို မြှောက်ပြလိုက်ရင်း တရားခွင်တစ်ခုလုံး ပဲ့တင်ထပ်သွားစေမည့် လေသံဖြင့် ကြုံးဝါးလိုက်သည်။
"ဒါပေမဲ့... လူကြီးမင်းတို့အားလုံး ကျွန်တော့်လက်ထဲမှာ ရှိတဲ့ စာရွက်စာတမ်းတွေကို ကြည့်ကြပါ"
"ဒါက ရာဇဝတ်မှုကျူးလွန်သူ သံသယရှိသူ ၅ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ရရှိလာတဲ့ ရဲတပ်ဖွဲ့ရဲ့ တရားဝင်မှတ်တမ်းတွေပါ"
"ဒီမှတ်တမ်းတွေရဲ့ ရလဒ်အရ သံသယရှိသူ ၅ ဦးစလုံးက ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း ထွက်ဆိုထားပြီးသားပါ"
"မှတ်တမ်းတွေက အတော်လေးရှည်လျားလွန်းတာမို့ တစ်ခုချင်းစီကို ဖတ်ပြနေတော့မှာ မဟုတ်ပါဘူး"
"ကျွန်တော် ဒီအဖြေရဲ့ အနှစ်ချုပ်ကိုပဲ ဖတ်ပြပါမယ်"
"ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက် အဖြေကတော့"
"ကျောက်ရိရှန်းနဲ့ အဲဒီရာဇဝတ်သား (၅) ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝကို မသိကျွမ်းတဲ့သူတွေပါ။
အွန်လိုင်းပေါ်မှာဖြစ်စေ၊ ပြင်ပလက်တွေ့ဘဝမှာဖြစ်စေ ဘယ်လိုပတ်သက်မှုမျိုးမှ မရှိခဲ့ဘူးဆိုတာကို တရားဝင် အတည်ပြုထားပြီးသားပါ..."
"ဒါက... ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်ကနေ ထွက်ပေါ်လာတဲ့ တကယ့် ရလဒ်အစစ်အမှန်ပါ..."
"ဒီစာရွက်စာတမ်းပေါ်မှာ အဖြူပေါ်အမည်းရေးပြီး ရှင်းရှင်းလင်းလင်း ရေးသားထားတာကတော့... ကျောက်ရိရှန်းက အဲဒီရာဇဝတ်သားတွေနဲ့ ဘာမှမပတ်သက်ဘူး ဆိုတာပါပဲ။
သူတို့အချင်းချင်းက လုံးဝမသိကြတဲ့အတွက် အပေါင်းအပါလုပ်ပြီး ပြစ်မှုအတူကျူးလွန်ခဲ့ကြတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့ ကိစ္စပါ..."
"ဒါက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရဲတပ်ဖွဲ့ကနေ ထုတ်ပြန်ပေးလိုက်တဲ့ နောက်ဆုံးရ ရလဒ်အသစ်စက်စက်ပါ။ ကျွန်တော်ကိုယ်တိုင် ရဲတပ်ဖွဲ့ထံမှာ ဒီအမှုကို သေချာပြန်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လျှောက်ထားခဲ့လို့ ဒီအထောက်အထားကို ရရှိခဲ့တာပါ။
ပထမအဆင့် တရားခွင်တုန်းကတော့ ဒီအချက်ကို စေ့စေ့စပ်စပ် စုံစမ်းခဲ့ပုံမရပါဘူး။ ဒါပေမဲ့ အခုတော့ အမှန်တရားက အထင်အရှား ပေါ်ထွက်လာခဲ့ပါပြီ.."
ဂူချန်သည် စကားကို ခဏရပ်လိုက်ပြီး တရားလိုဘက်မှ ရှေ့နေ ကျန်းယီဖန်ကို စူးစိုက်ကြည့်ကာ စိန်ခေါ်လိုက်သည်။
"ဒါဆိုရင် တရားလိုဘက်က ရှေ့နေကြီးကို ကျွန်တော် မေးပါရစေ။ ရဲတပ်ဖွဲ့ရဲ့ ဒီစစ်ဆေးချက် အဖြေမှာ ပြဿနာရှိနေတယ်လို့ ခင်ဗျား ထင်နေတာလား"
"ဒါမှမဟုတ်... ရဲတပ်ဖွဲ့ဟာ တစ်ဖက်ကို ဘက်လိုက်ပြီး အကျင့်ပျက်ခြစားနေတယ်လို့ စွပ်စွဲချင်တာလား ဒါမှမဟုတ် သူတို့ရဲ့ တရားစီရင်ရေး အရည်အချင်းကို သံသယဝင်နေတာလား"