← Chapters

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း (၃၉၁) - ခွဲတမ်းအရေအတွက်

​ကျန်းယဲ့က သူမကိုကြည့်ကာ ညင်သာစွာ မေးလိုက်၏။ "မင်းနာမည် ဘယ်လိုခေါ်လဲ..."

​အမျိုးသမီးငယ်က အမြန်ခေါင်းငုံ့လိုက်ပြီး သူမ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသော်လည်း ရှင်းလင်းစွာ ပြန်လည်ဖြေကြားခဲ့သည်။ "အင်မော်တယ်ကို လျှောက်တင်ပါတယ်... ကျွန်မနာမည် လော်ယွန်းလို့ခေါ်ပါတယ်ရှင့်"

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် "လော်ယွန်း... ခရီးသွားအေဂျင်စီထဲကို ဝင်ပြီး ခဏလောက် ထိုင်အနားယူနေပါဦး" ဟု ပြောလိုက်လေသည်။

​"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အင်မော်တယ်.." လော်ယွန်းမှာ အရမ်းစိတ်လှုပ်ရှားနေသဖြင့် ငိုလုမတတ်ဖြစ်နေကာ အမြန်ပင် သဘောတူလိုက်၏။

​ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော စားပွဲထိုးက ချက်ချင်း ရှေ့သို့ထွက်လာပြီး လူတိုင်း၏အမြင်တွင် လျှို့ဝှက်ဆန်းကြယ်နေသည့် ခရီးသွားအေဂျင်စီ၏ တံခါးပေါက်မှတစ်ဆင့် သူမကို ရိုသေစွာ ခေါ်ဆောင်သွားလိုက်သည်။

​ထို့နောက် ကျန်းယဲ့က မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေဆဲဖြစ်သော လူအုပ်ကြီးဘက်သို့ လှည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်ပြန်သည်။ "ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ.... ကံထူးရှင်တစ်ယောက် ထွက်ပေါ်သွားပါပြီ။ ဒါပေမဲ့ နောက်ထပ်တစ်နေရာ ကျန်နေပါသေးတယ်။ အခွင့်အရေး ရှိနေသေးသလို လူတိုင်းမှာလည်း ကံထူးနိုင်ချေ ရှိပါသေးတယ်။ ဆက်လုပ်ကြရအောင်..."

​ဤစကားများက အနည်းငယ် စိုးရိမ်ပူပန်ပြီး စိတ်ပျက်အားငယ်နေသည့် လူအုပ်ကြီးအတွက် ခွန်အားသစ်တစ်ခု ဖြစ်သွားစေခဲ့သည်။

​"နောက်ထပ် တစ်နေရာ ကျန်သေးတယ်..."

​"ဟုတ်တယ် ဟုတ်တယ်... အခွင့်အရေး ရှိသေးတယ်"

​"အင်မော်တယ်... ကျွန်တော့်ကို ကောင်းချီးပေးပါဗျာ။ ကျွန်တော်ပဲ ဖြစ်ရပါစေ..."

​တန်းစီနေသူများမှာ ပြန်လည် တက်ကြွလာကြပြီး လူအများအပြားက လက်အုပ်ချီကာ မျက်စိမှိတ်လျက် နောက်ဆုံးကျန်ရှိနေသည့် ထိုတစ်နေရာအတွက် သူတို့၏ မျှော်လင့်ချက်များအားလုံးကို ပုံအောကာ ဆုတောင်းနေကြလေသည်။

​တန်းစီထားသော လူတန်းကြီးမှာ အနည်းငယ် ပိုမြန်လာသကဲ့သို့ ရှိပြီး လူတိုင်းက နောက်ဆုံး ကံထူးရှင် မည်သူဖြစ်မည်နည်း ဆိုသည်ကို သိချင်နေခဲ့ကြသည်။

​နောက်ဆုံး ကံထူးရှင်မှာ နေဝင်ဆည်းဆာအချိန် ရောက်ကာ ကောင်းကင်ကြီး တစ်ခုလုံး လိမ္မော်နီရောင် သန်းသွားချိန်ရောက်မှသာ ထွက်ပေါ်လာချေသည်။

​ယခုတစ်ကြိမ် ရွှေရောင်မဲလိပ်ကို နှိုက်မိသူမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး ညိုမည်းသော အသားအရေနှင့် ဘဝဒဏ်ကို အလူးအလဲ ခံထားရပုံပေါ်သည့် အမျိုးသားကြီးတစ်ဦးပင်။

​သူက ခြေတစ်ဖက် အနည်းငယ် ခွင်နေပုံရသော်လည်း သူ၏ ကိုယ်ဟန်အနေအထားက မတ်မတ်ရပ်နေဆဲဖြစ်ကာ စစ်တပ်ထဲတွင် လေ့ကျင့်ခံထားရသည့် မာကျောကြံ့ခိုင်သော အရည်အသွေးများ ထွက်ပေါ်နေခဲ့သည်။

​သူက နိုင်ငံခြောက်နိုင်ငံကို သိမ်းပိုက်သည့် စစ်ပွဲများတွင် ပထမဧကရာဇ်နောက်မှ လိုက်ပါစစ်တိုက်ခဲ့ဖူးသည့် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။ စစ်မြေပြင်တွင် ရရှိခဲ့သော ခြေထောက်ဒဏ်ရာကြောင့် မသန်မစွမ်းဖြစ်သွားကာ စစ်တပ်မှ အနားယူခဲ့ရပြီး ရှန်းယန်မြို့သို့ ပြန်လာကာ နည်းပါးလှသော ပင်စင်လစာနှင့် ကြုံရာကျပန်းအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူဖြစ်၏။

​အမာရွတ်များ၊ အသားမာများဖြင့် ပြည့်နေသော သူ၏လက်က လေးလံသော ရွှေရောင်မဲလိပ်ကို သေတ္တာထဲမှ ဆွဲထုတ်လိုက်သောအခါ အေးခဲသွားရသည်။

​သေရေးရှင်ရေးများကို ဖြတ်သန်းခဲ့ရသော ထိုမျက်လုံးများက လက်ထဲရှိ ရွှေရောင်မဲလိပ်ကို စူးစိုက်ကြည့်နေခဲ့ပြီး ချက်ချင်းပင် မျက်ရည်ပူများ စီးကျလာကာ အရေးအကြောင်းများပြည့်နေသည့် ပါးပြင်ပေါ်သို့ တားဆီးမရအောင် စီးဆင်းသွားလေသည်။

​သူက ရုတ်တရက် ခေါင်းမော့ကာ ကျန်းယဲ့အား ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများက တစ်စုံတစ်ခုကို ပြောချင်နေသကဲ့သို့ တုန်ယင်နေသော်လည်း လွန်ကဲစွာ စိတ်လှုပ်ရှားနေမှုကြောင့် အသံထွက်မလာခဲ့ချေ။

​ထို့နောက် သူက အလိုအလျောက်ပင် သူ၏ မသန်စွမ်းသော ခြေထောက်ကို ဆွဲကာ ကျန်းယဲ့ရှေ့တွင် ဒူးထောက်ရန် ပြင်လိုက်၏။

​ကျန်းယဲ့က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ ဒူးမချရသေးခင်မှာပင် ရှေ့သို့ တိုးသွားကာ သူ၏ လက်မောင်းကို ခိုင်မြဲစွာ ဆွဲထူပေးလိုက်သည်။

​"ဒီလို ကြီးကျယ်တဲ့ အရိုအသေပေးမှုတွေ မလိုပါဘူး အဘိုး..." ကျန်းယဲ့၏ အသံက ညင်သာသော်လည်း ပြတ်သားနေခဲ့သည်။ "ဒီမဲကို နှိုက်နိုင်တာက အဘိုးရဲ့ အခွင့်အရေးပါပဲ။ အဘိုးက ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့ ကံကောင်းသူတစ်ယောက်ပါ။ ဒီလိုတွေ လုပ်စရာ မလိုပါဘူး..."

​ကျန်းယဲ့၏ လက်မောင်းမှ ငြင်းဆန်၍မရသော ခွန်အားနှင့် သူ၏ စကားများထဲမှ လေးစားမှုတို့ကို ခံစားလိုက်ရသောအခါ စစ်မှုထမ်းဟောင်းကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး မျက်ရည်များ စီးကျလာရသည်။ သူက ရှိုက်သံများကို အောင့်ထားရင်း ခေါင်းကိုသာ တဆက်ဆက် ညိတ်လျက် "ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် အင်မော်တယ်" ဟုသာ ပြောနိုင်ခဲ့လေသည်။

​"အဘိုး နာမည် ဘယ်လိုခေါ်လဲ..." ကျန်းယဲ့က မေးလိုက်၏။

​"လျှောက်... အင်မော်တယ်ကို လျှောက်တင်ပါတယ်။ ကျွန်တော့်နာမည် ဖန်ရွှိုလို့ ခေါ်ပါတယ်...." စစ်မှုထမ်းဟောင်းကြီးက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း အက်ကွဲနေသော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ဘေးရှိ အစေခံကို လက်ဟန်ပြကာ "အဘိုးဖန်ကို အထဲခေါ်သွားပြီး နားခိုင်းလိုက်ပါ။ သူ့ကို သေချာ ဂရုစိုက်ပေးလိုက်" ဟု အမိန့်ပေးလိုက်သည်။

​"ဟုတ်ကဲ့ပါ သခင်လေး..." အစေခံက ရိုသေစွာ ပြန်ဖြေပြီး စိတ်လှုပ်ရှားနေဆဲဖြစ်သော ဖန်ရွှိုအား ခရီးသွားအေဂျင်စီအတွင်းသို့ ဖြည်းညင်းစွာ တွဲခေါ်သွားလိုက်သည်။

​နောက်ဆုံး ကံထူးရှင်ကို ရွေးချယ်ပြီးသွားသောအခါ နဂါးတစ်ကောင်ကဲ့သို့ တန်းစီနေသော လူတန်းရှည်ကြီးထံမှ စိတ်ပျက်အားငယ်စွာ သက်ပြင်းချသံများနှင့် ညည်းညူသံများ ပေါက်ကွဲထွက်လာလေသည်။

​သူတို့၏ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရသဖြင့် လူအများအပြား၏ မျက်နှာထက်တွင် နာကြည်းမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်သွားကြသည်။

​ဤအချိန်၌ ကြေးထည်ဆိုင်မှ ဆိုင်ရှင်ရွှီက သူ၏ သတ္တိများကို ပြန်လည်မွေးမြူလိုက်ပြီး "အင်မော်တယ်... နောင်အနာဂတ်မှာရော ဒီလို နတ်ဘုရားအခွင့်အရေးမျိုး ရနိုင်ဖို့ အခွင့်အလမ်း ရှိပါဦးမလားလို့ မေးခွင့်ပြုပါ" ဟု ကျယ်လောင်စွာ မေးမြန်းလိုက်၏။

​ထိုစကားကြောင့် လူတိုင်း၏ အကြည့်များက နောက်ဆုံးမျှော်လင့်ချက်များဖြင့် ကျန်းယဲ့ထံသို့ ချက်ချင်းပင် ပြန်လည် စူးစိုက်သွားကြပြန်သည်။

​ကျန်းယဲ့က ဆိုင်ရှင်ရွှီကို ကြည့်လိုက်ပြီး ဤဆိုင်ရှင်က အမြဲတမ်း အချိန်ကိုက် ရောက်လာတတ်သဖြင့် သူ့အတွက် စကားလမ်းကြောင်းပေးမည့်သူအဖြစ် အလွန်သင့်တော်လှသည်ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

​သူက "အခွင့်အရေးဆိုတာ သေချာပေါက် ရှိတာပေါ့။ ရီယဲ့ခရီးသွားအေဂျင်စီကို ဒီမှာ ဖွင့်လှစ်လိုက်တယ်ဆိုတာက အခြားကမ္ဘာဆီသွားမယ့် တံခါးပေါက်ကို ဖွင့်လှစ်လိုက်တာပါပဲ။ ဒီနေ့က အစပြုခြင်း သက်သက်ပါပဲ... နောင်အနာဂတ်မှာ အခြားသော ခရီးစဉ်တွေနဲ့ အခွင့်အရေးတွေ ရှိလာဦးမှာပါ..."

​ထိုစကားများက ရေခဲနေသော ရေကန်ပြင်ပေါ်သို့ နွေဦးလေညင်းလေး ဖြတ်တိုက်သွားသကဲ့သို့ ဖြစ်သွားပြီး လူအုပ်ကြီးအကြား ပျံ့နှံ့နေသော စိတ်ပျက်အားငယ်မှုများကို ချက်ချင်းပင် လွင့်ပါးသွားစေချေသည်။

​အခွင့်အရေး ရှိနေသေးတယ်....

​"အင်မော်တယ်က နောင်မှာ ထပ်ရှိဦးမယ်လို့ ပြောတယ်ဟ..."

​"ဟားးး... အရမ်းကောင်းတာပဲ... နောက်တစ်ခါကျရင် ငါ သေချာပေါက် လာမယ်..."

​"ငါ သိသားပဲ... အင်မော်တယ် ဖြစ်လာဖို့ အခွင့်အရေးက ဒီတစ်ကြိမ်တည်း မဟုတ်ဘူးဆိုတာ"

​စိတ်လှုပ်ရှားစွာ ပြောဆိုသံများ ပြန်လည်ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာများမှာ ပြန်လည် တောက်ပလာကြရသည်။

​ဒီတစ်ကြိမ် မပေါက်လည်း ကိစ္စမရှိပါဘူး။ ဆိုင်ကြီး ရှိနေသရွေ့ မျှော်လင့်ချက် ရှိနေသေးတာပဲ....

​နောက်တစ်ကြိမ်ကျရင်တော့ ငါ့ဆီကို သေချာပေါက် ကံကောင်းမှုတွေ ရောက်လာမှာပါ။

​ပြန်လည်တက်ကြွလာသော လူအုပ်ကြီးကို ကြည့်ရင်း ကျန်းယဲ့က နိဂုံးချုပ်အနေဖြင့် "ကျွန်တော့်ရဲ့ ရီယဲ့ ခရီးသွားအေဂျင်စီဖွင့်ပွဲကို လာရောက်ကြည့်ရှုပေးကြတဲ့အတွက်ရော.... ဒီမဲနှိုက်ပွဲမှာ ပါဝင်ဆင်နွှဲပေးကြတဲ့အတွက်ပါ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက် အစီအစဉ်အားလုံး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ နောင်မှာ အားလပ်ချိန်ရှိရင် အခြားကမ္ဘာက ရှုခင်းတွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်..."

​သူ၏ အကြည့်က စိတ်အားထက်သန်နေသော မျက်နှာများပေါ်သို့ ဖြတ်သန်းသွားပြီး သူ၏ နောက်ဆုံး ကောင်းချီးကို ပေးအပ်လိုက်၏။

​"ခင်ဗျားတို့အားလုံးရဲ့ ဆန္ဒတွေ ပြည့်ဝပြီး အနာဂတ်မှာ အိပ်မက်တွေ တကယ်ဖြစ်လာကြပါစေ...."

​စကားပြောပြီးနောက် ကျန်းယဲ့က လူတိုင်းကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ရီယဲ့ခရီးသွားအေဂျင်စီအတွင်းသို့ လှည့်ကာ တည်ငြိမ်စွာ ဝင်ရောက်သွားလိုက်သည်။

​နောက်ခဏ၌ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ထွင်းထုထားပြီး မရေမတွက်နိုင်သော လူများ၏ မျှော်လင့်ချက်များနှင့် အိပ်မက်များကို သယ်ဆောင်ထားသည့် တံခါးကြီးက လူအုပ်ကြီး၏ စွဲလန်းစွာကြည့်ရှုနေသည့် အကြည့်များအောက်တွင် ဖြည်းညင်းစွာ ပိတ်သွားကာ ပြင်ပကမ္ဘာ၏ ဆူညံသံများနှင့် မျှော်လင့်ချက်များကို ယာယီ ပိတ်ဆို့လိုက်ချေသည်။

​ဤအချိန်၌ ရင်းကျန့်က ဒုတိယထပ်မှ လှေကားအတိုင်း ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ သူ၏ အနက်ရောင်ဝတ်ရုံက သူ၏ မတ်မတ်ရပ်နေသော ကိုယ်ဟန်ကို ပို၍ ပေါ်လွင်စေပြီး သူ၏ ခမ်းနားလှသော ဧကရာဇ်အငွေ့အသက်က သဘာဝကျကျ ပြန့်နှံ့သွားကာ ပထမထပ် ခန်းမတစ်ခုလုံးကို ပို၍ တိတ်ဆိတ်သွားစေသည်။

​ဘေးဘက်ခန်းမတွင် အနားယူနေကြပြီး ကြီးမားလှသော အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့တွင် နစ်မြုပ်နေဆဲဖြစ်သော စစ်မှုထမ်းဟောင်း ဖန်ရွှိုနှင့် မိန်းကလေး လော်ယွန်းတို့မှာ မင်းသား ဖူဆု၊ အမတ်ချုပ်ကြီးလီစစ်နှင့် အခြားသော အရာရှိကြီးများ ဝန်းရံထားပြီး ခမ်းနားလှသော ဩဇာအာဏာရှိသည့် ထိုသူကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြရသည်။ သူမက ထိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားလေသည်။

​အလိုအလျောက်ဆိုသလိုပင် သူတို့နှစ်ဦးမှာ ဒုန်းခနဲနေအောင် ဒူးထောက်ချလိုက်ကြပြီး ခေါင်းများ မြေကြီးနှင့်ထိသည်အထိ ဦးညွှတ်လိုက်ကြကာ သူတို့၏ အသံများက ထိန်းမရအောင် တုန်ယင်နေချေသည်။

​"သာမန်ပြည်သူ ဖန်ရွှို... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်... အရှင်မင်းကြီး သက်တော်သောင်းကျော်ရှည်ပါစေ..."

​"သာမန်ပြည်သူ လော်ယွန်း... အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်... အရှင်မင်းကြီး သက်တော် သောင်းကျော််ရှည်ပါစေ"

​ရင်းကျန့်၏ အကြည့်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူနှစ်ဦးပေါ်သို့ ဖြတ်သန်းသွားသည်။ တစ်ဦးက မဟာချင်မင်းဆက်အတွက် သွေးမြေကျခံခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ သာမန်ပြည်သူများထဲမှ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးစလုံးက ဤအင်မော်တယ် ကံကြမ္မာတွင် ကံထူးရှင်များ ဖြစ်ကြပေသည်။

​သူက တည်ငြိမ်စွာဖြင့် "ထကြလော့..."

​"ကျေးဇူးတော် ကြီးမားလှပါတယ် အရှင်မင်းကြီး"

​သူတို့နှစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထရပ်လိုက်ကြပြီး ခေါင်းငုံ့ကာ မျက်လွှာချလျက် ဘေးဘက်သို့ ရိုသေစွာ ဆုတ်ခွာသွားလိုက်ကြသည်။ သူတို့က ကျယ်လောင်စွာပင် အသက်မရှူရဲကြဘဲ သူတို့၏ နှလုံးသားများက ဗုံတီးနေသကဲ့သို့ တဒိန်းဒိန်း ခုန်နေကြလေသည်။

​ရင်းကျန့် ဆင်းလာသည်ကို မြင်သည်နှင့် ကျန်းယဲ့က လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်ပြီး ပြုံးလျက် "အရှင်မင်းကြီး... အခုလေးတင် ဖွင့်လှစ်လိုက်တဲ့ နေရာနှစ်နေရာက ပြည်သူတွေအတွက် အကျိုးခံစားခွင့်ပါ။ ဒါ့အပြင် ဘလူးစတားဆီကို နှစ်ရက်တာ သွားရောက်လည်ပတ်ဖို့အတွက် တရားဝင် နေရာ (၁၀) နေရာ ကျွန်တော့်ဆီမှာ ရှိပါသေးတယ်..."

​"နေရာ (၁၀) နေရာတောင် ကျန်သေးတယ်"

​ဤစကားက တိတ်ဆိတ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။

​ရင်းကျန့်၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်သွားပြီး သူကိုယ်တိုင်ပင် အသက်ရှူ အနည်းငယ် မှားသွားခဲ့ရသည်။

​သူ၏ နောက်ကွယ်ရှိ ဖူဆု၊ လီစစ်၊ မုန့်ရီ၊ ဖုန်းကျဲ့နှင့် အခြားသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး ကျန်းယဲ့အား တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြကာ ထို့နောက် ရင်းကျန့်အား မျှော်လင့်တကြီးဖြင့် တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ကြပြန်သည်။

​နေရာ (၁၀) နေရာတောင် ရနိုင်တယ်တဲ့လား....

​ဆိုလိုသည်မှာ ဤအဓိက အမတ်ကြီးများနှင့် မင်းသားများက နောင်နှစ်တစ်ထောင်က ဒဏ္ဍာရီလာ အနာဂတ်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ရရန် အခွင့်အလမ်း အလွန်များပြားနေသည်ဟု အဓိပ္ပာယ်ရလေသည်။

​ထို့နောက် ကျန်းယဲ့က "အရှင်မင်းကြီး... အဲ့ဒီလူဆယ်ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာကို အရှင်မင်းကြီးပဲ ဆုံးဖြတ်ပေးပါ..."

​သူက ရွေးချယ်ခွင့်ကို ရင်းကျန့်ထံသို့ တိုက်ရိုက် အပ်နှင်းလိုက်ခြင်းပင်။

အခန်း ၃၉၁ပြီး၏။

All Chapters