အခန်း ၃၉၂
Vol. 40 Ch. 392
အခန်း (၃၉၂) - တရုတ်နိုင်ငံသို့ ရောက်ရှိခြင်း
ထိုစကားကို ကြားလိုက်ရသောအခါ ဖူဆု၊ လီစစ်၊ မုန့်ရီ၊ ဖုန်းကျဲ့တို့သာမက အခြားမင်းသားများနှင့် အရာရှိကြီးများကပါ ဖုံးကွယ်မထားနိုင်သော မျှော်လင့်ချက်များ အပြည့်ပါသည့် အကြည့်များဖြင့် ရင်းကျန့်ထံသို့ လှည့်ကြည့်လိုက်ကြ၏။
လူတိုင်း၏ မျက်ဝန်းများက "ကျွန်တော့်ကို ရွေးပါ... အရှင်မင်းကြီး ကျွန်တော့်ကို ရွေးပါ" ဟု တိတ်ဆိတ်စွာ ပြောဆိုနေကြသကဲ့သို့ပင်။
တန်ဖိုးကြီးမားလှသော နေရာ (၁၀) နေရာကို ဆုံးဖြတ်တော့မည်ဖြစ်ရာ ခန်းမဆောင်အတွင်းရှိ လေထုက ချက်ချင်းပင် ထူးဆန်းကာ တင်းမာလာချေသည်။
လူတိုင်းက အသက်အောင့်ထားကြပြီး ပထမဧကရာဇ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်က အံ့ဖွယ်ခရီးစဉ်တစ်ခုနှင့် သက်ဆိုင်နေရုံသာမက မျက်မြင်မရသော အသိအမှတ်ပြုမှုနှင့် ဂုဏ်ပြုခံရမှုတို့ကိုပါ ရည်ညွှန်းနေသကဲ့သို့ ရှိနေပေသည်။
ရင်းကျန့်၏ အကြည့်က သူ့ရှေ့တွင် အသက်အောင့်လျက် ရပ်နေကြသော အဆင့်မြင့် အရာရှိကြီးများနှင့် မင်းသားတစ်စုပေါ်သို့ ဖြတ်သန်းသွားခဲ့ပြီးနောက် သူက ဆုံးဖြတ်ချက်ချပြီးဖြစ်လေသည်။
သူ၏ အသံက တည်ငြိမ်နေပြီး လူဆယ်ယောက်၏ အမည်များကို ရှင်းလင်းပြတ်သားစွာ ရွတ်ဆိုလိုက်၏။
"ငါကိုယ်တော်... ဖူဆု၊ မင်းသားကောင်း၊ မုန့်ရီ၊ မုန့်ထျန်း၊ စစ်သူကြီးဝမ်၊ လီစစ်၊ ဖုန်းကျဲ့၊ ချွမ်ယွီယွဲ့၊ ရှီလု"
ဤလူဆယ်ဦးတွင် တစ်နိုင်ငံလုံးက သိကြသည့် နာမည်ကျော် စစ်သူကြီးများ ၊ အစိုးရရေးရာ ကိစ္စရပ်အားလုံးကို ကြီးကြပ်ရသည့် အမတ်ချုပ်ကြီး၊ အရာရှိအားလုံးကို စစ်ဆေးကြပ်မတ်ရသည့် စစ်ဆေးရေးမှူးချုပ်၊ ကျင့်ဝတ်နှင့် ပညာရေးကို တာဝန်ယူရသည့် ပညာရှင်၊ ရေထိန်းသိမ်းမှု စီမံကိန်းများကို စီမံခန့်ခွဲရသည့် အရည်အချင်းရှိသော အမတ်ကြီး၊ သူ မျှော်လင့်ချက် အများကြီးထားထားသည့် သားတော်ကြီး ဖူဆု၊ အခြားသားတော်တစ်ပါးဖြစ်သည့် မင်းသားကောင်း၊ ပြီးတော့... သူကိုယ်တိုင် ပါဝင်ချေသည်။
မုန့်ထျန်းနှင့် စစ်သူကြီးဝမ်တို့က နယ်စပ်နှင့် ဒေသအသီးသီးတွင် တပ်စွဲထားရသော်လည်း အရေးပေါ် စစ်ရေးကိစ္စဟု အကြောင်းပြကာ ရင်းကျန့်က သူတို့ကို ရှန်းယန်သို့ ပြန်ခေါ်ထားပြီးဖြစ်ရာ ဤခရီးစဉ်ကို ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။
နန်းတွင်း အရာရှိများက ဤအတွက် အံ့အားသင့်မနေကြချေ။ ဤစစ်သူကြီးနှစ်ဦး၏ ကုသိုလ်ကျေးဇူးနှင့် ရာထူးအဆင့်အတန်းတို့အရ သူတို့ကို ခွဲတမ်းမပေးပါက ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။
စာရင်းထဲရှိ အခြားသူများမှာလည်း နန်းတွင်းတွင် အရေးပါသူများ၊ ထူးချွန်သော အောင်မြင်မှုများ ရှိသူများ သို့မဟုတ် အရေးကြီးသော ရာထူးများ ရယူထားသူများသာ ဖြစ်ကြရာ မည်သူကမျှ မကန့်ကွက်ရဲကြချေ။
ရင်းကျန့်က မူကြမ်းစာရင်းကို ကျန်းယဲ့ထံသို့ ပေးအပ်လိုက်၏။
ကျန်းယဲ့က သေသပ်စွာ ရေးသားထားသော ပိုးစာလိပ်ကို ယူလိုက်ပြီး မင်မခြောက်သေးသော အမည်များကို ကြည့်ကာ သူ့ရင်ထဲတွင် လေးစားမှုတစ်ခု ဖြစ်ပေါ်လာရသည်။
အစ်ကိုကြီးကျန့်က တကယ့်ကို အစ်ကိုကြီးကျန့်ပါပဲ။ သူ၏ ဉာဏ်အမြင်နှင့် အမြော်အမြင်တို့က ထူးကဲလှချေသည်။ ခွဲတမ်းချထားခွင့်ကို သူက သူ့ကိုလွှဲပေးလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီး လူအင်အား စီစဉ်မှုများနှင့် လူစုဆောင်းမှုများကို ကြိုတင်လုပ်ဆောင်ထားခဲ့ခြင်းပင်။
"အရှင်မင်းကြီးက အင်မတန် တွေးခေါ်မြော်မြင်တတ်ပါပေတယ်..." ကျန်းယဲ့က ချီးကျူးလိုက်ပြီး စာရင်းအချက်အလက်များကို စနစ်ထံသို့ ပေးပို့လိုက်၏။
သူက ရွေးချယ်ခံရသူ ဆယ့်နှစ်ဦးကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "လူကြီးမင်းတို့... ဒုတိယထပ်ကို ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ..."
ရင်းကျန့် ဦးဆောင်ကာ စိတ်လှုပ်ရှားမှု၊ စူးစမ်းလိုစိတ်နှင့် အနည်းငယ်သော ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေကြသည့် လူဆယ့်နှစ်ဦးက ကျန်းယဲ့နောက်မှ လိုက်ပါလျက် ကျယ်ဝန်းပြီး သပ်ရပ်လှပသော ဒုတိယထပ် အနားယူရာနေရာသို့ လှေကားအတိုင်း တက်သွားလိုက်ကြသည်။
ဤနေရာတွင် ထူးခြားသော ပုံသဏ္ဌာန်ရှိသော်လည်း အလွန်သက်တောင့်သက်သာရှိပုံပေါ်သည့် ဆိုဖာခုံတန်းများ ရှိနေချေသည်။
ကျန်းယဲ့က လူတိုင်းကို နေရာယူရန် လက်ဟန်ပြလိုက်၏။
လူတိုင်း နေရာယူပြီးနောက် ကျန်းယဲ့၏ အကြည့်က သူတို့၏ မျက်နှာများပေါ်သို့ ဖြတ်သန်းသွားလေသည်။ အချို့က တည်ကြည်လေးနက်နေပြီး အချို့က စိတ်လှုပ်ရှားနေကာ အချို့က စိုးရိမ်ပူပန်နေခဲ့ကြသည်။
သူက လေးနက်စွာ စတင်ပြောဆိုလိုက်၏။ "လူကြီးမင်းတို့... ကျွန်တော်တို့က အခြားကမ္ဘာတစ်ခုဆီကို သွားမယ့်ခရီးစဉ်တစ်ခု စတင်တော့မှာပါ။ ဒီခရီးစဉ်က နှစ်ရက်ကြာမြင့်မှာဖြစ်ပြီး ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ မြင်တွေ့ကြားသိရမယ့် အရာတွေက လူကြီးမင်းတို့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေပါလိမ့်မယ်။ နောက်တစ်ကြိမ် ထပ်မေးပါရစေ... အားလုံး အဆင်သင့်ဖြစ်ကြပြီလား..."
ရင်းကျန့်က ပင်မခုံတွင် မတ်မတ်ထိုင်နေပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ သူက ဦးစွာ စကားပြောလိုက်ပြီး သူ၏ အသံက တည်ငြိမ်ကာ အားပါနေလေသည်။ "ငါကိုယ်တော် အဆင်သင့်ဖြစ်ပြီ..."
ဖူဆု၊ လီစစ်၊ မုန့်ရီနှင့် အခြားသူများကလည်း လေးနက်စွာ ပြန်ဖြေလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ အဆင်သင့်ဖြစ်ပါပြီ..."
သာမန်ပြည်သူနှစ်ဦးဖြစ်သည့် လော်ယွန်းနှင့် ဖန်ရွှိုတို့သာ လွန်စွာစိတ်လှုပ်ရှားနေကြသဖြင့် လက်ဖဝါးများပင် ချွေးပျံနေခဲ့ကြသည်။ သူတို့က အားပါးတရ ခေါင်းညိတ်ပြရုံသာ တတ်နိုင်ပြီး အသံတစ်သံမှ ထွက်မလာရဲကြချေ။
"ကောင်းပြီ..." လူတိုင်းက ဆုံးဖြတ်ချက်ချထားကြောင်း မြင်သောအခါ ကျန်းယဲ့က ဆက်မပြောတော့ပေ။
သူက ညာဘက်လက်ကို မြှောက်ကာ လက်ဖျောက်ကို ကျယ်လောင်စွာ တီးလိုက်၏။
"ဖြောက်..."
လက်ဖျောက်တီးသံ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် မည်သည့် သတိပေးချက်မှမရှိဘဲ မျက်နှာကြက်ပေါ်မှ နူးညံ့ပြီး သန့်စင်သော အဖြူရောင် အလင်းတန်း ဆယ့်နှစ်ခု ထိုးကျလာကာ ထိုနေရာတွင် ရှိနေသူတိုင်းကို တိကျစွာ လွှမ်းခြုံသွားချေသည်။
"......."
အဖြူရောင်အလင်းတန်းများ ကျဆင်းလာသည့်အချိန်တွင် ရင်းကျန့်၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဖူဆုမှာ အံ့အားသင့်သွားကာ လီစစ်၏ လက်ချောင်းများက အလိုအလျောက် တင်းကြပ်သွားပြီး မုန့်ထျန်းနှင့် စစ်သူကြီးဝမ်တို့ကဲ့သို့ စစ်မှုထမ်းဟောင်းကြီးများပင် ချက်ချင်း တောင့်တင်းသွားကြရသည်။
မဖုံးကွယ်နိုင်လောက်အောင် အံ့အားသင့်နေသည့် အမူအရာက လူတိုင်း၏ မျက်နှာပေါ်တွင် ပေါ်လာကြသည်။
သို့သော် သူတို့မျက်နှာပေါ်မှ အံ့အားသင့်မှုများ အပြည့်အဝ မပေါ်ထွက်လာနိုင်မီမှာပင် သူတို့၏ ပုံရိပ်များက နူးညံ့သော အဖြူရောင်အလင်းထဲတွင် လျင်မြန်စွာ မှေးမှိန်သွားပြီး ဒုတိယထပ် အနားယူရာနေရာမှ လုံးဝ ပျောက်ကွယ်သွားချေသည်။
နောက်တစ်စက္ကန့်တွင် အချိန်နှင့် ဟင်းလင်းပြင်က ပြောင်းလဲသွား၏။
ထိုလူဆယ့်နှစ်ဦး၏ ပုံရိပ်များက အမှောင်ထု လိုဏ်ခေါင်းတစ်ခုအတွင်း ဖြတ်သန်းသွားနေသည့် ပြောင်လက်နေသော ငွေရောင်ဘတ်စ်ကားတစ်စီးအတွင်း၌ တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာကြသည်။
အတွင်းပိုင်းကို မျက်စိမကျိန်းစေသော နူးညံ့သည့် အဖြူရောင်အလင်းဖြင့် ထွန်းလင်းထားပြီး ထိုင်ခုံများက သက်တောင့်သက်သာရှိကာ ကျယ်ဝန်းလှသည်။
ကားပြတင်းပေါက် အပြင်ဘက်တွင်မူ အရာအားလုံးကို မျိုချနိုင်စွမ်းရှိပုံရသည့် အဆုံးမဲ့ နက်ရှိုင်းသော ဟင်းလင်းပြင်၏ အမှောင်ထုကြီး ရှိနေခဲ့သည်။
တစ်ခါတစ်ရံတွင် ကြယ်မှုန်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် အလင်းစက်လေးများကသာ သူတို့ဟာ စိတ်ကူးမယဉ်နိုင်သော အမြန်နှုန်းဖြင့် လျှို့ဝှက်ဆန်းကြယ်သည့် လမ်းကြောင်းတစ်ခုကို ဖြတ်သန်းသွားနေကြောင်း အရိပ်အမြွက် ပြသနေချေသည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ရင်းနှီးကျွမ်းဝင်နေသော ချင်မင်းဆက်မှနေ၍ လုံးဝ နားလည်၍မရသော ဤထူးဆန်းသည့် နေရာသို့ ရုတ်တရက် ရောက်ရှိလာသောအခါ ရင်းကျန့် အပါအဝင် လူတိုင်းက အလွန်အမင်း တုန်လှုပ်သွားကြသည်။
ဤကဲ့သို့ အချိန်ကာလကို ကျော်လွန်ကာ ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် နည်းလမ်းများကို ကိုယ်တိုင်ကြုံတွေ့ပြီး ပါဝင်ခဲ့ဖူးသူများသာလျှင် ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို အမှန်တကယ် နားလည်နိုင်ပေလိမ့်မည်။
အံ့အားသင့်နေသည့် အမူအရာများရှိနေသော ခရီးသွားများကို ကြည့်ရင်း ကျန်းယဲ့က ပြုံးကာ တိတ်ဆိတ်နေသော ကားအတွင်း၌ ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ "'ရီယဲ့ခရီးသွားအေဂျင်စီရဲ့ အချိန်ခရီးသွားဘတ်စ်ကားပေါ်ကနေ ကြိုဆိုပါတယ်။ အခု ကျွန်တော်တို့က ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ အချိန်လိုဏ်ခေါင်းကို ဖြတ်သန်းသွားနေတာပါ။ ပြတင်းပေါက်အပြင်ဘက်မှာ အချိန်စီးကြောင်းလှိုင်းဂယက်တွေ ရှိနေတာကြောင့် မလန့်ကြပါနဲ့... ခရီးစဉ်ရောက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ..."
သူတို့၏ မျက်နှာအမူအရာ အမျိုးမျိုး ရှိနေသော်လည်း အားလုံးက အနည်းငယ် အံ့အားသင့်ကာ စိုးရိမ်နေကြသည့် ကားအတွင်းရှိ မဟာချင် ဧည့်သည်များကို ကြည့်ရင်း ကျန်းယဲ့က သက်တောင့်သက်သာရှိသော လေသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ "ကျေးဇူးပြုပြီး စိုးရိမ်မနေကြပါနဲ့။ ဒီကို ရောက်နေမှတော့ အကောင်းဆုံးဖြစ်အောင် နေကြပါ။ ဟိုရောက်တဲ့အခါ နားမလည်တာရှိရင် ဒါမှမဟုတ် အစားအသောက် အသစ်အဆန်းတွေ မြည်းစမ်းကြည့်ချင်ရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော့်ရဲ့ တတ်နိုင်သမျှ စွမ်းရည်အတွင်းကနေ အားလုံး စိတ်ကျေနပ်အောင် အကောင်းဆုံး ကြိုးစားပေးပါ့မယ်..."
ထို့နောက် သူ၏ အကြည့်က ဘတ်စ်ကားရှေ့ရှိ နက်ရှိုင်းသော လိုဏ်ခေါင်းဆီသို့ ရောက်ရှိသွားရာ ထိုနေရာတွင် သေးငယ်သော အဖြူရောင် အလင်းစက်လေးတစ်ခုက လျင်မြန်စွာ ကြီးမားလာပြီး ပိုမိုတောက်ပလာနေချေသည်။
"အာရုံစိုက်ကြပါ...." ကျန်းယဲ့က အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်၏။ "ကျွန်တော်တို့ရဲ့ ခရီးဆုံးဖြစ်တဲ့ ၂၀၂၅ ခုနှစ်.... တရုတ်နိုင်ငံကို မကြာခင်ရောက်တော့ပါမယ်။ မဟာချင်ခရီးသွားများခင်ဗျာ... ကိုယ့်ဘေးက လက်ကိုင်တန်းတွေကို ကိုင်ထားပေးကြပါ..."
သူ၏စကားအဆုံးတွင် အဝေးမှ အဖြူရောင်အလင်းစက်က ဒီရေလှိုင်းကဲ့သို့ မြင်ကွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည့် အလွန်အမင်း တောက်ပသော အလင်းရောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ပြင်းထန်လှသော အလင်းရောင်ကြောင့် လူတိုင်းက အလိုအလျောက်ပင် မျက်လုံးများကို မှိတ်ထားလိုက်ကြရသည်။
တစ်ခဏတာမျှသာ ကြာမြင့်သွားသကဲ့သို့ ရှိသော်လည်း ထာဝရကာလတစ်ခုကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီးနောက် မျက်စိကျိန်းမတတ် အဖြူရောင်အလင်းကြီးက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းယဲ့၏ ညင်သာသော်လည်း ရှင်းလင်းပြတ်သားသော အသံက လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ "လူကြီးမင်းများခင်ဗျာ... ၂၀၂၅ ခုနှစ်... တရုတ်နိုင်ငံကနေ ကြိုဆိုပါတယ်..."
ရင်းကျန့်နှင့် အခြားသူများက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူတို့ ချက်ချင်းပင် အသက်ရှူမှားသွားကြရသည်။
အမှောင်ထုနှင့် ဟင်းလင်းပြင်ကြီး ပျောက်ကွယ်သွားပြီဖြစ်ကာ သူတို့က ထိုငွေရောင်ဘတ်စ်ကားထဲတွင် ရှိနေဆဲဖြစ်သော်လည်း ပြတင်းပေါက် အပြင်ဘက်ရှိ ကမ္ဘာကြီးက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဘတ်စ်ကားက မည်သူမျှ စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ဝန်းလှသော လမ်းမကြီးတစ်ခုပေါ်တွင် ချောမွေ့စွာ မောင်းနှင်နေချေသည်။ ယင်း၏ ပတ်ပတ်လည်တွင် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် တောက်ပသော အရောင်အသွေးများရှိသည့် သတ္တုသေတ္တာများက တိုးညှင်းသော ဟိန်းသံများကို ထုတ်လွှတ်ရင်း လျင်မြန်စွာနှင့် စည်းကမ်းတကျ ဆက်တိုက် ရွေ့လျားနေကြ၏။
လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် မိုးမျှော်အဆောက်အဦးကြီးများ ရှိနေပြီး ၎င်းတို့၏ ဖန်သားပြင်နံရံများက နေရောင်အောက်တွင် မျက်စိကျိန်းမတတ် အလင်းရောင်များကို ရောင်ပြန်ဟပ်နေချေသည်။
အခန်း ၃၉၂ပြီး၏။