အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း (၃၉၃) - အိပ်မက်တစ်ခုလိုပဲ
အဝေးဆီမှ မိုးကုတ်စက်ဝိုင်းပေါ်တွင်မူ ပို၍ပင် ဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်လှသော အဆောက်အဦးကြီးများက မြင့်မားစွာ တည်ရှိနေကြသည်။
လူသွားလမ်းပေါ်တွင်လည်း လူကြီးလူငယ်၊ ကျားမ မရွေး လူအများအပြား ပြည့်နှက်နေပြီး အားလုံးက သွက်လက်စွာ လမ်းလျှောက်နေကြသော်လည်း တည်တည်ငြိမ်ငြိမ် ရှိလှသည်။
နေရာတစ်ခုလုံးသည် ရှန်းယန်မြို့၏ ရှေးဟောင်းဆန်မှု၊ တည်ငြိမ်လေးနက်မှုတို့နှင့် လုံးဝကွာခြားနေပြီး ဖော်ပြ၍မရနိုင်လောက်အောင် တက်ကြွကာ စည်ကားနေသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေချေသည်။
သူတို့ကို အံ့အားအသင့်ဆုံးဖြစ်စေသည်မှာ ရုတ်တရက် ပေါ်လာသည့် သူတို့၏ ဘတ်စ်ကားကြီးက ထိုသံမဏိယာဉ်ယန္တရား ရေစီးကြောင်းကြီးထဲသို့ အံဝင်ခွင်ကျ ရောနှောသွားခြင်းပင်။
ရှေ့နောက်ရှိ ယာဉ်များကလည်း ၎င်းကား ထိုနေရာတွင် ရှိနေသင့်သည့်အလား မည်သို့မျှ တုံ့ပြန်မှု မပြကြချေ။
လမ်းဘေးရှိ မည်သူကမျှလည်း သူတို့ထံသို့ အံ့အားသင့်သည့် အကြည့်များဖြင့် လှမ်းမကြည့်ကြပေ။
စနစ်မှ စီစဉ်ပေးထားသည့် သီးသန့်ယာဉ်မောင်းဖြစ်သူ ဦးလေးဝမ်က အာရုံစူးစိုက်ကာ စတီယာရင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်လျက် ဘတ်စ်ကားကို မောင်းနှင်နေခဲ့သည်။
ဤအရာအားလုံး၏ တည်ငြိမ်မှုနှင့် သာမန်ဖြစ်တည်နေမှုက သူတို့ရှေ့မှ မြင်ကွင်း၏ ထူးကဲမှုနှင့် ယုံကြည်နိုင်ဖွယ်မရှိမှုကို ပို၍ပင် ပေါ်လွင်သွားစေသည်။
ရင်းကျန့်၊ ဖူဆု၊ လီစစ်၊ မုန့်ထျန်းနှင့် စစ်သူကြီးဝမ်... လူတိုင်း၏ နှလုံးသားထဲတွင် ကြီးမားလှသော ခံစားချက်လှိုင်းတံပိုးကြီးတစ်ခု ရိုက်ခတ်သွားကြသည်။ ကားများ ရှုပ်ယှက်ခတ်နေပြီး မိုးမျှော်အဆောက်အဦးကြီးများနှင့် စိမ်းသက်နေသော လမ်းမကြီးများ ပါဝင်သည့် သူတို့ရှေ့မှ ဤထူးဆန်းသော ကမ္ဘာကြီးက... နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက်က တရုတ်နိုင်ငံဆိုတာလား...
ရင်းကျန့်၊ ဖူဆု၊ လီစစ်နှင့် အခြားသူများက ဗီဒီယိုများမှတစ်ဆင့် ခေတ်သစ်မြင်ကွင်းများကို မြင်ဖူးထားကြသဖြင့် ကားများနှင့် မိုးမျှော်တိုက်များဆိုသည့် သဘောတရားများကို လုံးဝ နားမလည်သူများတော့ မဟုတ်ကြချေ။
သို့သော်လည်း ဗီဒီယိုထဲမှ မြင်ကွင်းများက ဤသံမဏိတောအုပ်ကြီး၏ အလယ်တွင် ကိုယ်တိုင်ကိုယ်ကျ ရပ်တည်နေရကာ မပြတ်တမ်း စီးဆင်းနေသော ယာဉ်တန်းများနှင့် မိုးမျှော်တိုက်ကြီးများက ဝိုင်းရံထားသည့် အာရုံခံစားမှုဆိုင်ရာ ရိုက်ခတ်ချက်နှင့်မူ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
ရင်းကျန့်၏ ကြံ့ခိုင်လှသော စိတ်ဓာတ်ခွန်အားက သူ၏ ပြင်ပခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်ထားနိုင်စေခဲ့သော်လည်း သူ၏ စူးရှသော မျက်ဝန်းများ၏ နက်ရှိုင်းသောနေရာတွင်တော့ မငြိမ်းသတ်နိုင်သော လှုပ်ရှားမှုတစ်ခုက တဖျပ်ဖျပ် လက်နေဆဲဖြစ်ကာ ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်သန်းသွားသော အရာအားလုံး၏ အသေးစိတ်ကို ဂရုတစိုက် အကဲခတ်နေခဲ့သည်။
မုန့်ရီ၊ စစ်သူကြီးဝမ်နှင့် လီစစ်တို့ကဲ့သို့ အဆင့်မြင့် အရာရှိကြီးများက အရာရှိကြီးများ၏ တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားရန် ကြိုးစားနေကြသော်လည်း သူတို့၏ မျက်နှာပေါ်ရှိ ဖုံးကွယ်မထားနိုင်သော အံ့အားသင့်မှုများနှင့် မျက်ဝန်းထဲမှ စူးစမ်းလိုစိတ်များက သူတို့၏ အတွင်းစိတ်ထဲမှ ဆူပွက်နေမှုများကို သစ္စာဖောက်ကာ ဖော်ပြနေကြချေသည်။
သို့သော် ဤအထူးခရီးသွားဆယ့်နှစ်ဦးအနက် အပြင်းထန်ဆုံးသော အမြင်အာရုံနှင့် အသိအမြင်ဆိုင်ရာ တုန်လှုပ်မှုကို ခံစားရသူများမှာ အောက်ခြေလူတန်းစားများထဲမှ လာသည့် လော်ယွန်းနှင့် ဖန်ရွှိုတို့ပင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။
သူတို့က မည်သည့် ဗီဒီယိုကိုမှ မမြင်ဖူးခဲ့ကြဘဲ မိုးမျှော်တိုက် နှင့် ကားများအကြောင်း သူတို့၏ ဗဟုသုတမှာ လွန်ခဲ့သည့် နှစ်နှစ်က ပုံပြောသူများထံမှ တစ်ခါတစ်ရံ ကြားရသည့် အံ့ဖွယ်ဇာတ်လမ်းများထဲမှ ထိုသံသေတ္တာကြီးများက နတ်ဘုရားတို့၏ ယာဉ်ရထားများဖြစ်သည်ဟု သိထားခြင်းမျှသာ ဖြစ်၏။
သို့သော် သံမဏိရေစီးကြောင်းကြီးတစ်ခုကဲ့သို့ သွားလာနေကြသော ထူထပ်လှသည့် ကားများ၊ ကောင်းကင်ကို ထိုးဖောက်မတတ် မြင့်မားကာ နေရောင်အောက်တွင် တောက်ပနေသည့် ဖန်သားပြင် မိုးမျှော်တိုက်ကြီးများ၊ ကျယ်ဝန်းပြန့်ပြူးသော လမ်းမကြီးများနှင့် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလျင်စလိုဖြစ်နေသော်လည်း တည်ငြိမ်နေကြသည့် လမ်းသွားလမ်းလာများကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ...
ဤအရာအားလုံး၏ ပေါင်းစပ်ရိုက်ခတ်မှုက သူတို့အတွက် အလွန်အမင်း ကြီးမားလှပြီး မှင်တက်သွားစေခဲ့သည်။
ဖန်ရွှို၏ ဘဝဒဏ်ခံထားရသော မျက်လုံးများက ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေပြီး ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်ပြေးသွားသော ကားများကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ အသားမာတက်နေသော လက်များက ရှေ့ခုံ၏ နောက်ကျောကို အလိုအလျောက် ဆုပ်ကိုင်ထားမိပြီး "ဒီလောက်အများကြီး... နတ်ဘုရားတွေရဲ့ ယာဉ်ရထားတွေ ဒီလောက်တောင် အများကြီးပဲလား..." သူ၏ အသံက တုန်ယင်ကာ အမှတ်တမဲ့ ရေရွတ်လိုက်မိ၏။
လော်ယွန်းမှာမူ မိုးမျှော်အဆောက်အဦးကြီးများ၏ ဖမ်းစားခြင်းကို လုံးလုံးလျားလျား ခံလိုက်ရလေသည်။ သူမက ခေါင်းကို နောက်သို့မော့ထားရာ သူမ၏ သွယ်လျသော လည်ပင်းလေးမှာ ကျိုးလုမတတ်ဖြစ်နေပြီး သူမ၏ ပါးစပ်လေးက ဟနေကာ အချိန်အတော်ကြာသည်အထိ ပိတ်မသွားနိုင်ခဲ့ပေ။ အချိန်အတော်ကြာမှသာ သူမက အိပ်မက်ဆန်ဆန် အာမေဍိတ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဘုရားရေ... အမြင့်ကြီးပဲ... ဒါက နတ်ဘုရားတွေ နေတဲ့နေရာလား။ ငါတို့... ငါတို့ တကယ်ပဲ အင်မော်တယ်နယ်မြေဆီကို ရောက်လာခဲ့တာပဲ..."
သူတို့နှစ်ဦးစလုံးက ကျန်းယဲ့ စောစောက ပြောခဲ့သည့် ၂၀၂၅ ခုနှစ်၊ တရုတ်နိုင်ငံဆိုသည်ကို အင်မော်တယ်နယ်မြေ၏ အမည်ဟု အလိုအလျောက် မှတ်ယူလိုက်ကြသည်။
လော်ယွန်းက ထိုကြီးမားလှသော အရာများထံမှနေ၍ လမ်းသွားလမ်းလာများထံသို့ အကြည့်ကို ရွှေ့လိုက်သောအခါ နောက်ထပ် အံ့အားသင့်စရာတစ်ခု ထပ်ပေါ်လာပြန်သည်။
အမျိုးသမီးငယ်အချို့က နေ့ခင်းကြောင်တောင်ကြီးတွင် လက်မောင်းများ ဖော်ထားကာ ပေါင်လယ်လောက်သာရှည်သည့် အလွန်တိုသော စကတ်များကို ဝတ်ဆင်၍ လမ်းလျှောက်နေကြသည်ကို သူမ မြင်လိုက်ရ၏။
"အို..." လော်ယွန်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူမ၏ ပါးပြင်များက ချက်ချင်းပင် နီရဲသွားရသည်။ သူမက ခေါင်းကို အမြန်ငုံ့လိုက်သော်လည်း နောက်သို့ ခိုးမကြည့်ဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ အသံက ကြားရုံလေးသာ ရှိသော်လည်း မယုံကြည်နိုင်မှု၊ ရှက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့ ပြည့်နှက်နေခဲ့သည်။ "ဒါ... ဒါက... ဒီက နတ်သမီးတွေက... ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ဒီလောက် ဟိုပေါ်ဒီပေါ်တွေ ဝတ်ထားကြတာလဲ။ ဒါ... ဒါကတော့ လွန်လွန်းပါတယ်..."
ကျန်းယဲ့က ကားထဲရှိ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး လည်ချောင်းဟပ်ကာ သူ၏ ခရီးသွားလမ်းညွှန်တာဝန်ကို အလေးအနက် စတင်ထမ်းဆောင်လိုက်သည်။
"ချစ်ခင်ရပါတဲ့ မဟာချင်က ဧည့်သည်တော်များခင်ဗျာ... မင်္ဂလာရှိတဲ့ နေ့လယ်ခင်းပါ။ အာ... မဟုတ်ဘူး... ဒီကအချိန်အရဆိုရင် ညနေစောင်းနေပါပြီ..." သူက ပြတင်းပေါက်အပြင်ဘက်တွင် စတင်လင်းလက်လာသော မြို့ပြမီးရောင်များကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် မှားယွင်းသွားသည်ကို ပြင်ပြောလိုက်၏။
"အခုကစပြီး ကျွန်တော့်ကို ဒါရိုက်တာကျန်းလို့ ခေါ်နိုင်ပါတယ်။ ဧည့်သည်တော်တို့ကို ပျော်ရွှင်စရာကောင်းတဲ့ နှစ်ရက်တာခရီးစဉ်တစ်ခုဖြစ်အောင် ကျွန်တော်က လမ်းညွှန်ပေးသွားမှာပါ..."
"ဒီနေ့ မနက်ခင်း ဖွင့်ပွဲအခမ်းအနား မဲနှိုက်ပွဲကနေစပြီး အခုအချိန်ခရီးသွားတာအထိ တစ်နေကုန် အလုပ်ရှုပ်ခဲ့ကြတော့ လူတိုင်း စိတ်ရောကိုယ်ပါ ပင်ပန်းနေကြလောက်ပါပြီ။ အားလုံးလည်း ဗိုက်ဆာနေကြပြီမလား..."
မဟာချင်မင်းဆက်တွင် ညနေစောင်းသည်အထိ ထမင်းတစ်စေ့မှ မစားရဘဲ မနားမနေ အလုပ်လုပ်ခဲ့ရသဖြင့် ယခုအခါ သူတို့မှာ အလွန်အမင်း ဆာလောင်နေကြပြီ ဖြစ်၏။
သူ၏ စကားများက သတိပေးချက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလိုက်ပြီး ဤနေရာသို့ ဝင်ရောက်လာချိန်က ရရှိခဲ့သည့် အံ့အားသင့်မှုများထံမှ သူတို့၏ အာရုံကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရောက်ရှိသွားစေသည်။
ဖန်ရွှိုနှင့် လော်ယွန်းတို့မှာလည်း စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများကြားတွင် နစ်မြုပ်နေသဖြင့် ကျန်းယဲ့ ပြောလိုက်မှသာ သတိထားမိသွားကြပြီး သူတို့၏ ဝမ်းဗိုက်များ ဟာလာဟင်းလင်း ဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ကြရသည်။
"ကျွန်တော်တို့ရဲ့ ခရီးစဉ်က ဒီလိုပါ.." ကျန်းယဲ့က စနစ်တကျ ပြောလိုက်လေသည်။ "ပထမဆုံး ကျွန်တော်တို့ ညစာသွားစားကြမယ်။ လူတိုင်းကို နှစ်ပေါင်းနှစ်ထောင်ကျော်ကြာပြီးနောက်က အစားအသောက်တွေကို မြည်းစမ်းကြည့်ခိုင်းပါမယ်။ အဲ့ဒီနောက် မှောင်သွားပြီဆိုတာနဲ့ မြို့ရဲ့ ညရှုခင်းကို ခံစားဖို့ ဒီခေတ်ရဲ့ ညဘဝကို တွေ့ကြုံခံစားဖို့နဲ့ တရုတ်နိုင်ငံရဲ့ ညဘက်အလှအပက ဘယ်လိုရှိလဲဆိုတာကို ပြသဖို့ ကျွန်တော် ခေါ်သွားပေးပါ့မယ်...."
အရင်ဆုံး သွားစားသင့်သည်ဟု ကြားလိုက်ရသောအခါ မည်သူကမျှ မကန့်ကွက်ကြချေ။
ရင်းကျန့်ပင် အနည်းငယ် ခေါင်းညိတ်လိုက်၏။ သူကိုယ်တိုင်လည်း နောင်လာနောက်သားများ၏ အစားအသောက်များကို အလွန်အမင်း စပ်စုချင်နေမိချေသည်။
မည်သူမျှ မကန့်ကွက်သည်ကို မြင်သောအခါ ကျန်းယဲ့က သူ၏ ဖုန်းကို ထုတ်ကာ ချန်ချင်းထံသို့ မက်ဆေ့ချ်တစ်ခု အမြန်ပို့လိုက်လေသည်။
[ငါတို့ ရောက်နေပြီ။ အခု ညစာစားဖို့ ရွှေကမ္ဘာလုံးအဆောက်အဦးနားက Global Buffetဆီ သွားနေတယ်။ ညဘက်လည်း ဒီအနီးအနားမှာပဲ နေဖြစ်လိမ့်မယ်]
၎င်းက အခြေအနေကို ထိန်းချုပ်နိုင်ရန်နှင့် မမျှော်လင့်ထားသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခရီးစဉ်ကို ကြိုတင် အသိပေးလိုက်ခြင်းပင်။
မက်ဆေ့ချ် ပို့ပြီးနောက် သူက အစားအသောက် အက်ပလီကေးရှင်းတစ်ခုကို ချက်ချင်းဖွင့်လိုက်ပြီး ရွှေကမ္ဘာလုံးအဆောက်အဦး၏ အပေါ်ဆုံးထပ်ရှိ Global Buffetစားသောက်ဆိုင်ကို ရှာဖွေလိုက်သည်။ထို့နောက် အဖွဲ့လိုက် ကြိုတင်မှာယူခြင်းကို ကျွမ်းကျင်စွာ ရွေးချယ်ကာ လူဦးရေ (၁၃) ယောက်ဟု ရိုက်ထည့်လိုက်ပြီးနောက် တစ်ဦးလျှင် ယွမ် ၅၀၀ တန်ဖိုးရှိသော အဆင့်မြင့် ဘူဖေးညစာကို အော်ဒါတင်လိုက်လေသည်။
"အိုကေပြီ..." ကျန်းယဲ့က သူ၏ဖုန်းကို သိမ်းလိုက်ပြီး မိုက်ခရိုဖုန်းထဲမှတစ်ဆင့် "ဦးလေးဝမ်... ရွှေကမ္ဘာလုံးအဆောက်အဦးကို သွားပေးပါ" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဒါရိုက်တာကျန်း..." စနစ်၏ ယာဉ်မောင်းဖြစ်သူ ဦးလေးဝမ်က တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး စတီယာရင်ကို အနည်းငယ် ကွေ့လိုက်ရာ ငွေရောင် အချိန်ခရီးသွားဘတ်စ်ကားကြီးက ညာဘက်ရှိ ကားတန်းထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားပြီး တောက်ပနေသည့် စက်လုံးပုံခေါင်မိုးဖြင့် အထူးထင်ရှားနေသော မြို့လယ်ရှိ ခမ်းနားလှသော အဆောက်အဦးကြီးဆီသို့ ဦးတည်သွားလိုက်သည်။
ဘတ်စ်ကားက ရွှေကမ္ဘာလုံးအဆောက်အဦးနှင့် ဆက်စပ်နေသော ကျယ်ဝန်းသည့် ပြင်ပကားပါကင်သို့ ချောမွေ့စွာ ဝင်ရောက်သွားပြီး သတ်မှတ်ထားသော ကားရပ်နားရန်နေရာတွင် တည်ငြိမ်စွာ ရပ်တန့်လိုက်သည်။
"ကဲ... ရောက်ပါပြီ။ အားလုံးပဲ ကိုယ့်ပစ္စည်းတွေ ကိုယ်ယူပြီး ကားပေါ်ကဆင်းဖို့ ပြင်ကြပါ..." ကျန်းယဲ့က ခရီးသွားလမ်းညွှန်အလံကို ကောက်ကိုင်လိုက်ပြီး ဦးစွာ မတ်တပ်ရပ်ကာ ကားပေါ်ရှိ ခရီးသွားများကို နှုတ်ဆက်ပြောဆိုလိုက်၏။
အခန်း ၃၉၃ပြီး၏။