အခန်း ၃၉၆
Vol. 40 Ch. 396
အခန်း (၃၉၆) - အရသာရှိသော အစားအစာများကို သုံးဆောင်ခြင်း
သူမ၏ အာမေဍိတ်သံက အနီးနားရှိ စားပွဲဝိုင်းအချို့မှ ဖြန့်ကျက်ထိုင်နေကြသော စားသုံးသူများနှင့် အစားအသောက်များကို ပြင်ဆင်နေကြသော အခြားဝန်ထမ်းများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားလေသည်။
"ဒါရိုက်တာကျန်း... ဘယ်ဒါရိုက်တာကျန်းလဲ..."
"ဟို... အချိန်ခရီးသွားနိုင်တဲ့ ကျန်းယဲ့လား"
"တကယ်လား... ဘယ်မှာလဲ..."
စူးစမ်းလိုစိတ်၊ စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်ပြင်းပြနေသော အကြည့်များအားလုံးက သူတို့ထံသို့ စူးစိုက်လာကြ၏။
ကျန်းယဲ့နောက်မှ လိုက်လာသော မဟာချင်အဖွဲ့က စားပွဲထိုး၏ အာမေဍိတ်သံကို ကြားလိုက်ရသောအခါ 'သခင်လေးကျန်းက ဒီကမ္ဘာမှာ တကယ်ပဲ နာမည်ကျော်ကြားတာကိုး... သာမန်စားသောက်ဆိုင်က စားပွဲထိုးလေးကတောင် သူ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေတာပဲ' ဟု ချက်ချင်းပင် တွေးလိုက်ကြ၏။
ဤမျှော်လင့်မထားသော မိသားစု ပြန်လည်ဆုံဆည်းမှုကို ရင်ဆိုင်ရသောအခါ ကျန်းယဲ့က လုံးဝ တည်ငြိမ်နေခဲ့သည်။ အဲ့ဒီအစား သူက ရယ်မောလိုက်ပြီး နေကာမျက်မှန်ကို အနည်းငယ် ပြင်တပ်ကာ "မင်း အမြင်ရှိတာပဲ... ဟုတ်တယ်။ ငါက ဒါရိုက်တာကျန်းကို ကော့စ်ပလေးလုပ်ထားတာလေ။ ဘယ်လိုလဲ... စတိုင်လ်၊ အငွေ့အသက်... လုံးဝ ကွက်တိပဲမလား..."
သူ၏စကားကို ကြားပြီး သူ၏ နောက်ကွယ်ရှိ ကြီးမားလှသော ရှေးဟောင်းဝတ်စုံ သရုပ်ဆောင်များအဖွဲ့ကြီးကို ကြည့်ကာ လူတိုင်း၏ မျက်နှာပေါ်တွင် ရုတ်တရက် နားလည်သွားဟန် အမူအရာများ ပေါ်လာကြသည်။
"အော်... ကော့စ်ပလေးလုပ်ထားတာကိုး..."
"ငါ ထင်သားပဲ... ဒါရိုက်တာကျန်းက ဘယ်လိုလုပ် ဒီမှာ လာစားမှာလဲ..."
"ဒါပေမဲ့ ဒီကော့စ်ပလေးက တကယ့်ကို တူတာပဲဟ..."
"ဒီရက်ပိုင်း ပွဲတွေ အများကြီး ရှိနေတာလေ။ မနေ့ကတောင် မြေအောက်ရထားပေါ်မှာ ဟန်ဖူဝတ်ထားတဲ့ ကောင်မလေးတစ်စုကို ငါ တွေ့ခဲ့သေးတယ်"
စားပွဲထိုးက အနည်းငယ် ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်သော်လည်း ရိုးသားစွာဖြင့် ချီးကျူးလိုက်၏။ "အော်... အဲ့လိုကိုး။ ရှင့်ရဲ့ ကော့စ်ပလေးက တကယ်ကို အသက်ဝင်လွန်းလို့ ကျွန်မက ဒါရိုက်တာကျန်း အစစ်ကြီးများလားလို့တောင် ထင်လိုက်တာ..."
ကျန်းယဲ့က နှိမ့်ချဟန်ဖြင့် လက်ကာပြလိုက်ပြီး မျက်နှာမပျက် စကားမထစ်ဘဲ ဆက်လက်၍ ဇာတ်လမ်းဆင်လိုက်သည်။ "မြှောက်ပြောနေပြန်ပါပြီ... အဓိကက မိတ်ကပ်ကြောင့်ပါ။ မိတ်ကပ်အကြောင်း သိတယ်မလား... အာရှရဲ့ အကြီးမားဆုံး မှော်ပညာလေးခုထဲက တစ်ခုလေ..."
စားပွဲထိုးက သဘောကျသွားပြီး ခေါင်းတဆက်ဆက် ညိတ်လိုက်၏။ "နားလည်ပါတယ်... အပြည့်အဝ နားလည်ပါတယ်။ ရှင့်ရဲ့ မိတ်ကပ်ပညာက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် သဘာဝကျတာပဲ..."
သူမက အကြံဉာဏ်ကောင်းကိုပင် ပေးလိုက်သေးပြန်သည်။ "ဒါပေမဲ့ ရှင်က သူ့နဲ့ ပိုတူချင်ရင်တော့ နည်းနည်းလောက် ပိုပြီး အေးတိအေးစက် နေသင့်တယ်။ ကျွန်မ ဒါရိုက်တာကျန်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ ဗီဒီယိုတွေကို ကြည့်ဖူးတယ်။ သူက စကားသိပ်မပြောဘူး... ပြီးတော့ သူရဲ့အမူအရာက တော်တော်လေး အေးစက်စက်နိုင်တယ်။ ရှင့်လောက်... မတက်ကြွဘူး.."
ကျန်းယဲ့က ချက်ချင်းပင် လိုက်လျောလိုက်ပြီး အပြုံးကို ဖိနှိပ်ကာ မေးစေ့ကို အနည်းငယ် မော့လျက် ငါက အရမ်းကို အေးတိအေးစက်နိုင်တယ်ဟူသော အမူအရာကို ဖန်တီးကာ လေသံကိုနှိမ့်၍ "ဟုတ်လား..."
သူ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် စားပွဲထိုးက ရယ်မောလိုက်ချေသည်။ "ဟုတ်တယ် ဟုတ်တယ်... အဲ့ဒီအတိုင်းပဲ။ ဟားဟား... ကောင်းကောင်း သုံးဆောင်ပါရှင်..."
အသေးအဖွဲ ကိစ္စလေးက လျင်မြန်စွာ ပြီးဆုံးသွားပြီးနောက် ကျန်းယဲ့က လူတိုင်းကို စားသောက်ဆိုင်ရှိ ပြတင်းပေါက်ဘေး ဧရိယာဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာမှနေ၍ မြို့ပြမီးရောင်များ လင်းလက်လာသည့် ဟန်ကျိုးမြို့၏ မျက်စိကျိန်းမတတ် လှပသော ညရှုခင်းကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
"ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားကြပါ။ ဒီနေရာက ရှုခင်းကောင်းတယ်... အစားစားရင်း ရှုခင်းတွေပါ ခံစားလို့ရတယ်..." ကျန်းယဲ့က ပြောကာ သူတို့ကို ကိုယ့်နေရာကိုယ် ရွေးချယ်ထိုင်ရန် လက်ဟန်ပြလိုက်၏။
လူတိုင်း နေရာယူပြီးနောက် ကျန်းယဲ့က ဘူဖေးစားသောက်ခြင်း၏ စည်းကမ်းများကို စတင်ရှင်းပြလိုက်လေသည်။ "ဟိုဘက်က အစားအသောက် ဧရိယာတွေကို မြင်လား။ အဲ့ဒီမှာ အစားအသောက်မျိုးစုံ ရှိတယ်။ ကိုယ်စားနိုင်သလောက် ယူစားလို့ရတယ်... အကန့်အသတ် မရှိဘူး။ အရာအားလုံးကို မြည်းစမ်းကြည့်လို့ရတယ်... ပြီးတော့ ကိုယ်ကြိုက်တဲ့ဟာကို ပိုယူလို့ရတယ်..."
လူတိုင်းက ခေါင်းညိတ်ကာ အလွန်ဂရုတစိုက် နားထောင်နေကြပြီး အထူးသဖြင့် ဖန်ရွှိုနှင့် လော်ယွန်းတို့မှာ တစ်ခွန်းမှ လွတ်သွားမည်စိုး၍ နားစွင့်ထားကြသည်။
ထို့နောက် ကျန်းယဲ့က ပန်းကန်အလွတ်တစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး အနီးရှိ အစားအသောက်ကောင်တာတစ်ခုဆီသို့ လျှောက်သွားကာ ညှပ်ကိုအသုံးပြု၍ အစားအသောက်အနည်းငယ်ကို ညှပ်ယူပြီး ပန်းကန်ထဲသို့ ထည့်ကာ ရိုးရှင်းသော သရုပ်ပြမှုတစ်ခုကို ပြုလုပ်ပြလိုက်၏။ "ဒီလိုမျိုး... ညှပ် ဒါမှမဟုတ် ဇွန်းကို သုံးပြီး ကိုယ့်ပန်းကန်ထဲ ထည့်ရုံပါပဲ..."
အမှန်တကယ်တော့ သူ အများကြီး သရုပ်ပြနေစရာ မလိုချေ။ ရင်းကျန့်၊ ဖူဆု၊ လီစစ်နှင့် အခြားသော ထိပ်တန်းဉာဏ်ကြီးရှင်များက ပတ်ဝန်းကျင်ရှိ အခြားစားသုံးသူများ၏ လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် ယေဘူယျ လုပ်ငန်းစဉ်ကို နားလည်နိုင်ကြသည်။
ထို့နောက် သူတို့အားလုံး မတ်တပ်ရပ်ကာ ပန်းကန်များကို ယူပြီး ကောင်တာပေါ်ရှိ မျက်စိဝေမတတ် ခင်းကျင်းထားသော အစားအသောက်များဆီသို့ လျှောက်သွားလိုက်ကြသည်။
ကျန်းယဲ့က တမင်တကာ သူ့နေရာမှာပင် ကျန်ရစ်နေခဲ့ပြီး အနည်းငယ် ရှက်ရွံ့တုံ့ဆိုင်းနေဆဲဖြစ်သော ဖန်ရွှိုနှင့် လော်ယွန်းတို့ကို ကြည့်ကာ အသံနှိမ့်၍ မေးလိုက်၏။ "ဘယ်လိုလဲ... နားလည်ရဲ့လား။ ကျွန်တော် ထပ်ပြီး ခေါ်သွားပြရဦးမလား..."
သူတို့နှစ်ဦးမှာ အားနာသွားကြပြီး လက်ကို အမြန်ဝှေ့ယမ်းကာ "နားလည်ပါတယ်... သခင်လေးကျန်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေး ပြန်ဖြေလိုက်ကြသည်။
ရင်းကျန့်နှင့် သူ၏အဖွဲ့က မီတာဆယ်ဂဏန်းလောက် ရှည်လျားကာ ရှင်းလင်းစွာ အပိုင်းများခွဲခြားထားပြီး ဟင်းလျာမျိုးစုံဖြင့် ပြည့်နှက်နေသော စားပွဲများဆီသို့ အမှန်တကယ် ရောက်ရှိသွားသောအခါ အတွေ့အကြုံများစွာရှိသော သူတို့ပင်လျှင် သူတို့ရှေ့မှ မြင်ကွင်းကြောင့် နက်ရှိုင်းစွာ တုန်လှုပ်သွားကြရသည်။
ဤအချိန်၌ သူတို့၏ အမြင်အာရုံနှင့် အနံ့ခံအာရုံတို့က နှစ်ဆသော ရိုက်ခတ်မှုကို ခံစားလိုက်ကြရသည်။
အအေးစာအပိုင်း - ကြည်လင်နေသော ရေခဲပန်းပုများဘေးတွင် တောက်ပသော အရောင်ရှိသည့် ဆော်လမွန်ငါးအစိမ်း၊ အာတိတ်ခုံးကောင် နှင့် လက်ရာမြောက်လှသော ဆူရှီနှင့် လက်လိပ်ဆူရှီ မျိုးစုံ ရှိနေချေသည်။
ပင်လယ်စာအပိုင်း - ကြီးမားလှသော ရေခဲစင်မြင့်တစ်ခုပေါ်တွင် လက်မများ ဆန့်တန်းထားသည့် ကျောက်ပုစွန်များ၊ ပြည့်ဖြိုးနေသော ဘုရင်ကဏန်းခြေထောက်များ၊ အရည်ရွှမ်းသော ကမာကောင်များနှင့် အမည်မသိနိုင်သည့် အခွံပါသော ရေသတ္တဝါမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။ ယင်း၏ဘေးတွင် အခိုးအငွေ့များ ထွက်နေသည့် ပေါင်းအိုးများရှိပြီး ပင်လယ်စာ၏ ထူးခြားသော ချိုမြိန်သည့် အနံ့ကို ထုတ်လွှတ်နေ၏။
အပူစာအပိုင်း - တရုတ်စတိုင် အမဲသားကြော်၊ အနောက်တိုင်းစတိုင် အကင်များ၊ ဂျပန်စတိုင် တန်ပူရာ၊ ထိုင်းဟင်းရည်...
ဒယ်အိုးဖြင့်ကြော်ခြင်း၊ မွှေကြော်ခြင်း၊ ချက်ခြင်း၊ ဆီပူထိုးခြင်း၊ ကင်ခြင်း၊ ပြုတ်ခြင်း... ချက်ပြုတ်နည်း မျိုးစုံ ရှိနေ၏။
တောက်ပသော အနီရောင်ရှိသည့် ဝက်သားနီနှပ်၊ အပြင်ဘက်တွင် ကြွပ်ရွပြီး အတွင်းတွင် နူးညံ့နေသည့် သိုးနံရိုးကင်များ၊ ရွှေရောင်လင်းလက်ကာ ကြွပ်ရွနေသည့် ကြက်ကြော်နှင့် ဒိန်ခဲဖြင့် ဖုတ်ထားသည့် အသံများမြည်နေသော ကျောက်ပုစွန်ဖုတ်...
ကြွယ်ဝလှသော အနံ့အသက်များက အချင်းချင်း ရောယှက်နေပြီး အရသာခံအာရုံကို အဆက်မပြတ် လှုံ့ဆော်ပေးနေချေသည်။
အချိုပွဲနှင့် သစ်သီးအပိုင်းတွင် လက်ရာမြောက်စွာ ဒီဇိုင်းဆွဲထားသော ကိတ်မုန့်များ၊ ပူတင်းများ၊ မကာရွန် နှင့် အနုပညာလက်ရာများကဲ့သို့ ခင်းကျင်းထားသည့် မုန့်များရှိပြီး ၎င်းတို့ဘေးတွင် အရောင်အသွေး စုံလင်လှသော သစ်သီးတောင်ကြီးများ ရှိကာ ၎င်းတို့အနက် အများစုမှာ သူတို့ တစ်ခါမှ မမြင်ဖူးသော အမျိုးအစားများပင်။
အဖျော်ယမကာနှင့် အရက်အပိုင်း - အရောင်အသွေး စုံလင်သော သစ်သီးဖျော်ရည်များ၊ ပူစီဖောင်းလေးများ ထွက်နေသည့် ဂက်စ်ပါသော အချိုရည်များ နှင့် အရက်အမျိုးအစားပေါင်းစုံက မီးရောင်အောက်တွင် မြှူဆွယ်နေသည့် တောက်ပမှုကို ရောင်ပြန်ဟပ်နေလေသည်။
အစားအသောက်တိုင်းက မြှူဆွယ်နေသည့် အရောင်အသွေးနှင့် အနံ့အသက်ကို ထုတ်လွှတ်နေပြီး မျက်စိဝေမတတ် များပြားလှသော မျိုးကွဲများက အရာအားလုံးကို မြည်းစမ်းကြည့်ချင်စိတ် ပေါက်သွားစေသည်။
သူတို့က ဟင်းလျာတစ်ခုချင်းစီ၏ အမည်နှင့် ဇာစ်မြစ်ကို မေးမြန်းချင်နေကြသော်လည်း ကျန်းယဲ့က စားပွဲထိုးအပေါ် ဆက်ဆံသည့် အပြုအမူကိုကြည့်၍ သူက ဤနေရာတွင် သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ရန် မလိုလားကြောင်းကို နားလည်နိုင်လောက်အောင် သူတို့အားလုံးက လိမ္မာပါးနပ်ကြ၏။
ဆိုလိုသည်မှာ သူတို့ကလည်း ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရန် လိုအပ်ပြီး လွန်ကဲသော စူးစမ်းလိုစိတ်ကို မပြသသင့်ချေ။
ကံကောင်းထောက်မစွာဖြင့် အစားအသောက်တိုင်း၏ ဘေးတွင် ခေတ်သစ် ရိုးရှင်းတရုတ်စာလုံးများဖြင့် ရေးသားထားသော အစားအသောက်အမည်ပါသည့် ဆိုင်းဘုတ်ငယ်လေးတစ်ခုစီ ရှိနေပေသည်။
စာရွက်စာတမ်းများမှတစ်ဆင့် ရိုးရှင်းတရုတ်စာလုံးများနှင့် ရင်းနှီးပြီးသားဖြစ်သော ရင်းကျန့်၊ လီစစ်နှင့် အခြားသူများအတွက်မူ စာလုံးများ၏ ပုံသဏ္ဌာန်ကို ပေါင်းစပ်ကြည့်ရုံဖြင့် အဖြေကို မြင့်မားသော တိကျမှုဖြင့် ခန့်မှန်းနိုင်ကြ၏။
ထို့ကြောင့် ရင်းကျန့်၊ ဖူဆု၊ မုန့်ထျန်းနှင့် အခြားသူများက အတော်လေး ပုံမှန်အတိုင်း ပြုမူကြပြီး သူတို့ စိတ်ဝင်စားသည့် အစားအသောက်များကို တိတ်ဆိတ်စွာ ရွေးချယ်နေကြစဉ် သူတို့၏ မျက်ဝန်းများထဲတွင် ချီးကျူးမှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့ကြသည်။ မည်သူကမျှ မေးခွန်းများ မမေးကြဘဲ သူတို့၏ အပြုအမူက အနည်းငယ် အချိုးမကျသော်လည်း ယဉ်ကျေးပျူငှာမှု ရှိနေဆဲပင်။
သို့သော် လော်ယွန်းနှင့် ဖန်ရွှိုတို့မှာမူ ထူးဆန်းပြီး နားလည်၍မရနိုင်သော အရာများကို မကြည့်ရဲကြဘဲ သူတို့၏ မျက်လုံးများက အပူစာအပိုင်းရှိ အသားတုံးကြီးများဆီသို့ တိုက်ရိုက် ရောက်ရှိသွားကြသည်။
ဖန်ရွှိုက အရည်ရွှမ်းပြီး မွှေးပျံ့နေသည့် အသားပြား တစ်ပန်းကန်ကို မြင်လိုက်ရသောအခါ တူဖြင့် အသားတုံးကြီးတစ်တုံးကို ညှပ်ကာ သူ၏ ပန်းကန်ထဲသို့ မထည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
လော်ယွန်းကလည်း သူ့ကို အတုခိုးလိုက်လေသည်။
ကျန်းယဲ့က ထိုနေရာသို့ အမှတ်မထင် ရောက်လာပြီး သူတို့ပန်းကန်ထဲရှိ ငရုတ်ကောင်းမည်းအမဲသားတုံးများကို မြင်လိုက်ရသည်။ သူက ပြုံးလျက် တိုးတိုးလေး ပြောလိုက်၏။ "ဒါက ငရုတ်ကောင်းမည်း အမဲသားတုံးတွေလေ... အမဲသားနဲ့ လုပ်ထားတာ..."
"အမဲသား..." ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ဖန်ရွှို၏ လက်များ တုန်ယင်သွားပြီး ပန်းကန်ကိုပင် လွတ်ကျလုမတတ် ဖြစ်သွားခဲ့ရသည်။
အခန်း ၃၉၆ပြီး၏။