အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း (၃၉၇) - ငါက ရင်းကျန့်ကို ကော့စ်ပလေးလုပ်ထားတာ
သူ၏စိတ်ထဲတွင် နွားဆိုသည်မှာ အရေးပါသော အလုပ်လုပ်သည့် တိရစ္ဆာန်များဖြစ်ကြပြီး နွားများကို တရားမဝင်သတ်ဖြတ်ခြင်းက ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်၏။ သူက ဤမျှလွယ်ကူစွာနှင့် များပြားလှသော အမဲသားများကို စားရလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့ချေ။
ထို့အပြင် သူ တစ်ခါမှ မမြင်ဖူးခဲ့သည့် မွှေးပျံ့ပြီး ထူးခြားသော နည်းလမ်းဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ရင်းကျန့်၏ ပန်းကန်ထဲ၌ သူစိတ်ဝင်စားသည့် အစားအသောက်မျိုးစုံကို အပြည့်အမောက် ထည့်ထားရာ မီးအနည်းငယ်ကျွမ်းနေသည့် သိုးနံရိုးကင်များမှသည် မြှူဆွယ်နေသည့် ကျောက်ပုစွန်များအထိ ပါဝင်လေသည်။
အစားအသောက်များက အထူးတလည် သပ်ရပ်စွာ စီစဉ်ထားခြင်း မရှိသော်လည်း ပမာဏက နောင်လာနောက်သားများ၏ ဤအရသာရှိသော အစားအစာများအပေါ် သူ၏ စူးစမ်းလိုစိတ်ကို ပြသရန် လုံလောက်နေချေသည်။
သူ ပန်းကန်ကို ကိုင်ကာ ပြန်လာစဉ် အစားအသောက် လာယူနေသည့် ရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးရှိသည့် အသက်လေးဆယ်ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ၏ သဘာဝအတိုင်း ခမ်းနားနေသည့် ကိုယ်ဟန်ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ရင်းကျန့်အား နောက်ထပ် အကြိမ်အနည်းငယ် ခိုးကြည့်မိသွားသည်။
သူက တဟဲဟဲ ရယ်မောလိုက်ပြီး စကားစမြည် စတင်ပြောဆိုလိုက်၏။ "ဟေး အစ်ကိုကြီး... ခင်ဗျားက ဘယ်ဇာတ်ကောင်ကို ကော့စ်ပလေးလုပ်ထားတာလဲ။ ဒီမှာ ရပ်နေတာကိုက တော်တော်လေး မိုက်တယ်ဗျ..."
ဤစကားကို ကြားသောအခါ ရင်းကျန့်က လုံးဝ စိတ်မဆိုးသွားသည့်အပြင် ၎င်းကို ရယ်စရာကောင်းသည်ဟုပင် ထင်လိုက်မိသည်။
သူက ရပ်တန့်လိုက်ပြီး လူလတ်ပိုင်း အမျိုးသားကို ကြည့်ကာ မျက်နှာပေါ်တွင် နောက်ပြောင်လိုသည့် အပြုံးတစ်ခုဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။ "ငါ... ငါက ရင်းကျန့်ကို ကော့စ်ပလေးလုပ်ထားတာလေ"
"ဝိုး... ဘုရားရေ..." လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် လွန်ကဲစွာ အံ့အားသင့်နေသည့် အမူအရာတစ်ခု ပေါ်လာရသည်။ သူက လက်မထောင်ပြလိုက်ပြီး "အစ်ကိုကြီး... ခင်ဗျား တော်တော် သတ္တိကောင်းတာပဲ။ အချိန်ကာလအားလုံးရဲ့ ပထမဧကရာဇ်ကြီးကိုတောင် ကော့စ်ပလေးလုပ်ရဲတယ်... တကယ်မိုက်တယ်ဗျာ..."
ထို့နောက် သူက ရင်းကျန့်ကို အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်ရာ ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လိုက်မိပြီး မချီးကျူးဘဲ မနေနိုင်တော့ချေ။ "ဒါပေမဲ့ သိလား အစ်ကိုကြီး... ခင်ဗျားရဲ့ စတိုင်လ်နဲ့ ဝတ်စုံက တကယ့်ကို အသက်ဝင်တယ်။ ခင်ဗျားဆီမှာ အဲ့ဒီ ဘုရင်တစ်ပါးရဲ့ ဩဇာအငွေ့အသက်မျိုး ရှိနေတယ်.."
ဤနောင်လာနောက်သားတစ်ဦးက သူ့အား မျက်နှာချင်းဆိုင် ဝေဖန်ချီးကျူးနေသည်ကို ကြားရသည်မှာ ရင်းကျန့်အတွက် အလွန်ဆန်းသစ်နေပေသည်။ သူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံတွင် သတိပြုမိရန် ခက်ခဲသော နောက်ပြောင်သည့် အရိပ်အယောင်တစ်ခု ပါဝင်လာလေသည်။ "အဲ့ဒါအတွက် ငါ အထူးတလည် လေ့ကျင့်ထားတာလေ..."
"သိသာတယ်... တကယ်ကို သိသာတယ်ဗျာ..." လူလတ်ပိုင်း အမျိုးသားက ခေါင်းတဆက်ဆက် ညိတ်လျက် ရိုးသားစွာ ချီးကျူးလိုက်ပြန်သည်။ "ခင်ဗျား ဒီမှာ ရပ်လိုက်တဲ့အချိန်မှာတင် ဩဇာအာဏာအပြည့်နဲ့ အဲ့ဒီအငွေ့အသက်ကို ကျွန်တော် ခံစားမိလိုက်တယ်။ တီဗီဇာတ်လမ်းတွဲတွေထဲမှာ ကျွန်တော် မြင်ဖူးတဲ့ သရုပ်ဆောင်တွေထက်တောင် ခင်ဗျားက ပိုပြီး အသက်ဝင်နေသေးတယ်..."
သူက အစားအသောက်အချို့ကို ယူရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ "ဟူး... နောက်တစ်ခါ အခွင့်အရေးသာရရင် ဒါရိုက်တာကျန်းရဲ့ အချိန်ခရီးသွား ခရီးစဉ်မှာ နေရာတစ်နေရာလောက် လုယူပြီး ပထမဧကရာဇ်ကြီး အစစ်ကို မြင်တွေ့ရဖို့ ချင်မင်းဆက်ဆီ သွားချင်လိုက်တာဗျာ။ အဲ့ဒါဆို အရမ်းကောင်းမှာပဲ... သမိုင်းထဲက နဂါးဧကရာဇ်ကြီးမှာ တကယ်ပဲ အစ်ကိုကြီးလို စိတ်ဓာတ်မျိုးနဲ့ အငွေ့အသက်မျိုး ရှိခဲ့မလား မသိဘူးနော်..."
အနာဂတ်မှ ဤသူစိမ်း၏ တောင့်တမှုနှင့် လေးစားအားကျမှုတို့ကို ကြားလိုက်ရသောအခါ ရင်းကျန့်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို မခံစားရဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
သူက တစ်ဖက်လူကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။ "ဒီလိုဆိုမှတော့... ငါနဲ့ ဓာတ်ပုံတွဲရိုက်မလား..."
လူလတ်ပိုင်း အမျိုးသားက အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏။ "ရပါတယ်... ရပါတယ် အစ်ကိုကြီး... ကျွန်တော်က ဒီတိုင်း ရေရွတ်ကြည့်တာပါ။ ခင်ဗျားတို့ဘာသာ ပျော်ပျော်ရွှင်ရွှင် စားကြပါဗျာ... ကျွန်တော် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး..."
သူက ရင်းကျန့်ကို သာမန် ဧည့်သည်တစ်ယောက်ဟုသာ ထင်မှတ်ထားပြီး သို့မဟုတ် ကော့စ်ပလေးအသိုင်းအဝိုင်းအတွင်းမှ အပြန်အလှန် ဆက်ဆံရေး ကျင့်ဝတ်တစ်ခုခု ဖြစ်မည်ဟု ထင်ကာ သိပ်မတွေးတော့ချေ။ အစားအသောက်များ အပြည့်ပါသည့် ပန်းကန်ကို ကိုင်လျက် သူက ရင်းကျန့်ကို ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ကာ သူ၏ အဖော်များရှိရာ ခုံဆီသို့ လျှောက်သွားလိုက်သည်။
သ်ု့သော်ငြားလည်း သူ အလွန်တွေ့ချင်နေခဲ့သည့် ခေတ်အဆက်ဆက်မှ ဧကရာဇ်ကြီးနှင့်အတူ နှစ်ပေါင်း နှစ်ထောင်ကျော်ခြားနားနေသည့် တန်ဖိုးကြီးမားလှသော ဓာတ်ပုံတစ်ပုံ တွဲရိုက်ခွင့်ကို ဤမျှ လွယ်လွယ်ကူကူနှင့် လက်လွှတ်ဆုံးရှုံးလိုက်ရကြောင်းကို လုံးဝ မသိခဲ့ချေ။
ရင်းကျန့်က ထိုသူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် သတိပြုမိရန် ခက်ခဲသော အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် သူက ဗန်းကို ကိုင်လျက် သူ၏ နေရာဆီသို့ တည်ငြိမ်စွာ ပြန်လာလိုက်သည်။
မဟာချင်အဖွဲ့က သူတို့၏ အစားအသောက်များ အပြည့်ပါသော ဗန်းများကို ကိုယ်စီကိုင်ဆောင်လျက် ပြတင်းပေါက်ဘေးရှိ သူတို့၏ နေရာများဆီသို့ ပြန်လာခဲ့ကြသည်။
သူတို့အတွက် အများစုမှာ စိမ်းသက်နေသည့် အရောင်အသွေးစုံလင်ကာ မွှေးပျံ့ပြီး အရသာရှိသော နောင်လာနောက်သားများ၏ ဤအရသာရှိသည့် အစားအစာများကို ရင်ဆိုင်ရသောအခါ လူတိုင်းက စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များဖြင့် စတင်မြည်းစမ်းကြည့်ကြလေသည်။
မကြာမီတွင် စားပွဲဝိုင်း၌ အာမေဍိတ်သံများနှင့် မှတ်ချက်ပေးသံ အမျိုးမျိုးက ထွက်ပေါ်လာကြသည်။
"အင်း... ဒီအသားက အပြင်ဘက်မှာ ကြွပ်ရွနေပြီး အတွင်းမှာတော့ နူးညံ့နေတယ်။ အချဉ်ရည်ကလည်း အရသာ အရမ်းရှိတယ်... ကောင်းလိုက်တာ..." စစ်သူကြီး မုန့်ထျန်းက ငရုတ်ကောင်းမည်း အမဲသားတုံးကို တစ်ကိုက် ကိုက်စားလိုက်ရာ သူ၏ မျက်လုံးများ အရောင်လဲ့သွားပြီး မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
"ပုစွန်သားက ချိုပြီးတော့ အိကျိကျိလေးပဲ... ဒီအစပ်နဲ့ အချဉ်ရည်ထဲ နှစ်စားလိုက်တော့ ထူးခြားတဲ့ အရသာလေးကို ရတယ်..." လီစစ်က ပုစွန်တစ်ကောင်ကို ဂရုတစိုက် အခွံနွှာလိုက်ပြီး ပင်လယ်စာ ပဲငံပြာရည်နှင့် ဝါဆာဘီအချို့တွင် နှစ်ကာ မြည်းစမ်းပြီးနောက် ခေါင်းညိတ်လိုက်၏။
"ဒီအစားအစာကို ပီဇာလို့ ခေါ်တာကိုး။ အပေါ်ယံက ကြွပ်ရွပြီး နူးညံ့တယ်။ ဒိန်ခဲကလည်း ဆွဲဆန့်လို့ရတယ်... အရသာကလည်း ကြွယ်ဝပြီး တော်တော်လေး ဆန်းသစ်တယ်..." ဖူဆုက ပီဇာတစ်ဖဲ့ကို ဖြတ်ကာ သူ၏ ပါးစပ်ထဲသို့ ကျက်သရေရှိစွာ ထည့်လိုက်ပြီး မျှတသော မှတ်ချက်တစ်ခု ပေးလိုက်သည်။
သေချာသည်မှာ အစားအသောက်တိုင်းက လူတိုင်း၏ အကြိုက်နှင့် ကိုက်ညီနေသည်တော့ မဟုတ်ချေ။
စစ်သူကြီးဝမ်က အစိမ်းရောင် မက်ချာကိတ်မုန့် တစ်ဇွန်းကို ခပ်ယူလိုက်ပြီး မြည်းစမ်းကြည့်လိုက်သည်နှင့် မျက်မှောင်ကြုတ်သွားရသည်။ "ဒါရဲ့ အရသာက အရမ်း ထူးဆန်းတယ်... နည်းနည်းလည်း ခါးသက်သက်နဲ့။ ငါတော့ အသားမကျဘူး..."
ဖုန်းကျဲ့က အပြာရောင်ချိစ်ကို တစ်ကိုက် မြည်းစမ်းကြည့်လိုက်ရာ ပြင်းထန်ပြီး စူးရှသော အနံ့ကြောင့် သူ တည်ငြိမ်မှု ပျက်ပြားလုမတတ် ဖြစ်သွားခဲ့သည်။ သူကိုယ်သူ တည်ငြိမ်စေရန်အတွက် ရေအကြိမ်ပေါင်းများစွာ အမြန်သောက်လိုက်ရပြီး လက်ကို တဆက်ဆက် ဝှေ့ယမ်းကာ "ဒီချိစ်က အနံ့စူးစူးကြီးပဲ... အရသာကလည်း ဖော်ပြလို့ မရအောင်ပဲ...."
သူတို့၏ ပန်းကန်များ ပြောင်သွားသည်ကို မြင်သောအခါ မည်သူကမျှ သောက်စရာ မယူလာခဲ့ကြောင်းကို ကျန်းယဲ့ သတိထားမိလိုက်၏။ ထို့ကြောင့် သူက စားပွဲထိုးကို လက်ယပ်ခေါ်ကာ စားပွဲရှိ လူတိုင်းအတွက် ဆိုင်၏ နာမည်ကျော် ပုလဲနို့လက်ဖက်ရည်ကို မှာလိုက်သည်။
ပိုက်များတပ်ဆင်ထားပြီး အတွင်း၌ သေးငယ်သော အနက်ရောင်ပုလဲလေးများ လှုပ်ခါနေသည့် နို့လက်ဖက်ရည်ခွက်များကို ချပေးလိုက်သောအခါ လူတိုင်းက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။
"ဒါက နို့လက်ဖက်ရည်ပါ... အချိုရည်တစ်မျိုးပေါ့။ အားလုံးပဲ မြည်းစမ်းကြည့်လို့ ရပါတယ်..." ကျန်းယဲ့က မိတ်ဆက်ပေးရင်း သူကိုယ်တိုင် အရင်ဆုံး တစ်ငုံ သောက်ပြလိုက်သည်။
သူ့ကို အတုခိုးလျက် လူတိုင်းက စမ်းသပ်သည့်အနေဖြင့် တစ်ငုံစီ စုပ်သောက်ကြည့်လိုက်ကြ၏။
လက်ဖက်ရည် အနံ့လေးနှင့် ရောစပ်နေသည့် ကြွယ်ဝသော နို့အနံ့အပြင် ပီလောပီနံပုလဲလေးများ၏ ဝါး၍ကောင်းသော အထိအတွေ့တို့က လူအများအပြားကို အံ့အားသင့်ကာ သဘောကျသွားစေခဲ့သည်။
"ချိုပေမဲ့ အီမနေဘူး... ချောမွေ့ပြီး အရသာရှိတယ်။ ပြီးတော့ အထဲက အနက်ရောင်ပုလဲစေ့လေးတွေက ဝါးလို့ကောင်းပြီး တော်တော် စိတ်ဝင်စားစရာပဲ..." မုန့်ရီက ကောင်းမွန်သော မှတ်ချက်တစ်ခု ပေးလိုက်လေသည်။
ချွမ်ယွီယွဲ့က ခေါင်းညိတ်လျက် "လက်ဖက်ရည် အနံ့နဲ့ နို့အရသာတို့ ပေါင်းစပ်ထားတာက အနေတော်ပဲ... အဆီအဆိမ့်တွေကို ပြေစေဖို့ ကောင်းမွန်တဲ့ ဖြေဆေးတစ်ခုပဲ...."
သို့သော် အချို့လူများကမူ အချိုကို သိပ်မကြိုက်ကြပေ။
ရှီလုက တစ်ငုံသောက်ပြီးနောက် ပြန်ချထားလိုက်၏။ "နည်းနည်း ချိုလွန်းတယ်။ ငါကတော့ ရေနွေးကြမ်းကိုပဲ ပိုသဘောကျတယ်..."
မြည်းစမ်းပြီးနောက် ရင်းကျန့်က မည်သည့် မှတ်ချက်မှ မပေးချေ။ သူသည် အချိုရည်များအပေါ် သိပ်စိတ်ဝင်စားမှု မရှိကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။
ကျန်းယဲ့ကိုယ်တိုင်လည်း အစားအသောက်များကို အားပါးတရ စားသောက်နေပြီး စားပွဲဝိုင်း၏ လေထုက သဟဇာတဖြစ်နေကာ သူတို့အကြား မကြာခဏ မျှဝေစားသောက်မှုများနှင့် စကားပြောဆိုမှုများ ရှိနေလေသည်။
မင်းသားကောင်းက တောက်ပသော အနီရောင်ရှိပြီး အဆီနှင့် အသား အချိုးကျပါဝင်နေသည့် ဝက်သားနီနှပ် တစ်တုံးကို မြည်းစမ်းကြည့်လိုက်၏။ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားသည့် အထိအတွေ့နှင့် အငန်နှင့် အချိုရောစပ်နေသည့် နောက်အရသာတို့ကြောင့် သူ အလွန် အံ့အားသင့်သွားရသည်။
သူက ဘေးရှိ ရင်းကျန့်အား ချက်ချင်း အကြံပြုလိုက်၏။ "အရှင်မင်းကြီး... ဒီဝက်သားနီနှပ် အရသာက တကယ့်ကို အထူးအဆန်းပဲ။ အရှင်မင်းကြီး သေချာပေါက် မြည်းစမ်းကြည့်သင့်ပါတယ်..."
လီစစ်က အရသာရှိသော ငါးရှဉ့်ကင်ကို စားလိုက်ရသောအခါ ဘေးရှိ ဖုန်းကျဲ့ကို တီးတိုး ပြောလိုက်ပြန်သည်။ "စစ်ဆေးရေးမှူးချုပ်... ဟိုဘက်မှာ ငါးရှဉ့်ကင် ရှိတယ်။ အချဉ်ရည်က ချိုဆိမ့်ဆိမ့်နဲ့ အသားကလည်း ပြည့်ဖြိုးပြီး အရသာရှိတယ်။ ခင်ဗျားလည်း မြည်းစမ်းကြည့်သင့်တယ်..."
ဖုန်းကျဲ့က ဝမ်းသာအားရပင် လက်ခံလိုက်၏။
တစ်ခါတစ်ရံတွင် ရယ်စရာကောင်းသည့် သဘောထားကွဲလွဲမှုလေးများလည်း ပေါ်လာတတ်သေးလေသည်။
ဥပမာအားဖြင့် မုန့်ရီက သရက်သီး မုစ်ကိတ်လေးက ချိုမြိန်ပြီး လန်းဆန်းစေကာ သူ အလွန်ကြိုက်နှစ်သက်သဖြင့် စစ်သူကြီးဝမ်ကို အကြံပြုလိုက်သည်။
စစ်သူကြီးဝမ်က တစ်ကိုက် စားကြည့်လိုက်ရာ နူးညံ့နေသော ကိတ်မုန့်နှင့် ပြင်းထန်သော သရက်သီးအရသာတို့ကြောင့် သူ မျက်မှောင်ကြုတ်သွားရသည်။ "အရမ်းချိုပြီး ပျော့အိအိကြီး... ဝါးလို့ရတဲ့ အထိအတွေ့ကို မရှိဘူး။ အသားကင်လောက် မခိုင်မာဘူး..."
မုန့်ရီက ပြန်လည် ချေပလိုက်သည်။ "ဒါက အချိုပွဲလေ... သူရဲ့ အဓိကက သိမ်မွေ့ပြီး ချောမွေ့နေဖို့ပဲ။ ခင်ဗျားက လှပတဲ့ ပန်းတစ်ပွင့်ကို တန်ဖိုးထားတတ်ဖို့ မသိဘဲ ဒီတိုင်း ဝါးမျိုပစ်လိုက်သလိုပဲ..."
စစ်သူကြီးဝမ်က နှာမှုတ်လိုက်၏။ "ငါက အသားတုံးကြီးတွေကို အားပါးတရ ကိုက်စားရတာကိုပဲ သဘောကျတာ... အဲ့ဒါမှ အစစ်အမှန်ပဲ။ ဒီပျော့အိအိ အရာတွေကို ခင်ဗျားတို့လို နန်းတွင်းအမတ်တွေပဲ သဘောကျလိမ့်မယ်..."
သူတို့နှစ်ဦးက အပြန်အလှန် ငြင်းခုံနေကြရာ ဘေးမှ ကြည့်နေသူများကိုပါ ပြုံးသွားစေချေသည်။
အခန်း ၃၉၇ပြီး၏။