အခန်း ၃၉၉
Vol. 40 Ch. 399
အခန်း (၃၉၉) - ခေတ်သစ်ဧည့်ဝတ်ကျေပွန်မှု
အံ့ဩမင်သက်သံများ မငြိမ်သက်သွားမီမှာပင် မဟာတံတိုင်းကြီး၏ ပုံသဏ္ဌာန်က သဲများကဲ့သို့ ပျောက်ကွယ်သွားပြီး အလင်းစက်လေးများက ပြန်လည်ပေါင်းစပ်ကာ လေထဲသို့ ပျံတက်နေသော ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
နဂါးကြီးက ညကောင်းကင်ယံတွင် ကခုန်ပျံသန်းနေပြီး ယင်း၏အကြေးခွံများနှင့် လက်သည်းများက လေထဲတွင် လွင့်မျောနေကာ အသက်ဝင်လှချေသည်။ ၎င်းက အဝေးမှလာသော ဧည့်သည်တော်များကို ကြိုဆိုနေသကဲ့သို့ ခမ်းနားလှသော အငွေ့အသက်နှင့် မင်္ဂလာရှိသော အဓိပ္ပာယ်ကို သယ်ဆောင်ထားခဲ့သည်။
နဂါးကြီးပျောက်ကွယ်သွားပြီးနောက် ပုံသဏ္ဌာန်က ထပ်မံပြောင်းလဲသွားပြီး ခမ်းနားကြီးကျယ်လှသော ရှေးဟောင်းစာလုံးများအဖြစ် စုစည်းသွားလေသည်။
သမုဒ္ဒရာက မြစ်အားလုံးကို လက်ခံသလို... မိတ်ဆွေများလည်း အဝေးမှ ရောက်ရှိလာသည်.....
ခေတ်သစ်မြို့ကြီးတစ်ခု၏ ညကောင်းကင်ယံတွင် ပေါ်ထွက်လာသော ဤရှေးဟောင်းစာလုံးများက အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သည့် လေးနက်မှုနှင့် ရိုးသားမှုတို့ကို သယ်ဆောင်ထားချေသည်။
စာလုံးများက ဖြည်းညင်းစွာ မှေးမှိန်သွားပြီး ထို့နောက် ထွက်ပေါ်လာသည်မှာ လှုပ်ရှားနေသော မြစ်များနှင့် တောင်တန်းများ၏ ရှုခင်းပုံအသေးစားလေးဖြစ်ပြီး အလင်းနှင့် အရိပ်အကြား စီးဆင်းနေသော စိမ်းလန်းသည့် တောင်တန်းများနှင့် ရေများက နက်ရှိုင်းပြီး အဓိပ္ပာယ်ပြည့်ဝသည့် သဘောတရားကို ဖန်တီးပေးနေခဲ့သည်။
နောက်ဆုံးတွင် အလင်းစက်များအားလုံး ပြန်လည်စုစည်းသွားပြီး ညကောင်းကင်ယံတွင် ဖြည်းညင်းစွာ လည်ပတ်နေသော ကြီးမားလှသည့် အနက်ရောင်ငှက် (မဟာချင်မင်းဆက်၏ အမှတ်တံဆိပ်) ပုံစံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုငှက်ပုံစံအောက်တွင် ရိုးရှင်းတရုတ်စာလုံးနှင့် ချင်မင်းဆက်စာလုံးနှစ်မျိုးစလုံးဖြင့် ရေးသားထားသော စာလုံးကြီးလေးလုံး ရှိနေ၏။
တရုတ်လူမျိုးအားလုံးသည် ဇာစ်မြစ်တစ်ခုတည်းမှ ဖြစ်သည်.....
ဖျော်ဖြေမှုတစ်ခုလုံးက ဆယ်မိနစ်ခန့် ကြာမြင့်ပြီး ပြောင်းလဲနေသော ပုံသဏ္ဌာန်များနှင့် ခမ်းနားလှသော အငွေ့အသက်များက ရှေးဟောင်းနှင့် ခေတ်သစ်၊ နည်းပညာနှင့် အနုပညာတို့ကို ပြည့်စုံစွာ ပေါင်းစပ်ထားလေသည်။
မြင်ကွင်းတိုင်းက ရိုသေလေးစားဖွယ်ကောင်းသော စွမ်းအားများ၊ နက်ရှိုင်းလှသော ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်နှက်နေပြီး ဤအထူးခရီးသွားများအတွက် အလေးနက်ဆုံးသော ကြိုဆိုမှုကိုလည်း ဖော်ပြနေချေသည်။
အစပိုင်းတွင် မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်နေကြသော ပြည်သူများက ပေါ့ပေါ့ပါးပါးသာ မော့ကြည့်လိုက်ကြသော်လည်း တဖြည်းဖြည်း ပုံဖော်လာသော ဒရုန်းအုပ်စုကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်တက်သွားကြရသည်။
"ဟင်... ဒီနေ့ ဒရုန်းရှိုး ရှိလို့လား။ ကြေညာတာလည်း မတွေ့ပါဘူး..."
"မသိဘူးလေ... ငါလည်း တစ်ခါမှ မကြားမိပါဘူး..."
"ဝိုး... ဒါက တော်တော်ကြီးတဲ့ပွဲပဲ။ ဘယ်ကုမ္ပဏီက ဒီအစီအစဉ်ကို လုပ်တာလဲဟ..."
"သီးသန့် မှာထားတာ ဖြစ်ရမယ်။ ဒီဇိုင်းကို ကြည့်လေ... မဟာတံတိုင်းကြီး၊ နဂါးကြီးနဲ့ ရှေးဟောင်းစာလုံးတွေတောင် ပါသေးတယ်။ စီးပွားရေး ကြော်ငြာနဲ့ မတူဘူး...."
"ဓာတ်ပုံရိုက်ထား... ဓာတ်ပုံရိုက်ထား။ အရမ်းမိုက်တာပဲ..."
လူများက ရပ်ကြည့်ကြပြီး အံ့အားသင့်စွာဖြင့် ဆွေးနွေးပြောဆိုကာ ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ရန် သူတို့၏ ဖုန်းများကို ထုတ်လိုက်ကြသည်။ အားလုံးက ဤရုတ်တရက် ထွက်ပေါ်လာသော်လည်း ခမ်းနားလှသော ဖျော်ဖြေမှုကြောင့် ဖမ်းစားခံလိုက်ကြရသည်။
ဖျော်ဖြေပွဲပြုလုပ်ရသည့် အကြောင်းရင်းကို သူတို့က ခန့်မှန်းတွေးတောနေကြသော်လည်း ဤအမြင်အာရုံ ပွဲတော်ကြီးကို လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က တိတ်ဆိတ်သော ကြည့်ရှုသူတစ်စုကို ကြိုဆိုရန် အထူးပြင်ဆင်ထားခြင်းဖြစ်ကြောင်းကို မည်သူကမျှ မသိကြချေ။
ရင်းကျန့်က လက်နောက်ပစ်ကာ မော့ကြည့်နေပြီး ညကောင်းကင်ယံရှိ ရင်းနှီးကျွမ်းဝင်နေသော အနက်ရောင်ငှက်တံဆိပ်နှင့် တရုတ်လူမျိုးအားလုံးသည် ဇာစ်မြစ်တစ်ခုတည်းမှ ဖြစ်သည်ဟူသော စကားလုံးများကို ငေးကြည့်နေသည်။
သဘောထားကြီးမှုနှင့် ကြိုဆိုမှုကို ကိုယ်စားပြုသော ထိုရှေးဟောင်းစကားကို သူကြည့်နေစဉ် သူ၏ နက်ရှိုင်းသော မျက်ဝန်းများက တောက်ပသော အလင်းရောင်ကို ရောင်ပြန်ဟပ်နေပြီး သူဟာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့လေသည်။
သူ၏နောက်ကွယ်ရှိ မဟာချင်ဧည့်သည်တိုင်းကလည်း အချိန်ကို ကျော်လွန်သည့် ဤကြိုဆိုမှု အခမ်းအနားကြောင့် ရိုသေလေးစားမှုနှင့် ရှင်းပြ၍မရနိုင်သော ခံစားချက်တို့တွင် နစ်မြုပ်နေကြရသည်။
ဒရုန်းရှိုး၏ အငွေ့အသက်များက ညကောင်းကင်ယံတွင် ကျန်ရစ်နေဆဲဖြစ်ပြီး ရပ်ကြည့်နေကြသော ပြည်သူများက အံ့မခန်းမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုကာ အမှတ်ရနေကြဆဲအချိန်မှာပင် ကျန်းယဲ့က မဟာချင်အဖွဲ့ကို စည်ကားနေသော မြစ်ကမ်းဘေးမှ တိတ်တဆိတ် ခေါ်ထုတ်သွားလိုက်လေသည်။
ဘတ်စ်ကားက ထပ်မံထွက်ခွာလာပြီး ကွဲပြားသော အတွေးကိုယ်စီရှိနေကြသည့် ဤအချိန်ခရီးသွားများကို တင်ဆောင်ကာ ထိုည သူတို့ တည်းခိုမည့် ဟိုတယ်ဆီသို့ ဦးတည်သွားလိာက်သည်။
၎င်းက အနောက်အိုင်ကမ်းစပ်တွင် တည်ရှိသော ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး ထူးခြားသော သီးသန့်လုံခြုံမှုနှင့် အကောင်းဆုံးသော ဝန်ဆောင်မှုတို့ကြောင့် နာမည်ကြီးချေသည်။
လွန်ခဲ့သည့် သုံးရက်က ဟိုတယ်စီမံခန့်ခွဲမှုအဖွဲ့က အလွန်အရေးကြီးသော VIP ဧည့်သည်တော်များ ယနေ့ လာရောက်တည်းခိုမည်ဖြစ်ကြောင်း အဆင့်မြင့်ဆုံး ဌာနတစ်ခုထံမှ အကြောင်းကြားစာ ရရှိခဲ့သည်။
ထို့ကြောင့် ဟိုတယ်တစ်ခုလုံးက အခန်းကြိုတင်မှာယူမှုများကို ရပ်ဆိုင်းလိုက်ပြီး မလိုအပ်သော ဧည့်သည်များ အားလုံးကို ငြင်းပယ်ကာ သေချာစွာ သန့်ရှင်းရေးနှင့် ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ခဲ့ကြရသည်။
ယနေ့ ဝန်ဆောင်မှုပေးရန် ဟိုတယ်တွင် ကျန်ရှိနေနိုင်သော ဝန်ထမ်းများအားလုံးက တင်းကျပ်သော နိုင်ငံရေးဆိုင်ရာ စစ်ဆေးမှုများနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းများကို တက်ရောက်ခဲ့ရသည်။ သူတို့က မစ်ရှင်ဟာ အရေးကြီးကြောင်းကိုသာ သိကြသော်လည်း ဧည့်သည်တော်များမှာ မည်သူဖြစ်ကြောင်းကိုမူ မသိကြချေ။
ဟိုတယ်ပတ်လည်ရှိ လုံခြုံရေးအဆင့်ကိုလည်း အမြင့်ဆုံးသို့ တိုးမြှင့်ထားပြီး လုံခြုံရေးအစောင့်များက အရပ်ဝတ်များဖြင့် ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေကာ မည်သည့်အမှားအယွင်းမှ မဖြစ်ပေါ်စေရန် သေချာစေနေခဲ့သည်။
အတွင်းပိုင်းတွင်မူ ဟန်ဆောင်မှုကင်းသော ဇိမ်ခံမှုနှင့် အကြွင်းမဲ့ တိတ်ဆိတ်မှုတို့ လွှမ်းမိုးနေပြီး လူသူကင်းမဲ့သော သုခဘုံတစ်ခုနှင့် တူနေချေသည်။
ကျန်းယဲ့က ရင်းကျန့်နှင့် သူ၏အဖွဲ့ကို ဟိုတယ်ဧည့်ခန်းမအတွင်းသို့ ခေါ်ဆောင်လာသောအခါ အတွင်းပိုင်းက လင်းထိန်နေသော်လည်း ထူးထူးခြားခြား တိတ်ဆိတ်နေပေသည်။
ကောင်းစွာ လေ့ကျင့်ထားသော ဧည့်ကြိုများက အချိန်ကိုက် အပြုံးများနှင့် ဦးညွှတ်မှုများဖြင့် ဧည့်သည်များကို ကြိုဆိုကြပြီး သူတို့၏ လှုပ်ရှားမှုများက ချောမွေ့ကာ အသံတိတ်နေပြီး မြင့်မားသော ကျွမ်းကျင်မှုအဆင့်ကို ပြသနေကြသည်။
ထိုနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ချန်ချင်းက အသက်ပြင်းပြင်းရှူကာ ဗုံတီးနေသကဲ့သို့ တဒိန်းဒိန်းခုန်နေသော သူ၏ နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားရင်း နှုတ်ဆက်ရန် အမြန်ရှေ့သို့ လျှောက်လာလိုက်၏။
ထို့နောက် သူ၏ အကြည့်က လူအုပ်၏ အလယ်ဗဟိုတွင် ဝန်းရံခံထားရပြီး အနက်ရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ကာ ခမ်းနားသောအငွေ့အသက်ကို ထုတ်လွှတ်နေသည့် ရင်းကျန့်ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားချေသည်။
သမိုင်းဝင် လေးလံမှုတစ်ခုက သူ့ထံသို့ လွှမ်းမိုးလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ကို အသက်ရှူရပင် ခက်ခဲသွားစေသည်။
ဘုရားရေ....
ဒါက... ချင်မင်းဆက် ပထမဧကရာဇ်ကြီး ချင်ရှီဟွမ်ပါလား.....
သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသော အာဏာရှိသည့် ဧကရာဇ် ရင်းကျန့်...
အသက်ရှင်လျက်ကြီး....
သူက အကြည့်ကို အတင်းလွှဲလိုက်ပြီး လက်ရာမြောက်သော စာအိတ်တစ်အိတ်ကို ကျန်းယဲ့ထံသို့ ကမ်းပေးလိုက်၏။ ထို့နောက် သူကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားနေရသဖြင့် သူ၏ အသံက တင်းမာနေချေသည်။ "ကျန်းယဲ့... ဒါက အခန်းသော့ (၁၃) ချောင်းပါ။ အားလုံး စီစဉ်ထားပြီးပြီ... အပေါ်ဆုံးထပ်က သမ္မတအခန်း နဲ့ အဲ့ဒီဘေးက ဇိမ်ခံအခန်းတွေပဲ..."
ကျန်းယဲ့ကို စကားပြောနေစဉ်မှာပင် သူက ရင်းကျန့်ကို အမြန်ခိုးကြည့်ကာ သူ၏ နှလုံးသားက ခုန်ပေါက်နေခဲ့သည်။
ဤသည်က သူ ပါဝင်ခဲ့ဖူးသမျှ ထိပ်တန်းလျှို့ဝှက်မစ်ရှင်တွေထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းကာ စိတ်လှုပ်ရှားဖွယ် ကောင်းနေချေသည်။
ကျန်းယဲ့က အခန်းသော့ကို ယူလိုက်ရာ ချန်ချင်း၏ လက်ဖဝါးမှ အနည်းငယ် စိုစွတ်နေမှုကို ခံစားလိုက်ရသည်။ သူက နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်ပြီး "ကျေးဇူးပဲ အစ်ကိုချန်... တစ်ယောက်ယောက် လာဖို့ရှိသေးလား...." ဟု တိုးတိုးလေး မေးလိုက်၏။
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် ကျန်းယဲ့က အလိုအလျောက်ပင် အသံကို နှိမ့်လိုက်သည်။
သူက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူ ဘယ်သူ့ကို ရည်ညွှန်းနေသည်ကို ချန်ချင်းက ချက်ချင်း နားလည်သွားသည်။ သေချာပေါက် တရုတ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များထဲမှ တစ်ဦးဦးပင် ဖြစ်လိမ့်မည်။
တရုတ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်တစ်ပါးဖြစ်သည့် ဧကရာဇ်ရင်းကျန့်နှင့် တွေ့ဆုံရခြင်းက ထူးကဲသော သမိုင်းဝင်အရေးပါမှုရှိသည့် အဖြစ်အပျက်တစ်ခု ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိရာ ထိပ်တန်းခေါင်းဆောင်မှုအဖွဲ့က ယင်းကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ချေ။
ချန်ချင်းက မည်သည်ကိုမျှ မဖုံးကွယ်ဘဲ လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
အချိန်နှင့် နေရာ အတိအကျကိုမူ အချိန်ကျလာပါက တစ်စုံတစ်ယောက်က သူ့အား လာရောက် အကြောင်းကြားလိမ့်မည် ဖြစ်သဖြင့် သူ စိတ်ပူနေစရာ မလိုပေ။
ရင်းကျန့်နှင့် ထိပ်တန်းခေါင်းဆောင်များ မျက်နှာချင်းဆိုင် စကားပြောဆိုမည်ဆိုသည့် အတွေးကြောင့် ကျန်းယဲ့ကိုယ်တိုင်ပင် အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။
ဤသည်ကား ရှေးခေတ်မှသည် ယနေ့ခေတ်အထိ ခေါင်းဆောင်များအကြား အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
အခြားကိစ္စရပ်များကို စီစဉ်ပြီးနောက် တစ်နာရီမပြည့်မီမှာပင် ဟိုတယ်၏ လုံခြုံရေးအထူးတင်းကျပ်ထားသော အစည်းအဝေးခန်း၌ မျှော်လင့်ချက်များစွာထားရှိသော တွေ့ဆုံမှုတစ်ခု တိတ်တဆိတ် ဖြစ်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်က မဟာချင်မင်းဆက် ဧကရာဇ်ရင်းကျန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုတောင်းသော်လည်း နက်ရှိုင်းသော အမြင်ဖလှယ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ဟီး....တွေ့ဆုံမှု အသေးစိတ်ကို ချန်လှပ်ထားပါသည်.....
...
အစည်းအဝေးက ချစ်ကြည်ရင်းနှီးပြီး လေးစားမှုရှိသော လေထုဖြင့် ပြီးဆုံးသွားခဲ့သည်။
ထို့နောက် အဖွဲ့အား ဝန်ထမ်းများက သက်ဆိုင်ရာ အခန်းများဆီသို့ ရိုသေစွာ ခေါ်ဆောင်သွားကြလေသည်။
ဤ ရှေးဟောင်း ခရီးသွားများအနေဖြင့် လုံးဝ ခေတ်သစ် ဟိုတယ်အသုံးအဆောင်များကြောင့် အခက်တွေ့မည်ကို ကျန်းယဲ့က အစပိုင်းတွင် စိုးရိမ်ခဲ့သော်လည်း သူ၏အခန်းထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ကြောင်း တွေ့ရှိလိုက်ရ၏။
အခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင် လှပစွာ ဖန်တီးထားသော ညွှန်ကြားချက် စာအုပ်ငယ်တစ်ခု ရှိနေသည်။
ထိုစာအုပ်ငယ်ကို ခေတ်သစ်ရိုးရှင်းတရုတ်စာလုံးများဖြင့် ရေးသားထားခြင်း မဟုတ်ဘဲ စံကိုက် ချင်မင်းဆက်စာလုံးဖြင့် ရေးသားထားပြီး ခေါင်းစဉ်မှာ ဧည့်ခန်း အသုံးအဆောင်များ အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ဟု ဖြစ်လေသည်။
အတွင်းစာမျက်နှာများကို လှန်ကြည့်လိုက်ပါက ချင်မင်းဆက်မှ လူများ နားလည်နိုင်သော စာသားများသာမက ရှင်းလင်းသော သရုပ်ဖော်ပုံများကိုပါ တွေ့ရမည်ဖြစ်၏။
ပို၍ပင် တွေးခေါ်မြော်မြင်တတ်သည့် အချက်မှာ မီးခလုတ်များ၊ လေအေးပေးစက် ထိန်းချုပ်ခလုတ်များနှင့် လျှပ်စစ်ကုလားကာ ထိန်းချုပ်ခလုတ်များမှစ၍ ရေချိုးခန်းရှိ အပူချိန်ထိန်း ရေပန်း၊ စမတ်အိမ်သာပေါ်ရှိ ခလုတ်အမျိုးမျိုးနှင့် မီနီဘားရှိ လျှပ်စစ်ရေနွေးအိုးနှင့် ကော်ဖီဖျော်စက်များအထိ လည်ပတ်အသုံးပြုရန် လိုအပ်သည့် အခန်းတွင်းရှိ ပစ္စည်းတိုင်းနီးပါး၏ ဘေးတွင် ပစ္စည်းအမည်နှင့် အလွန်ရိုးရှင်းသော လည်ပတ်မှုအဆင့်ဆင့်ကို ချင်မင်းဆက်စာလုံးဖြင့် ရှင်းလင်းစွာ ရေးမှတ်ထားသည့် တံဆိပ်ငယ်လေးများ ကပ်ထားခြင်းပင်။
ဥပမာအားဖြင့် ရေနွေးထွက်စေရန် ဤခလုတ်ကို နှိပ်ပါ နှင့် အပူချိန်ကို ချိန်ညှိရန် ဤခလုတ်ကို လှည့်ပါစသည်ဖြင့် ဖြစ်လေသည်။
အခန်း ၃၉၉ပြီး၏။