← Chapters

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း (၄၀၀) - ကျည်ဆန်ရထားအား စီးနင်းခြင်း

​ဖန်ရွှိုနှင့် လော်ယွန်းတို့က စာမတတ်သူများ ဖြစ်နိုင်သည်ကို ထည့်သွင်းစဉ်းစားကာ ချန်ချင်း ဦးဆောင်သော အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ဝန်ထမ်းများက သူတို့အတွက် တစ်ဦးချင်းစီ သီးသန့် ဝန်ဆောင်မှုများကို စီစဉ်ပေးခဲ့ကြသည်။

​အထူးလေ့ကျင့်ထားပြီး စိတ်ရှည်သည့် ဝန်ထမ်းအချို့က သူတို့နှစ်ဦး၏ အခန်းများဆီသို့ ဝင်ရောက်လာကြပြီး အောက်ခြေလူတန်းစားမှလာသော ဤလူနှစ်ဦးကို အခန်းတွင်းရှိ အသုံးအဆောင်ပစ္စည်း အမျိုးမျိုး အသုံးပြုပုံကို အရှင်းလင်းဆုံး စကားလုံးများ၊ လက်တွေ့ သရုပ်ပြမှုများဖြင့် အသေးစိတ် ရှင်းပြပေးခဲ့ရာ သူတို့ သက်တောင့်သက်သာနှင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်စေရန် သေချာစေခဲ့သည်။

​အခန်းတွင်း အပူချိန်ကို မည်သို့ ချိန်ညှိရမည်မှအစ ရေချိုးခန်းသုံး ပစ္စည်းများကို မည်သို့ အသုံးပြုရမည်နှင့် အကူအညီလိုပါက အတွင်းဖုန်းကို မည်သို့ ခေါ်ဆိုရမည်အထိ သူတို့က အသေးစိတ်ကအစ အလွန် ဂရုတစိုက်နှင့် နားလည်မှုရှိစွာ ရှင်းပြပေး၏။

​ဤအသေးစိတ်ကျသော စီစဉ်ပေးမှုများအားလုံးက ရင်းနှီးကျွမ်းဝင်မှုမရှိသော ပတ်ဝန်းကျင်ကြောင့် အစပိုင်းတွင် စိုးရိမ်ထိတ်လန့်နေခဲ့ကြသည့် ဖန်ရွှိုနှင့် လော်ယွန်းတို့ကို တဖြည်းဖြည်း စိတ်အေးသွားစေခဲ့ပြီး၊

သူတို့၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ပေါ်ထွက်လာလေသည်။

​သူတို့ ခံစားလိုက်ရသည်မှာ နည်းပညာ၏ အဆင်ပြေချောမွေ့မှုသာမက လေးစားခံရမှုနှင့် သေချာစွာ ဂရုစိုက်ခံရမှုတို့၏ နွေးထွေးမှုကိုပင်။

​နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ကျန်းယဲ့က မဟာချင်အဖွဲ့ကို နာမည်ကျော် အနောက်အိုင်သို့ ခေါ်ဆောင်သွားလိာက်သည်။

​သူတို့က လမ်းလျှောက်မည့်အစား ကျယ်ဝန်းသော ရှုခင်းကြည့် လျှပ်စစ်ကားတစ်စီးကို စီးနင်းကာ ရေကန်တစ်လျှောက် ဖြည်းညင်းစွာ မောင်းနှင်သွားကြလေသည်။

​လေညင်းလေးက မျက်နှာကို လာရောက်ပွတ်သပ်သွားပြီး ရေပြင်တွင် လှိုင်းပယပ်လေးများ ထနေခဲ့သည်။ အဝေးမှ တောင်တန်းများက မည်းနက်သော မျက်ခုံးများကဲ့သို့ ပေါ်လွင်နေပြီး အနီးရှိ မိုးမခပင်များက ကျက်သရေရှိစွာ ယိမ်းနွဲ့နေကြရာ ရေကန်နှင့် တောင်တန်းများ၏ ရှုခင်းက အသက်ရှူမှားလောက်အောင် လှပနေပေသည်။

​ကျန်းယဲ့က ကားရှေ့ခန်းတွင် ထိုင်ကာ သယ်ဆောင်ရလွယ်ကူသော အသံချဲ့စက်ကို ကိုင်ဆောင်ထားပြီး နောက်ဆုံးတွင် တကယ့်ခရီးသွားလမ်းညွှန်တစ်ဦး ဖြစ်လာခဲ့သည်။

​သူက သူ၏အနောက်ရှိ အထူးဧည့်သည်တော်များကို ဤမြေပြင်ပေါ်ရှိ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ ဖြစ်ပေါ်ခဲ့သော အတက်အကျ အပြောင်းအလဲများကို ပြန်လည်ပြောပြနေချေသည်။

​ပိုင်ကျွီယီ နှင့် စုတုန်းဖိုတို့ အနောက်အိုင်ကို စီမံအုပ်ချုပ်ခဲ့သည့် ဇာတ်လမ်းများ၊ တောင်ပိုင်းစုန့်မင်းဆက်က မြို့တော်အဖြစ် သတ်မှတ်ခဲ့ချိန်က လင်းအန်း၏ ကြီးပွားချမ်းသာမှုများ၊ ယွဲ့ဖေး၏ သစ္စာစောင့်သိမှုနှင့် ယွီချမ်၏ ဖြောင့်မတ်တည်ကြည်မှုများ၊ ခေတ်သစ်ကာလ၏ အပြောင်းအလဲများနှင့် ခေတ်သစ်တစ်ခု၏ ထွန်းကားလာမှုများကို သူက ပြောပြခဲ့သည်။

​သူက သမိုင်း၏ အပိုင်းအစများကို ရိုးရှင်းသော စကားလုံးများဖြင့် ပေါင်းကူးပေးခဲ့ပြီး ဤမြေပြင်ပေါ်ရှိ အစဉ်အဆက်ရှင်သန်ကြီးထွားနေသော တရုတ်ယဉ်ကျေးမှု၏ ခမ်းနားလှသော ရုပ်ပုံလွှာကြီးတစ်ခုကို ပုံဖော်ပေးခဲ့လေသည်။

​ရင်းကျန့်၊ ဖူဆု၊ လီစစ်နှင့် အခြားသူများက အစွမ်းကုန် အာရုံစူးစိုက်ကာ နားထောင်နေကြသည်။ သူတို့၏ နောက်ကွယ်ရှိ နှစ်ကာလများတွင် ဖြစ်ပျက်ခဲ့သော ဤဇာတ်လမ်းများက သူတို့ ခြေအောက်ရှိ မြေပြင်၏ ကြွယ်ဝလှသော သမိုင်းကြောင်းကို ပိုမို နက်ရှိုင်းစွာ နားလည်သွားစေလေသည်။

​ရှုခင်းကြည့် လျှပ်စစ်ကားလေးက နွေဦးအရုဏ်ဦး၏ စုတာရိုးတစ်လျှောက် မောင်းနှင်သွားရာ ကမ်းနှစ်ဖက်စလုံးတွင် ခရီးသွားများဖြင့် စည်ကားနေချေသည်။

​သက်ကြီးရွယ်အိုများက တည်ငြိမ်အေးချမ်းသော မျက်နှာများဖြင့် ထိုက်ချိ ကစားနေကြပြီး စုံတွဲငယ်များက ဖက်တွယ်ကာ ဓာတ်ပုံရိုက်နေကြရင်း သူတို့၏ အပြုံးများက ချိုမြိန်နေကြ၏။ မိဘများက သူတို့၏ ကလေးများနှင့်အတူ ရေကန်ထဲရှိ ငါးကြင်းများကို အစာကျွေးနေကြပြီး သူတို့၏ ရယ်မောသံများက လေထုထဲတွင် လွှမ်းခြုံနေချေသည်။

​ယမန်နေ့က သူတို့ မြင်တွေ့ခဲ့ရသည့် မြို့ပြ၏ စည်ကားမှုနှင့် ထပ်တူကျနေသော သူတို့ရှေ့မှ ငြိမ်းချမ်း၊ ကြီးပွားချမ်းသာပြီး တက်ကြွနေသည့် ဤမြင်ကွင်းက မဟာချင်မှ ဧည့်သည်တိုင်း၏ နှလုံးသားကို နောက်တစ်ကြိမ် နက်ရှိုင်းစွာ ရိုက်ခတ်သွားပြန်သည်။

​ဤနေရာရှိ လူများ၏ မျက်နှာပေါ်တွင် ဆာလောင်မှုကြောင့် ပိန်ချုံးနေသော အသွင်အပြင်မျိုး မရှိသလို သူတို့၏ မျက်ဝန်းများထဲတွင် အခွန်အခများနှင့် လုပ်အားပေးခိုင်းစေမှုများအတွက် ကြောက်ရွံ့နေမှုများလည်း မရှိချေ။ သူတို့၏ ဘဝများက မျှော်လင့်ချက်များနှင့် အေးချမ်းမှုတို့ဖြင့် ပြည့်နှက်နေကြသည်။

​လော်ယွန်းက ပြတင်းပေါက်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ အကြည့်များက ရေကန်ဘေးရှိ သာမန်လူများကို လိုက်လံ ကြည့်ရှုနေခဲ့သည်။

​နောက်ခဏ၌ သူမ၏ အကြည့်များက ဇနီးမောင်နှံငယ် တစ်စုံထံတွင် အချိန်အတော်ကြာ ရပ်တန့်နေလေသည်။

​ခင်ပွန်းဖြစ်သူက ကြင်နာယုယကာ ဇနီးဖြစ်သူက လှပပြီး သိမ်မွေ့၏။ သူတို့နှစ်ဦးကြားတွင် လှပသော ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲချည်ထားသည့် အသက် လေးငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရှိနေချေသည်။

​မိန်းကလေးငယ်က ခုန်ပေါက်နေပြီး ရေကန်ထဲရှိ ငန်းများကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။ သူမ၏ မိဘများက ကိုယ်ကိုကိုင်းကာ အပြုံးများဖြင့် စိတ်ရှည်လက်ရှည် တုံ့ပြန်နေကြပြီး နေရောင်ခြည်က သူတို့အပေါ်သို့ ကျရောက်နေပြီး နွေးထွေးသော ရွှေရောင်အနားသတ်လေးတစ်ခုကို ဖန်တီးပေးနေသည်။

​ဤသည်ကို မြင်သောအခါ လော်ယွန်း၏ မျက်လုံးများက အလိုအလျောက် နီရဲလာရသည်။

​သူမ၏ ခေတ်ကာလတွင် မိန်းမများဆိုသည်မှာ ရေမှော်ပင်များကဲ့သို့ဖြစ်ပြီး အိမ်ထောင်ရေးများကို အများအားဖြင့် မိဘများနှင့် အောင်သွယ်များကသာ စီစဉ်ပေးကြကာ ဘဝတစ်ခုလုံးက ပင်ပန်းဆင်းရဲမှုများနှင့် မသေချာမရေရာမှုများဖြင့်သာ ပြည့်နှက်နေကြရသည်။

​သားယောက်ျားလေး မမွေးနိုင်၍ ယောက္ခမအိမ်၏ နှင်ထုတ်ခြင်းကို ခံရသော မိန်းမများစွာ.... သာမန် အအေးမိဖျားနာမှုလေးတစ်ခုကြောင့် သေဆုံးသွားရသော ကလေးများစွာနှင့် ကြီးလေးသော အခွန်အခများကြောင့် ကွဲကွာပျက်စီးသွားရသော မိသားစုများစွာကို သူမ မြင်တွေ့ခဲ့ဖူးသည်။

​သာမန် မိသားစုတစ်စုက ဤမျှ လွယ်ကူပြီး ပျော်ရွှင်စရာကောင်းသော ဘဝကို နေထိုင်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့ချေ။

​သမီးမိန်းကလေးတစ်ယောက်က မိဘများ၏ လက်ထဲတွင် ဤမျှ ယုယစွာ အထိန်းခံရနိုင်ပြီး သန့်ရှင်းလှပသော အဝတ်အစားများကို ဝတ်ဆင်နိုင်ကာ ပူပင်သောကကင်းစွာ ရယ်မောနိုင်ပြီး နေရောင်ခြည်နှင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော ကလေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်သည်လော....

​ပြင်းထန်သော အားကျမှု၊ နက်ရှိုင်းသော တောင့်တမှုနှင့် ဖော်ပြ၍မရနိုင်သော ခါးသီးမှုအနည်းငယ်တို့ ရောယှက်နေသည့် ခံစားချက်လှိုင်းတစ်ခုက သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူမ၏ နှာခေါင်းဝတွင် ကျိန်းစပ်လာကာ သူမ၏ အမြင်အာရုံများ လျင်မြန်စွာ ဝေဝါးသွားစေသည်။

​တစ်ခြားသူများ မြင်သွားမည်ကို စိုးရိမ်သဖြင့် သူမက ခေါင်းကို အမြန်ငုံ့လိုက်ပြီး မျက်လုံးထောင့်မှ စိုစွတ်မှုကို သူမ၏ အင်္ကျီလက်ဖြင့် ခိုး၍ သုတ်လိုက်၏။

​ဒါက နှစ်ပေါင်း နှစ်ထောင်ကြာပြီးနောက်က ကမ္ဘာကြီးပေါ့....

​ဒါက နှစ်ပေါင်း နှစ်ထောင်ကြာပြီးနောက်က သာမန်ပြည်သူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာတွေပေါ့...

​မှော်အစွမ်းတွေ မရှိဘူး.... နတ်ဘုရားတွေရဲ့ တန်ခိုးစွမ်းအင်တွေလည်း မရှိဘူး..... အလွယ်တကူ ရရှိနိုင်တဲ့ ဒီငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေပဲ ရှိတာပါလား....

​တောက်ပနေသော အဝေးမှ ရေကန်ပြင်နှင့် တဖြည်းဖြည်း ဝေးကွာသွားသော ထိုနွေးထွေးလှသည့် မိသားစုသုံးယောက်၏ ကျောပြင်များကို သူမ ငေးကြည့်နေရင်း သူမသာ ကြားနိုင်လောက်သည့် အသံလေးဖြင့် တုန်ယင်ကာ အလွန်ကြည်ညိုသော စိတ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။

​"အရမ်း... ကောင်းတာပဲ..."

​အနောက်အိုင်သို့ နံနက်ခင်း ခရီးစဉ် ပြီးဆုံးသွားချေသည်။

​မွန်းတည့်ချိန်လောက်တွင် ကျန်းယဲ့က အဖွဲ့ကို နောက်ထပ် အတွေ့အကြုံသစ် ရယူမည့်နေရာဖြစ်သော ကျည်ဆန်ရထား ဘူတာရုံသို့ ခေါ်ဆောင်သွားလိုက်သည်။

​သူတို့က လူစည်ကားနေသော နားနေဆောင်ကို ရှောင်ကွင်းသွားကြပြီး အထူးလမ်းကြောင်းကို အသုံးပြုကာ ပလက်ဖောင်းဆီသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

​နားနေဆောင်အတွင်းရှိ စည်ကားနေသော မြင်ကွင်းကို မတွေ့ရသော်လည်း ပလက်ဖောင်းပေါ်တွင် ရပ်နေရုံဖြင့်ပင် အံ့ဩမှင်တက်ဖွယ် ကောင်းနေချေသည်။

​ချောမွေ့ပြီး တောက်ပသော အရောင်အသွေးများရှိသည့် ဟဲရှဲ့နှင့် ဖူရှင်းကျည်ဆန်ရထားများက ကြီးမားလှသော သံမဏိနဂါးကြီးများကဲ့သို့ သံလမ်းများပေါ်တွင် တိတ်ဆိတ်စွာ ရပ်နားနေကြသည် သို့မဟုတ် ဘေးဘက် သံလမ်းများပေါ်မှ အရှိန်အဟုန်ဖြင့် ဖြတ်ပြေးသွားကြရာ လေပြင်းအနည်းငယ်နှင့် နက်ရှိုင်းသော လေခွင်းသံများကို ဖြစ်ပေါ်စေလေသည်။

​ခရီးသည်များက ပလက်ဖောင်းတစ်လျှောက် အလျင်စလို သွားလာနေကြသော်လည်း စည်းကမ်းတကျ ရှိကြပြီး အသံချဲ့စက်များမှတစ်ဆင့် ရှင်းလင်းပြတ်သားပြီး သာယာသော အသိပေး ကြေညာသံများ ထွက်ပေါ်နေခဲ့သည်။

​ဤအရာအားလုံးက ရင်းကျန့်နှင့် အခြားသူများအား ဤခေတ်ကာလ၏ ထိရောက်မြန်ဆန်လှသော အရှိန်အဟုန်ကို နောက်တစ်ကြိမ် တိုက်ရိုက် ခံစားသိရှိသွားစေလေသည်။

​ထို့နောက် ကျန်းယဲ့က သူတို့ကို ကြိုတင်စီစဉ်ထားသော ရထားပေါ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး တိတ်ဆိတ်ကာ သက်တောင့်သက်သာရှိသော ပထမတန်းတွဲဆီသို့ ဝင်ရောက်သွား၏။

​အခြားခရီးသွားများ ယူဆောင်လာသည့် ဗီဒီယိုများထဲတွင် ကျည်ဆန်ရထားများကို ရင်းကျန့် မြင်ဖူးခဲ့သော်လည်း အရှိန်အဟုန်ဖြင့် ပြေးနှင်နေသော ရထားတွင်းသို့ အမှန်တကယ် ရောက်ရှိသွားသောအခါ ခံစားရသည့် အတွေ့အကြုံက လုံးဝ ကွာခြားနေပေသည်။

​ရထားတွဲက ကျယ်ဝန်းပြီး လင်းထိန်နေကာ နူးညံ့ပြီး သက်တောင့်သက်သာရှိသော ထိုင်ခုံများ ရှိပြီး ဆူညံသံ လုံးဝနီးပါး မရှိချေ။

​ကြီးမားသော ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အိမ်များ၊ သစ်ပင်များနှင့် လယ်ကွင်းများက အနောက်သို့ အလျင်အမြန် ပြေးထွက်သွားသကဲ့သို့ ရှိနေသည်။

​သူ၏ အကြည့်များက လက်ရှိအမြန်နှုန်းကို ပြသနေသည့် ရထားတွဲရှေ့ရှိ အီလက်ထရောနစ် မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပြန်သည်။ ဂဏန်းများက 0 မှ 100km/h ၊ 200km/h ၊ 300km/h ထိ တည်ငြိမ်စွာနှင့် လျင်မြန်စွာတက်သွားသည်ကို သူစောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် အံ့မခန်း မြင့်မားသော အမြန်နှုန်းတစ်ခု၌ တည်ငြိမ်သွားခဲ့သည်။

​အလွန်အမင်း မြန်ဆန်လှသော အမြန်နှုန်းနှင့် ထိုကဲ့သို့သော အမြန်နှုန်းတွင် ရထား၏ အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေမှုတို့က လှုပ်ခါနေသော မြင်းလှည်းများကိုသာ စီးနင်းလေ့ရှိသည့် ဧကရာဇ်ကြီးအတွက်တော့ ကြီးမားလှသော တုန်လှုပ်မှုတစ်ခု ဖြစ်လာရသည်။

​သူတို့၏ မျက်နှာပေါ်မှ ဖုံးကွယ်မထားနိုင်သော အံ့အားသင့်မှုများကို မြင်သောအခါ ကျန်းယဲ့က ပြုံးလိုက်ပြီး အိတ်ကပ်ထဲမှ တစ်ယွမ်တန် အကြွေစေ့တစ်စေ့ကို ထုတ်ယူကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ချောမွေ့သော ပြတင်းပေါက်ဘောင်ပေါ်တွင် မတ်မတ် ထောင်ထားလိုက်၏။

​အကြွေစေ့လေးက လုံးဝ မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ မတ်တပ်ရပ်နေချေသည်။

​၎င်းက တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ကျော်နှုန်းဖြင့် ပြေးနှင်နေသော ရထားပေါ်တွင် မဟုတ်ဘဲ လုံးဝ တည်ငြိမ်နေသော စားပွဲတစ်ခုပေါ်တွင် ရောက်နေသကဲ့သို့ပင်။

​"ဒါက..." မင်းသား ဖူဆုမှာ တိုးညှင်းစွာ အာမေဍိတ်သံ မပြုဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

​စစ်သူကြီး မုန့်ထျန်းမှာ မျက်လုံးများ ပြူးကျယ်သွားလေသည်။ စစ်သည်ထောင်ပေါင်းများစွာကို ဦးဆောင်ခဲ့ပြီး မြင်းကို အရှိန်ပြင်းပြင်းစီးရသည့် ဒုက္ခများကို ကောင်းစွာသိရှိသော စစ်သူကြီးတစ်ဦးအနေဖြင့် သူက ဤချောမွေ့မှုနောက်ကွယ်ရှိ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုကို ပို၍ ကောင်းစွာ နားလည်နိုင်လေသည်။ "ဒီလောက် အမြန်နှုန်းကြီးနဲ့ကို ဒီလောက် ချောမွေ့နေတာလား... တကယ်ကို မယုံနိုင်စရာပဲ..."

​လီစစ်က သူ၏ မုတ်ဆိတ်ကို သပ်ရင်း ချီးကျူးလိုက်၏။ "သဘာဝတရားကို လွန်ဆန်နေတဲ့ လက်ရာပဲ။ ငါ့မျက်စိနဲ့ကိုယ်တိုင် မမြင်ရဘူးဆိုရင် ယုံဖို့တောင် ခက်လိမ့်မယ်..."

​ဖုန်းကျဲ့က ခေါင်းတဆက်ဆက် ညိတ်လိုက်ပြန်သည်။ "ဒီယာဉ်ရထားရဲ့ တည်ငြိမ်မှုက မျှော်လင့်ထားတာထက် အများကြီး သာလွန်နေတယ်။ တကယ့်ကို နိုင်ငံတော်ရဲ့ ရတနာတစ်ပါးပဲ...."

​ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ရင်းကျန့်ပင်လျှင် မလှုပ်မယှက်ရပ်နေသော အကြွေစေ့လေးကို ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် အစစ်အမှန် အံ့အားသင့်မှုများ ပေါ်လာကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့် "တကယ့်ကို နတ်ဘုရားတွေရဲ့ လက်ရာပဲ...."

​ဤရိုးရှင်းသော စမ်းသပ်မှုလေးက မည်သည့်စကားလုံးများထက်မဆို ပို၍ အားကောင်းစွာဖြင့် ဤသံမဏိယာဉ်ယန္တရားကြီးတွင် ပါဝင်နေသော ခေတ်မီနည်းပညာနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို သက်သေပြလိုက်ပြီး မဟာချင်မှ ဧည့်သည်များအားလုံးကို နောင်လာနောက်သား တရုတ်နိုင်ငံ၏ စက်မှုအင်အားကို အတိုက်ရိုက်ဆုံးနှင့် အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သွားစေလေသည်။

အခန်း ၄၀၀ပြီး၏။

All Chapters