အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) - ကျင့်ကြံခြင်းအချိန်
ကျန်းရီနျန်နှင့် ကျောက်မင်ယဲ့တို့က ကောဟယ်ရု၏ဗဟုသုတများအပေါ် အထင်ကြီးသွားကြသည်။
“ကောင်းလိုက်တဲ့အရည်အချင်းပဲ။ မျိုးဆက်သစ်လူငယ်တွေက မျှော်လင့်ချက်အသစ်တွေ ယူဆောင်လာပေးလိမ့်မယ်လို့ ကျုပ် သိနေခဲ့တာ...”
ကျန်းရီနျန်က ကောဟယ်ရုကို ချီးကျူးလိုက်သည်။ ထို့နောက် စကားဆက်လိုက်သည်။
“သိုင်းဦးလေးကိုပြန်ခေါ်လာနိုင်ဖို့ ကျုပ် ကြိုးစားကြည့်ပါ့မယ်...”
“ထိုက်တောင်ကို တိုက်ခိုက်သင့်၊ မသင့် ဆိုတာကိုတော့ တောင်ထွတ်သခင်တွေအချင်းချင်း ဆွေးနွေးတိုင်ပင်ကြဦးမယ်...”
“အဲဒီအချိန်အတွင်းမှာ မင်းတို့နှစ်ယောက်စလုံး ဂိုဏ်းထဲမှာပဲ ငြိမ်ငြိမ်နေကြတာ ပိုကောင်းလိမ့်မယ်။ လိုအပ်မှသာ အပြင်ထွက်ပြီး သတိကြီးကြီးထားကြ...”
ထိုသို့ပြောပြီးနောက် လင်းဖန်နှင့် ကျန်းရှီတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကျန်းရှီက သူ့ကို မကျေမနပ်ဖြစ်နေသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ထိုမြင်ကွင်းကိုတွေ့လိုက်ရချိန်တွင် ကျန်းရီနျန်၏စိတ်များ နူးညံ့သွားရချေသည်။ ထို့နောက် သူတို့ထံသို့ မျက်နှာဖုံးနှစ်ခုကို ပစ်ပေးလိုက်လေသည်။
“ဒီမှာ... လိုအပ်ရင်သုံးလို့ရအောင် ယူထားလိုက်ကြ...”
လင်းဖန်က မျက်နှာဖုံးများကို ဖမ်းယူလိုက်ပြီးနောက် ၎င်းတို့သည် ယခင်က ဟွမ်ယွမ်ခွန်းအသုံးပြုခဲ့ဖူးသော မှော်ရတနာများဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုမျက်နှာဖုံးများက အသုံးပြုသူ၏ရုပ်သွင်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။
ယင်းမျက်နှာဖုံးများသည် သူတို့ ထိုက်တောင်ကို တိုက်ခိုက်ချိန်၌ သေချာပေါက် အသုံးဝင်လာပေလိမ့်မည်။
ထို့နောက် ကျန်းရီနျန်နှင့် ကျောက်မင်ယဲ့တို့သည် အခြားတောင်ထွတ်သခင်များနှင့် သွားရောက်တွေ့ဆုံရန်အတွက် ပင်မခန်းမကြီးအတွင်းမှ ထွက်ခွာသွားကြတော့သည်။
“ဒါဆိုရင် ကျုပ်က အဆင့်တွေ တက်တော့မှာပေါ့။ တောင်ထွတ်သခင်က ကျုပ်ကို ဘယ်လောက်တောင် ချီးကျူးသွားလဲဆိုတာ မင်းတို့ မြင်တယ်မလား...”
ကောဟယ်ရုက မေးစေ့ကိုမော့ကာ မာနတထောင်ထောင်ဖြင့် ပြောလိုက်သည်။
လင်းဖန်က မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“အဲဒီလောက်လွယ်ကူရင် အရမ်းကောင်းမှာပဲ... ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အဲဒီဆေးလုံးတွေက ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးအသက်ကို ကယ်တင်ပေးခဲ့တာပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ ကောဟယ်ရုက ဝမ်းသာသွားပြီး ပြန်ပြောလိုက်သည်။
“နောက်ထပ်ဆေးလုံးတွေကိုလည်း မကြာခင်အဆင်သင့်ဖြစ်အောင် ကျုပ်လုပ်ပေးပါ့မယ်။ ဒါပေမဲ့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးဆီကို အရင်သွားကြည့်သင့်တယ်။ သူ သတိရနေပြီလို့ ကျုပ် ကြားထားတယ်...”
“တကယ်လား... ဒါ သတင်းကောင်းပဲ။ ကျန်းရှီ... မင်းရော လိုက်ဦးမလား...”
လင်းဖန်က ကျန်းရှီဘက်သို့လှည့်ကာ မေးလိုက်သည်။
ကျန်းရှီလည်း စွန်းဟိုင်ကို ထပ်မံတွေ့ဆုံချင်နေသဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
…
လင်းဖန် အခန်းထဲသို့ ဝင်သွားချိန်တွင် စွန်းဟိုင်မှာ မျက်နှာကြက်ကို ငေးကြည့်နေခဲ့သည်။
ယခင်အခြေအနေနှင့် နှိုင်းယှဉ်ပါက သူ၏အသားအရေမှာ သက်ဝင်လှုပ်ရှားလာပြီး ပိုမိုကောင်းမွန်လာကြောင်း လင်းဖန် မြင်တွေ့လိုက်ရသည်။
“ဂိုဏ်းတူအစ်ကိုကြီး... အခု ဘယ်လိုနေသေးလဲ...”
လင်းဖန်က မေးလိုက်သည်။
“နည်းနည်းပိုကောင်းလာပါပြီ... အဲဒီကလေးသုံးယောက်ကို ကယ်တင်ဖို့ ငါ ကြိုးစားခဲ့ပါသေးတယ်။ သူတို့က အရမ်းငယ်ရွယ်ပြီး အလားအလာတွေအများကြီးရှိတဲ့ ကလေးတွေပါ...”
ထိုတပည့်သုံးဦး မည်သို့ စမ်းသပ်ခံခဲ့ရကြောင်းနှင့် သူကိုယ်တိုင်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ကြောင်း စွန်းဟိုင်က ရေရွတ်နေမိသည်။
လီရုံသည် သူ၏စွမ်းအားထက် ပိုမိုသာလွန်နေခဲ့ချေသည်။
တပည့်သုံးဦး၏ကံကြမ္မာကို ကြားလိုက်ရချိန်တွင် ကျန်းရှီမှာ ခေါင်းငုံ့ထားမိတော့သည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ တပည့်အသစ်များ မရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤအရာက သူတို့၏ ကံကြမ္မာဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။
အရူးမတစ်ယောက်၏ စမ်းသပ်ချက်များအတွက် စမ်းသပ်ခန်းရှိကြွက်များကဲ့သို့ သေဆုံးသွားခဲ့ရခြင်းပင်။
သူမက လက်သီးကို တင်းကြပ်စွာဆုပ်ထားမိသဖြင့် လက်ဆစ်များပင် ဖြူရော်သွားတော့သည်။
လင်းဖန်က သူမကို နှစ်သိမ့်ပေးရန်အတွက် ကျောကို ပုတ်ပေးလိုက်လေသည်။
သူမ အနည်းငယ် တည်ငြိမ်သွားသည်ဟု ခံစားလိုက်ရပြီးနောက် လင်းဖန်က စွန်းဟိုင်ကို မေးလိုက်သည်။
“လီရုံရဲ့ စွမ်းရည်တွေ ဒါမှမဟုတ် သိုင်းနည်းစနစ်တွေက ဘာတွေလဲ...”
သူသည် ရန်သူနှင့် ရင်ဆိုင်ရခြင်းမပြုမီ ရန်သူ၏အကြောင်းကို ပိုမိုသိရှိလိုနေပေသည်။
စွန်းဟိုင်က အစွမ်းကုန်ကြိုးစားကာ ပြန်လည်စဉ်းစားနေသည်။
ထို့နောက် သူက ခေါင်းခါရမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ငါ မှတ်မိတာ သိပ်မရှိတော့ဘူး။ တစ်ရက်လောက်ကြာတော့ နာကျင်မှုတွေက ငါ့ကို ဝါးမျိုသွားခဲ့ပြီလေ...”
“ရပါတယ်... ကောင်းကောင်း အနားယူလိုက်ပါဦး...”
လင်းဖန်က ပြန်ပြောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။
သို့သော် စွန်းဟိုင်က သူ၏လက်ကို လှမ်းဆွဲထားလိုက်ပြီးနောက် သတိပေးလိုက်လေသည်။
“သူမက သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်...”
“တစ္ဆေကျင့်ကြံသူလား...”
လင်းဖန်က မေးလိုက်သည်။
“ငါလည်း သေချာတော့မသိဘူး... ဒါပေမဲ့ သူမက ဝိညာဉ်တွေကို အမိန့်ပေးခိုင်းစေနိုင်စွမ်းရှိတယ်...”
“ကျေးဇူးပဲ... အဲဒီအချက်ကို ကျွန်တော် မှတ်ထားပါ့မယ်...”
လင်းဖန်က ပြောလိုက်သည်။
သူတို့ နောက်ထပ် စကားအနည်းငယ်ပြောပြီးနောက်တွင် စွန်းဟိုင်မှာ ပင်ပန်းလာခဲ့သဖြင့် သူ အနားယူနိုင်ရန်အတွက် သူတို့ ထွက်ခွာလာခဲ့ကြလေသည်။
…
သစ်သားတဲ…
လင်းဖန် သစ်သားတဲဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ရင်းနှီးနေသောပတ်ဝန်းကျင်ကြောင့် တင်းမာနေမှုများ ပျောက်ကွယ်သွားကာ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရတော့သည်။
ဟိုကျဲ့က သူ့ကို နှုတ်ဆက်လိုက်ပြီး အစားအသောက် ချက်ပြုတ်ပေးလေသည်။
လင်းဖန်တစ်ယောက် သူ၏ အတွေးများထဲတွင် နစ်မြုပ်နေသည်ကို သူ မြင်တွေ့နေရသည်။
လင်းဖန်သည် ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားတွေးတောနေပေသည်။
လီရုံနှင့်ပတ်သက်၍ သူတို့သိထားသမျှသည် သူမက သူတို့ကို သိခွင့်ပေးထားသည့် အရာများသာ ဖြစ်လောက်ပေမည်။
သူမ၏ထောင်ချောက်ထဲသို့ သူတို့ကို မျှားခေါ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့မဟုတ် သူ အရမ်း အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်ချေရှိသည်။
သို့သော် သူတို့တွင်ရှိသော မည်သည့်သဲလွန်စကိုမဆို ဆက်လက်ခြေရာခံရုံမှလွဲ၍ သူ့တွင် အခြားရွေးချယ်စရာ မရှိချေ။
သေချာသောအရာတစ်ခုမှာ သူသည် အမြန်ဆုံးအစွမ်းထက်လာရန် လိုအပ်နေခြင်းပင်။
မိမိကိုယ်တိုင် လုံလောက်စွာ စွမ်းအားကြီးမားနေမှသာ အမှန်တကယ် လုံခြုံနိုင်ပေလိမ့်မည်။
ဟိုကျဲ့က လင်းဖန်၏အရှေ့တွင် ခေါက်ဆွဲပန်းကန်ကိုချပေးရင်း ပြောလိုက်သည်။
“စိတ်ရှုပ်နေတာလား... မင်းလိုအပ်ရင် ကူညီပေးဖို့ ဟိုမင်ကို အကူအညီတောင်းလို့ ရတယ်နော်...”
“အချိန်တန်ရင် ကျုပ် အကူအညီတောင်းပါ့မယ်...”
လင်းဖန်က ပြန်ပြောလိုက်သည်။
သူသည် တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး ခေါက်ဆွဲများကို စတင် စုပ်ယူစားသောက်လိုက်လေသည်။
သစ်သားတဲသို့ ပြန်ရောက်လာခြင်းက အမှန်တကယ်ကို ကောင်းမွန်လှပေသည်။
ညဘက်ရောက်၍ ဟိုကျဲ့ အိပ်ပျော်သွားချိန်တွင် လင်းဖန်သည် သူ၏ လက်ကောက်ပုံစံ သိုလှောင်ရေးမှော်ရတနာထဲမှ ကင်းမြီးကောက်အမြီးကို ထုတ်ယူလိုက်သည်။
ကင်းမြီးကောက်၏ အက်ဆစ်အဆိပ်ကို ချီဝါးမြိုခြင်းမှ အဆိပ်ပြောင်းလဲခြင်းကျင့်စဉ်ဖြင့် ကျင့်ကြံရန် ကြိုးစားလိုက်သည်။
ပထမဦးစွာ အက်ဆစ်အဆိပ်များ သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားချိန်တွင် အက်ဆစ်အဆိပ်ကြောင့် သူ၏ အတွင်းကလီစာများ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ချီစွမ်းအင်များကို အလျင်အမြန် အသုံးပြုလိုက်ပြီး သွေးကြောများနှင့် အတွင်းကလီစာများဆီသို့ ဦးတည်ပို့ဆောင်ကာ အက်ဆစ်အဆိပ်များမှ ကာကွယ်ရန် ကြိုးပမ်းလိုက်လေသည်။
ထိုသို့ပြုလုပ်ခြင်းက နာကျင်မှုကို အနည်းငယ် သက်သာသွားစေသည်။
ယင်းကပင် အက်ဆစ်အဆိပ်များကို သူ၏ အဆိပ်ဂလင်းထဲသို့ အောင်မြင်စွာ စုပ်ယူနိုင်ရန်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
အဆိပ်ကျင့်ကြံမှုကို ပြုလုပ်ပြီးစီးသွားပြီးနောက်တွင် သူ၏ အာရုံစိုက်မှုကို ဝိညာဉ်သဏ္ဍာန်စုံ စက္ကူခေါက်ကျင့်စဉ်ဆီသို့ ပြောင်းလဲလိုက်သည်။
လင်းဖန်သည် စက္ကူလူ (၂)ရုပ်ဖြင့် စတင်လိုက်ပြီး ဤတစ်ကြိမ်တွင်မူ သူ၏လုပ်ဆောင်ချက်မှာ အတော်လေး လွယ်ကူနေခဲ့သည်။
ထို့ကြောင့် သူသည် ဆက်လက်၍ စက္ကူလူ (၄)ရုပ်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။
ဤအရာက လင်းဖန်ထံမှ ချီစွမ်းအင်နှင့် အာရုံစိုက်မှုတို့အား နှစ်ဆခန့် ကုန်ဆုံးစေလေသည်။
စက္ကူလူ (၄)ရုပ်ဖြင့် နာရီဝက်ခန့် ကျင့်ကြံပြီးနောက်တွင် ပြီးစီးသွားကာ အနားယူလိုက်ရတော့သည်။
ထို့နောက်တွင်မူ စက္ကူလူ (၈)ရုပ်ဖြစ်ပြီး ၎င်းသည် သူ အများဆုံးကိုင်တွယ်နိုင်သော အရေအတွက်ပင် ဖြစ်ပေသည်။
တိုက်ပွဲတွင် အသာစီးရရန်အတွက် သူတို့မသိရှိသော ထိုကျင့်စဉ်များကို လင်းဖန် အဆင့်မြှင့်တင်ရန် လိုအပ်နေပေသည်။
၎င်းကျင့်စဉ်နှစ်ခုသည် အသက်ရှင်သန်ရေးအတွက် သူပိုင်ဆိုင်ထားသော အခြားစွမ်းရည်များမှလွဲ၍ အဓိကလျှို့ဝှက်ဖဲချပ်များ ဖြစ်လာပေလိမ့်မည်။
သူ၏ ချီစွမ်းအင်နှင့် ခွန်အားများအားလုံးကို ကုန်စင်အောင် အသုံးပြုပြီးသွားချိန်တွင် လင်းဖန်သည် ကျင့်ကြံမှုကိုရပ်တန့်လိုက်ကာ အိပ်ရာဝင်လိုက်လေတော့သည်။