အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) - ထန်စစ်တပ်၏ အကြွင်းအကျန်များ
နောက်တစ်နေ့…
လင်းဖန်သည် ဟိုကျဲ့ပြင်ဆင်ထားသော ခမ်းနားသည့်နံနက်စာ၏ မွှေးပျံ့သောရနံ့ကြောင့် နိုးလာလေသည်။
“မျက်နှာသစ်ပြီး နံနက်စာ လာစားချေ...”
ဟိုကျဲ့က လင်းဖန်တစ်ယောက် ကုတင်ပေါ်တွင်ထိုင်နေသည်ကို မြင်သောအခါ ရယ်မောကာ ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး တဲအပြင်ဘက်ရှိရေတွင်းမှ ရေခပ်ရန် ထွက်သွားလေတော့သည်။
မျက်နှာသစ်ပြီးနောက် သူသည် စားပွဲပေါ်ရှိ သူ၏နံနက်စာကို ကြည့်လိုက်သည်။
၎င်းတွင် ပေါက်စီများ၊ ဖက်ထုပ်များနှင့် ခေါက်ဆွဲများ ပါဝင်ပေသည်။
ဤသို့ ဂရုစိုက်ပေးမည့်သူရှိနေခြင်းမှာ လင်းဖန် အလွန်တန်ဖိုးထားသော ဇိမ်ခံမှုတစ်ခုပင် ဖြစ်လေသည်။
သူသည် အချိန်မဖြုန်းတော့ဘဲ ခေါက်ဆွဲများကို ချက်ချင်း စုပ်ယူစားသောက်လိုက်တော့သည်။
ညက သူ၏ ကျင့်ကြံခြင်းအလေ့အကျင့်သည် စွမ်းအင်အားလုံးကို ကုန်ဆုံးစေခဲ့သောကြောင့် အတော်လေး ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
လင်းဖန်သည် လီရုံက တစ္ဆေကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းကို သတိရသွားသဖြင့် စားနေခြင်းကို ရပ်တန့်ကာ မေးလိုက်သည်။
“တစ္ဆေကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး အစ်ကိုဟို သိထားတာများ ရှိလား...”
ဟိုကျဲ့၏မျက်လုံးများ ပြူးကျယ်သွားပြီး ခဏမျှ တွေးတောလိုက်လေသည်။
“တစ္ဆေကျင့်ကြံသူတွေက သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေကိုအသုံးပြုပြီး ကျင့်ကြံကြတဲ့အတွက် လူကြောက်များကြတယ်...”
“သူတို့ရဲ့ သိုင်းနည်းစနစ်တွေက ပုံစံအမျိုးမျိုးရှိတယ်... သူတို့နဲ့ရင်ဆိုင်ရတဲ့အခါ မင်း သတိထားတာ အကောင်းဆုံးပဲ...”
“တကယ်တော့ အရေခွံရုပ်သေးတျောင်ကလည်း သူတို့ထဲကတစ်ယောက်ပဲ...”
“နောက်ဆုံးအချက်အနေနဲ့ သူတို့သာ လုံလောက်တဲ့စွမ်းအားရှိလာပြီဆိုရင် သူတို့ရဲ့ဝိညာဉ်တွေကို ခန္ဓာကိုယ်ကနေခွဲထုတ်ပြီး တခြားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဝင်ရောက်ပူးကပ် သိမ်းပိုက်နိုင်ကြတယ်...”
“ဒါကြောင့်လည်း သူတို့ကို အများအားဖြင့် လူတွေက ရွံရှာကြတာပဲ...”
ဝိညာဉ်များနှင့်ပတ်သက်သော စွမ်းရည်ရှိသူတစ်ဦးအား တိုက်ခိုက်ရမည့်အကြောင်း တွေးမိသောအခါ လင်းဖန် မျက်မှောင်ကြုတ်သွားလေသည်။
ဟိုကျဲ့သည် လင်းဖန် မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
နောက်ဆုံးတွင် သူက စကားစလိုက်သည်။
“တစ္ဆေကျင့်ကြံသူတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တဲ့လူတစ်ယောက်ကို ငါ သိတယ်... မင်းကိုကူညီနိုင်မယ့် မှော်ရတနာတစ်ခု ရနိုင်မလားဆိုတာ ငါ သွားပြီး ကြိုးစားကြည့်ပေးလို့ ရတယ်...”
“ကျုပ်လည်း အစ်ကိုဟိုနဲ့ လိုက်ခဲ့မယ်...”
တစ္ဆေကျင့်ကြံသူများကိုနှိမ်နင်းနိုင်သော သူတစ်ယောက်အား သိခွင့်ရမည်ဆိုသည့်အလားအလာကြောင့် လင်းဖန် အလွန်စိတ်ဝင်စားသွားရလေသည်။
သို့သော် ဟိုကျဲ့က သူ့ကိုတားဆီးကာ ပြောလိုက်သည်။
“မင်း ဒီမှာပဲနေပြီး ငါ့ကိုစောင့်နေတာ အကောင်းဆုံးလို့ ထင်တယ်...”
လင်းဖန်သည် ကြာနက်ဂိုဏ်းကို ကျိန်ဆဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
သို့သော်လည်း သူသည် ဟိုကျဲ့ကို တစ်ယောက်တည်းသွားခိုင်းရန် စိတ်မချနိုင်သောကြောင့် အကြံပြုလိုက်သည်။
“ဟိုမင်ကို အစ်ကိုဟိုနဲ့အတူ သွားခိုင်းလိုက်ပါ... သူက ကျုပ်လောက် စွမ်းဆောင်ရည်ရှိတယ်...”
“ဟိုမင်လား”
“ဒါပဲ၊ ကျုပ် ဟိုမင်ကို သွားပြောလိုက်မယ်...”
လင်းဖန်က အခိုင်အမာ ပြောဆိုလိုက်ပြီး ဓားတောင်ထွတ်ဆီသို့ ချက်ချင်း ထွက်သွားတော့သည်။
ထိုဦးလေးနှင့် တူကြားတွင် မည်သို့သောကိစ္စများ ရှိနေသည်ကို သူ သေချာမသိသော်လည်း ၎င်းတို့နှစ်ဦးအား အတူရှိနေခွင့် ပေးလိုက်နိုင်သည့်အတွက် သူ ဝမ်းသာမိလေသည်။
မျှော်လင့်ထားသည့်အတိုင်း ဟိုမင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ သဘောတူလိုက်လေသည်။
သူတို့သည် ဟိုကျဲ့၏အသိမိတ်ဆွေထံမှ အကူအညီတောင်းရန် ချက်ချင်း ထွက်ခွာသွားကြတော့သည်။
ထို့နောက် လင်းဖန်သည် နောက်ရက်များတွင် သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေတော့သည်။
…
ထိုက်တောင်…
လီရုံသည် မျက်စိကျိန်းမတတ် တောက်ပြောင်နေသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းခွံများနှင့် အရိုးများဖြင့်ပြုလုပ်ထားသော ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေလေသည်။
သူမ၏အရှေ့တွင် သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရှိနေပေသည်။
သူမသည် ခေါင်းမော့လိုက်ပြီး ချယ်ရီသီးတစ်လုံးကို လျှာဖြင့်လျက်ကာ မျိုချလိုက်လေသည်။
“ဒီတော့ အရာရှိယိ... ရှင်က ကျွန်မတို့ဂိုဏ်းကို ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီပေါ့...”
စစ်သူကြီးယိသည် နှုတ်ခမ်းကိုကိုက်လိုက်ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်လေသည်။
“ဟုတ်ပါတယ်... ဧကရာဇ်နဲ့ ဂိုဏ်းအားလုံးရဲ့သစ္စာဖောက်မှုကို ခံခဲ့ရပြီးတဲ့နောက်မှာ သူတို့ကို ဘာလို့ အေးအေးချမ်းချမ်း နေခွင့်ပေးရမှာလဲ...”
“စစ်သူကြီးထန်အတွက် ကလဲ့စားချေဖို့က အခု ကျုပ်လိုချင်တဲ့ တစ်ခုတည်းသော အရာပဲ...”
“ကြာပလ္လင်ရဲ့ သူတော်စင်မိန်းကလေးအနေနဲ့ ရှင်တို့ကို ကြိုဆိုပါတယ်... ရှင့်ရဲ့ ကလဲ့စားချေမှုက သေချာပေါက် အောင်မြင်ရမယ်လို့ ကျွန်မ အာမခံတယ်...”
လီရုံသည် သူမ၏ကိုယ်ဟန်ကို ဘေးဘက်သို့ရွှေ့လိုက်ရာ သူမ၏ ရှည်လျားသော ခြေတံများ ပေါ်လာတော့သည်။
သူမ၏တပည့်များသည် ရမ္မက်ပြင်းပြသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
သူမရရှိနေသော အာရုံစိုက်မှုများကြောင့် သူမက ပြုံးလိုက်လေသည်။
အရာရှိယိသည် ခေါင်းကို ပို၍ငုံ့ကာ ထိုမြင်ကွင်းကိုရှောင်လွှဲရန် ကြိုးစားလိုက်သည်။
လီရုံသည် သူမ၏ပါးစပ်ကို လက်ဖြင့်ဖုံးကာ ရယ်မောလိုက်လေသည်။
“ရှင် အသားကျဖို့ အချိန်နည်းနည်း ယူရဦးမယ့်ပုံပဲ...”
ထို့နောက် သူမသည် ရှေ့သို့ကိုင်းညွတ်လိုက်ရာ သူမ၏ ရင်သားအကွဲကြောင်းမှာ ပေါ်လွင်သွားလေသည်။
“ဒါပေမဲ့ ပထမဆုံးအနေနဲ့ ရှင်နဲ့ ရှင့်လူတွေက ဟုန်ဖုန်းမြို့ထဲကိုခိုးဝင်ပြီး လူတိုင်းကိုသတ်ပစ်ဖို့ ကျွန်မ လိုအပ်တယ်...”
အရာရှိယိသည် လန့်ဖြန့်သွားလေသည်။
“လူတိုင်းကို သတ်ရမယ်...”
“ဒါက ရှင်လိုချင်တဲ့အရာ မဟုတ်ဘူးလား... ရှင့်ကို သစ္စာဖောက်တဲ့သူအားလုံး သေရမယ်လေ... ရှင့်အနေနဲ့ ဘာလိုချင်လဲဆိုတာ သေချာမသိဘူးဆိုရင်တော့ ရှင်နဲ့ ရှင့်လူတွေ အခုပဲ ထွက်သွားလို့ရတယ်...”
လီရုံက ပြောလိုက်လေသည်။
အရာရှိယိသည် ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီ၊ အသေးစိတ်ကို ကျွန်မလူတွေက ရှင်းပြလိမ့်မယ်...”
လီရုံသည် ထိုသို့ပြောလိုက်ပြီး သူ့ကိုထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်တော့သည်။
အရာရှိယိ အခန်းထဲမှ ထွက်သွားသောအခါ သူမဘေးရှိ တပည့်ဖြစ်သူက ရှေ့သို့ထွက်လာလေသည်။
“သူတော်စင်မိန်းကလေး... သူက တစ်မြို့လုံးကို သတ်ဖြတ်နိုင်မယ်ဆိုတာ သေချာလို့လား...”
“သူတို့ ကျရှုံးသွားရင် ငါတို့ဝင်ပါရမှာပေါ့... ဘာပဲဖြစ်ဖြစ် တစ္ဆေတစ်ထောင်ဆေးရည်အတွက် ငါ စုဆောင်းနိုင်သမျှ ဝိညာဉ်တွေအကုန်လုံး လိုအပ်တယ်လေ...”
“ဒီဆေးရည်နဲ့ဆိုရင် ငါ့ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ကနေခွဲထုတ်နိုင်ပြီး ဘယ်သူ့ခန္ဓာကိုယ်ကိုမဆို ဝင်ပူးနိုင်လိမ့်မယ်...”
“အထူးသဖြင့် ကျန်းရီနျန်ပေါ့...”
“ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်က အမှောင်အရှင်ကို သေချာပေါက် အထောက်အကူ ဖြစ်စေလိမ့်မယ်...”
လီရုံသည် မျက်လုံးများကို မှေးစင်းလိုက်လေသည်။
ဟော်ရန်ယိက သူမကို ‘ကူညီ’ ရန် လာနေပြီဖြစ်ရာ သူမ အလျင်စလို လုပ်ရပေမည်။
အကယ်၍ သူမအနေဖြင့် သူ့အကူအညီကို လိုအပ်နေမည်ဆိုလျှင် အမှောင်အရှင်ရှေ့၌ သူမအတွက် မျက်နှာပျက်စရာ ဖြစ်လာပေလိမ့်မည်။
ဤအကြောင်းကိုတွေးမိသောအခါ ချင်ဖုန်းဂိုဏ်းမှ ခန္ဓာကိုယ်ကျင့်ကြံသူများကို ဖမ်းဆီးသည့် အခြေအနေနှင့် ပတ်သက်၍ တပည့်ဖြစ်သူကို မေးလိုက်လေသည်။
“သူ... ကျရှုံးသွားတယ်... ချင်ဖုန်းဂိုဏ်းရဲ့တပည့်တွေက သူ့ရဲ့ လှည့်ကွက်ကို ရိပ်မိသွားကြတယ်...”
တပည့်ဖြစ်သူက ဝတ်ရုံနက်ဝတ်ဆင်ထားသောလူ၏ကျရှုံးမှုကို လီရုံအား သတင်းပို့လိုက်လေသည်။
“အဲဒီလူမိုက်ဆီက ဒီလောက်တော့ မျှော်လင့်ထားပြီးသားပါ... အစီအစဉ်ပြောင်းမယ်... ဟုန်ဖုန်းမြို့ကိုပဲ အာရုံစိုက်ထားလိုက်... အဲဒီအချိန်ကျရင် ကျန်းရီနျန် ပေါ်လာရလိမ့်မယ်...”
လီရုံမှာ စိတ်ပျက်သွားသော်လည်း သူမ၏အစီအစဉ်များကို အခြေအနေနှင့်ကိုက်ညီအောင် ပြောင်းလဲလိုက်လေသည်။
ခန္ဓာကိုယ်ကျင့်ကြံသူများ၏အဆင့်က အရမ်းနိမ့်နေသဖြင့် ယခုအချိန်အထိ သူမ၏ စမ်းသပ်မှုများမှာ ဘာရလဒ်မှ မရရှိခဲ့ချေ။
သူတို့အပေါ် ကျရောက်လာသော ညှဉ်းပန်းနှိပ်စက်မှုများကိုမခံနိုင်ဘဲ မကြာမီမှာပင် သေဆုံးသွားကြလေသည်။
သူမအတွက် ရှေ့ဆက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကျန်းရီနျန်၏ခန္ဓာကိုယ်ကို ဝင်ပူးရန် ကြိုးစားခြင်းသာ။
…
“အား...”
လင်းဖန်သည် နောက်ဆုံးကျန်ရှိနေသော အက်ဆစ်အဆိပ်များကို သူ၏ အဆိပ်အိတ်ထဲသို့ စုပ်ယူလိုက်စဉ် နာကျင်စွာ အော်ဟစ်လိုက်လေသည်။
နောက်ဆုံးတွင် သူ အောင်မြင်သွားချေပြီ။
ယခုအခါ သူ မှုတ်ထုတ်လိုက်သောအဆိပ်တွင် သားကောင်၏အရေပြားနှင့် အသားများကို လောင်ကျွမ်းစေမည့် အက်ဆစ်ဂုဏ်သတ္တိများ ပါဝင်နေပေပြီ။
ဝိညာဉ်သဏ္ဍာန်စုံ စက္ကူခေါက်ကျင့်စဉ်အတွက်မူကား သူသည် ယခုအခါ စက္ကူရုပ် (၁၀)ရုပ်အထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်နေပြီ ဖြစ်လေသည်။
ယခု သူသည် ဟိုကျဲ့နှင့် ဟိုမင် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။
ထိုအချိန်အတောအတွင်း သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်နှင့် သစ်သားတဲတွင် ကျင့်ကြံခြင်းဟူသော နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိုသာ ဆက်လက်လုပ်ဆောင်နိုင်ပေသည်။