← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) - ဘုရားကျောင်း

ဓားတစ်သန်းခန်းမ…

ချင်းယန်ဇီပုံမှန်ထိုင်လေ့ရှိသော ကုလားထိုင်မှာ ယခုအခါ လွတ်လပ်နေလေသည်။

၎င်း၏ဘေးတွင် ထိုင်နေသူမှာ ဟွမ်ယွမ်ခွန်းပင် ဖြစ်ချေသည်။

ချင်းယန်ဇီ၏တိုက်ရိုက်တပည့်ဖြစ်သော သူသည် တောင်ထွတ်သခင်အဖြစ် ယာယီတာဝန်ယူထားခြင်းဖြစ်ပေသည်။

အခြားသော တောင်ထွတ်သခင်များသည်လည်း ခန်းမအတွင်း၌ စုဝေးနေကြလေသည်။

“ငါတို့ ဘာကို စောင့်နေကြတာလဲ... ထိုက်တောင်ကိုသာ တိုက်ခိုက်လိုက်ကြစို့...”

ဟန်တန်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ကြာနက်ဂိုဏ်းနဲ့ အရင်က ရင်ဆိုင်ခဲ့ရတာတွေကနေ မင်း ဘာမှမသင်ယူရသေးဘူးလား...”

ကျောက်မင်ယဲ့က ဟန်တန်၏ အဆောတလျင် အကြံပြုချက်ကို သဘောမကျပေ။

“အခု မင်းက အရမ်းကို သတိထားလွန်းနေပြီ... အရင်ကလည်း သူတို့ကို ငါတို့ အနိုင်ယူခဲ့ဖူးတာပဲ... ဒီတစ်ကြိမ်လည်း ထပ်ပြီး အနိုင်ယူနိုင်မှာပါ...”

ဟန်တန်က ပြန်လည်ချေပလိုက်သည်။

သူတို့၏အငြင်းပွားမှုများကို ထိန်းချုပ်ပေးမည့် ချင်းယန်ဇီမရှိသောအခါ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။

ဟွမ်ယွမ်ခွန်းသည် သူတို့ထဲတွင် အငယ်ဆုံးဖြစ်သဖြင့် တိတ်ဆိတ်စွာသာ နေလိုက်လေသည်။

နောက်ဆုံးတွင် ကျန်းရီနျန်က ဝင်ရောက်တားဆီးလိုက်သည်။

“အငြင်းပွားနေတာတွေ တော်ကြတော့... သိုင်းဦးလေးဆီက သတင်းတစ်ခုခုရပြီလား...”

သူက ကျောက်ချင်းယင်အကြောင်းကို မေးမြန်းလိုက်ခြင်းဖြစ်သည်။ ကျောက်ချင်းယင်နှင့်အတူ ထိုက်တောင်သို့သွားရောက်ခြင်းက သူတို့အတွက် ပို၍ ဘေးကင်းလုံခြုံစေမည်ဖြစ်ပေသည်။

ဟွမ်ယွမ်ခွန်းက ခေါင်းယမ်းလိုက်သည်။

“သိုင်းဦးလေးဆီက ဘာသတင်းမှ မရသေးပါဘူး... သူ့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ နေရာကတော့ အရှေ့ဘက်နယ်မြေက တံငါရွာတစ်ရွာမှာပါပဲ...”

“သူ ပင်လယ်ပြင်ဆီကိုများ ထွက်သွားတာလား...”

ကျန်းရီနျန်က တွေးတောလိုက်လေသည်။

“ဖြစ်နိုင်ခြေရှိပါတယ်... သတင်းပို့သမားတွေကို စုံစမ်းကြည့်ခိုင်းလိုက်ပါ့မယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

“ဒါဆို ငါတို့က ဒီအတိုင်းထိုင်ပြီး ကြာနက်ဂိုဏ်းလာမယ့်အချိန်ကိုပဲ စောင့်နေရတော့မှာလား...”

ဟန်တန်က မတ်တတ်ရပ်ကာ မေးလိုက်သည်။

အခြားသော တောင်ထွတ်သခင်များက ဟွမ်ယွမ်ခွန်းကို ကြည့်လိုက်ကြသည်။

ဓားတောင်ထွတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှ တပည့်များသာလျှင် တိုက်ပွဲဝင်ရန် ပို၍ သင့်လျော်ပေသည်။

ထို့အပြင် ယခုအချိန်တွင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၌ လင်းဖန်မှလွဲ၍ အခြား မည်သည့်တပည့်မျှ မကျန်ရှိတော့ချေ။

ထို့ကြောင့် ဓားတောင်ထွတ်မှတပည့်များသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာတော့သည်။

“ထိုက်တောင်ကိုစုံစမ်းဖို့ အဖွဲ့တစ်ဖွဲ့လွှတ်လိုက်ပါ့မယ်... အဲဒါက ကျွန်တော်တို့ ရှေ့ဆက်ဘာလုပ်သင့်သလဲဆိုတာကို ပိုကောင်းတဲ့ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးပါလိမ့်မယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

တစ်ခါတစ်ရံတွင် သူသည် ချင်းယန်ဇီကို ဆုံးဖြတ်ချက်မပြတ်သားသူဟု ထင်မြင်ခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ ချင်းယန်ဇီကြုံတွေ့ခဲ့ရသော အခက်အခဲများကို သူ အနည်းငယ် နားလည်လာခဲ့လေပြီ။

အဖွဲ့အစည်းတိုင်း၏ဦးစားပေးမှုများကို မျှတအောင်ထိန်းကျောင်းရသော ဖိအားများက သူ့အပေါ်သို့ တဖြည်းဖြည်း ကျရောက်လာချေပြီ။

…

တစ်ပတ်ကြာပြီးနောက်…

ဓားတောင်ထွတ်မှ အဖွဲ့သည် ထိုက်တောင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ယူဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကြာနက်ဂိုဏ်းမှတပည့်များမှာ ထိုနေရာအနှံ့အပြားတွင် ရှိနေကြလေသည်။

သူတို့သည် သူတော်စင်မိန်းကလေးဟုခေါ်သော လူတစ်ဦးကိုကိုးကွယ်ကြပြီး သူမ၏ကောင်းချီးမင်္ဂလာများဖြင့် အသက်ရှည်ရှည်နေရမည်ဟု ယုံကြည်လာစေရန် ဦးနှောက်ဆေးခံထားရခြင်း ဖြစ်ပေသည်။

ဧကရာဇ်မှာလည်း မြောက်ပိုင်းရှိ ဟူလူမျိုးနွယ်စုနှင့် အလုပ်ရှုပ်နေချေသည်။

ထို့ပြင် ဂိုဏ်းများသည်လည်း အကြီးအကျယ်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့ကိုတားဆီးရန် အရင်းအမြစ်များ မရှိကြတော့ချေ။

တောင်ထွတ်သခင်များသည် ထိုမျှကြီးမားသောအန္တရာယ်ကို မစွန့်စားလိုကြသဖြင့် ကျောက်ချင်းယင်ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ကျောက်ချင်းယင်မရှိဘဲနှင့် ချင်ဖုန်းဂိုဏ်းတစ်ခုတည်းက ဤကိစ္စကို ဖြေရှင်းနိုင်စွမ်း မရှိချေ။

ထိုအချိန်တွင် လင်းဖန်သည် ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ရာ ယခုအခါ အမြုတေဖွဲ့စည်းခြင်းအဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်လေသည်။

ဤမျှတိုတောင်းသော အချိန်ကာလအတွင်းတွင် သူသည် အဆင့်တစ်ဆင့်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းရီနျန်သည် သူ၏တိုးတက်မှုများကိုကြည့်ကာ အလွန်အမင်း အံ့ဩလေးစားသွားခဲ့လေသည်။

ထို့ပြင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများလည်းမရှိတော့သဖြင့် လင်းဖန်၏သွားလာလှုပ်ရှားမှုများမှာ ယခင်ကဲ့သို့ ကန့်သတ်မခံရတော့ချေ။

ဟုန်ဖုန်းမြို့တွင် လာရောက်တွေ့ဆုံရန် ဟိုမင်နှင့် ဟိုကျဲ့တို့ထံမှ စာတစ်စောင်လက်ခံရရှိခဲ့သောကြောင့် ၎င်းမှာ သူ့အတွက် သတင်းကောင်းတစ်ခုပင် ဖြစ်ချေတော့သည်။

ဟိုကျဲ့၏မိတ်ဆွေမှာ ထိုမှော်ရတနာကိုအသုံးပြုရန်အတွက် သူကိုယ်တိုင်ရှိနေရန် လိုအပ်သော်လည်း သူကမူ ခရီးသွားရန် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေသည်။

“ဂရုစိုက်သွားပါ... မျက်နှာဖုံးကို သုံးပြီး သတိထားပါ။ ဒီမှာ... ဒါလေး ယူသွားလိုက်...”

ကျန်းရီနျန်က လင်းဖန်အား ကျောက်စိမ်းဆွဲပြားတစ်ခုကို ကမ်းပေးလိုက်သည်။

“ဒီဆွဲပြားကို ခွဲပစ်လိုက်တာနဲ့ ငါ အမြန်ဆုံး လာကယ်မယ်...”

ထိုအရာသည် ယခင်က ကျောက်ရွေ့ပေးခဲ့ဖူးသော ကျောက်စိမ်းဆွဲပြားနှင့် ဆင်တူနေချေသည်။

“ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်...”

လင်းဖန်သည် ကျန်းရီနျန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် လှည့်ကာ ထွက်ခွာသွားတော့သည်။

သူသည် မျက်နှာဖုံးကိုတပ်ဆင်လိုက်ပြီး ဟုန်ဖုန်းမြို့သို့ ချက်ချင်း ခရီးဆက်လိုက်လေသည်။

လမ်းတစ်လျှောက်တွင် မြို့ဆီသို့ ဦးတည်သွားနေကြသော လူအုပ်ကြီးကို သူ မြင်တွေ့လိုက်ရသည်။

အစပိုင်းတွင် သူတို့က မြောက်ဘက်နယ်မြေရှိ စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသည့် မိသားစုများ ဖြစ်လောက်ပေမည်ဟု သူ ထင်မှတ်ခဲ့သည်။

သို့သော်လည်း သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ အများစုမှာ အသက်နှစ်ဆယ်နှင့် သုံးဆယ်ဝန်းကျင်ရှိ ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသည့် ယောက်ျားများဖြစ်နေကြောင်း သတိပြုမိသွားချေသည်။

သူ သံသယဝင်သွားကာ ဤကိစ္စကို သေချာစွာ မှတ်သားထားလိုက်လေသည်။

ဟုန်ဖုန်းမြို့သို့ရောက်သည့်အခါ မြို့စားလုကို သတိပေးရပေလိမ့်မည်။

…

ဟုန်ဖုန်းမြို့…

လင်းဖန်ရောက်ရှိသွားချိန်တွင် တည်းခိုခန်းတစ်ခု၌ ဟိုမင်နှင့် ဟိုကျဲ့တို့ကို တွေ့ဆုံလိုက်သည်။

မျက်နှာဖုံး တပ်ဆင်ထားသည့်အတွက် သူတို့က လင်းဖန်ကို မမှတ်မိနိုင်ကြပေ။

သူသည် ပုံမှန် ချောမောနေသည့် ရုပ်ရည်မျိုး မဟုတ်တော့ချေ။

ယခုအခါတွင် သူသည် အခြားသော သာမန်လူများနည်းတူ မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအသွင် ဖြစ်နေပေသည်။

“ဒါနဲ့... ခင်ဗျားရဲ့ မိတ်ဆွေကို ဘယ်မှာ သွားတွေ့ရမလဲ...”

လင်းဖန်က မေးလိုက်သည်။

“သူက ဟိုးဘက်က ဘုရားကျောင်းမှာ ရှိတယ်...”

ဟိုကျဲ့သည် တည်းခိုခန်းနှင့် သိပ်မဝေးလှသော ဘုရားကျောင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သော်လည်း ဘုရားကျောင်းရှေ့ရှိ လူအုပ်ကြီးကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

“ကျုပ်တို့ သွားကြည့်တာ ပိုကောင်းမယ်ထင်တယ်...”

ဘုရားကျောင်းရှေ့မှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများကို မြင်လိုက်ရချိန်တွင် လင်းဖန်က ပြောလိုက်သည်။

သူတို့သုံးဦးသည် ဘုရားကျောင်းဆီသို့ အမြန် ပြေးသွားကြလေသည်။

ထိုနေရာတွင် ရင်ဘတ်၌ ကြာပန်းတံဆိပ်ပါရှိသော ဝတ်ရုံနီများကိုဝတ်ဆင်ထားသည့် လူအုပ်ကြီးက ပိတ်ထားသောတံခါးများကို အတင်း ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေကြသည်။

“သူတော်စင်မိန်းကလေးကသာ တစ်ဦးတည်းသော ကယ်တင်ရှင်ပဲ...”

“တံခါးဖွင့်ပြီး ကြာပလ္လင်က သူတော်စင်မိန်းကလေးဆီမှာ လာပူးပေါင်းကြ...”

“သူတော်စင်မိန်းကလေးနဲ့မှ ထာဝရအသက်ရှင်ခြင်းဆိုတာ ဖြစ်နိုင်မှာ...”

သူတော်စင်မိန်းကလေး၏ တပည့်များသည် ဇွန်ဘီများကဲ့သို့ ကြွေးကြော်သံများကို အော်ဟစ်နေကြသည်။

သူတို့သည် သူတော်စင်မိန်းကလေး ညွှန်ကြားသည့်အတိုင်း တွေးတောလုပ်ဆောင်ရန် ဦးနှောက်ဆေးခံထားရကြောင်း သိသာထင်ရှားနေပေသည်။

လင်းဖန်သည် ခေါင်းယမ်းလိုက်ပြီး တံခါးဝရှိလူများကို တွန်းဖယ်လိုက်သည်။

သူတော်စင်မိန်းကလေး၏ တပည့်များသည် သူ၏ အင်အားကို တောင့်ခံနိုင်လောက်အောင် မသန်စွမ်းကြပေ။

သူတို့ လဲကျသွားသော်လည်း ပြန်လည်ထလာကြပြန်သည်။

သူတို့က မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ပင်။

သူတို့ မတ်တတ်ရပ်လာချိန်တွင်လည်း အလားတူ ကြွေးကြော်သံများကိုသာ ဆက်လက် အော်ဟစ်နေကြတော့သည်။

လင်းဖန်စိတ်ပျက်သွားကာ လှံကိုထုတ်ယူလိုက်ပြီး အလျားလိုက်ကိုင်ဆောင်ကာ လူအုပ်ကြီးကို တွန်းထုတ်လိုက်လေသည်။

ထိုလုပ်ရပ်ကြောင့် လူအုပ်ကြီးမှာ နောက်ဆုတ်သွားရတော့သည်။

လူအုပ်ကြီး အတန်ငယ် ဝေးကွာသွားချိန်တွင် ဟိုမင်နှင့် ဟိုကျဲ့တို့က တံခါးကိုဖွင့်လိုက်ပြီး လင်းဖန်ကို လှမ်းအော်လိုက်သည်။

“မြန်မြန် ဝင်လာခဲ့...”

လင်းဖန်သည် သူတို့ကို လမ်းမပေါ်တွင် သတ်ဖြတ်၍ မဖြစ်နိုင်သောကြောင့် ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကြီးကို နောက်ဆုံးအကြိမ်အဖြစ် တွန်းထုတ်လိုက်လေသည်။

သူ၏တွန်းထုတ်မှုမှ ရုတ်တရက်ထွက်ပေါ်လာသော အင်အားကြောင့် လူအုပ်ကြီးမှာ တစ်ယောက်ပေါ်တစ်ယောက် ထပ်ကာ လဲကျကုန်တော့သည်။

သူသည် လှံကိုပြန်သိမ်းလိုက်ပြီး ဘုရားကျောင်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။

All Chapters