← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆) - မြို့စားလု

“ရပ်... တောင်းပန်ပါတယ်... လာပါ... ဧည့်သည်တော်တို့ ဝင်ကြပါ...”

တည်းခိုခန်းအစေခံများက သူတို့အားဝင်ခွင့်မပြုရန် ကြိုးပမ်းကြသော်လည်း ဟိုမင်နှင့် ဟိုကျဲ့တို့ကို မှတ်မိသွားသောအခါ ဝင်ခွင့်ပြုလိုက်ကြလေသည်။

လင်းဖန်က အစေခံများကိုပြုံးပြလျက် မေးမြန်းလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ...”

“သူတော်စင်မရဲ့တပည့်တွေ ရူးသွပ်ကုန်ကြပြီထင်တယ်...”

“သူတို့တွေက တစ်မြို့လုံးကိုလှည့်လည်ပြီး ပြဿနာတွေ ရှာနေကြတာ...”

“ကျုပ်တို့ တည်းခိုခန်းလည်း ပျက်စီးလုနီးပါးဖြစ်သွားတယ်... တော်သေးလို့ မြို့စောင့်ရဲမက်တွေ အချိန်မီ ရောက်လာလို့ပေါ့...”

အစေခံကပြောကြားရင်း ထောင့်တစ်နေရာတွင် ပုံထားသော ပျက်စီးနေသည့် စားပွဲနှင့် ကုလားထိုင်များကို လက်ညှိုးထိုးပြလေသည်။

လင်းဖန်က အစေခံကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် နေ့လယ်စာ စားသုံးရန် ထမင်းစားဆောင်သို့ ဝင်လာခဲ့ကြသည်။

သူသည် ပတ်ဝန်းကျင်မှ ပြောဆိုသံများကို အာရုံစိုက်ကာ စူးစမ်းနားထောင်လိုက်လေသည်။

“မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... မြန်မြန် ထွက်သွားတာ ပိုကောင်းလိမ့်မယ်...”

“ငါလည်း ကြိုးစားပါသေးတယ်... ဒါပေမဲ့ အဲဒီ ရူးသွပ်နေတဲ့ တပည့်တွေက နေရာအနှံ့မှာ ရှိနေတာ...”

“မြို့စားမင်းအနေနဲ့ ဒီအရူးတွေကို မကြာခင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်...”

ထွက်ခွာရန်ကြိုးပမ်းကြသော ကုန်သည်များမှာ ပိတ်မိနေကြပြီး ထိုတပည့်များကို ရှင်းလင်းပြီးမှသာ ဆက်လက် လှုပ်ရှားဝံ့ကြပေလိမ့်မည်။

လင်းဖန်က သူတို့၏ စကားဝိုင်းဆီသို့ လျှောက်သွားကာ ကြားဖြတ် မေးမြန်းလိုက်သည်။

“အားနာပါတယ်... ဒီကိုခိုလှုံဖို့ ရောက်လာကြတဲ့လူတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲဆိုတာ တစ်ယောက်ယောက် သိပါသလား... သူတို့က သူတော်စင်မရဲ့ တပည့်တွေလား...”

သူတော်စင်မ၏တပည့်များနှင့် ထိုလူများအကြား မည်သို့သော ပတ်သက်မှုရှိသည်ကို သူ စုံစမ်းရမည် ဖြစ်ပေသည်။

“အို... အဲဒီလူတွေက တပည့်တွေနဲ့ ဘာမှ မပတ်သက်ပါဘူး...”

“ငါ သူတို့ကို စကားပြောဖို့ ကြိုးစားကြည့်ပေမဲ့ အများစုက ငါ့ကို ခက်ထန်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်ပြီး ဘာမှ ပြန်မပြောကြဘူး...”

“သူတို့ထဲက တစ်ယောက်ကတော့ ပြန်ပြောပါတယ်... သူတို့က မြောက်ဘက်ကလာကြတာတဲ့... ချမ်းအေးလွန်းတဲ့ရာသီဥတုနဲ့ စစ်ဘေးဒဏ်ကနေလွတ်အောင် ပြေးလာကြတာလို့ ပြောတယ်...”

လင်းဖန်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

“မြောက်ဘက်ကလား...”

ထိုသူတို့သည် ထန်ရှောင်ယောင်၏စစ်တပ်မှ ကျန်ရစ်သော စစ်သည်များဖြစ်ရန် အလွန်ပင် နီးစပ်လှပေသည်။

သူတော်စင်မ၏တပည့်များ ဆူပူသောင်းကျန်းနေချိန်၌ ထိုသူတို့ ဤနေရာတွင်ရှိနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်သည်မှာ သေချာပေသည်။

သူ မြင်တွေ့ခဲ့သော ထိုလူများအကြောင်းကို မြို့စားလုထံသွားရောက်ကာ အစီရင်ခံရမည်ဖြစ်ကြောင်း သူ သိရှိလိုက်လေသည်။

ထို့အပြင် ဤအခွင့်အရေးကိုအသုံးချကာ စီမာလျန်အား ဖြစ်ပျက်နေသည်များကို သတိပေးနိုင်ပေသည်။

နေ့လယ်စာ စားသောက်ပြီးနောက် သူက ဟိုမင်နှင့် ဟိုကျဲ့တို့အား သတိရှိကြရန်နှင့် တာအိုဆရာကြီးလီအား ဘေးကင်းအောင် စောင့်ရှောက်ပေးရန် တောင်းဆိုလိုက်လေသည်။

သူ့ကိစ္စများ ပြီးစီးပါက ဘုရားကျောင်း၌ ပြန်လည်ဆုံတွေ့ကြမည် ဖြစ်ပေသည်။

အရာအားလုံးကိုစီစဉ်ပြီးနောက် လင်းဖန်နှင့် ထိုနှစ်ဦးမှာ လမ်းခွဲထွက်ခွာသွားကြတော့သည်။

…

မြို့စားမင်းအိမ်တော်…

မြို့အတွင်း၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားနေသဖြင့် အိမ်တော်ဝန်းကျင်တွင် ကာကွယ်ရေးရဲမက်များကို တင်းကျပ်စွာ ချထားလေသည်။

လင်းဖန်သည် မျက်နှာဖုံးတပ်ကာ ရုပ်ဖျက်ထားသဖြင့် အိမ်တော်စောင့်ရဲမက်များ၏တားဆီးခြင်းကို ခံလိုက်ရသည်။

“ကျုပ်က လင်းဖန်ဆီကနေ မြို့စားမင်းဆီကို သတင်းစကားပါးဖို့ လာခဲ့တာ...”

ရဲမက်များအား အိမ်တော်အတွင်းသို့ ဝင်ခွင့်ပြုစေရန် သူသည် ချင်ဖုန်းဂိုဏ်းမှဖြစ်ကြောင်း သက်သေပြသည့် သစ်သားတံဆိပ်ပြားကို ထုတ်ပြလိုက်ရလေသည်။

ဧည့်ခန်းဆောင်မှာ သူ မှတ်မိထားသည့်အတိုင်း သပ်ရပ်သန့်ရှင်းနေဆဲပင်။

အရာအားလုံးမှာ စနစ်တကျ ရှိနေပေသည်။

မြို့စားလု ဧည့်ခန်းဆောင်သို့ ဝင်လာသောအခါ အမောတကောဖြစ်နေပြီး အသက်ကို လုရှူနေရလေသည်။

“မင်းရဲ့ သတင်းစကားကို မြန်မြန် ပြောပါ... ငါ့မှာ အချိန်သိပ်မရှိဘူး... ဒါက လင်းဖန်ရဲ့ သတင်းစကားမဟုတ်ရင် ငါ ဒီကို လာမှာတောင် မဟုတ်ဘူး...”

မြို့စားလုသည် သူ၏ သားဖြစ်သူကို ကာကွယ်ပေးခဲ့သည့် လင်းဖန်၏ ကျေးဇူးတရားကို သိတတ်သူဖြစ်ရာ လင်းဖန်တစ်ယောက် မည်သည့် သတင်းစကား ပါးလိုက်သည်ကို သိရှိလိုနေခြင်း ဖြစ်ပေသည်။

လင်းဖန်က မတ်တတ်ရပ်လျက် ပြောလိုက်သည်။

“လင်းဖန်က မြို့ထဲကို ဝင်လာတဲ့ ထန်ရှောင်ယောင်ရဲ့ စစ်တပ်က စစ်သည်တော် အတော်များများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို မြို့စားမင်း စုံစမ်းစစ်ဆေးသင့်တယ်...”

“ဘာ...”

မြို့စားလုက ကျယ်လောင်စွာ ရေရွတ်လိုက်လေသည်။

သူတော်စင်မိန်းကလေး၏တပည့်များက ပြဿနာရှာနေသည်မှာပင် လုံလောက်နေပြီဖြစ်ရာ ယခု ထန်ရှောင်ယောင်၏စစ်တပ်မှ လက်ကျန်အကြွင်းအကျန်များပါ ထပ်မံရောက်ရှိလာသဖြင့် အခြေအနေများမှာ မကြာမီ ပိုမိုဆိုးရွားလာပေတော့မည်။

မြို့စားလုသည် ခဏမျှ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ့ရှေ့တွင်ရပ်နေသည့် မရင်းနှီးသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို လှမ်းမေးလိုက်သည်။

“မင်း... လင်းဖန် ဘယ်မှာလဲဆိုတာ သိလား။ ကျုပ်မှာ သူ့အကူအညီကို အရေးတကြီး လိုအပ်နေလို့ပါ...

“သူ့အကူအညီအတွက် ဘာဆုလာဘ် ပေးမှာလဲ...”

လင်းဖန်က မေးလိုက်လေသည်။

‘ချင်ဖုန်းဂိုဏ်းက တပည့်တွေအားလုံး ဒီလိုပဲလား...’

မြို့စားလု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

ဤသက်လတ်ပိုင်းအမျိုးသား၏ အမူအရာက သူ့ကို လင်းဖန်နှင့် တစ်ထေရာတည်း တူနေစေသည်။

အခွင့်အရေးကို အမြဲတမ်း အမိအရဆုပ်ကိုင်တတ်ပြီး အပေးအယူလုပ်ရန် အသင့်ဖြစ်နေတတ်သည့်ပုံမျိုး ဖြစ်ပေသည်။

“ရွှေတုံး (၅၀) နဲ့ ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံး တစ်လုံးပဲ။ ဒါက ကျုပ် အစွမ်းကုန်လုပ်ပေးနိုင်တဲ့ အရာပဲ...”

မြို့စားလုက ပြောလိုက်သည်။

သူ အံ့အားသင့်သွားရသည်မှာ ထိုသက်လတ်ပိုင်းအမျိုးသားက ခေါင်းခါပြလိုက်ခြင်း ဖြစ်ပေသည်။

“လင်းဖန်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ။ သူက ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို စိတ်မဝင်စားဘူး...”

“ဘာ... အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ ဟုတ်လား...”

မြို့စားလုသည် သက်လတ်ပိုင်းအမျိုးသား၏စကားကို ကြားလိုက်ရချိန်တွင် နားပင် မယုံနိုင်အောင် ဖြစ်သွားရလေသည်။

“ဒါပေမဲ့ ကျုပ်... ကောဟယ်ရုကတော့ ရွှေတုံး (၁၀၀) နဲ့ ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံး တစ်လုံးပေးရင် မင်းကို ကူညီပေးနိုင်တယ်...”

လင်းဖန်သည် နာမည်အတုတစ်ခုကိုပြောကာ မြို့စားလုထံမှဆုလာဘ်ကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။

“ကောဟယ်ရု... မင်းက လင်းဖန်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ ကျုပ် ဘယ်လို ယုံကြည်ရမှာလဲ...”

မြို့စားလုသည် ဤ ‘ကောဟယ်ရု’ ဆိုသောအမည်ကို တစ်ခါမျှ မကြားဖူးသဖြင့် သူ့ကို သံသယဝင်သွားမိလေသည်။

လင်းဖန်သည် မက်မွန်သစ်သားဓားကို ထုတ်ယူလိုက်ပြီးနောက် ၎င်းအတွင်းသို့ သူ၏ချီစွမ်းအင်များကို ထည့်သွင်းလိုက်ရာ မက်မွန်သစ်သားဓားသည် တောက်ပသော အနီရောင်အလင်းတန်းများဖြင့် လင်းထိန်သွားတော့သည်။

ဝှစ်...

သူသည် မိမိ၏ ချီစွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ ပစ္စည်းများမှာ တုန်ခါလာတော့သည်။

လင်းဖန်၏ တန်းထျန်နေရာတွင် ရွှေရောင်အလုံးတစ်လုံးမှာ လင်းလက်လာလေသည်။

၎င်းမှာ သူ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေသည့် သက်သေပင် ဖြစ်ပေသည်။

ထို့နောက် လင်းဖန်သည် ဓားကို မျက်နှာကျက်ဆီသို့ ထိုးတင်လိုက်တော့သည်။

“အား...”

နာကျင်စွာအော်ဟစ်သံနှင့်အတူ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူရိပ်တစ်ရိပ်မှာ မျက်နှာကျက်ပေါ်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ဘုန်း...

ထိုသူမှာ မြို့စားလု၏ လျှို့ဝှက်အစောင့်အရှောက်များထဲမှ တစ်ဦး ဖြစ်ပေသည်။

အခြားသော အစောင့်အရှောက်များမှာလည်း ချက်ချင်းပင် ခုန်ဆင်းလာကြပြီး ပုန်းအောင်းရာနေရာများမှ အစောင့်အရှောက်များစွာ ထပ်မံထွက်ပေါ်လာကြတော့သည်။

လင်းဖန်သည် မက်မွန်သစ်သားဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် သူ၏ရင်ဘတ်ရှေ့တွင် လက်ပိုက်ထားလိုက်လေသည်။

“အားလုံး ရပ်လိုက်ကြစမ်း...”

မြို့စားလုသည် အခြေအနေများ မထိန်းနိုင်မသိမ်းနိုင် မဖြစ်လာမီ သူ၏ လျှို့ဝှက်အစောင့်အရှောက်များကို လှမ်းတားလိုက်သည်။

ယခုအခါတွင်မူ ဤ ‘ကောဟယ်ရု’ သည် အမှန်တကယ် စွမ်းဆောင်နိုင်သူ ဖြစ်ကြောင်းကို သူ ယုံကြည်သွားချေပြီ။

သူ၏ လျှို့ဝှက်အစောင့်အရှောက်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူများ ဖြစ်ကြပေသည်။

အကယ်၍ ‘ကောဟယ်ရု’ သာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ရှိပါက ဤအရာကို လုံးဝ လုပ်ဆောင်နိုင်စရာ အကြောင်းမရှိချေ။

“သဘောတူတယ်။ မင်းကို သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ စုံစမ်းစေချင်ပြီး သူတို့ကို တားဆီးစေချင်တယ်...”

မြို့စားလုက သဘောတူညီလိုက်လေသည်။

“ခင်ဗျား နောင်တရမှာ မဟုတ်ပါဘူးဗျာ...”

လင်းဖန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မြို့စားလု၏ ကျောကို ပုတ်ပေးလိုက်သည်။

ကွဲပြားသော စရိုက်ရှိသူတစ်ဦးကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။

“ဒါဆိုရင်တော့ ကျုပ်ကို ခွင့်ပြုပါဦး။ သူတော်စင်မိန်းကလေးရဲ့ တပည့်တွေကို သွားရောက်နှိမ်နင်းရပါဦးမယ်...”

မြို့စားလုက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

လင်းဖန်သည် မြို့စားလု ထွက်ခွာသွားသည်ကိုကြည့်ကာ ပြုံးလိုက်မိလေသည်။

ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးမှာ ဟိုမင်အတွက် အမှန်တကယ်ပင် အသုံးဝင်ပေလိမ့်မည်။

မြို့စားအိမ်တော်မှ ထွက်ခွာပြီးနောက် လင်းဖန်သည် စီမာမိသားစု၏အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်တော့သည်။

ထိုနေရာမှာ သိပ်မဝေးလှသဖြင့် ခြေလျင်သွားပါက ဆယ်မိနစ်ခန့်သာ ကြာမြင့်ပေသည်။

သူပင်မတံခါးဝသို့ ရောက်ရှိလာချိန်တွင် အခြားအမျိုးသားတစ်ဦးမှာလည်း အထဲသို့ဝင်ရန် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။

All Chapters