အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈) - မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင်
ကျန်းရှင်း၏တိုက်ကွက် လွဲချော်သွားပြီးနောက် ချက်ချင်းပင်လှည့်၍ ဧည့်ဂေဟာအပြင်ဘက်သို့ ပြေးထွက်သွားသော လင်းဖန်နောက်သို့ လိုက်လံတိုက်ခိုက်လေတော့သည်။
သူသည် လင်းဖန်ထံသို့ ဓားဖြင့် အဆက်မပြတ်လွှဲယမ်းခုတ်ပိုင်းလိုက်ရာ လေလှိုင်းဓားသွားများက လင်းဖန်ရှိရာသို့ တိုးဝင်သွားတော့သည်။
လင်းဖန်က နောက်သို့လှည့်ကြည့်လိုက်ပြီး ဘေးဘက်သို့ လျှင်မြန်စွာခုန်ရှောင်ကာ လေလှိုင်းဓားသွားများကို တိမ်းရှောင်လိုက်လေသည်။
ဘုန်း...
လေလှိုင်းဓားသွားသည် မဏ္ဍပ်ငယ်ကို နှစ်ခြမ်းကွဲသွားစေပြီး မဏ္ဍပ်အမိုးသည် မြေပြင်ပေါ်သို့ ပြိုကျပျက်စီးသွားလေသည်။
ပတ်ဝန်းကျင်တွင် သေချာစွာ စိုက်ပျိုးထားသော အလှစိုက်အပင်များအားလုံးလည်း ဖျက်ဆီးခြင်းခံလိုက်ရချေပြီ။
ကျန်းရှင်းသည် ဒေါသတကြီးဖြင့် လင်းဖန်ကို အော်ဟစ်လိုက်လေသည်။
“ယောက်ျားကောင်းတစ်ယောက် ဖြစ်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ ထွက်တိုက်စမ်း...”
လင်းဖန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဒါက မင်းကိုယ်တိုင်ရှာတဲ့ သေလမ်းပဲ...”
ထို့နောက် သူသည် ချက်ချင်းပင် ကျန်းရှင်းထံသို့ တိုးဝင်သွားတော့သည်။
ကျန်းရှင်း၏ အေးစက်ထက်ရှသော ဓားဦးဖျား မိမိထံသို့ နီးကပ်လာသည်ကိုမြင်သောအခါ လင်းဖန်သည် မြူခိုးအသွင်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။
ဤအခြင်းအရာက ကျန်းရှင်းကို အံ့အားသင့်သွားစေသည်။
နောက်တစ်စက္ကန့်တွင် လင်းဖန် ပြန်လည်ပေါ်လာသောအခါ ကျန်းရှင်း၏ နောက်ကျောဘက်သို့ ရောက်ရှိနေချေပြီ။
သူသည် ကောင်းကင်မူလလက်သည်းကိုအသုံးပြုကာ ကျန်းရှင်း၏ ညာဘက်ပခုံးရိုးမှ ချီစွမ်းအင်များကို ဖြတ်တောက်လိုက်လေသည်။
ဝှစ်...
ကျန်းရှင်းကလှည့်၍ တံတောင်ဆစ်ဖြင့် လင်းဖန်၏ခေါင်းကိုတိုက်ခိုက်ရန် ကြိုးစားလိုက်ချိန်တွင် လင်းဖန်က နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်လေသည်။
ကျန်းရှင်းသည် လင်းဖန်ကို မျက်နှာမူလိုက်သည်။
သူသည် ညာလက်ထဲသို့ ချီစွမ်းအင်များပို့လွှတ်ကာ လင်းဖန်ထံသို့ လေလှိုင်းဓားသွားတစ်ခု ထပ်မံထုတ်လွှတ်ရန် ကြိုးစားလိုက်သော်လည်း မတတ်နိုင်တော့ကြောင်း သိလိုက်ရလေသည်။
ကျန်းရှင်းသည်မတ်တတ်ရပ်ကာ လင်းဖန်ကိုစိုက်ကြည့်ရင်း ပခုံးရှိချီသွေးကြောမှတစ်ဆင့် လက်သို့ ချီစွမ်းအင်များ စီးဆင်းစေရန် ကြိုးစားနေတော့သည်။
“မင်း...”
သို့သော် ချီစီးဆင်းရာလမ်းကြောင်းမှာ ပျက်စီးသွားပြီဖြစ်ရာ အချည်းနှီးသာ ဖြစ်သွားရချေသည်။
ထိုစဉ် စီမာမိသားစုအိမ်တော်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှ စူးရှသောအော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ကယ်ကြပါ... သူတို့တွေ ရူးသွပ်ကုန်ကြပြီ...”
“ကယ်ပါဦး...”
“အိမ်တော်သခင်... မြန်မြန်ပြေးပါ...”
အစောင့်တစ်ဦးသည် အဝတ်အစားများသွေးစွန်းလျက် တွားသွားရင်းဝင်လာကာ စီမာလျန်ကိုမြန်မြန်ထွက်ပြေးရန် အော်ဟစ်အကူအညီတောင်းခံလေသည်။
ဤရုတ်တရက် အခြေအနေပြောင်းလဲမှုကြောင့် လင်းဖန်နှင့် ကျန်းရှင်းတို့သည် တိုက်ပွဲကို ခေတ္တရပ်တန့်လိုက်ပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည်တို့ကိုသိရှိရန် ကြိုးစားလိုက်ကြသည်။
ထိုအစောင့်၏ နောက်ကျောဘက်တွင် သစ်သားဆူးချွန်တစ်ခုကို ကိုင်ဆောင်ထားသော ဝတ်ရုံနီဝတ်ဆင်ထားသူတစ်ဦး ရှိနေပေသည်။
သူသည် လက်ကိုမြှောက်ကာ သစ်သားဆူးချွန်ကို သူ၏ခေါင်းပေါ်သို့ မြှောက်တင်လိုက်လေသည်။
ဇွပ်...
နောက်တစ်စက္ကန့်တွင် ဝတ်ရုံနီဝတ်ဆင်ထားသူသည် ထိုဆူးချွန်ဖြင့် အစောင့်၏လည်ပင်းကို ဖောက်ထွင်းထိုးစိုက်လိုက်လေသည်။
၎င်းတို့မှာ ဟုန်ဖုန်းမြို့တစ်ခွင်တွင် သောင်းကျန်းနေကြသော ကြာပလ္လင်မှ သူတော်စင်မိန်းကလေး၏ တပည့်များပင် ဖြစ်ပေသည်။
ပရမ်းပတာဖြစ်မှုများသည် နောက်ဆုံးတွင် စီမာမိသားစုအိမ်တော်ကဲ့သို့သော သူဌေးရပ်ကွက်များဆီသို့ပင် ကူးစက်လာချေပြီ။
“လူအားလုံးကိုသတ်ပစ်လိုက်ရင် ထာဝရအသက်ကို ရလိမ့်မယ်...”
ဝတ်ရုံနီဝတ်ဆင်ထားသူသည် သူ၏မျက်နှာပေါ်သို့ စင်ဟပ်သွားသော နွေးထွေးသည့်သွေးများကို သုတ်လိုက်ရင်း မန္တန်များကိုရွတ်ဖတ်ကာ ကျန်းရှင်းရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ကျန်းရှင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဟွန်း... မင်းတို့လို အမှောင်ကျင့်ကြံသူတွေက ငါ့ရဲ့ ဓားအောက်မှာပဲ ပျက်စီးရလိမ့်မယ်...”
ကျန်းရှင်းသည် ဓားကို သူ၏ဘယ်လက်သို့ ပြောင်းကိုင်လိုက်ပြီး ဝတ်ရုံနီဝတ်ဆင်ထားသူထံသို့ လွှဲယမ်းခုတ်ပိုင်းလိုက်လေသည်။
ဝတ်ရုံနီဝတ်ဆင်ထားသူသည် ရှောင်တိမ်းခြင်းမပြုဘဲ လေလှိုင်းဓားသွားကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ဖုန်း...
ကျန်းရှင်းသည် ဘယ်လက်ဖြင့် တိုက်ခိုက်သော်လည်း လွဲချော်ခြင်းမရှိဘဲ လေလှိုင်းဓားသွားသည် ဝတ်ရုံနီဝတ်ဆင်ထားသူ၏ ညာဘက်လက်မောင်းကို ဖြတ်တောက်လိုက်လေသည်။
သို့သော် ဝတ်ရုံနီဝတ်ဆင်ထားသူသည် နာကျင်စွာ အော်ဟစ်ခြင်းမရှိဘဲ ကျန်းရှင်းထံသို့ ဆက်လက်ပြေးဝင်လာတော့သည်။
ထိုလူသည် ခန္ဓာကိုယ်ကို လှည့်လိုက်ရာ သူ၏သွေးများက ကျန်းရှင်း၏ မျက်လုံးများထဲသို့ စင်ဟပ်သွားတော့သည်။
ကျန်းရှင်းမှာ အမြင်အာရုံများ ကွယ်ပျောက်သွားပြီးနောက် ရှေ့တည့်တည့်ရှိ ဝတ်ရုံနီဝတ်ဆင်ထားသူထံသို့သာ ဓားဖြင့် ထိုးစိုက်လိုက်လေသည်။
ဇွပ်...
သူ၏ဓားသည် ထိုလူ၏ခန္ဓာကိုယ်အတွင်းသို့ စူးဝင်သွားသော်လည်း ထိုလူသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်တိုးဝင်လာတော့သည်။
မကြာမီပင် သူသည် ကျန်းရှင်း၏ အရှေ့တည့်တည့်သို့ ရောက်ရှိလာလေသည်။
ဝတ်ရုံနီဝတ်ဆင်ထားသော လူသည် သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ထိုဘယ်ဘက်လက်ကို လွှမ်းခြုံသွားတော့သည်။
သူသည် ဘယ်ဘက်လက်ဖြင့် ကျန်းရှင်း၏နဖူးကို လှမ်း၍ အုပ်ကိုင်လိုက်လေသည်။
ထို့နောက် ထိုလူသည် သူ၏လက်ကို နောက်သို့ ပြန်လည်ဆွဲယူလိုက်သည်။
ကျန်းရှင်း၏ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခြင်း ခံလိုက်ရချေပြီ။
သူသည် ဝတ်ရုံနီဝတ်ဆင်ထားသောလူကို တားဆီးရန်ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။ ဝိညာဉ်များ ပိုမိုကွာဟသွားသည်နှင့်အမျှ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း လျော့နည်းလာသည်ဟု ခံစားလိုက်ရသည်။
ဘုန်း...
လင်းဖန်သည် သူ၏ လက်သည်းများဖြင့် ထိုလူ့ထံသို့ အရှိန်အဟုန်ပြင်းစွာ ခုန်ဝင်သွားတော့သည်။
ရင်းနှီးနေသော အသံတစ်ခုသည် သူ၏ စိတ်ထဲတွင် မြည်ဟည်းသွားလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
သို့သော် သူ၏ လက်သည်းတိုက်ကွက်က အရာမထင်ခဲ့ပေ။
၎င်းသည် ထိုလူ၏ ခန္ဓာကိုယ်ကိုသာ ထိခိုက်စေနိုင်ခဲ့သည်။
ဝိညာဉ်ဆွဲထုတ်ခြင်းလုပ်ငန်းစဉ်ကို ချီစွမ်းအင် တိုက်ခိုက်မှုများဖြင့် တားဆီး၍ မရနိုင်ချေ။
လင်းဖန်သည် မက်မွန်သားဓားကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ဓားထဲသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်လေသည်။
၎င်းသည် နီရဲသော အလင်းတန်းများဖြင့် တောက်ပစွာ လင်းထိန်သွားပြီး သူသည် ထိုလူ၏လက်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ယခုတစ်ကြိမ်တွင်မူ အလုပ်ဖြစ်သွားခဲ့ပြီး မက်မွန်သားဓားသည် ကျန်းရှင်း၏ဝိညာဉ်ဆီမှ အစိမ်းရောင်အလင်းတန်းကို ဖြတ်တောက်လိုက်လေသည်။
ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်ချည်း ပြန်လည်ဝင်ရောက်သွားတော့သည်။
သို့သော် ဝိညာဉ်သည် ခေတ္တမျှ ကွဲကွာသွားခဲ့သဖြင့် ကျန်းရှင်းမှာ မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ထိုင်ချလိုက်ရသည်အထိ အားနည်းသွားလေသည်။
လင်းဖန်သည် အချိန်ဆိုင်းမနေဘဲ မက်မွန်သားဓားဖြင့် တစ်ချက်တည်းဝှေ့ယမ်းကာ ထိုလူ၏ဦးခေါင်းကို ဖြတ်တောက်လိုက်တော့သည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ခြင်းအတွက် ဂုဏ်ယူပါသည်]
[ကလဲ့စားချေအမှတ် + ၁၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၂၄၀၀]
လင်းဖန်သည်လှည့်ကြည့်ကာ စီမာလျန်၏အခြေအနေကို စစ်ဆေးလိုက်သည်။
စီမာလျန်ကို အိမ်တော်စောင့်များက ကာကွယ်ပေးထားပြီး သူ၏ မိခင်ဖြစ်သူ သခင်မချူးမှာလည်း ယခုအခါ သူနှင့်အတူ ရှိနေချေပြီ။
သူတို့ ထိခိုက်ဒဏ်ရာမရရှိသည်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိတော့သည်။
ကျန်းရှင်းသည် လက်နှစ်ဖက်ကိုပူးယှက်ကာ လင်းဖန်အား ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ကျုပ်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျုပ် မင်းကို အကြွေးတစ်ခု တင်သွားပြီ...”
လင်းဖန်က ပြန်ပြောလိုက်သည်။
“အခုအချိန်မှာ ဒါတွေကိုပြောဖို့ အချိန်မရှိဘူး... ဘာတွေဖြစ်နေလဲဆိုတာကို အမြန်ဆုံးရှာဖွေပြီး တားဆီးရမယ်...”
ကျန်းရှင်းက ခောင်းညိတ်လိုက်ပြီး ထရန် ကြိုးစားသော်လည်း မထနိုင်ခဲ့ပေ။
သူသည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်လေသည်။
စီမာလျန်သည် စီမာအိမ်တော်တစ်ခုလုံးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
“ကောဟယ်ရု... ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ...”
ခြံဝင်းတစ်ခုလုံးတွင် ရုပ်အလောင်းများ ပြန့်ကျဲနေချေပြီ။
လင်းဖန်အား လက်ဖက်ရည်နှင့် စားစရာများ လာရောက်ဧည့်ခံပေးခဲ့သော အစေခံမိန်းကလေးမှာလည်း ယခုအခါ သွေးအိုင်ထဲတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေလေသည်။
လင်းဖန်က သူ၏အစီအစဉ်ကိုပြောပြကာ အလုပ်စတင်ရန် ပြင်လိုက်သည်။
“မင်းရဲ့ လူတွေကိုစုစည်းပြီး အိမ်တော်ရဲ့အထဲဘက်ကို ဆုတ်ခွာလိုက်ပါ... ဒီပတ်ဝန်းကျင်က သူတော်စင်မိနကလေးရဲ့ တပည့်တွေကို ကျုပ် ရှင်းလင်းလိုက်မယ်...”
ကျန်းရှင်းသည်လည်း သူ၏ ချီစွမ်းအင်နှင့် ခန္ဓာကိုယ်စွမ်းအားများကို ပြန်လည်ရရှိပြီးနောက် တပည့်များကို လိုက်လံသုတ်သင်ရာ၌ လင်းဖန်နှင့်အတူ ပူးပေါင်းလိုက်လေသည်။
ယခင်ရင်ဆိုင်မှုကြောင့် ယခုအခါတွင်မူ သူတို့ မည်သို့ရင်ဆိုင်ရမည်ကို သိရှိသွားကြပြီ ဖြစ်သည်။
ကျန်းရှင်းသည် တိုက်ခိုက်နေစဉ်အတွင်း ထိုတပည့်များနှင့် အကွာအဝေးတစ်ခု၌နေရန် ကြိုးစားလိုက်သည်။
သူ၏ဝိညာဉ်ကို ဆွဲထုတ်နိုင်ရန် အနီးကပ်ခွင့် လုံးဝမပေးတော့ပေ။
လင်းဖန်သည်လည်း မက်မွန်သားဓားကိုအသုံးပြုကာ သူတို့ကို လျင်မြန်စွာ သုတ်သင်နိုင်ခဲ့သည်။
လင်းဖန်၏ရှေ့ မြေပြင်ပေါ်တွင် လဲလျောင်းလျက် သေအံဆဲဆဲ ဖြစ်နေသော တပည့်ဖြစ်သူက ပြောလိုက်သည်။
“မင်းတို့အားလုံး မကြာခင် သေဆုံးပြီး သူတော်စင်မိန်းကလေးနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်... အခုအချိန်မှာ ဝိညာဉ်ဝါးမျိုခြင်းအစီအရင်က ပြီးခါနီးနေပြီဆိုတာကို ကျုပ် ခံစားမိနေတယ်...”