အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀) - စိတ်ဝိညာဉ်များ
တာအိုဆရာလီသည် သူ၏ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။
ပြင်ပမှ ရုန်းရင်းဆန်ခတ်ဖြစ်ပျက်မှုများနှင့် ကင်းဝေးကာ တိတ်ဆိတ်ငြိမ်သက်နေသော ဤအလုံပိတ်အခန်းငယ်သည် ဘေးကင်းရာ သုခဘုံတစ်ခုကဲ့သို့ပင်။
“တာအိုဆရာလီ...”
လင်းဖန်က တာအိုဆရာလီ၏ နားအနီးသို့ကပ်ကာ တိုးတိုးလေးခေါ်လိုက်ရင်း အသာအယာ လှုပ်နှိုးလိုက်သည်။
မည်သည့်တုံ့ပြန်မှုမျှမရှိသဖြင့် သူက နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ တာအိုဆရာလီသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာလေသည်။
“အားနာရပါတယ်... ဒါပေမဲ့ ကျုပ် မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင်အကြောင်း သိချင်လို့ပါ...”
လင်းဖန်က ပြောလိုက်သည်။
“မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင် ဟုတ်လား...”
တာအိုဆရာလီသည် လင်းဖန်၏စကားကို ကြားသောအခါ ထိုင်ရန် ကြိုးစားလိုက်လေသည်။
လင်းဖန်က သူ့ကို အမြန်ပင် တွဲထူပေးလိုက်သည်။
တာအိုဆရာလီက ခေါင်းကိုခါယမ်းလိုက်ပြီး လင်းဖန်အား မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင်အကြောင်းကို အတိုချုံး ရှင်းပြတော့သည်။
“အဲဒါက အစီအရင်ထဲမှာ ရှိနေတဲ့သူတွေကို သွေးဆာစိတ်တွေဝင်လာစေပြီး အချင်းချင်း ပြန်သတ်ခိုင်းတဲ့ အစီအရင်တစ်ခုပဲ...”
“အစီအရင်ထဲမှာ သေဆုံးသွားတဲ့သူတိုင်းရဲ့ ဝိညာဉ်တွေက အဲဒီအစီအရင်ရဲ့ ဝါးမျိုခြင်းကို ခံရလိမ့်မယ်...”
“ပြီးရင် အဲဒီဝိညာဉ်တွေကို တစ္ဆေတစ်ထောင်ဆေးရည်လိုမျိုး အရာတစ်ခု ဖော်စပ်ဖို့ အသုံးပြုကြလိမ့်မယ်...”
“သရဲတစ်ထောင်ဆေးရည်ကို ရရှိထားတဲ့ တစ္ဆေကျင့်ကြံသူတွေက သူတို့ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေခွဲထုတ်ပြီး ဘယ်သူ့ခန္ဓာကိုယ်ကိုမဆို ဝင်ရောက် ပူးကပ်နိုင်ကြတယ်...”
လင်းဖန်က ထိုဆိုးဝါးလှသောသတင်းကြောင့် မျက်မှောင်ကြုတ်သွားရင်း မေးလိုက်သည်။
“ကျုပ် မြို့ရဲ့ ထောင့် (၂) ခုမှာ အလင်းတန်းကြီး (၂) ခုကို မြင်ခဲ့တယ်... အဲဒါတွေက မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင်ရဲ့ အစိတ်အပိုင်းတွေလား... ကျုပ် အဲဒါကို ဘယ်လို ဖျက်ဆီးရမလဲ...”
“အလင်းတန်းကြီး (၂) ခု ဟုတ်လား...”
“ဒါဆိုရင်တော့ အခွင့်အရေး ရှိသေးတာပဲ...”
“ကျန်တဲ့ ထောင့် (၂) ခုမှာ အစီအရင်ကို တည်ဆောက်လို့ မပြီးဆုံးခင် သူတို့ကို တားဆီးရမယ်...”
“ပြီးစီးသွားတဲ့ အလင်းတန်း (၂) ခုအတွက်ကတော့ အဲဒါကို စွမ်းအားထောက်ပံ့ပေးနေတဲ့ အစီအရင်တည်ဆောက်သူ ကျင့်ကြံသူကို သတ်ဖြတ်ပစ်မှ အလင်းတန်းကြီးတွေ ပျက်ပြယ်သွားလိမ့်မယ်...”
“ဘယ်သူက အဲဒီလူလဲဆိုတာကို သိဖို့အတွက် ရှစ်ကွက်အင်းမှန်ကို အသုံးပြုပြီးကြည့်လိုက်...”
တာအိုဆရာလီက ပြန်လည် ဖြေကြားလိုက်လေသည်။
စကားများစွာ ပြောဆိုပြီးနောက်တွင် တာအိုဆရာလီသည် သူ၏ မျက်လုံးများကို ပြန်လည် ပိတ်လိုက်ပြန်သည်။
လင်းဖန်က သူ့ကို ကုတင်ပေါ်တွင် အသာအယာ ပြန်လှဲအိပ်စေလိုက်သည်။
ယခုအခါ မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိသွားပြီဖြစ်၍ လင်းဖန်စိတ်ထဲ၌ ပိုမို စိတ်အေးသွားရလေသည်။
သူသည် တာအိုဆရာလီထံမှ ကြားသိခဲ့ရသမျှကို ဟိုမင်၊ ဟိုကျဲ့နှင့် ကျန်းရှင်းတို့အား ပြန်လည် ပြောပြလိုက်သည်။
သူတို့တွင် ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိပေသည်။ ပထမတစ်ခုမှာ သူတို့ (၄)ဦးလုံး အတူတူ သွားရောက်ကာ အစီအရင်၏ ထောင့် (၄)ခုစလုံးကို ဖျက်ဆီးရန် ကြိုးပမ်းခြင်း ဖြစ်သည်။
သို့သော် အလင်းတန်းကြီးများတွင် မည်သည့်အရာများစောင့်ကြိုနေမည်ကို မသိနိုင်သဖြင့် ဤနည်းလမ်းသည် အလွန်အန္တရာယ် များလှပေသည်။ ထို့အပြင် တာအိုဆရာလီလည်း တစ်ဦးတည်း ကျန်ရစ်ခဲ့ပေလိမ့်မည်။
ထို့ကြောင့် သူတို့သည် နည်းလမ်းတစ်ခုကိုသာ ရွေးချယ်လိုက်ရတော့သည်။
လင်းဖန်နှင့် ဟိုမင်တို့က ပေါ်ပေါက်နေပြီးဖြစ်သော အလင်းတန်းကြီး (၂)ခုကို သွားရောက် ဖျက်ဆီးမည် ဖြစ်သည်။
ကျန်းရှင်းကမူ ကျန်ရှိနေသော ထောင့် (၂)ခုတွင် အစီအရင်တည်ဆောက်ခြင်းကိုတားဆီးရန် သွားရောက်ရမည် ဖြစ်သည်။
အသက်အရွယ်ကြီးရင့်ပြီး အစွမ်းသိပ်မထက်မြက်လှသော ဟိုကျဲ့ကမူ ဤနေရာ၌ကျန်ရစ်ကာ တာအိုဆရာလီကို စောင့်ရှောက်ရပေလိမ့်မည်။
ဤသည်မှာ လင်းဖန် စဉ်းစားနိုင်ခဲ့သည့် အကောင်းဆုံးအစီအစဉ် ဖြစ်ပေသည်။
သူသည် ဟိုမင်နှင့် တွဲဖက် လုပ်ဆောင်ရသည်ကို စိတ်ချသော်လည်း ကျန်းရှင်းနှင့်မူ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။
သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဓားအရှင်သခင်ဟု အမည်ကျော်ကြားသူ၏တပည့်ဖြစ်သော ထိုလူငယ်သည် လုံလောက်သောအရည်အချင်း ရှိပါစေဟူ၍သာ ဖြစ်တော့သည်။
အစီအစဉ်အားလုံးကိုချမှတ်ပြီးနောက် သူတို့သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။
လင်းဖန်နှင့် ဟိုမင်တို့သည် သူတို့နှင့် အနီးဆုံးနေရာ၌ရှိနေသော အလင်းတန်းကြီးဆီသို့ ဦးတည် ပြေးထွက်သွားကြလေသည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့သည် ထန်ရှောင်ယောင်၏တပည့်များနှင့် စစ်တပ်မှ ကျန်ရစ်သူအကြွင်းအကျန်များကို တိုက်ခိုက်ခဲ့ကြရသည်။
ဟိုမင်၏ မိုးကြိုးပေါက်ကွဲမှု ဓားသိုင်းနည်းစနစ်ကြောင့် တိုက်ပွဲများသည် အတော်လေး လွယ်ကူသွားခဲ့ရသည်။
ထိုဓားသိုင်းနည်းစနစ်၏ ကျယ်ကျယ်ပြန်ပြန့် တိုက်ခိုက်နိုင်စွမ်းက များစွာ အထောက်အကူ ဖြစ်စေခဲ့ပေသည်။
ယခုအခါ ကျန်းရှင်းသည် ဘေးတွင်ရှိမနေတော့သဖြင့် လင်းဖန်လည်း လှံများနှင့် သံတူများကို စိတ်လွတ်ကိုယ်လွတ် လွတ်လပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်ပေသည်။
လင်းဖန်သည် သူ၏နာမည်ကျော်လက်နက်များကို အသုံးပြုနေကြောင်း အခြားသူများရိပ်မိသွားပြီး သံသယဝင်လာမည်ကိုစိုးရိမ်သဖြင့် ထိုသို့လုပ်ဆောင်ရန် ရှောင်ကြဉ်ထားခဲ့ခြင်းဖြစ်ပေသည်။
နောက်ဆုံးတွင် အလင်းတိုင်ရှိရာနေရာသို့ သူတို့ ရောက်ရှိသွားကြလေသည်။
လင်းဖန်သည် အခြေအနေကိုကြည့်ရှုရန် စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ယူလိုက်လေသည်။
[လက်ရှိ သားရဲစွမ်းရည် - ၃/၃]
[တောယုန်စွမ်းရည်အဆင့် - ၂/၃]
[ဝံပုလွေစွမ်းရည်အဆင့် - ၂/၃]
[မီးပုတ်သင်စွမ်းရည်အဆင့် - ၂/၃]
[လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် - ၇ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၆၄၀၀ လိုအပ်ပါသည်)]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၀၀၀]
တပည့်များစွာနှင့် ထန်ရှောင်ယောင်၏လူများကို သတ်ဖြတ်ပြီးနောက်တွင် သူသည် ကလဲ့စားချေအမှတ် ၆၀၀ ကို ရရှိခဲ့လေသည်။
သူသည် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်လေသည်။
ချက်ချင်းပင် သူ၏ ချီနှင့် စွမ်းအင်များ ပြန်လည်ပြည့်ဝသွားလေသည်။
ဟိုမင်ကလည်း သူ၏ ချီနှင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် ဆေးလုံးအချို့ကို ထုတ်ယူလိုက်လေသည်။
“သူတို့ကို ဖမ်းကြ...”
အစိမ်းရောင်ဝတ်ရုံနှင့် တပည့်တစ်ဦးက အော်ဟစ်လိုက်လေသည်။
ချက်ချင်းပင် လင်းဖန်နှင့် ဟိုမင်တို့သည် တပည့်များနှင့် ထန်ရှောင်ယောင်၏ လက်ကျန်တပ်သားများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။
ဘုန်း...
ဟိုမင်သည် သူတို့ထံ ပြေးဝင်လာသော လူအုပ်ကြီးထံသို့ ဓားဖြင့် ထိုးသွင်းလိုက်ရာ မြေပြင်မှာ ပေါက်ကွဲသွားလေသည်။
ထိုပေါက်ကွဲမှုကြောင့် တပည့်များစွာ သေဆုံးသွားရသလို အချို့မှာလည်း ခြေလက်များပြတ်တောက်ကာ ဒဏ်ရာများ ရရှိသွားကြလေသည်။
မကြာမီမှာပင် သေဆုံးသွားသူများ၏ ဝိညာဉ်များထွက်ပေါ်လာပြီး အလင်းတိုင်ထဲသို့ စုပ်ယူခံလိုက်ရလေသည်။
ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်ပေရာ လင်းဖန်နှင့် ဟိုမင်တို့သည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြလေသည်။
“သူတော်စင်မိန်းကလေးအတွက် ဝိညာဉ်တွေထပ်ရပြီ... ငါတို့ရဲ့ ပေးဆပ်မှုတွေက တမလွန်မှာ ထာဝရအသက်ရှင်ခြင်းဆိုတဲ့ ဆုလာဘ်ကို ပြန်ရစေလိမ့်မယ်...”
တပည့်များသည် ဖြစ်ပျက်နေသည်များကိုကြည့်ကာ မန္တန်များ စတင်ရွတ်ဆိုလာကြလေသည်။
သူတို့သည် အသိစိတ်တစ်ခုတည်းဖြင့် ချိတ်ဆက်ထားသည့်အတိုင်း ပြုမူနေကြလေသည်။
ထိုသို့ မန္တန်ရွတ်ဆိုခြင်းက သူတို့အား သတိလွတ်နေသည့် အခြေအနေမျိုးသို့ ရောက်သွားစေပြီး လင်းဖန်နှင့် ဟိုမင်တို့ကိုတားဆီးရန် အခြားတပည့်များကိုပါ ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
“သွားပြီး အစီအရင်ကို ဖျက်ဆီးလိုက်တော့... သူတို့ကို ငါ တားထားပေးမယ်...”
ဟိုမင်သည် လူအုပ်ကြီးထံသို့ ဓားဖြင့် ထိုးသွင်းလိုက်ရင်း အော်ဟစ်လိုက်လေသည်။
သူ၏ဓားထဲမှ လေပွေတစ်ခု ပစ်ထွက်သွားပြီး တပည့်များကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်လေသည်။
ဘုန်း...
လင်းဖန်သည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ ဟိုမင်ဖန်တီးပေးထားသော လမ်းကြောင်းထဲမှနေ၍ ဖောက်ထွက်သွားလေသည်။
တပည့်များက သူ့နောက်သို့လိုက်ရန် ကြိုးစားကြသော်လည်း ဟိုမင်က သူတို့ကို တားဆီးထားလိုက်လေသည်။
“ငါတို့ကို တားဆီးဖို့ ကြိုးစားနေလည်းအလကားပဲ... အစီအရင်က စတင်အလုပ်လုပ်နေပြီဆိုတော့ မင်းတို့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး...”
အစိမ်းရောင်ဝတ်ရုံနှင့် တပည့်များအားလုံးက ပြိုင်တူ ပြောလိုက်ကြလေသည်။
သူတို့ထဲမှ တစ်ယောက်သည် လက်များတွင် အစိမ်းရောင်အလင်းများ တောက်ပနေလျက် လင်းဖန်ထံသို့ ခုန်အုပ်လာလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]
လင်းဖန်သည် လက်ထဲရှိ သံတူများကို သိမ်းဆည်းလိုက်ပြီး မက်မွန်သစ်သားဓားကို ထုတ်ယူလိုက်လေသည်။
သူသည် မက်မွန်သစ်သားဓားထဲသို့ ချီစွမ်းအင်များထည့်သွင်းလိုက်ရာ ဓားသည် အနီရောင်တောက်ပသွားလေသည်။
အစိမ်းရောင်ဝတ်ရုံနှင့် တပည့်၏လက်က သူ့ထံသို့ ရောက်လာချိန်တွင် ထိုလူ၏ မျက်နှာပေါ်ရှိ လှောင်ပြုံးကို သူ မြင်တွေ့လိုက်ရပေသည်။
ဝိညာဉ်ကိုထုတ်ယူသည့် သူ၏သိုင်းနည်းစနစ်ကို လင်းဖန်အနေဖြင့် တန်ပြန်နိုင်မည့်နည်းလမ်းမရှိဟု ထိုလူက ထင်မှတ်နေပုံရပေသည်။
ဒုတ်...
လင်းဖန်သည် မက်မွန်သစ်သားဓားဖြင့် အစိမ်းရောင်တောက်ပနေသော လက်များကို ခုတ်ပိုင်းချလိုက်လေသည်။
မက်မွန်သစ်သားဓားက လင်းဖန်၏ဝိညာဉ်ကို ဖမ်းယူရန်ကြိုးစားနေသော အစိမ်းရောင်တောက်ပနေသည့် လက်များမှ ရေဘဝဲလက်တံများကို ဖြတ်တောက်လိုက်လေတော့သည်။