← Chapters

အခန်း ၄၅၁

Vol. 46 Ch. 451

အခန်း ၄၅၁

Vol. 46 Ch. 451

အခန်း ၄၅၁ အလွန်အမင်း အနိုင်ကျင့်တယ်၊ ဘာလုပ်နိုင်မှာမို့လို့လဲ

သွေးပင်လယ် လျှို့ဝှက်နယ်မြေ၊ သွေးရောင်အလင်းတန်းများ လွှမ်းခြုံနေသော ခန်းမကြီးတစ်ခုအတွင်း၌။

ကျန်းချဲ့ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်နှင့် အလွန် တိုက်ဆိုင်စွာပင် ယခုအခါ သွေးပင်လယ်ဂိုဏ်းအတွင်း၌လည်း ကျန်းချဲ့နှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

အကြောင်းရင်းမှာ လီချန်ကောကြောင့်ပင် ဖြစ်၏။

ကျန်းချဲ့နှင့် ပြတ်ပြတ်သားသား ရန်သူဖြစ်သွားပြီးနောက် တော်ဝင်နန်းတော်၏ ဖမ်းဝရမ်းထုတ်ခံရချိန်တွင် လီချန်ကောက သူ၏ ယခုလက်ရှိ အခြေအနေကို ကောင်းကောင်း သဘောပေါက်သွားခဲ့သည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းနှင့် ပူးပေါင်း၍ ပုန်ကန်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာလမ်း မရှိတော့ကြောင်း သိထား၏။

ထို့ကြောင့် မိမိအတွက် အချိန်ပိုရစေရန် သူ၏ လက်အောက်ခံ အင်အားစုများကို ယွဲ့ပြည်နယ်တွင် ဆူပူအုံကြွမှုများ ဖန်တီးရန် အမိန့်ပေးခဲ့ရုံသာမက တော်ဝင်နန်းတော်ကို ဖိအားပေးနိုင်ရန်အတွက် ပိုင်ယွဲ့ပြည်ထောင်များကိုပါ ဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတွင် အမြတ်ထွက်စေရန် ကြံစည်ထားခဲ့၏။

ထို့အပြင် လီချန်ကောက ယွဲ့ပြည်နယ်အတွင်းရှိ ထိပ်တန်းအင်အားစုအချို့ကိုလည်း လျှို့ဝှက်ဆက်သွယ်ထားခဲ့သေးသည်။

အကယ်၍ ထိုအင်အားစုများ၏ ထောက်ခံမှုကိုသာ ရရှိပါက လီချန်ကော သိုင်းသူတော်စင် ဖြစ်လာပြီးနောက် ချင်းထျန်းမိစ္ဆာဂိုဏ်းနှင့် တော်ဝင်နန်းတော်တို့၏ ထိန်းချုပ်မှုအောက်တွင် နေစရာမလိုတော့ဘဲ တစ်ထောင့်တစ်နေရာတွင် အမှန်တကယ် ကြီးစိုးနိုင်ခွင့် ရရှိမည်ဖြစ်သည်။ သွေးပင်လယ်ဂိုဏ်းကလည်း ထိုအထဲမှ တစ်ခု အပါအဝင် ဖြစ်၏။

သို့သော် ပွင့်ပွင့်လင်းလင်း ပုန်ကန်ရမည့်ကိစ္စကို သွေးပင်လယ်ဂိုဏ်းအနေဖြင့် သေချာစွာ စဉ်းစားချင့်ချိန်ရန် လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေ ယခုလက်ရှိ သွေးပင်လယ်ဂိုဏ်းက အရင်အချိန်များနှင့် နှိုင်းယှဉ်ပါက အများကြီး ကျဆင်းနေခဲ့ပြီဖြစ်ရာ အကယ်၍ ရွေးချယ်မှု မှားယွင်းသွားပါက တော်ဝင်နန်းတော်၏ အပြင်းအထန် နှိမ်နင်းခြင်းကို သေချာပေါက် ခံရမည်ဖြစ်ပြီး အနည်းငယ် ပေါ့ဆသွားသည်နှင့် ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် သွေးပင်လယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူက အကြိမ်ကြိမ် စဉ်းစားပြီးနောက် ဂိုဏ်းအတွင်းရှိ အကြီးအကဲအချို့ကို ခေါ်ယူကာ ဤကိစ္စကို ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ခန်းမကြီးအတွင်းရှိ လေထုက အနည်းငယ် လေးလံကျပ်တည်းနေပြီး ဖိအားတစ်ခုက လွှမ်းခြုံထားသည့်အလား ဖြစ်နေကာ ထိုင်နေကြသော သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများ အားလုံးက အတွေးကိုယ်စီ နစ်မြုပ်နေကြသည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာပြီးနောက်။

အနက်ရောင် ပိုးသားပါးလွှာလေးကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိလှသော ဖေဟုန်ရိက ဖြူဝင်းနေသော ခြေတံရှည်များကို ချိတ်ထိုင်လိုက်ပြီး အကြီးအကဲများ၏ ကိုယ်ပေါ်သို့ အကြည့်များ တစ်ချက်စီ ဝေ့ကြည့်လိုက်ကာ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သည်။

"ကိစ္စကတော့ ဒီအတိုင်းပါပဲ အကြီးအကဲတို့ ဘယ်လို ထင်ကြလဲ"

"ဒီကိစ္စက အရမ်း စွန့်စားလွန်းရာ မကျဘူးလား ငါတို့ သွေးပင်လယ်ဂိုဏ်းရဲ့ လက်ရှိ အခြေခံအုတ်မြစ်နဲ့ဆိုရင် ကြီးကြီးမားမား လှုပ်လှုပ်ရှားရှား လုပ်ဖို့ မခံနိုင်တော့ဘူး" ဟု ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုတစ်ဦးက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"ဟား သတ္တိရှိတဲ့သူက အဝစားရပြီး သတ္တိနည်းတဲ့သူကတော့ ငတ်သေရမှာပဲ အခု ယွဲ့ပြည်နယ်ရဲ့ အခြေအနေက ဖရိုဖရဲ ဖြစ်နေပြီ နဂါးကျား တာအိုဂိုဏ်းနဲ့ ထျန်းလုံဘုန်းကြီးကျောင်းက ခေါင်းတုံးတွေ ဆက်တိုက် ဖျက်ဆီးခံလိုက်ရပြီ တကယ်လို့ အခွင့်အရေးကိုသာ ကောင်းကောင်း ဆုပ်ကိုင်နိုင်မယ်ဆိုရင် ငါတို့ သွေးပင်လယ်ဂိုဏ်း ပြန်လည် ကြီးပွားလာနိုင်တာပဲ"

ဆံပင်မီးခိုးရောင် အဘိုးအို စကားပြောပြီးသည်နှင့် ကန့်ကွက်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ စကားပြောသူမှာ သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခေါင်းတုံးနှင့် လူသန်ကြီးတစ်ဦး ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် မျဉ်းကြောင်းများ ပြည့်နှက်နေကာ ရယ်မောလိုက်ချိန်တွင် အနည်းငယ် ကြမ်းကြုတ်ရက်စက်သော အသွင်ကို ဆောင်နေ၏။

"မင်းကိုယ်တိုင်လည်း ပြောခဲ့သားပဲ နဂါးကျား တာအိုဂိုဏ်းနဲ့ ထျန်းလုံဘုန်းကြီးကျောင်းတောင် ဖျက်ဆီးခံလိုက်ရပြီလို့ ငါတို့သာ ဝင်ပါလိုက်လို့ ဂိုဏ်းပျက်စီးမယ့် အန္တရာယ်နဲ့ ကြုံလာရရင် ဒီတာဝန်ကို ဘယ်သူ ယူမှာလဲ" ဟု ဆံပင်မီးခိုးရောင် အဘိုးအိုက ထပ်မံ ပြောဆိုလိုက်သည်။

ခေါင်းတုံးနှင့် လူသန်ကြီးက နှုတ်ခမ်းကို တွန့်လိုက်ပြီး ထိုအဘိုးအို၏ စကားကို လုံးဝ ဂရုမစိုက်သည့်အသွင်ဖြင့် ဆွဲဆောင်မှုရှိသော ဖေဟုန်ရိ၏ ကိုယ်ပေါ်သို့ အကြည့်ရွှေ့သွားကာ မျက်ဝန်းများထဲတွင် တပ်မက်မှုအချို့ ဖြတ်ပြေးသွား၏။

"ဂိုဏ်းချုပ် တကယ်လို့ ငါတို့ လှုပ်ရှားမယ် ဆိုရင် လီချန်ကောက ဘာသတ်မှတ်ချက်တွေ ပေးဖို့ ဆန္ဒရှိလဲ"

ဖေဟုန်ရိ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲသွားပြီး လက်ချောင်းလေးများဖြင့် ဆံနွယ်လေး တစ်မျှင်ကို ဖွဖွလေး ရစ်ခွေလိုက်ကာ ပြောလိုက်သည်။

"လီချန်ကော ကတိပေးထားတာကတော့ တကယ်လို့ သွေးပင်လယ်ဂိုဏ်းက ဝင်ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ကိစ္စ အောင်မြင်သွားတဲ့အခါ သွေးပင်လယ်ဂိုဏ်းကို ခရိုင်နှစ်ခုရဲ့ နယ်မြေ ပေးမယ်လို့ ပြောတယ် ဒါ့အပြင် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကိုလည်း ပေးပို့မယ်လို့ ကတိပေးထားတယ် အဲဒီအထဲမှာ မူလဝိညာဉ်အဆင့် စစ်မှန်သောသခင်တွေရဲ့ ကျင့်စဉ်စွမ်းအားကို တိုးတက်စေနိုင်တဲ့ အရာတွေ ပါဝင်ရုံသာမက ကပ်ဘေးကျော်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ ဝိညာဉ်ပစ္စည်း အများအပြားလည်း ပါဝင်တယ်တဲ့"

"ကပ်ဘေးကျော်ဖြတ်ရေး ဝိညာဉ်ပစ္စည်း"

ထိုစကားကို ကြားလိုက်ရသောအခါ ဆံပင်မီးခိုးရောင် အဘိုးအို၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်း မေးလိုက်သည်။

"လေကပ်ဘေးနဲ့ ပတ်သက်တဲ့ ဝိညာဉ်ပစ္စည်းလား ဒါမှမဟုတ် မီးကပ်ဘေးနဲ့ ပတ်သက်တဲ့ ဝိညာဉ်ပစ္စည်းလား"

"သေချာပေါက် မီးကပ်ဘေး ဖြတ်ကျော်ဖို့ ဝိညာဉ်ပစ္စည်းပေါ့" ဟု ဖေဟုန်ရိက ပြုံးကာ ပြန်ဖြေလိုက်သည်။

"တကယ်လား" ဟု ဆံပင်မီးခိုးရောင် အဘိုးအို၏ မျက်နှာက လေးနက်သွားပြီး အနည်းငယ် စိတ်ဝင်စားသွား၏။

ဖြောင့်မတ်သော လမ်းစဉ်မှ မဟာသိုင်းသခင်ကြီးများနှင့် နှိုင်းယှဉ်ပါက မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသူများအနေဖြင့် အစပိုင်းတွင် ကျင့်စဉ် တိုးတက်မှု အလွန် မြန်ဆန်သော်လည်း နောက်ကွယ်တွင် ကြီးမားသော အန္တရာယ်များကို ဖုံးကွယ်ထားရသည်။ အထူးသဖြင့် မိစ္ဆာဆန္ဒ စိတ်မီးကပ်ဘေးပင် ဖြစ်၏။

သူက အခုအချိန်အထိ မစမ်းသပ်ရဲသေးခြင်းမှာ ကပ်ဘေးဖြတ်ကျော်ချိန်တွင် ဖြစ်ပေါ်လာမည့် စိတ်မီးကို ကြောက်ရွံ့နေသောကြောင့်ပင် ဖြစ်သည်။

"ဒီကိစ္စကို သဘောတူလိုက်တာနဲ့ ဝိညာဉ်ပစ္စည်း အချို့ကို အရင်ဆုံး ငါတို့ဆီ ပေးမယ်လို့ လီချန်ကော ကတိပေးထားတယ် ကျန်တာတွေကိုတော့ ကိစ္စ အောင်မြင်သွားမှ ပေးမယ်တဲ့" ဟု ဖေဟုန်ရိက ဆက်လက် ရှင်းပြလိုက်သည်။

အမှန်တကယ်တော့ ဖေဟုန်ရိက ခေါင်းတုံးနှင့် လူသန်ကြီးကို လျှို့ဝှက်စွာ ဆွေးနွေးထားပြီး ဝင်ရောက် ကူညီရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ ယခု အရေးအကြီးဆုံးမှာ ဂိုဏ်းတွင် ဝါအရင့်ဆုံး ဖြစ်သော ဆံပင်မီးခိုးရောင် အဘိုးအိုကို သွေးဆောင် စည်းရုံးရန်ပင်။

အဘယ်ကြောင့်ဆိုသော် လီချန်ကော ပေးထားသော သတ်မှတ်ချက်များက ဖေဟုန်ရိအနေဖြင့် ငြင်းဆန်ရန် ခက်ခဲလွန်းလှပေသည်။ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ချိန်တွင် အသုံးပြုရမည့် ဝိညာဉ်ပစ္စည်း တစ်ခုကို ပြင်ဆင်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ ဖေဟုန်ရိအတွက် အလိုအပ်ဆုံး အရာပင် ဖြစ်၏။

သွေးပင်လယ်ဂိုဏ်းက နှစ်ပေါင်း ရာချီ၍ ကျဆင်းလာခဲ့ရာ ဂိုဏ်းတွင်းရှိ စုဆောင်းထားမှုများ အားလုံးမှာ ယခင် စစ်မှန်သောသခင် အချို့၏ အသုံးပြုမှုကြောင့် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့တိုင်အောင် ယခင်က သွေးပင်လယ်ဂိုဏ်း၏ စစ်မှန်သောသခင် နှစ်ဦးမှာ ကပ်ဘေးဖြတ်ကျော်ရာတွင် ကျရှုံးခဲ့ရဆဲပင်။ မိုးကြိုးကပ်ဘေးအောက်တွင် ကျဆုံးသွားခဲ့ရသဖြင့် သွေးပင်လယ်ဂိုဏ်း အနေဖြင့် အကြီးအကျယ် ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။

"ဒီလိုဆိုရင်တော့ သဘောမတူနိုင်စရာ အကြောင်း မရှိပါဘူး ဒါပေမဲ့ ငါတို့က အဲဒီ လီချန်ကော အတွက် ရှေ့ထွက် တိုက်ပေးမယ့် လူတော့ အဖြစ်မခံနိုင်ဘူးနော် အရမ်း အသေအလဲ တိုက်ရရင် ငါတို့အတွက် အကျိုးမရှိဘူး" ဟု ဆံပင်မီးခိုးရောင် အဘိုးအိုက အနည်းငယ် စိတ်ဝင်စားသွားသော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသေးကြောင်း ပြသလိုက်သည်။

"သွေးမြစ် အကြီးအကဲ စိတ်ချပါ ဒီဂိုဏ်းချုပ် အနေနဲ့ လီချန်ကောရဲ့ စကားတွေကို အလွယ်တကူ ယုံကြည်လိုက်မှာ မဟုတ်ပါဘူး ဒီတစ်ခေါက် သူက ငါတို့ကို အသုံးချချင်နေတာဆိုတော့ ငါတို့ကလည်း သူ့ကို ပြန်အသုံးချလို့ ရတာပဲလေ"

"ဒီလိုဆိုမှတော့ အဲဒါ..." ဟု ဆံပင်မီးခိုးရောင် သွေးမြစ် ဘိုးဘေးကြီးက ခေါင်းညိတ်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် တိုးညှင်းသော ခေါင်းလောင်းသံတစ်ခုက အဝေးမှ နီးကပ်လာပြီး နားထဲသို့ ဝင်ရောက်လာရာ မျက်တောင်တစ်ခတ်အတွင်း ခန်းမကြီးအတွင်းရှိ သွေးပင်လယ်ဂိုဏ်းမှ မဟာသိုင်းသခင်ကြီး လေးဦးစလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။

ဖေဟုန်ရိက မျက်မှောင်ကို တင်းကျပ်စွာ ကုပ်လိုက်ပြီး ပြောလိုက်သည်။

"ဒုက္ခပဲ လျှို့ဝှက်နယ်မြေရဲ့ အစီအရင်ကို တစ်ယောက်ယောက် လာတိုက်နေပြီ"

"သေစမ်း ဘယ်သူလဲ" ဟု သွေးမြစ် ဘိုးဘေးကြီးက ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေး စဉ်းစားလိုက်သော်လည်း မည်သူဖြစ်ကြောင်းကို လုံးဝ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေ၏။

"အခု အဲဒီလောက် အများကြီး ဂရုစိုက်မနေနိုင်တော့ဘူး အကြီးအကဲတို့ ဒီဂိုဏ်းချုပ် နောက်ကနေ အမြန်လိုက်ခဲ့ပြီး ရန်သူကို သွားရင်ဆိုင်ရအောင်"

ဖေဟုန်ရိ၏ စကားသံ အဆုံးမှာပင် သွေးရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဂိုဏ်းတံခါးပေါက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဖေဟုန်ရိ၏ ရင်ထဲ၌ ဘာကြောင့်မှန်းမသိဘဲ အကြောင်းပြချက် မရှိသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေ၏။

ကျန်ရှိသော သွေးပင်လယ်ဂိုဏ်း အကြီးအကဲ သုံးဦးက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း လှုပ်ရှားကာ ဖေဟုန်ရိ၏ နောက်သို့ လိုက်ပါသွားကြသည်။

သွေးပင်လယ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ထွက်ပေါက် တစ်ခုတည်းသာ ရှိသည်။ အကယ်၍ ထိုလမ်းကြောင်း ပိတ်ဆို့ခံလိုက်ရပါက သူတို့အနေဖြင့် အခွင့်ကောင်းယူ၍ ထွက်ပြေးချင်လျှင်တောင်မှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရန်သူ လာရောက် တိုက်ခိုက်မည် ဆိုပါက မဖြစ်မနေ ပြန်လည် တိုက်ထုတ်ရမည် ဖြစ်၏။

"ဒေါင်..."

ဝိညာဉ်နှိမ်နင်းရေး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့်အမျှ လေဟာနယ် တစ်ခုလုံး ချက်ချင်း ရပ်တန့်သွားပြီး အသံလှိုင်းများက အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ လိမ့်ဆင်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖုံးကွယ်ထား၏။

အသံလှိုင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ် တစ်နေရာ၌ သွေးရောင်အလင်းတန်းများ ရုတ်တရက် စုရုံးလာတော့သည်။

သွေးပင်လယ်ဂိုဏ်း၏ အစီအရင်ကြီးက ထင်ရှားစွာ ပေါ်ထွက်လာသည်။ သိုင်းသူတော်စင် လက်နက်၏ အစွမ်းက အလွန်တရာ အံ့မခန်း ဖြစ်ကြောင်း သိသာလွန်းလှပေသည်။

"အားလုံး လှုပ်ရှားကြ"

ဝိညာဉ်နှိမ်နင်းရေး ခေါင်းလောင်းက သွေးပင်လယ်ဂိုဏ်း၏ အစီအရင်ကို ရှာဖွေတွေ့ရှိသွားသည်နှင့် ကျန်းချဲ့က အမိန့်ပေးလိုက်ရာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း စတင် တိုက်ခိုက်လိုက်တော့သည်။ အစွမ်းကုန် စုစည်းထားသော သွေးရောင် စစ်မှန်သည့် နဂါးကြီးက ချက်ချင်း ဟိန်းဟောက်ကာ ပြေးဝင်သွား၏။

ကြိုတင် ပြင်ဆင်ထားသော ကျောက်ရှန်းကျီနှင့် ချီထျန်းကျုံ့တို့ကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ဓားစွမ်းအင်များ၊ နတ်အလင်းတန်းများက ဆူညံစွာ ပေါင်းစပ်သွားပြီး သွေးရောင် အလင်းတန်းကြီးအပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုသွေးရောင် အလင်းတန်း နေရာမှာ အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသည့်အလား လူအများ၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် အပေါက်ကြီးတစ်ခု အရှင်လတ်လတ် ပွင့်သွားတော့သည်။

သေချာသည်မှာ ထိုလူများက လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်း မဟုတ်ပေ။ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ဖြစ်သောကြောင့် ထိုနေရာရှိ လေဟာနယ်က အနည်းငယ် မတည်မငြိမ် ဖြစ်နေပြီး စစ်မှန်သောသခင် အချို့၏ အစွမ်းကုန် တိုက်ခိုက်မှုကို လုံးဝ မခံနိုင်သောကြောင့်သာ ဝင်ပေါက်က အရှင်လတ်လတ် ပွင့်ထွက်လာခဲ့ရခြင်း ဖြစ်၏။

သွေးပင်လယ် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ပျက်စီးသွားသည့် အချိန်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

"ရိုင်းစိုင်းလိုက်တာ ဘယ်သူက ငါတို့ သွေးပင်လယ်ဂိုဏ်းကို လာတိုက်ရဲတာလဲ"

စကားပြောသူမှာ သွေးပင်လယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖေဟုန်ရိပင် ဖြစ်သည်။ ယခုအချိန်တွင် ဖေဟုန်ရိ၏ မျက်ဝန်းများထဲ၌ ဒေါသများ ပြည့်နှက်နေပြီး လျှို့ဝှက်နယ်မြေအတွင်းတွင် ရပ်နေကာ လူရိပ်က မသဲမကွဲ ဖြစ်နေပြီး ကိုယ်ပတ်လည်တွင် သွေးရောင် အလင်းတန်းများ ရစ်ပတ်နေ၏။

"ကျန်းချဲ့"

ဖေဟုန်ရိ၏ အကြည့်များက ကျောက်ရှန်းကျီတို့ကို ဖြတ်ကျော်သွားပြီး လေဟာနယ်ထက်ရှိ လူရိပ်တစ်ခုအပေါ်သို့ ရုတ်တရက် ကျရောက်သွားကာ အလွန်တရာ အံ့အားသင့်သွားသော လေသံဖြင့် အော်ဟစ်လိုက်သည်။ တိုက်ခိုက်သူမှာ ကျန်းချဲ့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပုံရသည်။

"ဂိုဏ်းချုပ်ဖေက တကယ် မှတ်ဉာဏ်ကောင်းတာပဲ ငါ့ကို မှတ်မိနေသေးတယ်ပေါ့" ဟု ကျန်းချဲ့က လက်နောက်ပစ်ကာ မတ်မတ်ရပ်နေပြီး ကိုယ်ပတ်လည်တွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်နေကာ အလွန်တရာ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ဖေဟုန်ရိ၏ မျက်နှာက မည်းမှောင်သွားပြီး အလွန်တရာ ဆိုးရွားသွားတော့သည်။

ကျန်းချဲ့ကို ဖေဟုန်ရိ လုံးဝ မစိမ်းသက်ပေ။ ယခင်က နဂါးကျား တာအိုဂိုဏ်းတွင် ကျန်းချဲ့၏ မျက်နှာအစစ်ကို မြင်တွေ့ခဲ့ဖူးသည်။ ထိုအချိန်က နှစ်ဖက်စလုံး ရန်သူ မဖြစ်သေးသော်လည်း ဖေဟုန်ရိအနေဖြင့် ကျန်းချဲ့ကို အာရုံမစိုက်ဘဲ မနေခဲ့ပေ။

ပြီးခဲ့သော နှစ်ဝက်အတွင်း ကျန်းချဲ့၏ နာမည်က အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် ဟိုးလေးတကျော် ဖြစ်လာခဲ့သည်နှင့်အမျှ ဤနာမည်ကို အလွန် ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ယခုလက်ရှိ ကျန်းချဲ့က အရင်ကနှင့် လုံးဝ မတူညီတော့ပေ။ ထျန်းလုံဘုန်းကြီးကျောင်းကို အရင်ဆုံး အမြစ်ပြတ် သုတ်သင်ခဲ့ပြီးနောက် လီချန်ကောနှင့် တိုက်ခိုက်ကာ တစ်ဖက်လူကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့ရာ လီချန်ကောအနေဖြင့် သွေးပင်လယ်ဂိုဏ်းကို အတင်းအကျပ် ဆွဲသွင်း၍ ခုခံရန် ကြိုးစားနေရပြီ ဖြစ်၏။

ထိုအရာများ အားလုံးကို ကြည့်ခြင်းအားဖြင့် ကျန်းချဲ့ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မည်နည်း။

"ငါတို့ သွေးပင်လယ်ဂိုဏ်းနဲ့ နတ်သံတမန်ကျန်း ကြားမှာ ရန်ငြိုးဟောင်းလည်း မရှိသလို ရန်ငြိုးသစ်လည်း မရှိပါဘူး ဒီနေ့ ဘာအကြောင်းပြချက်မှ မရှိဘဲ ဂိုဏ်းတံခါးကို ဘာလို့ လာတိုက်ရတာလဲ တော်ဝင်နန်းတော် ဖြစ်နေရင်တောင် ဒီလိုမျိုး အားနည်းသူကို အနိုင်ကျင့်လို့ မရဘူးနော်"

ဖေဟုန်ရိ၏ အကြည့်များက ပတ်ဝန်းကျင်ရှိ အနက်ရောင် မိစ္ဆာနဂါး၊ ချီထျန်းကျုံ့နှင့် ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျီတို့အပေါ်သို့ ဝေ့ကြည့်လိုက်ရာ ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။

ဓမ္မရုပ်တုအဆင့်ဖြင့် ဖုန်းယွင် သိုင်းအဆင့်စာရင်းတွင် ပါဝင်နေသော မဟာသိုင်းသခင်ကြီး ကျန်းချဲ့ကိုပါ ထည့်တွက်လိုက်ပါက ဤနေရာတွင် စစ်မှန်သောသခင် အဆင့် စွမ်းအားရှင် လေးဦးအထိ ရှိနေပြီ ဖြစ်သည်။

သွေးပင်လယ်ဂိုဏ်းတွင် မဟာသိုင်းသခင်ကြီး လေးဦး ရှိသော်လည်း မူလဝိညာဉ်အဆင့် စစ်မှန်သောသခင် ဆို၍ ဖေဟုန်ရိ တစ်ယောက်တည်းသာ ရှိသည်။ သိုင်းသူတော်စင် လက်နက် ရှိနေလျှင်တောင်မှ သွေးပင်လယ်ဂိုဏ်းအနေဖြင့် တစ်ဖက်လူများနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာဟနေဆဲပင် ဖြစ်၏။

"ဂိုဏ်းချုပ်ဖေရဲ့ စကားက မှားနေပါပြီ အရင်က နဂါးကျား တာအိုဂိုဏ်း တိုက်ပွဲမှာ ဂိုဏ်းချုပ်ဖေ ဝင်ပါပြီး ကျန်း တစ်ယောက် လက်စားချေတာကို နှောင့်ယှက်ခဲ့တယ် ဒါက ရန်ငြိုးသစ်ပဲ အရင်တုန်းက သွေးပင်လယ်ဂိုဏ်းက ငါတို့ ကျူးချွဲဌာနခွဲရဲ့ လျှို့ဝှက် စုံထောက်တွေကို သတ်ပစ်ခဲ့တယ် ဒါက ရန်ငြိုးဟောင်းပဲ ဒါ့အပြင် သွေးပင်လယ်ဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ခု အနေနဲ့ ယွဲ့ပြည်နယ်မှာ မကောင်းမှုတွေ လုပ်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ ကျန်း တစ်ယောက်က ယွဲ့ပြည်နယ် မြို့တော်ဝန် အနေနဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာပေးရမယ့် တာဝန် ရှိတယ် အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် ဒီအရာရှိ လာတာက အကြောင်းပြချက် ခိုင်လုံနေပြီ မဟုတ်လား" ဟု ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ထိုစကားများကို ဖေဟုန်ရိက တစ်စက်လေးမျှ မယုံကြည်ပေ။ ကျန်းချဲ့၏ စရိုက်လက္ခဏာအရ ပြည်သူများအတွက် တရားမျှတမှု ရှာပေးမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ ၎င်းမှာ အကြောင်းပြချက်တစ်ခု ရှာရုံ သက်သက်သာ ဖြစ်ကြောင်း သိသာလွန်းလှသည်။ ထို့ကြောင့် မျက်နှာထား မည်းမှောင်စွာဖြင့် ဆက်ပြောလိုက်သည်။

"အရင်က နဂါးကျား တာအိုဂိုဏ်းမှာ ကျမ လုံးဝ ဝင်မတိုက်ခဲ့ပါဘူး ဘေးကနေ ကြည့်နေရုံ သက်သက်မို့လို့ စော်ကားတယ်လို့ ပြောလို့ မရဘူးလေ ဟို အနက်ရောင်ရုံးတော်က လျှို့ဝှက် စုံထောက် ကိစ္စကလည်း ငါတို့ သွေးပင်လယ်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို လာခိုးယူဖို့ ကြိုးစားလို့ သတ်ပစ်ရတာပဲလေ အဲဒါကိုတောင် အပြစ်ပေးခွင့် မရှိဘူးလား နတ်သံတမန်ကျန်းရဲ့ စကားတွေက နည်းနည်း အတင်းအကျပ် နိုင်လွန်းမနေဘူးလား"

"ခင်ဗျား ဘယ်လိုပဲ တွေးတွေး ဒီနေ့တော့ သွေးပင်လယ်ဂိုဏ်းက သိုင်းလောကကနေ လုံးဝ ပျောက်ကွယ်သွားရမယ်" ဟု ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

အကြောင်းပြချက်က အရေးကြီးသလား။ သေချာပေါက် အရေးကြီးသည်။ သို့သော် စွမ်းအားက ပို၍ အရေးကြီးပေသည်။ သူ ဤနေရာသို့ လာရောက်ရခြင်းမှာ ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရန် ဖြစ်ရာ အကြောင်းပြချက်တစ်ခု ပေးလိုက်ရုံဖြင့် လုံလောက်ပေပြီ။ သူက တစ်ဖက်လူနှင့် အမှားအမှန် လာငြင်းခုံနေရန် မရည်ရွယ်ထားချေ။

ဖေဟုန်ရိ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သက်ပြင်းသဲ့သဲ့လေး တစ်ချက် မှုတ်ထုတ်လိုက်သည်။ ကျန်းချဲ့ ပြောသမျှ အရာအားလုံးက ဆင်ခြေများသာ ဖြစ်ပြီး ဤနေရာသို့ အလွန် တိုက်ဆိုင်စွာ ရောက်လာခြင်းမှာ လီချန်ကောက သွေးပင်လယ်ဂိုဏ်းကို ပူးပေါင်းရန် ဖိတ်ခေါ်ထားသည့် ကိစ္စကို သိရှိသွား၍ ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်သွား၏။ ထို့ကြောင့် ချက်ချင်း လေးနက်စွာ ရှင်းပြလိုက်သည်။

"နတ်သံတမန်ကျန်း အမြင်မှန်ကို သိဖို့ မျှော်လင့်ပါတယ် တကယ်တော့ လီချန်ကောရဲ့ ဖိတ်ခေါ်မှုကို ငါတို့ သွေးပင်လယ်ဂိုဏ်းက သဘောတူဖို့ မရည်ရွယ်ထားသလို နတ်သံတမန်ကျန်းနဲ့လည်း ရန်သူ မဖြစ်ချင်ပါဘူး ကျမ အနေနဲ့ ကျိန်ဆိုရဲပါတယ် နတ်သံတမန်ကျန်းက မျက်နှာသာ နည်းနည်း ပေးဖို့ပဲ မျှော်လင့်ပါတယ်"

"ဟင်..."

ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်အချို့ ဖြတ်ပြေးသွားပြီး တစ်ခဏတာမျှ သတိမဝင်နိုင်အောင် ဖြစ်သွားရသည်။

လီချန်ကော ဖိတ်ခေါ်တယ် ဟုတ်လား... သွေးပင်လယ်ဂိုဏ်းက ငြင်းတယ် ဟုတ်လား... ဘာအဓိပ္ပာယ်လဲ။

ခဏအကြာ စဉ်းစားပြီးနောက် ကျန်းချဲ့က လျင်မြန်စွာ သဘောပေါက်သွားသည်။ အမှန်တကယ်တော့ လီချန်ကောက သူ့ကို ပြဿနာ ရှာရန်အတွက် ယွဲ့ပြည်နယ်ရှိ အခြားသော အင်အားစုများကိုပါ ဝင်ရောက် စွက်ဖက်ခိုင်းနေခြင်း ဖြစ်သည်။ ယခင်က သူ၏ ဖိတ်ခေါ်မှုကို ထိုအင်အားစုများက လျစ်လျူရှုခဲ့ကြခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ဤကဲ့သို့သော အကြံအစည် ရှိနေခဲ့ခြင်းကိုး။

ဤသို့ဆိုမှတော့ သူ ပို၍ပင် လှုပ်ရှားရတော့မည် ဖြစ်သည်။ မြွေကို မသေမချင်း မရိုက်ပါက ကိုယ့်ကို ပြန်ကိုက်လာမည်ကို ကာကွယ်ရန်ပင်။

"ကောင်းပြီလေ ဂိုဏ်းချုပ်ဖေသာ ပတ်ဝန်းကျင်က အစီအရင်ကြီးကို ဖွင့်ပေးဖို့ ဆန္ဒရှိမယ် ဆိုရင် ကျန်း တစ်ယောက်က မျက်နှာသာ ပေးမှာပါ"

ရင်ထဲတွင် အတွေးများစွာ ရှိနေသော်လည်း ကျန်းချဲ့က အပြင်ပန်းတွင် မည်သည့် အရိပ်အယောင်မျှ မပြသခဲ့ပေ။

အစောပိုင်းက သူတို့ ပူးပေါင်း၍ အပေါက်ကြီးတစ်ခုကို ဖောက်နိုင်ခဲ့သော်လည်း သွေးပင်လယ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေက သူတို့အတွက် ပွင့်သွားပြီဟု မဆိုလိုပေ။ အမှန်တကယ်တော့ ပတ်ဝန်းကျင်တွင် အစီအရင် အကာအကွယ်များ ရှိနေဆဲပင် ဖြစ်သည်။

ယခု သူက ဤနေရာတွင် တစ်ဖက်လူနှင့် စကားများများ ပြောနေရခြင်းမှာ ချီရွှယ်မိစ္ဆာသခင်အတွက် အချိန်ဆွဲပေးရန်နှင့် ဖေဟုန်ရိ၏ အာရုံကို ဆွဲဆောင်ထားရန် ဖြစ်သည်။ ထိုသို့မှသာ ချီရွှယ်မိစ္ဆာသခင်က တစ်ဖက်လူ၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီးကို ဖျက်ဆီးပစ်ရန် နည်းလမ်း ရှာနိုင်မည် ဖြစ်၏။

"နတ်သံတမန်ကျန်းကို ဟုန်ရိ မယုံကြည်လို့ မဟုတ်ပါဘူး လျှို့ဝှက်နယ်မြေရဲ့ အစီအရင်က အရမ်း အရေးကြီးလို့ ဖွင့်ပေးဖို့ တကယ် အဆင်မပြေလို့ပါ တကယ်လို့ နတ်သံတမန်ကျန်းသာ ပြန်ဆုတ်သွားမယ် ဆိုရင် ဟုန်ရိ အခုလေးတင် ပြောခဲ့တဲ့ စကားတွေက အကုန် အမှန်တွေချည်းပါပဲ တော်ဝင်နန်းတော်နဲ့ လီချန်ကောရဲ့ အရေးအခင်းတွေမှာ လုံးဝ ဝင်မပါပါဘူး" ဟု ဖေဟုန်ရိက စကားလမ်းကြောင်း လွှဲလိုက်ပြီး ကျန်းချဲ့၏ စကားများကို လုံးဝ မယုံကြည်ကြောင်း ပြသလိုက်သည်။

"ကြည့်ရတာ ဂိုဏ်းချုပ်ဖေက အခုထိ စေတနာ မမှန်သေးဘူး ထင်တယ် ဒါဆိုလည်း ကျန်းချဲ့ အနေနဲ့ ယုံကြည်လို့ မရဘူးပေါ့လေ ဒီလိုဆိုမှတော့ ကျန်း တစ်ယောက် လှုပ်ရှားတာကို အပြစ်မတင်နဲ့တော့"

ကျန်းချဲ့က လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ ဟွမ်ကူးနတ်လှံတံက လက်ထဲသို့ ရောက်ရှိလာပြီး တိုက်ခိုက်မည့် အသွင်အပြင်ကို ပြသလိုက်သည်။ ပတ်ဝန်းကျင်ရှိ အောက်ခွန်းနှင့် ကျောက်ရှန်းကျီတို့ကလည်း မျက်နှာထားများ တင်းမာသွားပြီး ကျန်းချဲ့ အမိန့်ပေးလိုက်သည်နှင့် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ဝင်ရောက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

"ရှင် နတ်သံတမန်ကျန်း ကျမက ကျိန်ဆိုရဲပါတယ်ဆိုတာတောင် မရဘူးလား" ဟု ဖေဟုန်ရိက မြင်လိုက်သောအခါ မျက်နှာထား တင်းမာသွားသည်။

"မင်းတို့ သွေးပင်လယ်ဂိုဏ်းက မိစ္ဆာပညာရပ်တွေ အများကြီး ရှိတယ်လေ တစ်ခုခု မှားယွင်းနေမလား ဘယ်သူသိနိုင်မလဲ ကျန်း တစ်ယောက်က အဲဒီအရာတွေကို မယုံကြည်ဘူး ခင်ဗျား ကိုယ်တိုင် အပြင်ထွက်လာမှ ခင်ဗျားရဲ့ စေတနာကို ပြသနိုင်မှာပေါ့ မဟုတ်ရင် ဒီအရာရှိ အနေနဲ့ အစိုးရကို လှည့်စားတယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်"

ကျန်းချဲ့က မျက်လုံးများကို မှေးလိုက်ပြီး ကိုယ်ပေါ်မှ အေးစက်စက် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"နတ်သံတမန်ကျန်း အလွန်အမင်း အနိုင်ကျင့်လွန်းရာ မကျဘူးလား"

ဖေဟုန်ရိမှာ မူလဝိညာဉ်အဆင့် စစ်မှန်သောသခင် တစ်ပါး ဖြစ်ပါလျက်နှင့် ဤမျှလောက် အောက်ကျို့ခံနေသည်ကိုပင် ကျန်းချဲ့က မကျေနပ်သေးဘဲ မောက်မာစွာ ပြောဆိုနေခြင်းက ဖေဟုန်ရိ၏ ရင်ထဲတွင် ဒေါသများ အများအပြား ထွက်ပေါ်လာစေသည်။ ယနေ့ ကိစ္စက လုံးဝ ပြီးဆုံးမည် မဟုတ်ကြောင်းကို ဖေဟုန်ရိ နားလည်လိုက်၏။

ကျန်းချဲ့၏ မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်အချို့ ပေါ်လာပြီး လေဟာနယ်ထဲတွင် မသဲမကွဲ ဖြစ်နေသော ဖေဟုန်ရိကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"အနိုင်ကျင့်တော့ကော ဘာလုပ်နိုင်မှာမို့လို့လဲ"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖေဟုန်ရိ၏ မျက်နှာက ချက်ချင်း ဖြူလိုက် ပြာလိုက် ဖြစ်သွားပြီး အဆက်မပြတ် ပြောင်းလဲနေသော်လည်း ယခုအချိန်တွင် ဘာမှ ပြန်လည် ချေပ၍ မရနိုင်အောင် ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ဖေဟုန်ရိအနေဖြင့် လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ တကယ် မထွက်ရဲသောကြောင့်ပင်။ ထိုသို့ ထွက်သွားပါက စစ်မှန်သောသခင် အများအပြား၏ ဝိုင်းရံ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ရာ သိုင်းသူတော်စင် လက်နက် ရှိနေလျှင်တောင်မှ အသက်အန္တရာယ် အလွန် များပြားလှပေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူများ၏ လက်ထဲတွင်လည်း သိုင်းသူတော်စင် လက်နက် ပါရှိနေနိုင်သည် မဟုတ်ပါလား။

အခြေအနေက တင်းမာနေချိန်မှာပင် လေဟာနယ်ထဲတွင် သွေးရောင်အလင်းတန်းတစ်ခုက ရုတ်တရက် စတင် လှုပ်ရှားလာပြီး ချီရွှယ်မိစ္ဆာသခင်၏ အစစ်အမှန် ခန္ဓာကိုယ်က ဖြည်းညင်းစွာ ပေါ်ထွက်လာကာ ကျန်းချဲ့ကို ကြည့်၍ သွားဖြဲကာ ပြုံးလိုက်သည်။

"ဟီးဟီး ဒီ သွေးပင်လယ်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီးက တကယ်ကို ရိုးရှင်းလွန်းပါတယ် ဘာစွမ်းအင်မှ အများကြီး မထုတ်ရဘဲ အားနည်းချက်ကို အလွယ်လေး ရှာတွေ့ခဲ့ပြီ စတင် တိုက်ခိုက်လို့ ရပါပြီ"

"ကောင်းတယ်"

ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင်၏ စွမ်းရည်ကို အလွန် ကျေနပ်သွားသည်။ မိစ္ဆာလမ်းစဉ်၏ ထိပ်တန်း စစ်မှန်သောသခင် တစ်ပါး ဖြစ်သည်နှင့်အညီ စွမ်းရည်များက အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ အထူးသဖြင့် မိစ္ဆာဂိုဏ်းများကို ရင်ဆိုင်ရာတွင် အသုံးပြုသော နည်းလမ်းများတွင် ချီရွှယ်မိစ္ဆာသခင်၏ လှုပ်ရှားမှုက သူ့ကို တစ်ခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပေ။

All Chapters