အခန်း ၄၀၁
Vol. 41 Ch. 401
အခန်း (၄၀၁) ရထားပေါ်သို့ လည်ပတ်ခြင်း
ရထားကြီးက စည်ကားလှသော မြို့ပြကြီးကို ကျောခိုင်းကာ ကျေးလက်ဒေသဆီသို့ ဝင်ရောက်လာသည်နှင့်အမျှ ရင်းကျန့်တို့ မဟာချင်အဖွဲ့သားများက တမူထူးခြားနေသည့် ရှုခင်းများကြောင့် အလွန်အမင်း ဆွဲဆောင်ခံလိုက်ရသည်။
စိုက်ခင်းများကြားတွင် အဖြူရောင်နံရံများ၊ အနီရောင်အမိုးကြွေပြားများဖြင့် သေသပ်လှပစွာ ဆောက်လုပ်ထားသော ရောင်စုံဗီလာအိမ်ရာများက တန်းစီလျက် ရှိနေကြသည်။
ခပ်လှမ်းလှမ်းတွင်တော့ လမ်းငယ်လေးများ ယှက်နွယ်နေသည့် ကျယ်ပြောလှသော စိုက်ခင်းကြီးများက စိမ်းလန်းစိုပြည်နေပြီး ခေတ်မီစိုက်ပျိုးရေးစက်ယန္တရားများ အလုပ်လုပ်နေသည်ကို တစ်ခါတစ်ရံ မြင်တွေ့နေရသည်။
ကျေးရွာလမ်းများက ကျယ်ဝန်းကာ ညီညာပြန့်ပြူးနေပြီး အိမ်တိုင်းစေ့သို့ ဆက်သွယ်ဖောက်လုပ်ထား၏။
၎င်းက သူတို့စိတ်ကူးထဲက နိမ့်ကျပြီး ရိုးရှင်းသည့် သက်ကယ်မိုးတဲအိမ်လေးများနှင့် ရွှံ့ဗွက်ထနေသည့် ရွာလမ်းများနှင့် လုံးဝကို ကွာခြားနေချေသည်။
ဤနေရာရှိ ကျေးလက်ဒေသက အေးချမ်းပြီး ကြွယ်ဝချမ်းသာကာ အသက်ဝင်လှုပ်ရှားလျက် ရှိနေကြသည်။
ရင်းကျန့်၊ ဖူဆု၊ လီစစ်နှင့် စစ်သူကြီး မုန့်ထျန်တို့အပါအဝင် အားလုံးက ပြတင်းပေါက်အပြင်ဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေကြပြီး ထိုမြင်ကွင်းများကို သူတို့၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ ထွင်းထုမှတ်သားနေခဲ့ကြ၏။
သေသပ်ညီညာနေသည့် ထိုစိုက်ခင်းများက ပေါများကြွယ်ဝသော ရိက္ခာများကို ကိုယ်စားပြုပြီး လှပသော အိမ်လေးများက ပြည်သူများ၏ ကြီးပွားချမ်းသာမှုကို ကိုယ်စားပြုကာ ရွာများနှင့် အဝေးဆီသို့ ဆက်သွယ်ထားသည့် လမ်းများက အဆင်ပြေချောမွေ့သော ဆက်သွယ်ရေးနှင့် အင်အားကြီးမားသော နိုင်ငံတော်ကို ကိုယ်စားပြုနေခဲ့သည်။
၎င်းက မဟာချင်ပြည်သူများအတွက် သူတို့ အိပ်မက်မက်ခဲ့ရသည့် အသက်ဝင်လှုပ်ရှားနေသော အနာဂတ်ပင်။
မျက်စိရှေ့ရှိ မြင်ကွင်းတိုင်းက လေးနက်သော တာဝန်ဝတ္တရားတစ်ခုနှင့် အင်မတန် ရှင်းလင်းပြတ်သားသော တွန်းအားတစ်ခုအဖြစ် ပြောင်းလဲသွားရသည်။
နောက်ရာစုနှစ်တစ်ခု သို့မဟုတ် ထိုထက်ပိုမိုကြာရှည်မည့် အချိန်များအတွက် မဟာချင်၏ ရည်မှန်းချက်ပန်းတိုင်များက မည်သို့ရှိသင့်သည်ကို သူတို့ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်သွားကြသည်။
ထိုအချိန်၌ ကျန်းယဲ့က မတ်တတ်ရပ်လိုက်ပြီး ရင်းကျန့်နှင့် အခြားသူများကို ကြည့်ကာ မေးလိုက်၏။
"အရှင်မင်းကြီးနဲ့ တခြားသူတွေရော... ဒီရထားကြီးကို ဘယ်လိုမောင်းနှင်သလဲဆိုတာ သွားကြည့်ဖို့ စိတ်ဝင်စားကြလား..."
ရင်းကျန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းယဲ့က သူတို့ကို ရထားခေါင်းခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လင်ရှောင်နှင့် အခြားသူများက ကြိုတင်စီစဉ်ထားပြီးဖြစ်ရာ ရထားအမှုထမ်းခေါင်းဆောင်နှင့် ရထားမောင်းနှင်သူတို့က တွဲဆက်သည့်နေရာ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။
"ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျာ... မောင်းနှင်သူရဲ့ အခန်းကနေ ကြိုဆိုပါတယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ..."
အမှုထမ်းခေါင်းဆောင်က တွဲများကြားရှိ ဆက်သွယ်ထားသော နေရာကိုဖြတ်ကာ သူတို့ကို ရိုသေစွာ လမ်းပြခေါ်ဆောင်သွားပြီး မောင်းနှင်ခန်း၏ လေးလံသော တံခါးကြီးကို ဖွင့်ပေးလိုက်ချေသည်။
မောင်းနှင်ခန်းအတွင်း၌ကား အမျိုးအစားစုံလင်လှသော ကိရိယာများ၊ ဖန်သားပြင်များနှင့် ထိန်းချုပ်မောင်းတံများက သေသပ်စွာ နေရာယူထားကြပြီး နည်းပညာ၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
အမြန်ရထားမောင်းနှင်သူမှာ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ယနေ့ လာရောက်လည်ပတ်မည့် ဧည့်သည်များမှာ သာမန်လူများမဟုတ်ကြောင်းကို သူ့အား ကြိုတင်အသိပေးထားပြီး ဖြစ်၏။
ရင်းကျန့်က မောင်းနှင်သူ၏ ခုံနေရာဆီသို့ ခြေလှမ်းသွားကာ ရှုပ်ထွေးလှသည့် ကိရိယာများကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ကျယ်ဝန်းလှသော မြင်ကွင်းနှင့် အဆုံးအစမရှိ ရှေ့သို့ ဆန့်တန်းနေသော သံလမ်းကြီးများဆီသို့ အကြည့်ရောက်သွားသည်။ သူက မောင်းနှင်သူကို တည့်တိုးပင် မေးလိုက်၏။
"ဒီယာဉ်ကို ဘယ်လိုမောင်းနှင်ရတာလဲ.."
မောင်းနှင်သူက ရိုးရှင်းပြီး နားလည်လွယ်သော စကားလုံးများကို အသုံးပြုကာ သူ၏ရှေ့ရှိ စက်ကိရိယာများနှင့် ပေါင်းစပ်လျက် ရထားစတင်ထွက်ခွာခြင်း၊ အရှိန်တင်ခြင်း၊ ဘရိတ်ဖမ်းခြင်း၊ အချက်ပြစနစ်နှင့် သံလမ်းထိန်းချုပ်မှုတို့၏ အခြေခံသဘောတရားများကို အကျဉ်းချုပ် ရှင်းပြလေသည်။
ရင်းကျန့်က အလွန်ဂရုတစိုက် နားထောင်နေခဲ့သည်။ နည်းပညာရပ်ဆိုင်ရာ ဝေါဟာရများကို အပြည့်အဝ နားမလည်နိုင်သော်ငြားလည်း ထိုစနစ်များအတွင်း ပါဝင်နေသည့် တိကျသေချာမှု၊ တင်းကျပ်မှုနှင့် ကြီးမားခမ်းနားလှသော စနစ်တကျ တည်ဆောက်ထားမှုကြီးကို သူ ခံစားသိရှိနိုင်ချေသည်။
ဖူဆု၊ လီစစ်နှင့် အခြားသူများကလည်း အပြေးနှင်နေသည့် ဤသံမဏိနဂါးကြီး၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို နားလည်နိုင်ရန် ကြိုးစားရင်း အာရုံစိုက် နားထောင်နေခဲ့ကြသည်။
မောင်းနှင်ခန်းအတွင်းရှိ လူသားတို့၏ စက်မှုယဉ်ကျေးမှုနှင့် ဉာဏ်ပညာအထွတ်အထိပ်တို့ ပေါင်းစပ်ဖွဲ့စည်းထားမှုကို ကြည့်ရှုရင်း လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည့် မြို့ပြ၏ စည်ကားသိုက်မြိုက်မှုနှင့် ကျေးလက်၏ ပေါများကြွယ်ဝမှုတို့ကို ပြန်လည်တွေးတောမိသောအခါ မဟာချင်၏ အဓိက အုပ်ချုပ်သူများ၏ နှလုံးသားထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များ တက်ကြွလာရသည်။
၎င်းကား အံ့သြကြည်ညိုမှု၊ လေးစားမှုနှင့် အသိဉာဏ်ပွင့်လင်းသွားခြင်းတို့ပင်။
ယခု သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသော ကြွယ်ဝချမ်းသာလှသည့် ကမ္ဘာကြီးက လေထဲမှ အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဤမြေပေါ်ရှိ မျိုးဆက်အဆက်ဆက်က နှစ်ထောင်ပေါင်းများစွာ ကြမ်းတမ်းခက်ခဲမှုများကို ဖြတ်သန်းရင်း ဉာဏ်ပညာများကို စုဆောင်းကာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြ၍ နောက်ဆုံး၌ ဤတောက်ပမှုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။
သူတို့၏ မဟာချင်က ဤခရီးရှည်ကြီး၏ အစပြုရာ နေရာပင်။
ဤအခိုက်အတန့်တွင် သူတို့ဟာ နောင်လာမည့် မျိုးဆက်များရှိ မရေမတွက်နိုင်သော ဧရာမလူသားကြီးများ၏ ပခုံးပေါ်တွင် ရပ်တည်နေကြပြီး အနာဂတ်၏ အဆုံးအစမရှိသော ဖြစ်နိုင်ခြေများကို လှမ်းမျှော်ကြည့်ရှုနိုင်နေပြီ ဖြစ်သည်။
အနာဂတ်ဆီမှ ဤစိတ်ကူးရမှုနှင့် ခွန်အားများကြောင့် ပိုမိုရှင်းလင်းသော ရည်မှန်းချက်ပန်းတိုင်များနှင့် ဦးတည်ချက်များကြောင့် သူတို့၏ ဦးဆောင်မှုအောက်ရှိ မဟာချင်၏ အနာဂတ်က အချည်းနှီး အချိန်ကုန်ခံရမည့် လမ်းလွဲများကို ရှောင်ရှားနိုင်ကာ ပိုမိုမြင့်မားဝေးကွာသော နေရာသို့ တက်လှမ်းနိုင်မည်မှာ အသေအချာပင်။
နည်းပညာများဖြင့် ပြည့်နှက်နေသော ရထားမောင်းနှင်ခန်းကို လည်ပတ်ကြည့်ရှုပြီးနောက် ရင်းကျန့်က ခဏမျှ စဉ်းစားလိုက်ပြီး ကျန်းယဲ့အား ပြောလိုက်၏။
"ငါ နောက်ဘက်က တွဲတွေဆီ သွားပြီး လမ်းလျှောက်ကြည့်ချင်တယ်...."
သူက ဤခေတ်ရှိ သာမန်ပြည်သူများ၏ စိတ်နေစိတ်ထားများနှင့် သူတို့၏ စကားပြောဆိုမှုများကို ပိုမိုနီးကပ်စွာ လေ့လာနားလည်ချင်သောကြောင့်ပင်။
ထိုစကားကို ကြားသောအခါ ကျန်းယဲ့က မတ်တတ်ရပ်ကာ သူတို့နှင့်အတူ လိုက်ပါရန် ပြင်လိုက်သော်လည်း ချန်ချင်းက အရင်ဦးအောင် ဝင်ပြောလိုက်သည်။
"ကျန်းယဲ့... ဒီကိစ္စကို ငါတို့ပဲ တာဝန်ယူလိုက်မယ်။ မင်း လိုက်သွားစရာ မလိုပါဘူး..."
စကားပြောနေစဉ်မှာပင် ချန်ချင်း၏ အကြည့်တို့က ကျန်းယဲ့၏ မျက်နှာပေါ်သို့ မသိမသာ ဝေ့ဝဲသွားချေသည်။
ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် ကျန်းယဲ့က ချက်ချင်း သဘောပေါက်သွားရသည်။
ဉာဏ်ရည်ထက်မြက်ပြီး အကဲခတ်ကောင်းလှသည့် ရင်းကျန့်၊ ဖူဆုနှင့် လီစစ်တို့ကလည်း ချန်ချင်း၏ ရည်ရွယ်ချက်ကို တစ်ပြိုင်နက်တည်းနီးပါး ရိပ်မိသွားကြသည်။
ယခုအခါ ကျန်းယဲ့သည် ပြည်သူများကြား၌ အထူးသဖြင့် ဟန်ကျိုးမြို့တွင် အလွန်လူသိများနေပြီ ဖြစ်၏။ အကယ်၍ သူသာ သာမန်ရထားတွဲထဲသို့ သွားလိုက်ပါက နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းထားလျှင်တောင် အကဲခတ်မြန်သည့် ခရီးသည်အချို့က သူ့ကို မှတ်မိသွားနိုင်ပြီး ရုတ်ရုတ်သဲသဲဖြစ်ကာ အာရုံစိုက်ခံရနိုင်ချေရှိလေသည်။
ဖန်ရွှိုနှင့် လော်ယွန်း နှစ်ယောက်သာ အကဲခတ်နောက်ကျနေခဲ့ပြီး သူတို့၏မျက်နှာတွင် နားမလည်နိုင်သည့် အမူအရာများဖြင့် ကျန်းယဲ့က ဘာကြောင့် လိုက်သွား၍ မရသနည်းဟု တွေးတောနေကြသည်။
ကျန်းယဲ့က ချက်ချင်းသဘောပေါက်ကာ လိုလားစွာ ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ။ ဒါဆို အစ်ကိုချန်နဲ့ အစ်ကိုလင်တို့ကိုပဲ အလုပ်ရှုပ်ခံခိုင်းရတော့မယ်...."
သူက အနားယူရမည်ဖြစ်၍ ဝမ်းသာအားရဖြင့် ရင်းကျန့်နှင့် အခြားသူများဘက်သို့ လက်ဟန်ပြလိုက်ပြီး... "အရှင်မင်းကြီးနဲ့ အခြားသူတွေ... ချန်ချင်းနဲ့ လင်ရှောင်တို့က ခင်ဗျားတို့ကို အဖော်ပြုပေးပါလိမ့်မယ်။ သူတို့က ခင်ဗျားတို့ရဲ့ ခရီးစဉ် ချောမွေ့စေဖို့ သေချာပေါက် ကူညီပေးပါလိမ့်မယ်.."
ယင်းကျန့်က ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး ထိုအစီအစဉ်ကို လက်ခံကြောင်း ပြသလိုက်လေသည်။
ချန်ချင်းနှင့် လင်ရှောင်တို့ အပါအဝင် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ အထက်တန်းစားအဖွဲ့ဝင်အချို့ ခြံရံလျက် ရင်းကျန့်၊ ဖူဆု၊ လီစစ်၊ စစ်သူကြီး မုန့်ထျန်နှင့် မဟာချင်၏ အခြားအဓိကအဖွဲ့ဝင်များက အူကြောင်ကြောင်ဖြစ်နေဆဲဖြစ်သော ဖန်ရွှို၊ လော်ယွန်းတို့နှင့်အတူ တိတ်ဆိတ်လှသည့် စီးပွားရေးတန်းတွဲမှ ထွက်ခွာသွားလိုက်ကြသည်။
ပထမတန်းစား ရထားတွဲ၏ ပတ်ဝန်းကျင်က စီးပွားရေးတန်းလောက် သီးသန့်မဆန်ကာ မကျယ်ဝန်းသော်လည်း သန့်ရှင်းပြီး သက်တောင့်သက်သာရှိနေဆဲပင်။
သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ထင်ပေါ်နေသည့် လူငယ်လေးယောက်ဖြစ်သော ကျန်းခိုင်၊ ချောင်ဝမ်ပေါ်၊ ဖုန်းရီမင်နှင့် ကန်ချန်တို့က ကပ်လျက်ခုံများတွင် ထိုင်နေခဲ့ကြသည်။
ချောင်ဝမ်ပေါ်က ထိုင်ခုံကို အနေအထားပြောင်းလိုက်ပြီး မကျေမနပ်ဖြင့် တိုးတိုးလေး ညည်းတွားလိုက်၏။
"တကယ် ထူးဆန်းတာပဲ... ဒီတစ်ခေါက် စီးပွားရေးတန်းလက်မှတ်ကို ဘာလို့ ဝယ်လို့မရတာလဲ။ ငါက ရက်အများကြီးကြိုပြီး စောင့်ကြည့်နေခဲ့တာတောင် အလကားပဲဖြစ်သွားတယ်..."
ဖုန်းရီမင်က သူ၏ ရွှေရောင်ကိုင်းမျက်မှန်ကို ပင့်တင်လိုက်ရင်း အကူအညီမဲ့နေသည့် လေသံဖြင့် ပြန်ပြောလေသည်။
"ငါတို့ရဲ့ အတွင်းပိုင်း အဆက်အသွယ်တွေနဲ့ စုံစမ်းကြည့်လိုက်တော့ နောက်ရက်အနည်းငယ်အတွင်း ဒီခရီးစဉ်က စီးပွားရေးတန်းထိုင်ခုံတွေ အကုန်လုံးကို အရေးကြီးတဲ့ ဧည့်ခံရေးတာဝန်တစ်ခုအတွက် ကြိုတင် ဘွတ်ကင်လုပ်သွားကြတယ်တဲ့။ ပိုတဲ့ခုံ တစ်ခုံမှကို မရှိတော့တာ။ ဒါကြောင့် ငါတို့ ဒီဒုတိယတန်း... အာ.. မဟုတ်ဘူး... ပထမတန်းစား ထိုင်ခုံနဲ့ပဲ ကျေနပ်ရတော့မှာပေါ့"
သို့သော်လည်း ကန်ချန်ကတော့ သာမန်ကာလျှံကာသာ သဘောထားချေသည်။ သူက အရပ်ရှည်ပြီး ထိုင်ခုံနောက်ကျောကို မှီထားချိန်တွင် အနည်းငယ် ကျဉ်းကျပ်နေပုံပေါ်သော်လည်း ပြုံးဖြီးဖြီးဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ကဲပါ ကဲပါ... မင်းတို့နှစ်ယောက် ညည်းမနေကြနဲ့တော့။ တစ်နာရီလောက်ပဲ မောင်းရမှာကို။ တစ်ရေးလောက် အိပ်လိုက်ရင် ရောက်သွားမှာပဲ။ ဒါက သာမန်ရိုးရိုးခုံထက်စာရင် အများကြီး သာပါသေးတယ်ဟ..."
ကျန်းခိုင်က သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ပြုံးလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဝူကျဲက ဒီကို အရင်ဆုံးရောက်နေတာ မဟုတ်ဘူးလား။ သူက ငါတို့အတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားတယ်ဆိုပြီး လျှို့ဝှက်ချက်တွေ လုပ်နေတာ။ သူ ဘာတွေ ကြံစည်နေလဲ မသိဘူး...."
ထိုစကားကို ကြားသောအခါ ချောင်ဝမ်ပေါ်ကလည်း စိတ်ဝင်စားသွားပြီး"ဟုတ်တယ်... ငါတို့မေးတာတောင် သူက မပြောဘူး။ ရောက်မှပဲ သိရမယ်ဆိုပြီး ခေါင်းမာနေတာ။ ငါတော့ လန့်စရာတစ်ခုခုတော့ မဖြစ်ပါစေနဲ့လို့ မျှော်လင့်တာပဲ...."
ဖုန်းရီမင်က မျက်ခုံးပင့်လိုက်ပြီး "သူ့ပုံစံအရတော့ ပြောရခက်တယ်။ ပြီးခဲ့တဲ့အကြိမ်က ငါတို့ကို စွန့်စားခန်းခေါ်သွားမယ်ဆိုပြီး ပြောခဲ့တုန်းကလည်း နောက်ဆုံးတော့ တောထဲက ဂူတွေထဲမှာ တစ်နေကုန် သွားလျှောက်သွားခဲ့ရတာပဲလေ..."
ကန်ချန်က ရယ်မောလိုက်ပြီး"ဘယ်သူ ဂရုစိုက်နေမှာလဲ။ အချိန်ဖြုန်းနေတာပဲဟာ... ပျော်ဖို့ကောင်းရင် ပြီးတာပဲ။ ဒီတစ်ခေါက်က သိပ်မလွန်ကျူးဖို့ပဲ မျှော်လင့်ရတာပေါ့..."
ငယ်သူငယ်ချင်း လေးယောက်ကတော့ သူတို့ကို ကြီးမားလှတဲ့ အံ့အားသင့်စရာကြီးတစ်ခု စောင့်ကြိုနေမှန်း မသိဘဲ ပျော်ရွှင်စွာ စကားစမြည် ပြောနေကြလေတော့သည်။
အခန်း ၄၀၁ပြီး၏။