← Chapters

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း (၄၀၂) ဆုံတွေ့ခြင်း

​ချန်ချင်း၊ လင်ရှောင်နှင့် အခြားသူများ ခြံရံလျက် ရင်းကျန့်နှင့် သူ၏အဖွဲ့က ပထမတန်းစား ရထားတွဲဆီသို့ ဖြည်းညင်းစွာ ဝင်ရောက်လာကြသည်။

​သူတို့၏ ပေါ်ထွက်လာမှုက မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင်စက်ကွင်းတစ်ခုအလား ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး ရထားတွဲထဲရှိ ခရီးသည်များ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်လေသည်။

​ရင်းကျန့်က အနက်ရောင် သာမန်ဝတ်စုံကို ဝတ်ဆင်ထား၏။ သရဖူကို ဆောင်းထားခြင်း မရှိသော်ငြားလည်း ကမ္ဘာလောကကြီးကို အထက်စီးမှ ငုံ့ကြည့်ကာ နှစ်ပေါင်းများစွာ စိုးစံလာခဲ့သည့် သူ၏ ဧကရာဇ်အငွေ့အသက်နှင့် ကြီးမြတ်မှုတို့ကိုကား ဖုံးကွယ်ထား၍ မရနိုင်ချေ။ သူက ရထားတွဲအတွင်းသို့ တည်ငြိမ်စွာ တစ်ချက်ဝေ့ကြည့်လိုက်ရုံမျှဖြင့် လူအများကို မျက်စိဖြင့်မမြင်နိုင်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရစေသည်။

​စစ်သူကြီး မုန့်ထျန်နှင့် အခြားသော ဝါရင့်စစ်သူကြီးများက အရပ်မောင်းကောင်းကာ တောင့်တင်းခိုင်မာကြပြီး စူးရှထက်မြက်သော မျက်ဝန်းများနှင့်အတူ ကြမ်းတမ်းပြီး ခန့်ညားလှသော စစ်သွေးစစ်မန် အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။

​သခင်လေး ဖူဆုက ကျောက်စိမ်းတစ်ပွင့်ပမာ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးပျူငှာပြီး မင်းသားကောင်းက မြင့်မြတ်သော မျိုးရိုးဂုဏ်ရှိန် ပါရှိလေသည်။ လီစစ်နှင့် ဖုန်းကျဲ့တို့ကဲ့သို့သော နန်းတွင်းအမတ်များကလည်း အုပ်ချုပ်သူတစ်ဦး၏ တည်ငြိမ်မှုနှင့် ပညာရှိတစ်ဦး၏ ကျက်သရေကို ပိုင်ဆိုင်ထားကြ၏...

​ဤလူများထဲမှ တစ်ယောက်ချင်းစီကပင် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် လုံလောက်နေပြီဖြစ်ရာ အားလုံးစုရုံးရောက်ရှိလာချိန်တွင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

​သူတို့က တည်ငြိမ်အေးဆေးစွာ ပေါ်လာပြီး ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာကြရာ ဤနေရာနှင့် သဟဇာတဖြစ်နေသကဲ့သို့ပင်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်မှ ရှေးခေတ်လူများဖြစ်ကြောင်း မည်သူကမျှ ခန့်မှန်းမိမည် မဟုတ်ပေ။

​ရထားတွဲအတွင်း၌ တီးတိုးပြောဆိုသံများ လျင်မြန်စွာ ထွက်ပေါ်လာပြီး ခရီးသည်များက သိချင်စိတ်နှင့် အံ့သြမှုများ ပြည့်နှက်နေသည့် အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။

​"ဝါး... ဒီလူတွေက ကော့စ်ပလေးတွေ ဝတ်လာကြတာလား။ သူတို့ဝတ်စုံတွေက တကယ့်ကို အမိုက်စားပဲ...."

​"ဟိုအဝတ်အစားရဲ့ အသားနဲ့ ပန်းထိုးထားတာကို ကြည့်လိုက်ဦး... အရည်အသွေးက တကယ်ကောင်းတာ....ဈေးမပေါနိုင်ဘူး"

​"အလယ်က အနက်ရောင်ဝတ်ထားတဲ့လူက တကယ့်ကို အရှိန်အဝါ ကြီးမားလှတယ်။ သူ့ဘေးနားက သက်တော်စောင့်ပုံစံပေါက်နေတဲ့ လူနှစ်ယောက်ကလည်း တကယ့်ကို ဩဇာလွှမ်းမိုးမှု အပြည့်ပဲဟ..."

​"သရုပ်ဆောင်နေတာနဲ့ မတူဘူး... သူတို့ရဲ့ စိတ်နေသဘောထားနဲ့ ဟန်ပန်က အငြိမ်းစား ယူထားတဲ့ အဆင့်မြင့်အရာရှိကြီးတွေ ဒါမှမဟုတ် ဩဇာကြီးမားတဲ့ ဆွေကြီးမျိုးကြီးတွေထဲက လူတွေနဲ့ ပိုတူနေတယ်.."

​"အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးက အရမ်းချောတာပဲ.... နူးညံ့ပြီး ယဉ်ကျေးတဲ့ သခင်လေးတစ်ယောက်ရဲ့ အငွေ့အသက်မျိုး ရနေတယ်နော်..."

​ချောင်ဝမ်ပေါ်၊ ကျန်းခိုင်၊ ဖုန်းရီမင်နှင့် ကန်ချန်တို့က ဝူကျဲ ပြင်ဆင်ထားသည့် အံ့အားသင့်စရာအကြောင်းကို စကားစမြည်ပြောနေကြစဉ် ရှေ့ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်နေသော အသံများနှင့် ဆွေးနွေးပြောဆိုသံများကို ရုတ်တရက် ကြားလိုက်ရသည်။

​ထို့ကြောင့် လမ်းလျှောက်ရာလမ်းဘေးတွင် ထိုင်နေသည့် ကျန်းခိုင်က အသံလာရာဆီသို့ မသိမသာ ခေါင်းလှည့်ကြည့်လိုက်၏။ သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူဟာ နေရာမှာပင် လုံးဝ အေးခဲသွားပြီး မျက်လုံးအိမ်များက အပ်ပေါက်အရွယ်ခန့်အထိ ရုတ်တရက် ကျဉ်းမြောင်းသွားကာ ပါးစပ်ဟောင်းလောင်းဖြင့် အလွန်အမင်း တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့က မျက်နှာပေါ်တွင် အပြည့် ဖုံးလွှမ်းသွားချေသည်။

​သူက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် အမြင်မှားနေခြင်းများလားဟု တွေးကာ မျက်လုံးများကို အားရပါးရ ပွတ်သပ်လိုက်၏။

​ကျန်းခိုင်၏ အသံများက အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး ရင်းကျန့်ရှိရာဘက်သို့ တုန်ရီနေသည့် လက်ညှိုးဖြင့် ထိုးပြကာ "ငါ... ငါ အစ်ကိုကြီးကျန့်ကို မြင်လိုက်ရသလိုပဲ..."

​"ဖွီးးး... "

ချောင်ဝမ်ပေါ်မှာ သောက်လက်စ ရေများကိုပင် ပန်းထုတ်မိမတတ် ဖြစ်သွားပြီး ကျန်းခိုင်အား စူးရှစွာ စိုက်ကြည့်လိုက်၏။ "မင်း အဆင်ပြေရဲ့လား ကျန်းခိုင်... မင်း အစ်ကိုကြီးကျန့်ကို လွမ်းလွန်းလို့ ရူးသွားပြီထင်တယ်..."

​ကန်ချန်က ရယ်မောလိုက်ပြီး သူ့ကို ခပ်ဖွဖွ ထိုးလိုက်သည်။ "မင်းကတော့လေ... ငါတို့ကို လာမနောက်နဲ့.... ငါတို့က အညာခံမယ့်သူတွေ မဟုတ်ဘူး..."

​ဖုန်းရီမင်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း နောက်ပြောင်သည့် လေသံဖြင့် "မျက်စိဆရာဝန်နဲ့ ပြဖို့ ရက်ချိန်းယူပေးရဦးမလား...."

​သူတို့သုံးယောက်က သူ့ကို လုံးဝမယုံကြည်ကြသည့်အပြင် လှောင်ပြောင်နေကြသည်ကို မြင်လိုက်ရသဖြင့် ကျန်းခိုင်မှာ ပြောစရာစကားရှာမရတော့ဘဲ မျက်လုံးကိုသာ လှန်ပြလိုက်တော့သည်။

​သူက ဆက်ပြီး ရှင်းပြမနေတော့ဘဲ ထိုင်ခုံမှ မတ်တတ်ရပ်ကာ ရင်းကျန့်နှင့် သူ၏အဖွဲ့ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

​ချောင်ဝမ်ပေါ်၊ ကန်ချန်နှင့် ဖုန်းရီမင်တို့မှာ သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် အလန့်တကြား ဖြစ်သွားကြရသည်။ ထို့နောက် သူထွက်သွားရာဘက်သို့ ကြည့်လိုက်သောအခါ ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူစုဆီသို့ သူတို့၏ အကြည့်များက ချက်ချင်း ရောက်ရှိသွားလေသည်။

​လူအုပ်၏ အလယ်ဗဟို၌ ခြံရံခံထားရသော ရင်းကျန့်နှင့် သူ၏ဘေးတွင် မတူညီသော စရိုက်လက္ခဏာများရှိကြသည့် လီစစ်၊ ဖူဆု၊ စစ်သူကြီး မုန့်ထျန်နှင့် အခြားသူများကို ထိုသုံးယောက်သား ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ ရပ်တန့်သွားမတတ်ဖြစ်သွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြသည်။

သူတို့၏ မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်သွားကာ မျက်နှာအမူအရာများမှာ ချက်ချင်း အေးခဲသွားပြီး ကျန်းခိုင်ကဲ့သို့ပင် ဖော်ပြ၍မရနိုင်သော တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ ထင်ဟပ်သွားခဲ့သည်။

​"ချီး... သောက်ကျိုးနည်း..." ချောင်ဝမ်ပေါ်က မစဉ်းစားမိဘဲ ကျိန်ဆဲစကားတစ်ခွန်းကို အက်ကွဲနေသော အသံဖြင့် ရေရွတ်လိုက်၏။

​ကန်ချန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာသည်အထိ ပြန်မပိတ်နိုင်တော့ချေ။

​ဖုန်းရီမင်၏ လက်ထဲမှ ဖုန်းလေးမှာလည်း သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ ဘုတ်ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။

​သူတို့က နှစ်ပေါင်း နှစ်ထောင်အကြာ အနာဂတ်ကမ္ဘာကြီးထဲမှာ အစ်ကိုကြီးကျန့်ကို တကယ်ကြီး တွေ့လိုက်ရတာပဲ....

​ကျန်းခိုင်က စိတ်လှုပ်ရှားစွာဖြင့် အရှင်မင်းကြီးဟု အော်ခေါ်ရန် ပြင်လိုက်ချိန်မှာပင် လီစစ်က သူ့အား တိတ်တိတ်နေရန် လက်ဟန်ပြလိုက်၏။

​ထိုသတိပေးချက်ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းခိုင်မှာ လည်ချောင်းဝအထိ ရောက်နေပြီဖြစ်သော အရှင်မင်းကြီးဆိုသည့် စကားလုံးများကို အမြန်ပြန်မြိုချလိုက်ရသည်။

​ဤနေရာက အများပြည်သူနှင့် သက်ဆိုင်သော နေရာဖြစ်ပြီး အရှင်မင်းကြီး၏ တကယ့်မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ ထုတ်ဖော်ပြသ၍ မဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားရသည်။

အကယ်၍ သံသယဝင်သွားကြပါက မြင်ကွင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသွားမည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ ထိုသို့သာဆိုလျှင် ဤရထားကြီးက ဆက်လက်ပြေးဆွဲရန်ပင် မလိုတော့ဘဲ ပွဲလန့်တုန်းဖျာခင်းချင်ကြသည့် တရုတ်ခရီးသွား လူအုပ်ကြီး၏ ပိတ်ဆို့မှုကို ခံရမည်မှာ အသေအချာပင်။

​ချက်ချင်းဆိုသလိုပင် ချောင်ဝမ်ပေါ်၊ ကန်ချန်နှင့် ဖုန်းရီမင်တို့ကလည်း မတ်တတ်ရပ်ကာ လျှောက်လာကြရာ သူတို့လည်း ပထမဆုံးအကြိမ်မှာပင် လီစစ်၏ "ရှူး..." ဟူသော လက်ဟန်ပြမှုကို ခံလိုက်ကြရသည်။

​ဤလေးယောက်စလုံးက ငွေကြေးပြည့်စုံကာ လောကအကြောင်း နားလည်ပြီး ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ အချင်းချင်း အပြည့်အဝ နားလည်သဘောပေါက်သွားကြပြီး ရင်ထဲ၌ ဆူပွက်နေသော စိတ်လှုပ်ရှားမှုများနှင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော အာမေဍိတ်သံများကို အတင်းအကြပ် မျိုသိပ်ထားလိုက်ကြ၏။

ထို့နောက် သူတို့အားလုံးက ရင်းကျန့်အား တောက်လောင်နေသော၊ စိတ်လှုပ်ရှားနေသော၊ အလွန်အမင်း ရိုသေလေးစားနေသော မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေလိုက်ကြသည်။

​ရင်းကျန့်ကလည်း သူတို့ကို သဘာဝကျကျပင် မှတ်မိနေချေသည်။ သူ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက အရင်စတင်၍ နှုတ်ဆက်လိုက်သည်။ သူ၏လေသံက တည်ငြိမ်နေ၏။

"မိတ်ဆွေငယ် လေးယောက်... မတွေ့ရတာ ကြာပြီပဲ..."

​အရှင်မင်းကြီးက သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောလာသည့်အပြင် ထိုမျှ ရင်းနှီးသော စကားလုံးများဖြင့် သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ ကျန်းခိုင်၏ ပါးပြင်များမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားရသည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး တောက်ပသော သွားဖြူဖြူလေးများကို ဖော်ပြကာ "မ..မတွေ့ရတာ တကယ်ကို ကြာပါပြီခင်ဗျာ..."

​အရှင်မင်းကြီးဟူသော ဂုဏ်ပြုအခေါ်အဝေါ်ကိုကား သူ လုံးဝ ထုတ်ပြောရဲခြင်း မရှိတော့ချေ။

​ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည့် ရထားတွဲထဲရှိ အခြားခရီးသည်များကတော့ ခေတ်မီဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်များနှင့် ရှေးခေတ်ဝတ်စုံများ ဝတ်ဆင်ထားသည့် သရုပ်ဆောင်အဖွဲ့တို့မှာ အချင်းချင်း သိကျွမ်းကြပြီး ရင်းနှီးစွာ နှုတ်ဆက်နေကြခြင်းဖြစ်မည်ဟု သဘာဝကျကျပင် ထင်မှတ်သွားကြသည်။

သူတို့၏ အစောပိုင်းက သံသယများနှင့် သိချင်စိတ်များ လွင့်စင်သွားခဲ့ပြီး ထိုထူးခြားလှသည့် လူများကို ရှေးခေတ်လူများဟု ဆက်လက် မတွေးတောမိကြတော့ချေ။

​ချန်ချင်းက အချိန်ကိုက်ပင် ရှေ့သို့ထွက်လာခဲ့ပြီး မျက်နှာပေါ်တွင် ယဉ်ကျေးသော အပြုံးတစ်ခုကို ဆင်မြန်းကာ ကျန်းခိုင်နှင့် အခြားသုံးယောက်ကို ပြောလိုက်၏။

"မိတ်ဆွေငယ်တို့... ကျွန်တော်က ဒီ ဆရာ... ဆရာတွေကို ရထားတွဲထဲ လိုက်ပြနေတာပါ။ သူတို့ လေ့လာကြည့်ရှုပြီး အတွေ့အကြုံ ယူနိုင်အောင်လို့ပါ..."

​ကျန်းခိုင်နှင့် သူ၏အဖော်သုံးယောက်က အဖွဲ့ကို သေချာလိုက်ကြည့်သော်လည်း ကျန်းယဲ့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ကြပေ။

​ယုတ္တိဗေဒအရဆိုလျှင် ဤသို့ မဖြစ်သင့်ချေ....

​အစက ကျန်းခိုင်က ကျန်းယဲ့ ဘယ်ရောက်သွားသလဲဟု မေးချင်ခဲ့သော်လည်း အဓိကအချက်ကို သူ အမြန်သဘောပေါက်သွားရသည်။ ကျန်းယဲ့၏ လက်ရှိ အဆင့်အတန်းမှာ ထူးခြားပြီး သူ၏ ဩဇာလွှမ်းမိုးမှုက အလွန်ကြီးမားနေပြီဖြစ်ရာ သူ့အကြောင်းကို အများပြည်သူရှေ့တွင် လုံးဝ ထုတ်ဖော်ပြောဆို၍ မဖြစ်ပေ။ ထို့ကြောင့် သူက အတင်းအကြပ် မျိုသိပ်ထားလိုက်ရ၏။

​ချောင်ဝမ်ပေါ်က ရုတ်တရက် အကြံရသွားပြီး ပြုံးလျက် ပြောလိုက်သည်။

"အစ်ကိုချန်... ဒါဆို... ကျွန်တော်တို့လည်း အတူတူ လိုက်ပြီး လမ်းလျှောက်ကြည့်လို့ ရမလား"

​သူက အနည်းငယ် ပိုနေချင်ပြီး ဤအံ့မခန်း မြင်ကွင်းကြီးကို ထပ်ကြည့်ချင်သေးသောကြောင့် ဖြစ်၏။

​ချန်ချင်းက ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ "မင်းတို့တွေ ထိုင်ခုံကိုပြန်ပြီး နားသင့်တယ်။ ဒါမှမဟုတ်..."

သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး ရထားရှေ့ပိုင်းရှိ စီးပွားရေးတန်း ရထားတွဲဆီသို့ အဓိပ္ပာယ်ပါပါ ဝေ့ကြည့်လိုက်ပြန်သည်။

"မင်းတို့ ရှေ့ပိုင်းက ရထားတွဲတွေဆီ သွားကြည့်လို့ ရပါတယ်..."

​ကျန်းခိုင်၊ ချောင်ဝမ်ပေါ်နှင့် အခြားသူများက ချက်ချင်း သဘောပေါက်သွားကြသည်။ ချန်ချင်းက ဒါရိုက်တာကျန်း ရှေ့ဘက်ရှိ စီးပွားရေးတန်း ရထားတွဲတွင် ရှိနေလောက်ကြောင်း သူတို့ကို သွယ်ဝိုက်ပြီး အရိပ်အမြွက် ပြလိုက်ခြင်းပင်။

​လေးယောက်သား လိမ္မာစွာ ခေါင်းညိတ်လိုက်ကြ၏။

"နားလည်ပါပြီ... နားလည်ပါပြီ... ဒါဆို ဆရာတို့ရဲ့ ဘဝအတွေ့အကြုံယူနေတာကို ကျွန်တော်တို့ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။ ကျွန်တော်တို့ ရှေ့ကို သွားလိုက်ပါမယ်...."

​ထိုသို့ပြောပြီးနောက် သူတို့လေးယောက်မှာ တကယ့်အခြေအနေက ဘာတွေဖြစ်နေသလဲဆိုသည်ကို ကျန်းယဲ့အား မေးမြန်းချင်ဇောဖြင့် စီးပွားရေးတန်း ရထားတွဲဆီသို့ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

အခန်း ၄၀၂ပြီး၏။

All Chapters