← Chapters

အခန်း ၄၀၃

Vol. 41 Ch. 403

အခန်း ၄၀၃

Vol. 41 Ch. 403

အခန်း (၄၀၃) ရှီးအန်းမြို့သို့ ရောက်ရှိခြင်း

​ကျန်းယဲ့သည် ကျယ်ဝန်းလှသော စီးပွားရေးတန်း ထိုင်ခုံတွင် သက်တောင့်သက်သာ မှီထိုင်ရင်း သူ၏ရှေ့ရှိ စားပွဲငယ်ပေါ်မှ အသီးအနှံများကို စားကာ တက်ဘလက်မှ ဟာသအစီအစဉ်တစ်ခုကို ကြည့်ရှုလျက် အနားယူနေလေသည်။

​ရုတ်တရက် သူ၏ မျက်လုံးထောင့်မှနေ၍ ခပ်သွက်သွက် လျှောက်လာနေသော ရင်းနှီးသည့် ပုံရိပ်လေးခုကို လှမ်းမြင်လိုက်ရ၏။

​သူက စိတ်ဝင်စားဖွယ် ဟာသအစီအစဉ်မှ အကြည့်လွှဲကာ စိတ်လှုပ်ရှားနေကြသော ထိုလေးယောက်ကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လျက် အံ့သြဟန်ဖြင့် မေးလိုက်သည်။

"မင်းတို့လေးယောက်ကရော ဒီရထားပေါ်မှာ ဘာလို့ပါလာရတာလဲ...."

​"ဒါရိုက်တာကျန်း.."

"မင်္ဂလာပါ ဒါရိုက်တာကျန်း..."

"ဒါရိုက်တာကျန်း..."

​ကျယ်လောင်ပြီး ရှင်းလင်းလှသော အခေါ်အဝေါ်များကို ကြားလိုက်ရသောအခါ ကျန်းယဲ့က နောက်ပြောင်သည့် လေသံဖြင့် သတိပေးလိုက်၏။

"အသံနည်းနည်းတိုး.. မဟုတ်ရင် ဝံပုလွေတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်..."

​ထိုစကားကို ကြားသည်နှင့် လေးယောက်သား ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

​ကျန်းယဲ့က တစ်ရှူးဖြင့် လက်ကို သုတ်လိုက်ရင်း မေးလိုက်လေသည်။

"မင်းတို့ စိတ်လှုပ်ရှားနေပုံထောက်ရင် အစ်ကိုကြီးကျန့်တို့နဲ့ ဆုံပြီးသွားပြီထင်တယ် ဟုတ်လား"

​"ဟုတ်တယ်..ဟုတ်တယ်..."

လေးယောက်သား အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင်တော့ အတင်းအဖျင်း ပြောလိုသော အရိပ်အယောင်များက တောက်ပနေချေသည်။

​အလောတကြီး အနိုင်ဆုံးဖြစ်သော ဖုန်းရီမင်က အရင်ဦးဆုံး မေးလိုက်၏။

"ဒါရိုက်တာကျန်း... တကယ်တော့ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အစ်ကိုကြီးကျန့်တို့ ဒီကို ရောက်နေတာလဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ..."

​ချောင်ဝမ်ပေါ်ကလည်း ဝင်ထောက်ခံလိုက်သည်။

"ဟုတ်တယ် ဒါရိုက်တာကျန်း... ခင်ဗျားက ကျွန်တော်တို့တင်မကဘူး... တစ်ကမ္ဘာလုံးကို အသံတိတ်ပြီး ဒီလောက်ကြီးမားတဲ့ အံ့အားသင့်စရာကြီး ပေးလိုက်တာပဲ.."

​ကျန်းယဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"ငါတို့ ချင်မင်းဆက်မှာ ရုံးခွဲတစ်ခု ဖွင့်လိုက်လို့ သူတို့ကို လာလေ့လာကြည့်ရှုဖို့ ခေါ်လာတာပါ..."

​"ချင်မင်းဆက်မှာ ရုံးခွဲဖွင့်တယ်..."

​လေးယောက်သား အလွန်အံ့သြသွားကြရသည်။

ထို့နောက် သူတို့၏ ဦးနှောက်များက အလွန်လျင်မြန်စွာ အလုပ်လုပ်သွားပြီး သိရှိလိုက်ရသော အချက်အလက်များကို အခြားအခြေအနေများနှင့် ချက်ချင်း ဆက်စပ်တွေးတောလိုက်ကြ၏။

​ကန်ချန်၏ အသံများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မေးခွန်းထုတ်လိုက်သည်။

"ဒါဆို... အဲ့ဒီသဘောက ရွှမ်ဝူတိုက် ဒါမှမဟုတ် ဟိုဇွန်ဘီမြို့မှာလည်း ရုံးခွဲဖွင့်လို့ ရနိုင်တယ်ပေါ့... ပြီးတော့ အဲ့ဒီက လူတွေကိုလည်း ဒီကို ခေါ်လာလို့ရတယ်ပေါ့..."

​ကျန်းယဲ့က သဘောတကျ ခေါင်းညိတ်လိုက်ပြီး သူတို့၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။

"သဘောတရားအရတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လောက်တော့ မြန်ဦးမှာ မဟုတ်ဘူး။ တစ်လှမ်းချင်းစီ သွားရမှာဖြစ်ပြီး ချင်မင်းဆက်လမ်းကြောင်းကို အရင်ဆုံး ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် လုပ်ရဦးမယ်..."

​ထိုစကားကို ကြားသောအခါ လေးယောက်သား လုံးဝ အံ့သြမသွားကြချေ။

​"နားလည်ပါပြီ... နားလည်ပါပြီ..."

တစ်လုတ်တည်းစားပြီး ဝအောင်လုပ်လို့မှ မရနိုင်တာပဲ....

​သူတို့က တဖြည်းဖြည်း တိုးတက်ပြောင်းလဲခြင်း၏ သဘောတရားကို သဘာဝကျကျပင် နားလည်ကြချေသည်။

​သို့သော် ထိုသို့ဖြစ်နိုင်ခြေရှိသည်ကို သိလိုက်ရခြင်းနှင့် ပထမဆုံး ဧကရာဇ်ကြီးရင်းကျန့် ခေတ်သစ်ကမ္ဘာသို့ ရောက်ရှိလာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရခြင်းကပင် သူတို့ကို အတိုင်းအဆမရှိ စိတ်လှုပ်ရှားစေရန် လုံလောက်နေပြီဖြစ်ကာ အနာဂတ်အတွက် အဆုံးအစမရှိသော စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

​သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်းခိုင်က အနားသို့ တိုးကပ်လာကာ တိုးတိုးလေး မေးလိုက်ပြန်သည်။

"ဒါရိုက်တာကျန်း... အစ်ကိုကြီးကျန့်တို့ကို ဘယ်ခေါ်သွားဖို့ စီစဉ်ထားလဲ..."

​ကျန်းယဲ့က ဖရဲသီးတစ်စိတ်ကို ယူ၍ ပါးစပ်ထဲထည့်ကာ နှစ်ကြိမ် သုံးကြိမ် ဝါးပြီး မြိုချလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။

"ရှီးအန်း"

​"ရှီးအန်း....."

​ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျန်းခိုင်၊ ချောင်ဝမ်ပေါ်၊ ဖုန်းရီမင်နှင့် ကန်ချန်တို့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြရသည်။

​ရှီးအန်း... အဲ့ဒါက...

​ချက်ချင်းဆိုသလိုပင် သူတို့လေးယောက်၏ စိတ်ထဲ၌ စကားလုံးတစ်လုံးက တစ်ပြိုင်နက်တည်း ဖြတ်ပြေးသွားကြသည်။

ကြေးနီရုပ်တုစစ်သည်တော်များ....

​သောက်ကျိုးနည်း.....

​ဖုန်းရီမင်မှာ မနေနိုင်တော့ဘဲ တိုးတိုးလေး အော်ဟစ်လိုက်မိသည်။

​ကန်ချန်က ကျန်းယဲ့အား အဆုံးအစမရှိသော လေးစားမှုများဖြင့် ကြည့်လိုက်ပြီး သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ ကျန်းယဲ့အား လက်မထောင်ပြကာ စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်၏။

"အမိုက်စားပဲ..."

​ချောင်ဝမ်ပေါ်မှာ အစက မှင်တက်သွားသော်လည်း နောက်တော့ အံ့သြမှုနှင့် ခင်ဗျား တော်တော် ရက်စက်တာပဲဟူသော အဓိပ္ပာယ်ရောယှက်နေသည့် အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"ပြောင်မြောက်တယ်... တကယ့်ကို ပြောင်မြောက်တာပဲ.... ဒါရိုက်တာကျန်း... ခင်ဗျား အစီအစဉ်ဆွဲတာ တကယ်တော်တာပဲ။ ဒီ အစီအစဉ်က... လုံးဝကို အံ့မခန်းပဲ..."

​ထိုမြင်ကွင်းကို သူတို့ ခေတ္တမျှ စိတ်ကူးကြည့်လိုက်ရုံမျှဖြင့်...

ချင်မင်းဆက်၏ ပထမဆုံးဧကရာဇ်ကြီး ရင်းကျန့်သည် သူ၏ သားတော်ကြီး ဖူဆု၊ အမတ်ချုပ်ကြီးလီစစ်၊ စစ်သူကြီး မုန့်ထျန်နှင့် အခြား ယုံကြည်ရသော အမတ်များနှင့်အတူ နှစ်ပေါင်း နှစ်ထောင်ကျော် အချိန်ကို ဖြတ်ကျော်လာပြီး သူ၏ အုတ်ဂူကို တစ်ချိန်က စောင့်ကြပ်ခဲ့ကာ မဟာချင်မင်းဆက်၏ ကြီးမားလှသော စစ်ရေးအင်အားကို ကိုယ်စားပြုသည့် ခမ်းနားထည်ဝါလှသော ကြေးနီရုပ်တုစစ်သည်တော် တွင်းကြီးများရှေ့တွင် ရပ်ကာ ကိုယ်တိုင်ကိုယ်ကျ ရှုစားနေသည့် မြင်ကွင်း...

​တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ်ကောင်းလှကာ သမိုင်းကြောင်း၊ ကံကြမ္မာနှင့် ယုံကြည်နိုင်ဖွယ်မရှိသော အရာများ ရောယှက်နေသည့် ထိုခံစားချက်ကို စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်ချေ။

​၎င်းက ခရီးသွားခြင်းသက်သက် မဟုတ်တော့ဘဲ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်ကာ ဝိညာဉ်ရေးရာကိုပါ ထိရှစေမည့် ခရီးစဉ်တစ်ခုပင်။

​လေးယောက်သား အချင်းချင်း ကြည့်လိုက်ကြရာ တစ်ယောက်၏ မျက်ဝန်းထဲ၌ နောက်တစ်ယောက်က တူညီသော တုန်လှုပ်မှုနှင့် မျှော်လင့်ချက်များကို မြင်တွေ့လိုက်ကြရသည်။

​ချောင်ဝမ်ပေါ်က ကျန်းယဲ့အား တောင်းဆိုသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒါရိုက်တာကျန်း... ဖြစ်နိုင်မလား... ကျွန်တော်တို့ လေးယောက်လည်း လိုက်ခဲ့လို့ ရမလား။ ဘာပြဿနာမှ မရှာပါဘူးလို့ ကတိပေးပါတယ်...."

​ကျန်းခိုင်ကလည်း ချက်ချင်း ဝင်ထောက်ခံကာ ခိုင်လုံသော အကြောင်းပြချက် ပေးလိုက်သည်။

"ဟုတ်တယ် ဒါရိုက်တာကျန်း... ချင်မင်းဆက်မှာတုန်းက အရှင်မင်းကြီးက ကျွန်တော်တို့ကို အရမ်းကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့ပြီး လက်ဆောင်တွေလည်း အများကြီး ပေးခဲ့တာလေ။ အခု သူတို့က အဝေးကြီးက လာကြတာဆိုတော့ ကျွန်တော်တို့ဘက်က အိမ်ရှင်ဝတ္တရားကျေပွန်ဖို့က လုံးဝ သင့်တော်တဲ့ကိစ္စပါ..."

​ဖုန်းရီမင်မှာ စိတ်အားထက်သန်မှုကြောင့် ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်၏။

"ဒါရိုက်တာကျန်း... ချင်မင်းဆက်ကို ရောက်ဖူးတဲ့ ကျွန်တော်တို့ကို စောစောကတည်းက ကြိုပြောထားရင် ဒီခရီးစဉ်အတွက် စားစရိတ်၊ နေထိုင်စရိတ်၊ သွားလာစရိတ်အားလုံးကို ကျွန်တော်တို့ တာဝန်ယူလိုက်မှာပေါ့.... ကျွန်တော်တို့အဖွဲ့ထဲက ဘယ်သူမှ ကန့်ကွက်မယ် မထင်ဘူး.."

​စကားဆုံးသည်နှင့် သူ၏ဘေးတွင် ရပ်နေသော ချောင်ဝမ်ပေါ်က သူ့ကို လက်သီးဖြင့်ထိုးကာ ရယ်မောလျက် ဆူပူလိုက်၏။

"မင်း ရူးနေလား... ဘယ်လိုလုပ် ဒီတိုင်းကြီး ထုတ်ပြောရတာလဲ။ ပြီးတော့ လူတိုင်းကို စုချင်သေးတယ်ပေါ့လေ"

​ဖုန်းရီမင်မှာ အထိုးခံလိုက်ရသဖြင့် ကြောင်အသွားသော်လည်း ချက်ချင်း သဘောပေါက်သွားကာ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

​ကန်ချန်က ကျန်းယဲ့ကို မျှော်လင့်တကြီး ကြည့်လိုက်၏။

"ဒါရိုက်တာကျန်း... ကျွန်တော်တို့ လိုက်ခဲ့လို့ ရမလား..."

​ကျန်းယဲ့က သူ၏ရှေ့ရှိ တောင်းဆိုနေသော မျက်ဝန်းများဖြင့် လေးယောက်သားကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ... တိုက်တိုက်ဆိုင်ဆိုင် ဆုံကြတာဆိုတော့ ရေစက်ကြောင့်ပဲ ဖြစ်ရမယ်။ မင်းတို့ လိုက်ခဲ့လို့ ရပါတယ်..."

​သို့သော် သူက ချက်ချင်း ကိုယ်ဟန်ကို မတ်လိုက်ပြီး တည်ငြိမ်စွာ သတိပေးလိုက်သည်။

"ဒါပေမဲ့ မင်းတို့ ပါးစပ်ကို ဆင်ခြင်ပြီး ပြဿနာ မရှာကြနဲ့နော်..."

​ကျန်းယဲ့ သဘောတူလိုက်သည်ကို မြင်သောအခါ လေးယောက်သားမှာ ဝမ်းသာအားရဖြစ်သွားကြပြီး ကောင်းကင်ကို လက်ညှိုးထိုးကာ အမူအရာအမျိုးမျိုးဖြင့် အလွန်အကျွံ ကတိများ ပေးကြတော့သည်။

​"ဒါရိုက်တာကျန်း စိတ်ချပါ... ကျွန်တော်တို့ လုံးဝ နှုတ်ပိတ်နေပါ့မယ်..."

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်.... ကျွန်တော်တို့ သေချာပေါက် အနေအထိုင်ဆင်ခြင်ပြီး ဘာပြဿနာမှ မဖြစ်စေရပါဘူး..."

"ကျွန်တော်တို့က နောက်ကနေ လိုက်ပြီး ကူညီပေးမယ့် အစေခံတွေပါပဲ..."

​သူတို့အတွက် အံ့အားသင့်စရာပေးရန် လိုရာခရီး၌ စောင့်ဆိုင်းနေသော သူတို့၏ သူငယ်ချင်းကောင်း ဝူကျဲကိုတော့ ထိုလေးယောက်သား လုံးဝ မေ့လျော့နေကြပြီ ဖြစ်၏။ ဤအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရသဖြင့် ကံဆိုးလှသော သူတို့၏ ညီအစ်ကိုအတွက် ရင်ထဲ၌ ဖယောင်းတိုင်လေး တစ်တိုင်သာ ထွန်းညှိပေးနိုင်တော့ချေသည်။

​အခြားတစ်ဖက်တွင် ချန်ချင်း၊ လင်ရှောင်နှင့် အခြားသူများ၏ အဖော်ပြုမှုဖြင့် ရင်းကျန့်နှင့် သူ၏အဖွဲ့က ပထမတန်းစားနှင့် ဒုတိယတန်းစား ရထားတွဲများသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး နောင်လာမည့် ခေတ်ကာလမှ သာမန်ပြည်သူများ၏ ခရီးသွားလာမှု အခြေအနေများကို အနီးကပ်လေ့လာကာ သူတို့၏ သာမန်ပြောဆိုနေမှုများကို နားထောင်ခဲ့ကြသည်။

သူတို့က နက်နက်ရှိုင်းရှိုင်း မဆွေးနွေးခဲ့ကြသော်လည်း များစွာသော ဗဟုသုတများ ရရှိခဲ့ကြပြီး ပြည်သူများ၏ သဘောထားကို ပိုမို ထင်သာမြင်သာ နားလည်သွားကြရသည်။

​ညနေစောင်းသို့ ရောက်သောအခါ ဆည်းဆာနေရောင်ခြည်က ကောင်းကင်ယံကို အနီရောင် ဆိုးဆေးခြယ်သလိုက်ပြီး အမြန်ရထားကြီးမှာ တဖြည်းဖြည်း အရှိန်လျော့လာကာ နောက်ဆုံးတွင် ရှီးအန်းမြောက်ပိုင်း ဘူတာရုံ၏ ပလက်ဖောင်းပေါ်သို့ ငြိမ့်ညောင်းစွာ ဆိုက်ကပ်ရပ်နားလိုက်လေသည်။

​ရှီးအန်းသို့ ရောက်ရှိချိန်၌ ညဉ့်ပင် နက်နေပြီ ဖြစ်၏။

​ထို့နောက် အဖွဲ့က ကြိုတင်စီစဉ်ထားသော ဟိုတယ်သို့ တန်း၍ ဝင်ရောက်တည်းခိုခဲ့ကြသည်။ ဒေသခံ အစားအစာများဖြင့် ညစာစားပြီးနောက် ကျန်းခိုင်က ပြတင်းပေါက်အပြင်ဘက်ရှိ နီယွန်မီးရောင်စုံများဖြင့် လှပနေသော ညရှုခင်းကို ကြည့်ကာ အကြံပြုချက်တစ်ခုကို မပေးဘဲ မနေနိုင်တော့ချေ။

​"အရှင်မင်းကြီး... အချိန်စောပါသေးတယ်။ ကျွန်တော်တို့ ဒေသခံတွေရဲ့ ညဘက် လည်ပတ်မှုပုံစံကို သွားကြည့်ကြမလား။ ကျွန်တော် ပတ်ဝန်းကျင်ကောင်းတဲ့ ဘားကောင်းကောင်းတချို့ကို သိတယ်.. "

​ကျန်းယဲ့က သူတို့ကို တိုက်ရိုက် မတားဆီးခဲ့ချေ။ ထိုအစား သူက ရင်းကျန့်နှင့် အခြားသူများကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။

"ဘယ်လိုလဲ... ကျွန်တော်တို့ခေတ်က လူငယ်တွေ အပန်းဖြေပျော်ရွှင်ကြတဲ့ နေရာကို သွားကြည့်ဖို့ စိတ်ဝင်စားကြလား...."

(ဟုတ်တော့ဟုတ်နေပြီ......)

အခန်း ၄၀၃ပြီး၏။

All Chapters