အခန်း ၄၀၅
Vol. 41 Ch. 405
အခန်း (၄၀၅) သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီး၏ တန်ဖိုး
ကျန်းယဲ့၊ ချောင်ဝမ်ပေါ်၊ ကျန်းခိုင်နှင့် အခြားသူများက မဟာချင်အဖွဲ့သားများ၏ မျက်နှာအမူအရာများကို မျက်လုံးထောင့်မှနေ၍ ခိုးကြည့်မနေဘဲ မနေနိုင်ကြချေ။
သူတို့အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်နေသူကား ရင်းကျန့်ပင်။ သူ၏မျက်နှာက ရေပြင်တစ်ခုလို တည်ငြိမ်နေပြီး အချိန်ကြာမြင့်စွာ အိပ်မောကျနေခဲ့သည့် သူ၏ စစ်တပ်ဟောင်းကို ပြန်လည်စစ်ဆေးနေသည့်အလား သူ၏ နက်နဲသော အကြည့်များက ကြေးနီရုပ်တုများပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။ မည်သူကမျှ သူ၏မျက်နှာပေါ်မှ ပိုလျှံနေသော ခံစားချက်များကို ဖတ်ရှု၍ မရနိုင်ခဲ့ပေ။
လီစစ်၊ စစ်သူကြီး မုန့်ထျန်၊ မုန့်ရီနှင့် အခြား အရေးပါသော အမတ်ကြီးများကလည်း အများစုမှာ တည်ငြိမ်သော အမူအရာများရှိကြပြီး ခံစားချက်များကို သိပ်မဖော်ပြကြဘဲ သေချာစွာသာ အကဲခတ်လေ့လာနေကြသည်။
ဖန်ရွှိုနှင့် လော်ယွန်းတို့၏ မျက်နှာများထက်တွင်သာ အတိအလင်း အံ့အားသင့်မှုနှင့် ကြည်ညိုလေးစားမှုတို့ အပြည့်အဝ ပေါ်လွင်နေချေသည်။
ရင်းကျန့်က ချောင်ဝမ်ပေါ်တို့၏ စိုက်ကြည့်နေမှုများကို ဂရုမစိုက်ပေ။ သူ၏ အာရုံများက မလှမ်းမကမ်းရှိ ခရီးသွားအဖွဲ့ငယ်လေးတစ်ခုကို ရှင်းပြနေသည့် ဧည့်လမ်းညွှန်တစ်ဦးထံသို့ ရောက်ရှိသွားခဲ့သည်။
ဧည့်လမ်းညွှန်၏ အသံက ကျယ်လောင်ပြီး စိတ်အားထက်သန်မှုများ ပြည့်နှက်နေလေသည်။
"မိတ်ဆွေတို့... ဒီနေ့ ကျွန်တော်တို့ ဘာတွေကို ကြည့်ရှုနေကြတာလဲ။ လူအများစုကတော့ အသက်ရှင်နေတဲ့သူတွေက မြေစေးရုပ်တုတွေကို ကြည့်နေတယ် ဒါမှမဟုတ် မြေစေးရုပ်တုတွေက အသက်ရှင်နေတဲ့သူတွေကို ပြန်ကြည့်နေတယ်ဆိုပြီး ပြောတတ်ကြတယ်။ သူတို့က ဒါကို ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ထင်ကြတာလေ။ ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားတို့ကို သေချာလေး ကြည့်စေချင်တယ်..."
ဧည့်လမ်းညွှန်က တွင်းထဲရှိ ကြေးနီရုပ်တုစစ်သည်တော်များကို လက်ညှိုးထိုးပြကာ ဆက်ပြော၏။
"သူတို့ရဲ့ မျက်လုံးတစ်ဝိုက်က အရေးအကြောင်း သေးသေးလေးတွေကို ကြည့်လိုက်ပါ။ သူတို့လက်ဖဝါးပေါ်က ရှင်းလင်းပြတ်သားတဲ့ လက်ရေးလက္ခဏာတွေကို ကြည့်လိုက်ပါ။ ခြေဖဝါးပေါ်က အရေးအကြောင်းတွေတောင် မသိမသာ မြင်နေရသေးတယ်။ ဒါတွေက သာမန် မြေစေးရုပ်တုတွေပဲလား။ မဟုတ်ပါဘူး...."
သူ၏အသံက ရုတ်တရက် မြင့်တက်လာပြီး သမိုင်းကြောင်းကိုပင် ထိုးဖောက်ဝင်ရောက်သွားနိုင်သည့် ခွန်အားတစ်ခု ပါဝင်နေချေသည်။
"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၂၀၀ကျော်က ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက သူတို့ရဲ့ လက်ရာတွေ၊ အနုပညာစွမ်းရည်တွေနဲ့ နောက်ပိုင်းမျိုးဆက်တွေဖြစ်တဲ့ ကျွန်တော်တို့ဆီကို လက်ဆင့်ကမ်းပေးခဲ့တဲ့ ဝိညာဉ်တစ်ခုပဲ။ မဟာနိုင်ငံတော်ကြီးရဲ့ လက်မှုပညာရှင်များလို့ခေါ်တဲ့ ဝိညာဉ်တစ်ခုပေါ့။ အမြင့်မားဆုံးကို ဆုပ်ကိုင်နိုင်ဖို့ အပြည့်စုံဆုံးဖြစ်ဖို့ ကြိုးစားခဲ့ကြပြီး မြေအောက်က ဧကရာဇ်ကြီးကို အလုပ်အကျွေးပြုမယ့် ဒီမြေစေးရုပ်တုလေးတွေမှာတောင် ဆံပင်တစ်ချောင်း ဝိညာဉ်တစ်ခုကအစ အသက်ဝင်နေအောင် ဖန်တီးခဲ့ကြတာပါ...."
"ပိုအရေးကြီးတာက..."
ဧည့်လမ်းညွှန်၏ အကြည့်က သူ၏စကားများကြောင့် ညို့ငင်ဖမ်းစားခံထားရသော ခရီးသွားများဆီသို့ ဝေ့ဝဲသွားပြီး သူ၏လေသံက ပိုမိုလေးနက်လာခဲ့သည်။
"ဒါက ယဉ်ကျေးမှုအပေါ် ယုံကြည်မှုအကြောင်းကို ပိုပြီးပြသနေတာပါ။ နှစ်ပေါင်း နှစ်ထောင်ကျော် သမိုင်းကြောင်းမှာ ကျွန်တော်တို့ တရုတ်လူမျိုးတွေက ဘာလို့ နှစ်ပေါင်း ၁,၈၀၀ကျော်လောက် ကမ္ဘာ့ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့တာလဲ..."
"အဲ့ဒါက ကျွန်တော်တို့ ဘိုးဘေးတွေဟာ ရိုးတွင်းခြင်ဆီကနေ လာတဲ့ ဒီကိုယ်ပိုင်ယုံကြည်မှုကို ပိုင်ဆိုင်ထားခဲ့လို့ပဲ..."
"သူတို့က သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ စွမ်းရည်တွေနဲ့ သူတို့ရဲ့ စနစ်ကို ယုံကြည်ခဲ့ကြတယ်။ ဒီနည်းနဲ့ ကြီးမြတ်တဲ့ အင်ပါယာတစ်ခုရဲ့ ခွန်အားနဲ့ ဂုဏ်သိက္ခာကို နောင်လာနောက်သားတွေဆီ ကြေညာခဲ့တာပဲ။ ဒီကနေ့ ကျွန်တော်တို့ ကြေးနီရုပ်တုစစ်သည်တော်တွေကို ကြည့်တဲ့အခါ သမိုင်းရဲ့ အစအနတွေကို မြင်နေရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ လူမျိုးတွေရဲ့ သွေးကြောထဲ စီးဆင်းနေတဲ့ ယုံကြည်မှုနဲ့ ခွန်အားရဲ့ အရင်းအမြစ်ကိုပါ တွေ့မြင်နေရတာ ဖြစ်တယ်..."
အားပါးတရရှိပြီး လှိုက်လှဲလေးနက်လှသော ဤရှင်းလင်းချက်က ပတ်ဝန်းကျင်ရှိ ခေတ်သစ်ခရီးသွားများ၏ နှလုံးသားကို လှုပ်ခတ်စေခဲ့ရုံသာမက လီစစ်၊ မုန့်ရီ၊ ဖုန်းကျဲ့နှင့် အခြားသူများ၏ နားထဲသို့ပါ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာလေသည်။
သူတို့ကိုယ်တိုင် ဖန်တီးရာတွင် ပါဝင်ခဲ့သော သို့မဟုတ် သူတို့မျက်မြင်ကိုယ်တွေ့ ဖန်တီးခဲ့ကြသည့် ဤအရာများကို နောင်လာနောက်သားများက မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသည်ကို သူတို့ တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြသည်။
ထိုစိတ်အားထက်သန်ဖွယ် စကားလုံးများကို နားထောင်ရင်း ထိုခေတ်ကာလ ထိုအင်ပါယာကြီးနှင့် သူတို့ နောက်လိုက်ခဲ့ကြသည့် ဧကရာဇ်ကြီး၏ အောင်မြင်မှုများအပေါ် အသိအမှတ်ပြုမှုနှင့်... အတိုင်းအတာတစ်ခုအထိ ကြည်ညိုလေးစားမှုတို့ကို သူတို့ ခံစားသိရှိနိုင်ချေသည်။
ဖော်ပြ၍မရနိုင်သော၊ အလွန်တရာ ရှုပ်ထွေးလှသော ခံစားချက်တစ်ခုက လီစစ်နှင့် အခြားသူများ၏ နှလုံးသားထဲတွင် တဖြည်းဖြည်း ကြီးထွားပျံ့နှံ့လာရသည်။
၎င်းသည် နှစ်ပေါင်းနှစ်ထောင်ကျော် ဖုန်မှုန့်များဖုံးလွှမ်းနေသော အချိန်မြစ်ကြီး၏ တစ်ဖက်ကမ်းမှ နှောင်းလူများက မိမိတို့၏ ကြိုးစားအားထုတ်မှုနှင့် တန်ဖိုးကို တိကျစွာ နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုပေးခြင်းမှ ဖြစ်ပေါ်လာသည့် နှစ်သိမ့်မှုနှင့် တူညီသော ခံစားချက်မျိုးပင်။
သူတို့က အင်ပါယာကြီးအတွက် မိမိကိုယ်ကို ပေးဆပ်ခဲ့ကြပြီး ဥပဒေများကို ပြဋ္ဌာန်းကာ အရပ်ရပ်ကို အောင်နိုင်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာတွင် သူတို့ခေတ်ကာလက နာမည်ဆိုးဖြင့် ကျော်ကြားခြင်း သို့မဟုတ် အငြင်းပွားဖွယ်ရာများ ရှိခဲ့ကောင်း ရှိနိုင်ပေသည်။
သို့သော် ယခုအချိန် ဤသူစိမ်းဆန်သော အနာဂတ်ကာလတွင် သာမန်ဧည့်လမ်းညွှန်တစ်ဦး၏ စကားများမှတစ်ဆင့် သူတို့၏ ပေးဆပ်မှုများနှင့် သူတို့ခေတ်ကာလ၏ ဂုဏ်ကျက်သရေများမှာ မေ့ပျောက်မခံခဲ့ရသည့်အပြင် နောင်လာနောက်သားများက နိုင်ငံတော်၏ ယုံကြည်မှုနှင့် ခွန်အားများ၏ အရင်းအမြစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြကြောင်းကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ဤခံစားချက်မှာ သူစိမ်းဆန်လှသော်လည်း ထူးခြားသော နွေးထွေးမှုတစ်ခုနှင့် လေးလံသော အလေးချိန်တစ်ခု ပါဝင်နေပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်လာကတည်းက အနည်းငယ်တင်းမာနေကာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နေခဲ့ကြသည့် သူတို့၏ နှလုံးသားများကို တိတ်ဆိတ်စွာ ဖြေလျှော့ပေးလိုက်လေသည်။
ရင်းကျန့်၏ နှုတ်ခမ်းထောင့်များမှာလည်း မသိမသာလေး အပေါ်သို့ အနည်းငယ် ကွေးတက်သွားသကဲ့သို့ပင်။
ရင်းကျန့်သည် ဧည့်လမ်းညွှန်၏ ရှင်းပြချက်ကို နားထောင်ရင်း သူ၏အကြည့်က ခမ်းနားထည်ဝါသော ကြေးနီရုပ်တုစစ်သည်တော်များထံမှနေ၍ သူ၏ဘေးတွင် စကားပြောကောင်းပုံရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားခရီးသွားတစ်ဦးဆီသို့ ရောက်သွားခဲ့သည်။ သူက ရုတ်တရက် မေးလိုက်၏။
"ဆရာ... ချင်ရှီဟွမ်အကြောင်းကို ဘယ်လိုမြင်လဲ..."
သမိုင်းကြောင်း၏ အငွေ့အသက်များတွင် နစ်မြုပ်နေသော ထိုလူလတ်ပိုင်းခရီးသွားမှာ ဤစကားကို ကြားသောအခါ အစက ကြောင်သွားသော်လည်း နောက်တော့ သူ၏မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏စကားလုံးများတွင် ဖုံးကွယ်မထားနိုင်သော ကြည်ညိုလေးစားမှုများ ပါဝင်နေသည်။
"ချင်ရှီဟွမ်.... သေချာတာပေါ့ဗျာ... သူက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးလေ... တကယ့်ကို အံ့မခန်းပဲ... စာပေအရေးအသားတွေကို စံသတ်မှတ်တယ်... လှည်းဘီးအရွယ်အစားတွေကို တပြေးညီဖြစ်အောင်လုပ်တယ်.... အလေးချိန်နဲ့ အတိုင်းအတာတွေကို စံသတ်မှတ်တယ်... ဒါတွေက ကျွန်တော်တို့ တရုတ်ပြည်ပေါင်းစည်းရေးအတွက် အခြေခံအုတ်မြစ်တွေပဲလေ။ သူ့ရဲ့ နည်းလမ်းတချို့က နည်းနည်း အလျင်စလိုနိုင်ပေမယ့် သူ့ရဲ့ အောင်မြင်မှုတွေကိုတော့ ငြင်းလို့မရဘူး.... လုံးဝပဲ"
သူက လက်မထောင်ပြလိုက်၏။
ထိုအချိန်တွင် ရင်းကျန့်ကို ခိုးကြည့်နေခဲ့ကြသည့် သူ၏ဘေးမှ လူသုံးယောက်မှာလည်း မနေနိုင်ဘဲ အနားသို့ ရောက်လာကြသည်။
တက်ကြွပြီး ဆံပင်တိုတိုနှင့် ကောင်မလေးတစ်ယောက်က ရယ်မောလျက် ဝင်ပြောလိုက်၏။
"ဦးလေးက ချင်ရှီဟွမ်အကြောင်း မေးနေတာလား။ အဲ့ဒါဆိုရင်တော့ ပြောစရာတွေ အများကြီးပဲ... ကျွန်မ ပြောပြမယ်... အခုခေတ် ကျွန်မတို့ ဝတ္ထုဖတ်တဲ့ အသိုင်းအဝိုင်းမှာ ဇာတ်လိုက်က ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ချင်ရှီဟွမ်နဲ့ ပတ်သက်လာရင် အားလုံးရဲ့ သဘောထားက အတူတူပဲ..."
သူမ၏ အဖော်ကလည်း ဝင်ထောက်ခံလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်... ဇာတ်လိုက်က ဘယ်လောက်ပဲ စွမ်းစွမ်း... သူက ချင်မင်းဆက်ကို ရောက်သွားတာနဲ့ ဘိုးဘေးနဂါးကြီးအတွက် ဘယ်လို အလုပ်အကျွေးပြုရမလဲဆိုတာကို အများစုက စဉ်းစားကြတာ။ သူ့အတွက် မသေဆေး ဖော်စပ်ပေးဖို့.... နည်းပညာတွေ တိုးတက်အောင်လုပ်ဖို့..... ဟန်တွေကို တိုက်ခိုက်ဖို့ပဲ တွေးကြတာ။ ဧကရာဇ်ကို ဖြုတ်ချပြီး သူကိုယ်တိုင် ဧကရာဇ်လုပ်ဖို့ တွေးတဲ့သူ ရှားတယ်။ မိန်းကလေးဇာတ်လိုက်က ချင်မင်းဆက်ကို ကူးပြောင်းသွားရင်လည်း ချင်ရှီဟွမ်နဲ့ ချစ်ကြိုက်ဖို့ချည်းပဲ တွေးတာမဟုတ်ဘူး။ ပိုများတာက နန်းတွင်းအရာရှိမလေးလုပ်ပြီး သူ့ကို တိုင်းပြည်အုပ်ချုပ်ရာမှာ ကူညီပေးတာတို့ သမားတော်မလေးလုပ်ပြီး သူ ကျန်းမာနေအောင် ကူညီပေးတာတို့ပဲ...."
နောက်ဆုံး ကောင်မလေးက အနှစ်ချုပ်ကာ ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးနဂါးလို့ ဆိုလိုက်တာနဲ့ ဇာတ်လိုက်က ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အားလုံးက သူ့ကို အလုပ်အကျွေးပြုဖို့ ဆိုတာချည်းပဲ။ ဒါက အစ်ကိုကြီးနဂါးက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆိုတာကို ပြနေတာပဲ...."
ထိုစကားများကို ကြားသောအခါ ဖူဆု၊ လီစစ်၊ မုန့်ရီနှင့် အခြားသူများမှာ အချင်းချင်း ပြန်ကြည့်လိုက်ကြပြန်ပြီး သူတို့၏ နှလုံးသားများတွင်တော့ ရောယှက်နေသော ခံစားချက်များဖြင့် ပြည့်နှက်သွားရသည်။
နှောင်းလူများက အရှင်မင်းကြီးအပေါ် ပြသနေသည့် ကြည်ညိုလေးစားမှုနှင့် ချစ်ခင်မှုများက ယခုခေတ် လူထုယဉ်ကျေးမှုထဲထိပင် စိမ့်ဝင်ပျံ့နှံ့နေပြီ ဖြစ်သည်။ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်လာသည့် ဤထောက်ခံအားပေးမှုက ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး ဧကရာဇ်ဆိုသည့် စကားလုံးလေးလုံး၏ လေးနက်သော အဓိပ္ပာယ်ကို သူတို့ကို တကယ်ကြီး ခံစားသိရှိသွားစေလေသည်။
မင်းသားကောင်းမှာ လူတိုင်းက သူ၏ ခမည်းတော်ကို ချီးကျူးနေကြသည်ကို နားထောင်ရင်း ဂုဏ်ယူနေသလို တစ်ခုခုမေးချင်စိတ်များလည်း ယားယံလာသဖြင့် မျှော်လင့်ချက်ပါဝင်နေသည့် လေသံဖြင့် မေးလိုက်ပြန်သည်။
"ဒါဆို... မင်းသားကောင်းကိုရော သိကြလား..."
ဆံပင်တိုတိုနှင့် ကောင်မလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြတ်သားစွာ ခေါင်းယမ်းလိုက်၏။
"မင်းသားကောင်း... မရင်းနှီးဘူး... သူ့အကြောင်းတော့ မမှတ်မိဘူး"
မင်းသားကောင်း : "..."
သူ၏အပြုံးက ချက်ချင်း အေးခဲသွားပြီး ညှိုးရော်နေသော ခရမ်းသီးတစ်လုံးလို ဖြစ်သွားကာ လုံးဝ စိတ်ပျက်သွားရတော့သည်။
သူက နူးညံ့ယဉ်ကျေးလှသော သူ၏အစ်ကို ဖူဆုကို မကျေမနပ်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်း ပြန်လည်လန်းဆန်းလာကာ ယှဉ်ပြိုင်လိုစိတ် အနည်းငယ်ဖြင့် ထပ်မံမေးလိုက်ပြန်သည်။
"ဖူဆုကိုရော သိကြလား..."
"ဖူဆု... သေချာပေါက် သိတာပေါ့"
ကောင်မလေးများက တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
မင်းသားကောင်းမှာ ပို၍ပင် မကျေမနပ်ဖြစ်သွားပြီး လည်ချောင်းထဲတွင် တစ်ဆို့နေသော အသံဖြင့် မေးလိုက်လေသည်။
"ဒါဆို သူ့ကိုရော ဘယ်လိုမြင်ကြလဲ...."
ဆံပင်မြင်းမြီးချည်ထားသည့် နောက်ကောင်မလေးတစ်ယောက်က ခပ်သွက်သွက် ဝင်ပြောလိုက်၏။
"ဖူဆုလား... သူက နည်းနည်း တုံးအသလိုပဲ...."
"ဟုတ်တယ် ဟုတ်တယ်..." ဆံပင်တိုတို ကောင်မလေးကလည်း ဝင်ပြောလေသည်။
"အင်ပါယာအမိန့်တော်နဲ့ သတ်သေဖို့ အမိန့်ပေးတာကို သူက ဒီတိုင်းကြီး သတ်သေသွားတာလေ... အဲ့ဒါ အရမ်းရိုးအလွန်းတယ်... နည်းနည်း ခေတ်နောက်ကျနေသလို ခံစားရတယ်.."
တတိယကောင်မလေးကလည်း ခေါင်းညိတ်လိုက်ပြီး... "ပြီးတော့ သူက အမြဲတမ်း သူ့အဖေရဲ့ မူဝါဒတွေကို သဘောမတူဘဲ ချင်ရှီဟွမ်ကို ပြန်ပြောလေ့ရှိတယ်လို့ ကြားဖူးတယ်။ ဟင်း... သူက သူ့အဖေစကားကို ပိုပြီး နားထောင်သင့်တာ။ ချင်ရှီဟွမ်က ခက်ခက်ခဲဲခဲ ဖြတ်သန်းခဲ့ရတာကို... သူက ပြဿနာပိုဆိုးအောင် လုပ်နေသလို ဖြစ်မနေဘူးလား.... သူက အရမ်း နားလည်မှုမရှိတာပဲ..."
အခန်း ၄၀၅ပြီး၏။