← Chapters

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း (၄၀၆) သိုင်းပညာဖလှယ်ခြင်း

​သခင်လေး ဖူဆု : "..."

((NT- ဒီနေရာမှာ Yong master လိုရေးထားလို့ သခင်လေးဆိုပြီး ဘာသာပြန်ထားပါတယ်ဗျ)

​သူ၏ နူးညံ့သိမ်မွေ့သော အပြုံးက လုံးဝ အေးခဲသွားပြီး နှုတ်ခမ်းထောင့်များက မသိမသာ တဆတ်ဆတ် တုန်ယင်သွားရသည်။

​စိတ်ဓာတ်ကျနေခဲ့သော မင်းသားကောင်းမှာ သူ၏ အစ်ကိုတော်နှင့် ပတ်သက်သည့် မှတ်ချက်များကို ကြားလိုက်ရသောအခါ ရုတ်တရက် စိတ်သက်သာရာရသွားလေသည်။ အမှန်တကယ်ပင် ပျော်ရွှင်မှုဆိုသည်မှာ တစ်ခါတစ်ရံတွင် အခြားသူများ၏ ဆင်းရဲဒုက္ခအပေါ်၌ တည်ဆောက်ထားတတ်ခြင်းမျိုးပင်။

​သခင်လေး ဖူဆုမှာ စိတ်ပျက်အားငယ်နေပြီး မင်းသားကောင်းမှာမူ တိတ်တဆိတ် ဝမ်းသာနေသည်ကို ကြည့်ကာ ချောင်ဝမ်ပေါ်က လီစစ်၊ စစ်သူကြီး မုန့်ထျန်နှင့် အခြားသူများထံသို့ ချဉ်းကပ်သွားပြီး တိုက်တွန်းလိုက်၏။

"အမတ်ကြီးတို့... နောင်လာနောက်သားတွေက ခင်ဗျားတို့အကြောင်းကို ဘယ်လိုထင်လဲဆိုတာ မေးကြည့်ရအောင်လား..."

​ထိုစကားကို ကြားသောအခါ လီစစ်၏ နှလုံးသားမှာ တစ်ချက် ရပ်တန့်သွားမတတ်ဖြစ်သွားပြီး သူ၏ ရင်ထဲတွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာရသည်။

​မိုဘိုင်းဖုန်း အသုံးပြုနည်းကို သင်ယူတတ်မြောက်ကတည်းက သူက သူ၏အမည်နှင့် လုပ်ရပ်များကို တိတ်တဆိတ် ရှာဖွေကြည့်ခဲ့ပြီး ဖြစ်၏။

​အင်ပါယာအမိန့်တော်ကို အတုအယောင်ဖန်တီးခြင်း ၊ ကျောက်ကောင်းနှင့် ပူးပေါင်းကြံစည်ခြင်း ၊ ဈေးလယ်ခေါင်တွင် ကွပ်မျက်ခံရခြင်း နှင့် သနားစရာကောင်းလောက်အောင် ဇာတ်သိမ်းမလှခြင်း စသည့် စကားလုံးများကို မြင်လိုက်ရချိန်တွင် သူချွေးသီးချွေးပေါက်များပင် ကျလာခဲ့ရသည်။

​လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း အရှင်မင်းကြီးက သူ၏အပေါ်သို့ မရေမတွက်နိုင်သော အုပ်ချုပ်ရေးတာဝန်များကို လေးလံစွာ ပုံချထားခဲ့သည်ကို ပြန်လည်တွေးတောကြည့်လိုက်ရာ သူ့ကို သေမတတ် အသုံးချနေသည်ဟူသော ခံစားချက်က... တကယ့်ကို သူစိတ်ထင်နေတာ သက်သက်မဟုတ်ခဲ့ဘူးဆိုတာ ပေါ်လွင်သွားခဲ့ချေပြီ။

​အရှင်မင်းကြီးက သူ့အပေါ် မကျေမနပ်ဖြစ်နေတာ အတော်ကြာလောက်ပြီ ဖြစ်မည်။

​အခု နောင်လာနောက်သားတွေက သူ့အကြောင်း ဘာပြောမလဲဆိုတာကို သူ ကြားရဦးမယ်တဲ့လား။ ဒါက လူပုံအလယ်မှာ ကွပ်မျက်ခံရသလို ဖြစ်မနေဘူးလား...

​လီစစ်က အလျင်အမြန် လက်ကာပြလိုက်ပြီး တောင့်တင်းနေသော အပြုံးတစ်ခုကို အတင်းဖန်တီးကာ "မ... မလိုပါဘူး... သေးနုတ်တဲ့ ကျော်ကြားမှုလေးတစ်ခုက ထုတ်ပြောစရာတောင် မလိုပါဘူး... ထုတ်ပြောဖို့ မတန်ပါဘူး..."

​စစ်သူကြီး မုန့်ထျန်နှင့် ဝမ်ကျန့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်ကြီးများကမူ သိပ်ဂရုမစိုက်ကြချေ။ သူတို့က ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များ ရှိခဲ့ကြပြီး သမိုင်းမှတ်တမ်းများတွင်လည်း အတော်လေး ကောင်းမွန်စွာ မှတ်တမ်းတင်ခံထားရသူများ ဖြစ်သော်လည်း သူတို့က မေးမြန်းရန်ပင် ပျင်းရိနေခဲ့ကြသည်။

​ဖုန်းကျဲ့၊ ချွန်းယွီယွဲ့နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာမူ ကွဲပြားနေကြသည်။ အချို့က သိချင်စိတ်ပြင်းပြနေကြပြီး အချို့ကမူ စိုးရိမ်ထိတ်လန့်နေကြသည်။

​အတိုချုပ်ဆိုရလျှင် မေးမြန်းမှုအချို့ ပြုလုပ်ပြီးနောက် ချီးကျူးစကားများကို ကြားရ၍ တိတ်တဆိတ် ကျေနပ်နေကြသူများ ရှိသလို ဝေဖန်မှုများကို ကြားရ၍ မျက်နှာပျက်ရသူများနှင့် သူတို့ကိုယ်သူတို့ပင် သေချာမသိသော မှတ်ချက်များကို ကြားရသူများလည်း ရှိနေခဲ့ကြသည်။

​ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သော ကျန်းခိုင်မှာ မနေနိုင်တော့ဘဲ ကျန်းယဲ့အနားသို့ တိုးကပ်သွားကာ အသံကိုနှိမ့်၍ လေးစားအားကျစွာ ပြောလိုက်၏။ "ဒါရိုက်တာကျန်း... အခုတော့ ကျွန်တော် နားလည်သွားပြီထင်တယ်။ ခင်ဗျား သူတို့ကို ဒီခေါ်လာတာက ဒီမြေစေးရုပ်တုတွေကို ပြချင်ရုံတင်မဟုတ်ဘဲ သူတို့ကို... မှန်ကြည့်ခိုင်းဖို့ မဟုတ်လား"

​ကျန်းယဲ့က ပြုံးလိုက်သော်လည်း ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့ချေ။

​ကြေးနီရုပ်တုစစ်သည်တော် တွင်းကြီးများဆီသို့ ခေတ္တမျှ လှည့်လည်ကြည့်ရှုပြီးနောက် မိမိ၏ ခေါင်းတလားနှင့် အဓိက ဂူဗိမာန်ကို ယခုထက်တိုင် တူးဖော်နိုင်ခြင်းမရှိသေးဘဲ မြေစာပုံကြီးအောက်၌ နက်ရှိုင်းစွာ မြှုပ်နှံထားဆဲဖြစ်ကြောင်းကို ရင်းကျန့်က ဧည့်လမ်းညွှန်နှင့် အခြားခရီးသွားများထံမှ သိရှိသွားခဲ့ရသည်။ ထိုအချက်က သူ၏ တင်းမာနေသော မျက်နှာအမူအရာကို အနည်းငယ် ပြေလျော့သွားစေလေသည်။

​ရင်းကျန့်နှင့် ရင်းနှီးကျွမ်းဝင်မှုကို အားကိုးကာ ချောင်ဝမ်ပေါ်မှာ သူ၏ ရင်တွင်းမှ တောက်လောင်နေသော အတင်းအဖျင်း သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ ကိုင်းညွတ်ကာ တိုးတိုးလေး မေးလိုက်၏။

"အဟဲ... အစ်ကိုကြီးကျန့်... ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ အဓိက ဂူဗိမာန်ထဲမှာ ဘယ်လိုရတနာတွေ ရှိနေလဲဆိုတာကို သိခွင့်ရှိမလား။ လူတိုင်းက အရမ်းသိချင်နေကြလို့ပါ...."

​ရင်းကျန့်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။ "ငါလည်း မသိဘူး..."

​ချောင်ဝမ်ပေါ်၏ မှင်တက်သွားသော မျက်နှာကို မြင်လိုက်ရသောအခါ သူက ထူးထူးခြားခြား ရှင်းပြချက်တစ်ခုကို ထပ်မံပေးလိုက်သည်။ သူ၏လေသံတွင် ဖော်ပြ၍မရနိုင်သော တည်ငြိမ်မှုတစ်ခု ပါဝင်နေ၏။

"ငါ သေဆုံးပြီးနောက်မှာ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အုတ်ဂူကိစ္စတွေကို ငါ့ရဲ့ အရည်အချင်းမရှိတဲ့ နောင်လာနောက်သားတွေနဲ့ အမတ်တွေကပဲ စီစဉ်ကြမှာလေ။ ငါ့ဂူဗိမာန်ရဲ့ နောက်ဆုံးပုံစံက ဘယ်လိုရှိမလဲ... ငါနဲ့အတူ ဘာတွေကို ထည့်သွင်းမြှုပ်နှံမလဲဆိုတာကို ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ...."

​လူတိုင်း : "..."

​ထိုစကားက... လုံးဝကို ယုတ္တိတန်နေသကဲ့သို့ပင်။ ၎င်းက လူအများကို ပြောစရာစကား ဆွံ့အသွားစေခဲ့သည်။

​ချင်ရှီဟွမ် အုတ်ဂူပြတိုက်မှ ထွက်ခွာလာပြီးနောက် ဘတ်စ်ကားကြီးမှာ ထပ်မံ၍ စတင်ရွေ့လျားလာခဲ့သည်။

​သို့သော် ဤတစ်ကြိမ်တွင်ကား ခရီးစဉ်၏ ဦးတည်ရာက မြို့ထဲသို့ ပြန်ရန်မဟုတ်ဘဲ မြို့ပြင်ရှိ လုံခြုံရေးအလွန်တင်းကျပ်သော စစ်ရေးအခြေစိုက်စခန်းတစ်ခုဆီသို့ ဖြစ်၏။

​ဘတ်စ်ကားကြီးက လုံခြုံရေးတင်းကျပ်သော စခန်းဂိတ်ပေါက်ကို ဖြတ်ကျော်ဝင်ရောက်သွားသည်နှင့် ကြီးလေးသော စည်းကမ်းသေဝပ်မှုနှင့် လေးနက်သော အငွေ့အသက်များက သူတို့ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

မျက်စိတစ်ဆုံး နေရာတိုင်းတွင် ကြွေးကြော်သံများ ဟစ်ကြွေးကာ စည်းကမ်းတကျ ချီတက်နေသော တပ်ဖွဲ့များအပြင် သူတို့ နားမလည်နိုင်သော အမျိုးအစားစုံလင်လှသည့် ယာဉ်များနှင့် စက်ကိရိယာများကိုပါ မြင်တွေ့လိုက်ရ၏။

​စစ်မြေပြင်တွင် ကျင်လည်ခဲ့သော ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် စစ်သူကြီး မုန့်ထျန်နှင့် ဝမ်ကျန့်တို့မှာ အဝေးရှိ လေ့ကျင့်ရေးကွင်းပြင်၌ ပြုလုပ်နေသော တိုက်ခိုက်ရေးလေ့ကျင့်မှုများနှင့် နည်းဗျူဟာစစ်ရေးပြမှုများကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ မျက်လုံးများက အရောင်လက်သွားကြရသည်။ အချိန်အတော်ကြာ ကိန်းအောင်းနေခဲ့သော သူတို့၏ စစ်သွေးစစ်မန်များ ပြန်လည်နိုးကြားလာသကဲ့သို့ပင်။

​"ကောင်းလိုက်တာ.... အမိန့်ပေးတာကို မေးခွန်းမထုတ်ဘဲ လိုက်နာတယ်... လှုပ်ရှားမှုတွေက မိုးကြိုးလို မြန်ဆန်တယ်။ ဒါက အင်အားကြီးတဲ့ စစ်တပ်တစ်ခုရဲ့ လက္ခဏာရပ်ပဲ..." စစ်သူကြီး မုန့်ထျန်မှာ မနေနိုင်တော့ဘဲ လက်ခုပ်တီးကာ ချီးကျူးလိုက်၏။

​ဝမ်ကျန့်၏ မျက်လုံးများကလည်း ရှင်းလင်းတိကျပြီး အကျိုးသက်ရောက်မှုရှိသော တိုက်ခိုက်ရေး လှုပ်ရှားမှုများဆီသို့ စူးစိုက်ကြည့်နေကာ ကိုယ်တိုင်ဝင်ရောက်စမ်းသပ်ချင်စိတ်များ ယားယံနေချေသည်။

​အတိုင်းအတာငယ် တိုက်ခိုက်ရေးလေ့ကျင့်ခန်းတစ်ခု ပြီးဆုံးသွားချိန်တွင် စစ်သူကြီးမုန့်ထျန်မှာ သူ့ကိုယ်သူ ဆက်လက်မထိန်းချုပ်နိုင်တော့ချေ။ သူက အတူလိုက်ပါလာသော ချန်ချင်းအား လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုလိုက်ပြီး ပြောလိုက်၏။

"မိတ်ဆွေချန်... ဒီက စစ်သည်တော်တွေအားလုံးရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်တွေကို မြင်တွေ့ရပြီးတဲ့နောက် ကျွန်တော်လည်း သိုင်းပညာဖလှယ်ချင်စိတ်တွေ တားမရဆီးမရ ဖြစ်နေပါပြီ။ ခင်ဗျားတို့အနေနဲ့... ချစ်ကြည်ရေး ယှဉ်ပြိုင်မှုတစ်ခုလောက် လုပ်ဖို့ ဆန္ဒရှိမလား..."

​အခြေစိုက်စခန်း၏ တာဝန်ခံမှာ အထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များကို ရရှိထားပြီးဖြစ်ကာ ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် ခရီးသွားအဖွဲ့၏ တကယ့်မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိရှိထားပြီးဖြစ်၏။ ထိုစကားကို ကြားသောအခါ သူက ငြင်းပယ်ခြင်း မပြုသည့်အပြင် ပြုံးလျက် သဘောတူလိုက်လေသည်။

​"စစ်သူကြီးမုန့်မှာ ဒီလို ပြောင်မြောက်တဲ့ စိတ်ဝင်စားမှုမျိုး ရှိနေတယ်ဆိုရင်လည်း လုပ်ကြတာပေါ့။ ဒါပေမဲ့..."

သူက စစ်သူကြီးမုန့်ထျန်၏ ခန့်ညားသော ကိုယ်ဟန်နှင့် စူးရှထက်မြက်သော မျက်ဝန်းများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ပြောင်သည့် လေသံဝက်ဖြင့် သတိပေးလိုက်လေသည်။ "ကျေးဇူးပြုပြီး... စစ်သူကြီးအနေနဲ့ သက်ညှာပေးဖို့နဲ့ အခြေအနေကြည့်ပြီး ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်.."

​မကြာမီမှာပင် လေ့ကျင့်ရေးကွင်းပြင်၌ နှစ်ပေါင်း နှစ်ထောင်ကို ဖြတ်ကျော်လာသည့် ချစ်ကြည်ရေး ယှဉ်ပြိုင်မှုတစ်ခု ပေါ်ပေါက်လာချေသည်။

​အစပိုင်းတွင် စခန်းက တိုက်ခိုက်ရေးအထူးကျွမ်းကျင်သူ အနည်းငယ်ကိုသာ စေလွှတ်ခဲ့သည်။ သို့သော်ငြားလည်း စစ်သူကြီးမုန့်ထျန်နှင့် ဝမ်ကျန့်တို့က ခေတ်သစ်တိုက်ခိုက်ရေးနည်းစနစ်များကို စနစ်တကျ သင်ယူထားခြင်း မရှိသော်လည်း တွေးခေါ်မှုမလိုဘဲ တုံ့ပြန်နိုင်သော စစ်မြေပြင်အသိ၊ အံ့မခန်း ခွန်အားနှင့် တိကျသော အချိန်ကိုက်လှုပ်ရှားမှုတို့ကို အားကိုးကာ ဤအထက်တန်းစား စစ်သည်များနှင့် အချိန်တိုအတွင်း ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ခဲ့သည့်အပြင် မသိမသာပင် အသာစီးရလာကြသည်။

​ဤသတင်းမှာ တောမီးလောင်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

​"ဘာ... ရှေးဟောင်းဝတ်စုံ ဝတ်ထားတဲ့ ကျွမ်းကျင်သူနှစ်ယောက်က (ခ)အဖွဲ့က တိုက်ခိုက်ရေးသုံးယောက်ကို အနိုင်ယူလိုက်တယ်ပေါ့လေ.."

"တကယ်လား... သွားကြည့်ရအောင်..."

​အခြားစခန်းများမှ စစ်သည်များမှာလည်း သတင်းကြားသည်နှင့်တစ်ပြိုင်နက် ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြပြီး ဤကျွမ်းကျင်သူ နှစ်ဦးနှင့် သူတို့၏ စွမ်းရည်များကို စမ်းသပ်ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေခဲ့ကြသည်။

လေ့ကျင့်ရေးကွင်းပြင်မှာ လူအများ၏ ဝိုင်းရံခြင်းကို အလျင်အမြန် ခံလိုက်ရပြီး အားပေးသံများနှင့် ကြွေးကြော်သံများက တဝုန်းဝုန်း ထွက်ပေါ်လာချေသည်။

​သို့သော် စစ်သူကြီးမုန့်ထျန်နှင့် ဝမ်ကျန့်တို့မှာမူ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ပိုမိုစိတ်လှုပ်ရှားလာကြသည်။ သူတို့က စိန်ခေါ်သူအားလုံးကို လက်ခံခဲ့ပြီး ပုံစံအမျိုးမျိုးရှိသော ခေတ်သစ်စစ်သည်များနှင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် နှောင်းလူများ၏ တစ်ဦးချင်း တိုက်ခိုက်ရေးနည်းစနစ်များကို တိုက်ရိုက် နားလည်သဘောပေါက်လာကြပြီး မည်မျှရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းကြောင်းကိုပင် အော်ဟစ်ချီးကျူးခဲ့ကြသည်။

​ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားပြီးနောက် စခန်းခေါင်းဆောင်က သူတို့ကို လက်ရှိအသုံးပြုနေသော အပေါ့စား လက်နက်များနှင့် စက်ကိရိယာတချို့ကို လိုက်လံပြသပြန်သည်။

​သေသပ်လှပသော ချေမှုန်းရေးရိုင်ဖယ်များမှသည် အစွမ်းထက်သော တစ်ကိုယ်တော်ပစ် ဒုံးပျံပစ်လောင်ချာများ ပြီးတော့ အမျိုးအစားစုံလင်လှသော စောင့်ကြည့်လေ့လာရေးနှင့် ဆက်သွယ်ရေး ကိရိယာများအထိ... ရင်းကျန့်နှင့် သူ၏အဖွဲ့မှာ ကြည်ညိုလေးစားမှုများဖြင့် လွှမ်းမိုးခံလိုက်ရသည်။ အေးစက်နေသော သတ္တုမျက်နှာပြင်နှင့် သိမ်မွေ့လှသော လက်ရာများကို ခံစားသိရှိနိုင်ရန် ထိုပစ္စည်းများကို သူတို့ ခဏခဏ ပွတ်သပ်ကြည့်နေကြလေသည်။

​အထူးသဖြင့် စစ်သူကြီးမုန့်ထျန်နှင့် ဝမ်ကျန့်တို့မှာ သူတို့ခေတ်၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာကျော်လွန်နေသော ဤအစွမ်းထက်လက်နက်များကို တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြပြီး နေရာမှာတင် ဖြုတ်ချလေ့လာကာ မဟာချင်သို့ အကုန်သယ်သွားချင်စိတ်များပင် ဖြစ်ပေါ်နေရသည်။

​နောက်ဆုံး အထွတ်အထိပ် အစီအစဉ်မှာ စစ်ရဟတ်ယာဉ်တစ်စီးကို စီးနင်းလိုက်ပါခြင်းပင်။

​ဧရာမ သံမဏိငှက်ကြီးက ဟိန်းဟောက်ကာ ပျံတက်သွားချိန်တွင် မုန်တိုင်းကြီးများစွာကို ရင်ဆိုင်ခဲ့ဖူးသည့် ရင်းကျန့်ပင်လျှင် ပြတင်းပေါက်လက်ရန်းကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလိုက်၏။

​သူ၏ခြေအောက်၌ သဲပုံစံငယ်လေးများအလား လျင်မြန်စွာ သေးငယ်သွားသော တောင်တန်းများ၊ မြစ်များနှင့် မြို့ပြရှုခင်းများကို သူဟာ ငေးကြည့်နေမိခဲ့သည်။ ကောင်းကင်ယံသို့ ပျံသန်းကာ ကမ္ဘာမြေကို အထက်စီးမှ ငုံ့ကြည့်ရသည့် ဤအမြင်သစ်ကို ခံစားနေရစဉ် သူ၏ နက်နဲသော မျက်ဝန်းများထဲတွင် ဖော်ပြ၍မရနိုင်သော အလင်းရောင်တစ်ခု တောက်ပနေခဲ့သည်။

​၎င်းက အမြန်ရထားထက် ပိုမိုတိုက်ရိုက်ကျသော အရှိန်အဟုန်ခံစားမှုကို ပေးစွမ်းနိုင်ပြီး ဟင်းလင်းပြင်နှင့် အမြင့်ပေအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း၏ အထွတ်အထိပ် ဖော်ပြချက်တစ်ခုပင်။

​စစ်သူကြီး မုန့်ထျန်နှင့် ဝမ်ကျန့်တို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးမှာလည်း ထိုင်ခုံလက်ရန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပြီး စိတ်လှုပ်ရှားမှုနှင့် သဘာဝအရ စိုးရိမ်မှုတို့ ရောယှက်နေချေသည်။

ပြတင်းပေါက်ဘေးမှ လျင်မြန်စွာ ဖြတ်သန်းသွားသော တိမ်တိုက်များကို ကြည့်ကာ သူတို့မှာ မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။

"တကယ်လို့ ငါတို့သာ ဒါကိုသုံးပြီး စစ်တပ်တွေကို သယ်ယူပို့ဆောင်နိုင်မယ်ဆိုရင် တောင်တန်းတွေ မြစ်တွေကို ဘာပူစရာလိုတော့မလဲ။ တစ်ရက်တည်းနဲ့ မိုင်တစ်ထောင် ခရီးနှင်နိုင်ပြီး မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်မှာပဲ။ တကယ့်ကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်စစ်တပ်လို ဖြစ်နေမှာပဲ..."

​ဖုန်းကျဲ့နှင့် လီစစ် အပါအဝင် နန်းတွင်းအမတ် အများစုမှာမူ မျက်နှာများ ဖြူဖျော့နေကြပြီး လျင်မြန်စွာ အမြင့်သို့တက်ခြင်းနှင့် လေစီးကြောင်း မငြိမ်မသက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မသက်မသာဖြစ်မှုများကို ကြိတ်မှိတ်သည်းခံနေရသော်လည်း သူတို့၏ မျက်လုံးများတွင်ကား တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေကြသည်။

​ဖူဆုမှာ အနည်းငယ် စိုးရိမ်နေသော်လည်း ဗဟုသုတအမြင်ကျယ်လာမှုကြောင့် စိတ်လှုပ်ရှားမှုကို ပိုမိုခံစားနေရသည်။

​ရဟတ်ယာဉ်ကြီး ချောမွေ့စွာ ဆင်းသက်ပြီးနောက် လူတိုင်း မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ သူတို့အားလုံးမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

​ဤအခြေစိုက်စခန်းသို့ လာရောက်လည်ပတ်ခြင်းနှင့် ကိုယ်တွေ့အတွေ့အကြုံများက ဤခေတ်ကာလရှိ စစ်ရေးနယ်ပယ်၏ ကြီးမားလှသော စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခံစားနိုင်စေခဲ့သည်။ တစ်ဦးချင်း စစ်သည်တော်စွမ်းရည်များမှသည် လက်နက်နှင့် စက်ကိရိယာများအထိ.... ထိုမှတစ်ဆင့် မဟာဗျူဟာမြောက် လေကြောင်းသယ်ယူပို့ဆောင်ရေး စွမ်းရည်များအထိ... အရာအားလုံးက သူတို့ကို နက်ရှိုင်းစွာ အထင်ကြီးသွားစေချေသည်။

​စခန်းမှ ထွက်ခွာလာချိန်တွင် လူတိုင်း၏ မျက်နှာများပေါ်၌ မဆုံးနိုင်သော ကျေနပ်အားရမှု အမူအရာများ ရှိနေကြ၏။

​ကြေးနီရုပ်တုစစ်သည်တော်များကို သွားရောက်ကြည့်ရှုခြင်းထက်များစွာ ပို၍ တိုက်ရိုက်ကျသော ဤခရီးစဉ်က ခေတ်သစ်အင်အားကြီးနိုင်ငံတစ်ခု၏ အစစ်အမှန် စွမ်းအားဆိုသည်မှာ မည်သို့ရှိကြောင်းကို သူတို့အား သက်သေပြသလိုက်ခြင်းပင်။

အခန်း ၄၀၆ပြီး၏။

All Chapters