အခန်း ၄၀၇
Vol. 41 Ch. 407
အခန်း (၄၀၇) အပြန်ခရီး
ရင်းကျန့်နှင့် သူ၏အဖွဲ့က လုံခြုံရေးတင်းကျပ်သော အခြေစိုက်စခန်းမှ ထွက်ခွာလာပြီး ခရီးသွားဘတ်စ်ကားပေါ်သို့ တက်ရန် ပြင်ဆင်လိုက်ချိန်တွင် သေသပ်စွာ ထုပ်ပိုးထားသော သေတ္တာများနှင့် ပါဆယ်ထုပ်များစွာက ကားဘေးရှိ မြေကွက်လပ်ပေါ်တွင် အစီအရီ နေရာယူထားနှင့်ပြီး ဖြစ်သည်။
၎င်းတို့အားလုံးမှာ ရင်းကျန့်နှင့် သူ၏အဖွဲ့က ဤခရီးစဉ်အတွင်း နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ထားခဲ့သည့် ဒေသထွက် ကုန်ပစ္စည်းများဖြစ်ပြီး မဟာချင်သို့ ပြန်လည်သယ်ဆောင်သွားနိုင်ရန်အတွက် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက စီစဥ်ပေးထားခြင်းပင်။
ဖုန်းဖြင့် စျေးဝယ်နည်းကို သင်ယူတတ်မြောက်သွားကတည်းက ရင်းကျန့်၊ ဖူဆုနှင့် အခြားသူများမှာ စိုက်ပျိုးရေးသုံးကိရိယာများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာနမူနာများမှသည် စာအုပ်စာတမ်းများ၊ မှတ်တမ်းများနှင့် အရည်အသွေးမြင့် သီးနှံမျိုးစေ့များအထိ သူတို့မြင်သမျှ အရာအားလုံးကို အသစ်အဆန်းဖြစ်ကာ အသုံးဝင်သည်ဟု ထင်မြင်နေကြသည်။ သူတို့က ခေတ်သစ်လူ့အဖွဲ့အစည်း၏ အနှစ်သာရတစ်ခုလုံးကို ပြန်သယ်သွားချင်စိတ်များပင် ပေါက်နေခဲ့ကြ၏။
သူတို့သယ်သွားမည့် ပစ္စည်းများအပေါ် ကန့်သတ်ချက် ရှိမရှိကို သူတို့က မေးမြန်းခဲ့သေးရာ ကျန်းယဲ့၏ အဖြေက ရှင်းလင်းလှသည်။
"ခင်ဗျားတို့ ကိုယ်တိုင် ထုပ်ပိုးပြီး သယ်သွားနိုင်သမျှ အကုန်သယ်သွားလို့ရတယ်။ ဘယ်လောက်သယ်နိုင်လဲဆိုတာက ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်..."
၎င်းက သူတို့၏ စျေးဝယ်ချင်စိတ်ကို မီးတောက်စေခဲ့သည်။
ဖူဆုက ထိုနေရာမှာတင် အော်ဒါအနည်းငယ် ထပ်တင်ရန်ပင် စဉ်းစားနေခဲ့သော်လည်း ချန်ချင်းက အူကြောင်ကြောင်နှင့် ရယ်ကာ သူ့ကို တားလိုက်ရ၏။
"သခင်လေး ဖူဆု... အွန်လိုင်းကနေ စျေးဝယ်ရင် ပစ္စည်းရောက်ဖို့ အချိန်ယူရတယ်။ အခုမှ အော်ဒါတင်ရင် ပစ္စည်းရောက်လာတဲ့အချိန် သခင်လေးတို့တောင် အိမ်ပြန်ရောက်နေလောက်ပြီ..."
ထို့နောက် သူက ကြိုတင်ပြင်ဆင်ထားသော စာရွက်နှင့် ဘောပင်ကို ထုတ်ယူလိုက်၏။
"ဒီလိုလုပ်ပါလား... လိုချင်တာတွေကို စာရင်းပြုစုလိုက်ပါ။ ကျွန်တော်တို့က ဝယ်ပေးဖို့ တာဝန်ယူပြီးတော့... အင်း... အထူးလမ်းကြောင်းကတစ်ဆင့် ခင်ဗျားတို့ဆီကို ပို့ပေးပါ့မယ်...."
ထို့ကြောင့်ပင် သူတို့ရှေ့၌ ဤမျှများပြားလှသော ခရီးဆောင်အိတ်တောင်ကြီးတစ်ခု ဖြစ်ပေါ်လာရခြင်းပင်။
ခွဲခွာရမည့်အချိန်က နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပေပြီ။
သူတို့ကို စိတ်အားထက်သန်စွာ အဖော်ပြုပေးပြီး အသေးစိတ် စီစဉ်ပေးခဲ့သော ချန်ချင်းနှင့် သူ၏အနောက်ရှိ အထူးညှိနှိုင်းရေးဗျူရို အဖွဲ့ဝင်များကို ကြည့်ကာ ရင်းကျန့်က လေးနက်စွာ ပြောလိုက်၏။
"မိတ်ဆွေချန်နဲ့ မိတ်ဆွေတို့... ဒီနှစ်ရက်အတွင်း ပင်ပန်းသွားကြပါပြီ။ အခုလို မြင်တွေ့ကြားသိခဲ့ရတာတွေက ငါနဲ့ ငါ့ရဲ့အမတ်တွေအတွက် အများကြီး အကျိုးရှိစေခဲ့ပါတယ်။ ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်..."
ထိုစကားကို ကြားသောအခါ ချန်ချင်းနှင့် အခြားသူများက ချက်ချင်း အရိုအသေပေးလိုက်ကြပြီး ရိုးသားစွာ ပြန်ပြောလိုက်ကြသည်။
"အရှင်မင်းကြီးက သိပ်ကို သဘောထားကြီးလွန်းပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ အရှင်မင်းကြီးနဲ့ ဂုဏ်သရေရှိလူကြီးမင်းတို့အားလုံးကို ဧည့်ခံခွင့်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ..."
ကားပေါ်မတက်မီလေးတွင် ချန်ချင်းက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း မျှော်လင့်ချက်နှင့် ရိုသေလေးစားမှုများ ရောယှက်နေသော လေသံဖြင့် မေးလိုက်၏။
"အရှင်မင်းကြီး... အမှတ်တရအနေနဲ့ အရှင်မင်းကြီး အပါအဝင် လူကြီးမင်းတို့ အားလုံးနဲ့အတူ အုပ်စုလိုက် ဓာတ်ပုံတစ်ပုံလောက် ရိုက်ခွင့်ပြုနိုင်မလား..."
ထိုစကားကို ကြားသောအခါ ရင်းကျန့်က လိုလိုလားလားပင် ခေါင်းညိတ်သဘောတူလိုက်လေသည်။
"ကောင်းပြီလေ..."
ခွင့်ပြုချက်ရရှိသွားသည်နှင့် အထူးညှိနှိုင်းရေးဗျူရိုမှ အဖွဲ့ဝင်များမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသော်လည်း ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် စည်းကမ်းသေဝပ်မှုကို အကောင်းဆုံး ထိန်းသိမ်းကာ ရင်းကျန့်နှင့်အတူ ရိုသေစွာ အလှည့်ကျ ဓာတ်ပုံရိုက်လိုက်ကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေချေသည်။
လီစစ်၊ စစ်သူကြီးမုန့်ထျန်နှင့် အခြားသူများက ထိုမြင်ကွင်းကို ဘေးမှနေ၍ ကြည့်နေခဲ့ကြသည်။ အရှင်မင်းကြီး ရရှိနေသော ရိုသေလေးစားမှုများအတွက် ဂုဏ်ယူကျေနပ်မိသလို တစ်ဖက်တွင်လည်း မနာလို ဝန်တိုစိတ်လေး အနည်းငယ် ဖြစ်ပေါ်နေရသည်။
နောင်လာနောက်သားများ၏ ဤမျှလောက် ရိုသေလေးစားမှုကို ခံရပြီး ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုခံရခြင်းကပင် ၎င်းကိုယ်တိုင်က ပြိုင်ဘက်ကင်းသော အသိအမှတ်ပြုခံရမှုတစ်ခု ဖြစ်နေသောကြောင့်ပင်။
လီစစ် အံ့အားသင့်သွားရသည်မှာ ရင်းကျန့်နှင့် ဓာတ်ပုံရိုက်ပြီးနောက် ချန်ချင်းက သူ၏အနားသို့ လျှောက်လာပြီး ရိုသေစွာ မေးလိုက်ခြင်းပင်။
"အမတ်ကြီးလီ... ကျွန်တော် အမတ်ကြီးနဲ့အတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ခွင့်ရမလား..."
လီစစ်မှာ အံ့အားသင့်သွားပြီး အံ့ဩသွားသည့် အရိပ်အယောင်များ သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။
သူ၏ သမိုင်းဝင်လုပ်ရပ်များကြောင့် နောင်လာနောက်သားများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဟု သူထင်ထားခဲ့သော်လည်း ယခုလို သူနှင့် ဓာတ်ပုံတွဲရိုက်လိုသူ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
မြှောက်ပင့်ခံရသလိုနှင့် နွေးထွေးသွားသလို ခံစားချက်များ ရောယှက်နေသော ရှုပ်ထွေးလှသည့် ခံစားချက်တစ်ခုက သူ၏ ရင်တွင်း၌ ဖြစ်ပေါ်လာရသည်။ သူက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူပင် သတိမထားမိဘဲ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်မိခေသည်။
"ရတာပေါ့... ရတာပေါ့..."
စစ်သူကြီး မုန့်ထျန်၊ မုန့်ရီ၊ ဖုန်းကျဲ့နှင့် အခြားသူများမှာလည်း အထူးညှိနှိုင်းရေးဗျူရိုမှ အခြားအဖွဲ့ဝင်များ၏ စိတ်အားထက်သန်စွာ ဝိုင်းရံခြင်းကို ခံလိုက်ကြရပြီး ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုခံခဲ့ကြရသည်။
ခဏချင်းမှာပင် မြင်ကွင်းက စည်ကားသက်ဝင်လာပြီး နွေးထွေးပျော်ရွှင်စရာ ကောင်းနေလေသည်။
လော်ယွန်းနှင့် ဖန်ရွှိုတို့က လူအုပ်ကြီး၏ နောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး သူတို့ရှေ့ရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးများ ဝိုင်းရံခံထားရကာ ဓာတ်ပုံအရိုက်ခံနေရသည်ကို ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများတွင် သဘာဝကျသော ကြည်ညိုလေးစားမှုများနှင့်အတူ မသိမသာ အထီးကျန်ဆန်မှု အနည်းငယ်တို့က ပြည့်နှက်နေချေသည်။
သမိုင်းမြစ်ပြင်ကျယ်ကြီးထဲတွင် သူတို့က အရေးမပါလှသော ဖုန်မှုန့်လေးတစ်မှုန့်မျှသာဖြစ်ပြီး မည်သူကမျှ သူတို့ကို အာရုံစိုက်မည် မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြ၏။
ထို့ကြောင့် သူတို့နှစ်ယောက်က နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြရာ အရိပ်ထဲသို့ပင် ပျောက်ကွယ်သွားမတတ် ဖြစ်သွားကြရသည်။
ထိုအချိန်မှာပင် ချောင်ဝမ်ပေါ်၊ ကျန်းခိုင်၊ ဖုန်းရီမင်နှင့် ကန်ချန်တို့က မျက်နှာပေါ်တွင် အပြုံးများဆင်မြန်းလျက် ချဉ်းကပ်လာကြသည်။
"မိန်းကလေးလော်.... အစ်ကိုဖန်..." ချောင်ဝမ်ပေါ်က ပြုံးလျက် ပြောလိုက်၏။ "ကျွန်တော်တို့ လေးယောက်က ခင်ဗျားတို့ နှစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်လို့ ရမလား..."
လော်ယွန်းနှင့် ဖန်ရွှိုတို့မှာ မှင်တက်သွားကြပြီး မယုံကြည်နိုင်မှုများက သူတို့၏ မျက်နှာပေါ်တွင် ပြည့်နှက်သွားလေသည်။
လော်ယွန်းက မသေချာသော လေသံတိုးတိုးဖြင့်ပင် မေးလိုက်၏။
"ဂုဏ်သရေရှိ ဧည့်သည်တော်တွေက... ကျွန်... ကျွန်မတို့နဲ့ ဓာတ်ပုံရိုက်မလို့လား..."
ကျန်းခိုင်က အားပါးတရ ရယ်မောလိုက်၏။
"သေချာပေါက် ခင်ဗျားတို့နဲ့ ရိုက်မှာပေါ့ဗျ..."
ဖန်ရွှိုမှာ အနည်းငယ် ပျာယာခတ်နေဆဲဖြစ်ပြီး လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်တို့က သာမန်လူတွေပါပဲ..."
ဖုန်းရီမင်က ရိုးသားပွင့်လင်းစွာ ဆက်ပြောလိုက်သည်။
"ကျွန်တော်တို့ကလည်း သာမန်လူတွေပါပဲဗျာ... ကျွန်တော်တို့ တရုတ်ယဉ်ကျေးမှုကြီး နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲနေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့လို သာမန်လူတွေ အဆက်ဆက်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မပြတ်တမ်း လက်ဆင့်ကမ်းလာခဲ့တဲ့ အမွေအနှစ်တွေကြောင့်ပဲလေ။ ခင်ဗျားတို့ရော ကျွန်တော်တို့ရောအားလုံးက ဒီယဉ်ကျေးမှုကြီးရဲ့ အစိတ်အပိုင်းတွေချည်းပါပဲ...."
ထိုစကားလုံးများက ရိုးရှင်းလှသော်လည်း နှလုံးသားကို တိုက်ရိုက်ထိမှန်သွားစေနိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားချေသည်။
လော်ယွန်းနှင့် ဖန်ရွှိုတို့၏ မျက်ဝန်းများမှာ ချက်ချင်း နီရဲလာရသည်။ အသိအမှတ်ပြုခံရသည့်အတွက် လှိုက်မောတက်ကြွလာသော ခံစားချက်နှင့် နွေးထွေးမှုတို့က ရင်ထဲတွင် ပြည့်လျှံလာပြီး သူတို့ ခေါင်းကို ဆတ်တငံ့ငံ့ ညိတ်ပြလိုက်ကြ၏။
ဤသို့ဖြင့် လူတိုင်းက သူတို့ ဓာတ်ပုံတွဲရိုက်ချင်သူများကို ရှာတွေ့သွားကြပြီး အမှတ်တရ ဓာတ်ပုံများစွာကို ရိုက်ကူးခဲ့ကြသည်။
နောက်ဆုံးတွင် ကျန်းယဲ့၏ စီစဉ်ညွှန်ကြားမှုအောက်၌ အားလုံးက နေရာယူလိုက်ကြသည်။ ငွေရောင် အချိန်ခရီးသွားဘတ်စ်ကားကြီးနှင့် အဝေးရှိ အခြေစိုက်စခန်း၏ပုံရိပ်ကို နောက်ခံထားလျက် ရင်းကျန့်က အလယ်ဗဟိုတွင် ရပ်ကာ မဟာချင်ဧည့်သည်တော်များ၊ အထူးညှိနှိုင်းရေးဗျူရိုမှ ဧည့်ခံရေးအဖွဲ့ဝင်များနှင့် ချောင်ဝမ်ပေါ်တို့ တရားမဝင်အဖွဲ့ဝင်လေးယောက်တို့ အားလုံး စုပေါင်း နေရာယူလိုက်ကြ၏။
ထို့နောက် ချိန်ရွယ်ထားသော ကင်မရာလေးက အနီရောင်မီးလေး မှိတ်တုတ်မှိတ်တုတ် လင်းနေလေသည်။
ဓာတ်ပုံရိုက်ရန် တာဝန်ယူထားသော ချန်ချင်းက အော်ပြောလိုက်၏။
"အားလုံးပဲ ကင်မရာကို ကြည့်ပါ တစ်... နှစ်... သုံး "
ခေတ်ကာလများ အဆင့်အတန်းများကို မခွဲခြားတော့ဘဲ လူတိုင်းက ရိုးသားစစ်မှန်သော အပြုံးများဆင်မြန်းလျက် တစ်သံတည်း အော်ဟစ်လိုက်ကြသည်။
"ရေးးးး..."
ဖြတ်ခနဲ....
ရှပ်တာခလုတ် အသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် နှစ်ပေါင်းနှစ်ထောင်ကို ဖြတ်ကျော်ပေါင်းကူးထားသည့် ဤပြိုင်ဘက်ကင်းကာ ခမ်းနားလှသော အမှတ်တရ စုပေါင်းဓာတ်ပုံကြီးကို မှတ်တမ်းတင်လိုက်လေတော့သည်။
......
အချိန်ခရီးသွား ဘတ်စ်ကားကြီးက ဖြည်းညင်းစွာ စတင်ထွက်ခွာသွားပြီး ကားတွင်း၌ကား အမျိုးအစားစုံလင်လှသော ပါဆယ်ထုပ်များနှင့် ခရီးဆောင်အိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းယဲ့က သူ၏ရှေ့ရှိ ရယ်စရာကောင်းသော်လည်း အံ့မခန်းဖြစ်နေသော မြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
လူတိုင်းက ရွေ့လျားနိုင်သော စင်ကြီးများအလား ကျောပေါ်တွင် အိတ်များနှင့် ပါဆယ်ထုပ်များကို ပိုးထားကြပြီး တစ်ချို့ကခြေထောက်တွင် ချိတ်ဆွဲထားကာ တစ်ချို့ကလက်မောင်းများတွင် ချိတ်ဆွဲထားကြပြီး ခေါင်းပေါ်တွင်ပင် တင်ထားကြသေးလေသည်။
ရင်းကျန့်ပင်လျှင် ချွင်းချက်မဟုတ်ခဲ့ချေ။ သူ၏ အနက်ရောင်ဝတ်ရုံကြီးမှာ ဒေသထွက်ကုန် ပါဆယ်ထုပ်များဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ခန့်ညားတည်ကြည်သော ဟန်ပန်မှာ ရှားရှားပါးပါး ဖရိုဖရဲဖြစ်နေသည့် အသွင်အပြင်လေး ရောယှက်နေခဲ့သည်။
"အားလုံးပဲ တင်းတင်းကြပ်ကြပ် ကိုင်ထားကြနော်... အပြန်လမ်းမှာ ရတနာတွေ ပြုတ်ကျမသွားစေနဲ့...." ကျန်းယဲ့က လှမ်းအော်လိုက်ပြီးနောက် မောင်းသူနေရာတွင် သက်တောင့်သက်သာ မှီထိုင်လိုက်၏။
သူက မကူညီပေးချင်၍ မဟုတ်ပေ။ သူ၏ စနစ်ဟင်းလင်းပြင်နေရာမှာ ကြီးမားသော လက်နက်များနှင့် အရေးကြီးသော စက်ကိရိယာများဖြင့် ပြည့်ကျပ်နေပြီဖြစ်ရာ ဤသေးငယ်သော ဒေသထွက်ကုန်များကို သူတို့ကိုယ်တိုင် လက်ဖြင့် သယ်ဆောင်ရခြင်း ဖြစ်၏။
ယာဉ်မောင်းဦးလေးဝမ်က ဘတ်စ်ကားကို ချောမွေ့စွာ မောင်းနှင်သွားပြီး တဖြည်းဖြည်း အရှိန်တင်လိုက်သည်။ နောက်ခဏ၌ ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများက စတင် ဝါးတားတားဖြစ်ကာ ပုံပျက်လာပြီး နောက်ဆုံးတွင် စီးဆင်းနေသော အလင်းနှင့် အရိပ်များအဖြစ် ပြောင်းလဲသွားချေသည်။
နေရာတွင် ရပ်နေခဲ့ကြသော ချန်ချင်း၊ ချောင်ဝမ်ပေါ်နှင့် အခြားသူများမှာ မျက်စိရှေ့တွင် ဖြတ်ခနဲ ဝါးသွားသလို ခံစားလိုက်ရပြီး သမိုင်းနှင့် အနာဂတ်ကို သယ်ဆောင်သွားသော ငွေရောင်ဘတ်စ်ကားကြီးမှာ လေဟာနယ်ထဲသို့ ပျော်ဝင်သွားသည့်အလား တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကာ မည်သည့်ခြေရာမျှ ကျန်ရစ်မနေခဲ့ချေ။
နောက်တစ်စက္ကန့်တွင် အလင်းရောင်များ မှေးမှိန်သွားခဲ့သည်။
......
တဖျစ်ဖျစ်မြည်နေသော အသံတိုးတိုးများနှင့်အတူ ရီယဲ့ခရီးသွားအေဂျင်စီ... ချင်မင်းဆက်ရုံးခွဲ၏ ဒုတိယထပ် နားနေဆောင်အတွင်း၌ လူဆယ့်သုံးယောက်၏ ပုံရိပ်များက ပြန်လည် ပေါ်ထွက်လာကြသည်။
၎င်းနှင့်အတူ ပါဆယ်ထုပ်များနှင့် သေတ္တာများ ပြုတ်ကျလာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ခဏချင်းမှာပင် အခန်း၏ နေရာအတော်များများကို ပြည့်နှက်သွားစေတော့သည်။
အခန်း ၄၀၇ပြီး၏။