← Chapters

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း (၄၀၈) အင်မော်တယ်ဆေး ပေးအပ်ခြင်း

​လော်ယွန်းနှင့် ဖန်ရွှိုတို့က လက်မောင်းများတွင် ခေတ်သစ် မုန့်များနှင့် အဝတ်အစားများ အပြည့်ပါသော အဝတ်အိတ်များကို ချိတ်ဆွဲထားပြီး ခြေအောက်တွင်လည်း မျိုးစေ့ထုတ်များစွာ ချထားလျက် တွေဝေငေးမောစွာ ရပ်နေခဲ့ကြသည်။ သူတို့မှာ လုံးဝ မှင်တက်ကြောင်အမ်းနေကြ၏။

​သူတို့ သယ်ဆောင်လာသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအထောက်အထားများသာ မရှိခဲ့ပါကလွန်ခဲ့သော နှစ်ရက်အတွင်း သူတို့ မြင်တွေ့ခဲ့ရသည့် မိုးမျှော်တိုက်ကြီးများ၊ လျင်မြန်စွာ ပြေးလွှားနေသော ကားများနှင့် မျက်စိကျိန်းမတတ် တောက်ပနေသော မီးရောင်စုံများက အလွန်တရာ လက်တွေ့ဆန်လွန်းသော ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခုမျှသာဟု သူတို့ ထင်မှတ်သွားကြမည်မှာ အသေအချာပင်။

​သူတို့နှစ်ယောက်တည်းသာမကဘဲ သခင်လေး ဖူဆု၊ စစ်သူကြီး မုန့်ထျန်၊ လီစစ်နှင့် အခြားသူများအားလုံးပင်လျှင် ဤအခိုက်အတန့်၌ ပြင်းထန်လှသော လက်တွေ့မဆန်မှုကြီးကို ခံစားနေကြရသည်။

​စစ်သူကြီး မုန့်ထျန်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ သူ၏ အသံတွင် မပြယ်နိုင်သေးသော တုန်လှုပ်မှုများ ပြည့်နှက်နေဆဲပင်။ "နှစ်ရက်ဆိုတဲ့ အချိန်က တိုတောင်းပေမယ့် ဘဝတစ်ဝက်လောက် ဖြတ်သန်းလိုက်ရသလို ခံစားရတယ်... အချိန်တွေက တကယ်ကို မြန်လွန်းပါတယ်..."

​ရင်းကျန့်က စကားမဆိုချေ။ သူက ရင်းနှီးနေသော အခန်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော အနာဂတ် ပစ္စည်းများ အပုံကြီးထံသို့ သူ၏အကြည့်များ ရပ်တန့်သွားကာ သူ၏ မျက်ဝန်းများက နက်ရှိုင်းပြီး တွေးတောနေဟန် ရှိသည်။

​ကျန်းယဲ့၏ မျက်စိရှေ့တွင် အလင်းဖောက်ထွင်းမြင်ရသော စနစ်မျက်နှာပြင်တစ်ခု ပေါ်လာပြီး ထင်ရှားသော နောက်ပြန်ရေတွက်နေသည့် အချိန်မှတ်စက်တစ်ခုက တိတ်ဆိတ်စွာ အလုပ်လုပ်နေချေသည်။

​【00:03:27】

​ထို့နောက် သူက ရင်းကျန့်ဘက်သို့ လှည့်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့ပေးပါ..."

​တတိယထပ်ရှိ နားနေခန်းအတွင်း၌ ကျန်းယဲ့က သူ၏အိတ်ကပ်ထဲမှ ဖြူလွတ်နေသော ကျောက်စိမ်းကြွေပုလင်းငယ်အချို့ကို ထုတ်ယူကာ စားပွဲပေါ်တွင် တစ်လုံးချင်းစီ တင်လိုက်လေသည်။

​ထို့နောက် သူက တစ်လုံးကို ကောက်ယူကာ ရင်းကျန့်ထံသို့ ကမ်းပေးလိုက်၏။

​ရင်းကျန့်၏ အကြည့်များက စူးရှသွားပြီး သူ၏ အသက်ရှူသံများ အနည်းငယ် ပြတ်တောင်းသွားရသည်။

​ပုလင်းထဲတွင် ဘာရှိနေသလဲဆိုသည်ကို သူ ချက်ချင်း သဘောပေါက်လိုက်၏။

​"ဒါက အရှင်မင်းကြီးအတွက် ကျွန်တော် အထူးဖယ်ချန်ထားခဲ့တဲ့ အရာပါ..." ကျန်းယဲ့က တိုးတိုးလေး ပြောလိုက်သည်။ "အစစ်အမှန် အင်မော်တယ်ဆေး တစ်လုံးပါ..."

​ကြွေပုလင်းကို လှမ်းယူလိုက်သော ရင်းကျန့်၏ လက်များက အနည်းငယ် တုန်ယင်နေခဲ့သည်။

​သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးပင် ဖြစ်လင့်ကစား ဤမျှ လောကီနယ်ပယ်ကို ကျော်လွန်နေသော ကံတရားမျိုးနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်စွာ နေထိုင်နိုင်ရန်မှာ ခဲယဉ်းလှချေသည်။

​"ဒီပုလင်းထဲမှာက အဆိပ်ဖြေဆေးပါ..." ကျန်းယဲ့က သူ၏လက်ထဲရှိ ကျောက်စိမ်းဖြူပုလင်းကို လက်ညှိုးထိုးပြလိုက်ပြန်သည်။ "ဒါကို သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်ပြီး အရှင်မင်းကြီးကို ကျန်းမာစေပါလိမ့်မယ်။ အရှင်မင်းကြီးက အခုမှ ခွန်အားတွေ အပြည့်ဝဆုံး အရွယ်ရောက်နေတာဆိုတော့ အသက်ကို ဆွဲဆန့်ဖို့က သိပ်အလျင်လိုစရာ မရှိသေးပါဘူး..."

​ထို့နောက် သူက ဘေးရှိ အစိမ်းနုရောင် ကြွေပုလင်းလေးကို လက်ညှိုးထိုးပြကာ "ဟို အသက်ရှည်ဆေးကတော့ အရည်အသွေး အရမ်းနိမ့်လွန်းလို့ အရှင်မင်းကြီးနဲ့ မထိုက်တန်ဘူး။ နောက်တစ်ခါ ကျွန်တော် ရွှမ်ဝူတိုက်ကို သွားတဲ့အခါ အရှင်မင်းကြီးအတွက် အဲ့ဒီထက် ပိုကောင်းတာတစ်ခုကို သေချာပေါက် ရှာလာခဲ့ပါ့မယ်..."

​ရင်းကျန့်၏ မျက်ဝန်းများက တောက်ပစွာ အရောင်လက်သွားပြီး ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။ "ညီကိုကျန်းရဲ့ စေတနာကို ငါ နားလည်သဘောပေါက်ပါတယ်။ မင်းကိုလည်း ငါ ယုံကြည်ပါတယ်..."

​ထို့နောက် ကျန်းယဲ့က အခြားသော ဆေးပုလင်းများ၏ အသုံးပြုပုံများကို တစ်ခုချင်းစီ ရှင်းပြလေသည်။ ရင်းကျန့်က ဂရုတစိုက် နားထောင်ကာ အားလုံးကို မှတ်သားထားလိုက်၏။

​"အဆိပ်ဖြေဆေးက နှစ်လုံး ပါပါတယ်" ကျန်းယဲ့က အဆုံးသတ်အနေဖြင့် ပြောလိုက်သည်။ "တစ်လုံးကို အရှင်မင်းကြီး ချက်ချင်း သောက်သုံးနိုင်ပါတယ်။ နောက်တစ်လုံးကိုတော့ မထင်မှတ်ထားတဲ့ အခြေအနေတွေအတွက် သေချာ သိမ်းဆည်းထားပါ..."

​ဤမျှ စေ့စပ်သေချာသော စဉ်းစားတွေးခေါ်မှုက ရင်းကျန့်၏ နှလုံးသားကို နွေးထွေးသွားစေသည်။ "မင်းရဲ့ စေ့စပ်သေချာမှုက ငါ့ကို အများကြီး ကျေနပ်အားရစေတယ်..."

​အချိန်မှတ်စက်က 【00:00:59】 သို့ ရောက်ရှိသွားပြီ ဖြစ်၏။

​ကျန်းယဲ့က မတ်တတ်ရပ်လိုက်သည်။ "ရုံးခွဲကိစ္စတွေကိုတော့ အရှင်မင်းကြီးဆီ လွှဲအပ်ခဲ့ပါရစေ..."

​ရင်းကျန့်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "ဒီကိစ္စကို ငါ့ဆီ လွှဲထားလိုက်ပါ။ ငါ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ညီကိုကျန်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး...."

​ကျန်းယဲ့၏ ခြေအောက်မှနေ၍ ရွှေရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာချိန်တွင် သူက ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"နောက်ဆုံးအနေနဲ့ နောင်လာနောက်သားတွေ ကိုယ်စား စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ။ ဘိုးဘေးနဂါးကြီး... ကျွန်တော်တို့တွေ အင်္ဂလိပ်စာ မသင်ချင်ဘူးဗျ... ဒါကြောင့် ခင်ဗျားအနေနဲ့ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ဖို့ ပိုပြီး ကြိုးစားအားထုတ်ရလိမ့်မယ်။ နေနဲ့ လ အလင်းရောင်ကျရောက်တဲ့ နေရာတိုင်းကို တရုတ်ပြည်ရဲ့ နယ်မြေဖြစ်လာအောင် လုပ်ပေးပါ..."

​ထိုစကားကို ကြားသောအခါ ရင်းကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အဆုံးအစမရှိသော ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ကြွေးကြော်လိုက်ချေသည်။ "ကောင်းပြီလေ... ငါ အသက်ရှင်နေသရွေ့ ဒီရည်မှန်းချက် ပန်းတိုင်အတွက် ကြိုးပမ်းသွားမယ်..."

​သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြစဉ်မှာပင် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းတန်းကြီးက ကျန်းယဲ့၏ ပုံရိပ်ကို လုံးဝ လွှမ်းခြုံသွားချေသည်။

​နောက်တစ်စက္ကန့်တွင်တော့ နားနေခန်းအတွင်း၌ ရင်းကျန့်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး သူ၏လက်ထဲရှိ ကျောက်စိမ်းဖြူ ကြွေပုလင်းလေးမှာ နွေးထွေးစွာ တောက်ပနေခဲ့သည်။

.........

​ကျန်းယဲ့၏ ပုံရိပ်က သူ၏ ဧည့်ခန်းအလယ်၌ တဖြည်းဖြည်း ထင်ရှားလာလေသည်။

​"အိမ်မှာက သိပ်ကို သက်တောင့်သက်သာ ရှိတာပဲ..."

​သူက အကြောဆန့်လိုက်ပြီး ချင်မင်းဆက်မှ သူယူဆောင်လာခဲ့သော အဆင်တန်ဆာ အသေးအဖွဲလေးအချို့ကို ကော်ဖီစားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါးပင် တင်လိုက်သည်။

​"နောက်ထပ် အံ့သြစရာကောင်းတဲ့ အားလပ်ရက်တစ်ခု ထပ်ရောက်လာတော့မယ်..."

​အားလပ်ချိန်များတွင် ကျန်းယဲ့သည် သူ၏အိမ်နီးနားရှိ ပန်းခြံသို့ လမ်းလျှောက်သွားလေ့ရှိပြီး တိတ်ဆိတ်သော ထောင့်တစ်နေရာကို ရှာကာ တင်ပျဉ်ခွေထိုင်လျက် သူ၏ ကျင့်စဉ်စာအုပ်ကို မဆုတ်မနစ် ဆက်လက် လေ့လာရန် ပြင်ဆင်နေတတ်၏။

​ယခင်အကြိမ်များက လေ့လာမှုများမှာ မည်သည့်ရလဒ်မှ ထွက်မလာခဲ့သော်လည်း ဒီတစ်ကြိမ်မှာ ရုတ်တရက် အသိဉာဏ်ပွင့်သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ....

​သူ အသက်ရှူနှုန်းကို ညှိကာ အာရုံစိုက်နေဆဲမှာပင် သူ၏ ဖုန်းက လုံးဝ အချိန်အခါမဟုတ်ဘဲ မြည်လာခဲ့သည်။

​ခေါ်ဆိုသူ၏ အမည်ကို သူ တစ်ချက်ကြည့်လိုက်၏။

ဝူရှောင်ရှီ.....

​သူက ချင်မင်းဆက်သို့ သွားရောက်လည်ပတ်ခဲ့သော ဒုတိယမြောက် ခရီးသွားအဖွဲ့ထဲမှ ဖြစ်သည်။

​ကျန်းယဲ့က ဖုန်းကို ကိုင်လိုက်သော်လည်း သူစကားမပြောရသေးခင်မှာပင် ဖုန်းလိုင်းထဲမှ ဝူရှောင်ရှီ၏ အလျင်စလို တောင်းပန်သံများ ထွက်ပေါ်လာလေသည်။

"ဒါရိုက်တာကျန်း... ကျွန်တော် အရမ်းတောင်းပန်ပါတယ်.... တကယ် တောင်းပန်ပါတယ်။ ကျွန်တော်... ကျွန်တော်တော့ ပြဿနာရှာမိပြီ"

​"ဖြည်းဖြည်းပြောစမ်းပါ... ဘာဖြစ်တာလဲ" ကျန်းယဲ့က မျက်ခုံးပင့်ကာ မေးလိုက်၏။

​ဝူရှောင်ရှီက အလွန်ကြာသည်အထိ စကားများကို ဗလုံးဗထွေးဖြင့် ရှင်းပြနေပြီးမှသာ ကျန်းယဲ့က နောက်ဆုံးတွင် နားလည်သွားရသည်။

​တကယ်တော့ ဝူရှောင်ရှီ၏ ဖုန်းထဲတွင် ချောင်ဝမ်ပေါ်နှင့် သူ၏သူငယ်ချင်းများ၊ ရင်းကျန့်နှင့် အခြားသူများတို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံများ ရှိနေခဲ့သည်။ သူက ၎င်းတို့ကို သူ၏ သူငယ်ချင်းအရင်းတစ်ယောက်အား ပြသခဲ့ရာ ထိုသူငယ်ချင်းက သူ၏ ကိုယ်ပိုင်ဖုန်းဖြင့် ဓာတ်ပုံတချို့ ခိုးရိုက်ယူသွားခဲ့ခြင်းပင်။

​ရင်းကျန့်နှင့် သူ၏အဖွဲ့ ခေတ်သစ်ကမ္ဘာသို့ လာရောက်ခဲ့ချိန်တွင် လမ်းသွားလမ်းလာတချို့က ဤ ကော့စ်ပလေးသရုပ်ဆောင်များမှာ အထူးအရည်အသွေးများ ရှိသည်ဟု ထင်မြင်ကာ ဗီဒီယိုအတိုလေးများ ရိုက်ကူးပြီး အွန်လိုင်းတွင် ပေါ့ပေါ့ပါးပါး တင်လိုက်ကြ၏။

​ပုံမှန်အားဖြင့် ဤကဲ့သို့သော ဗီဒီယိုမျိုးက သိပ်ပြီး အာရုံစိုက်မခံရချေ။ သို့သော် ဝူရှောင်ရှီ၏ သူငယ်ချင်းက တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားခဲ့သည်။ သူ ကြည့်လေလေ ပိုရင်းနှီးလေလေ ဖြစ်လာပြီး သူ သိမ်းဆည်းထားသော ဓာတ်ပုံနှင့် ယှဉ်ကြည့်လိုက်သောအခါ အလွန်အမင်း အံ့အားသင့်သွားရသည်။

​ထို့နောက် ထိုကောင်က ဝူရှောင်ရှီထံမှ လီစစ်၊ မုန့်ရီနှင့် အခြားသူများ၏ ဓာတ်ပုံများကို ထပ်မံတောင်းယူခဲ့ပြန်သည်။ အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင် သူက စိတ်လှုပ်ရှားစွာဖြင့် ခိုင်လုံသော သက်သေအထောက်အထား ခွဲခြမ်းစိတ်ဖြာမှု ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကို လူအများ ပိုမိုမြင်တွေ့စေရန် ငွေပေး၍ပင် ကြော်ငြာခဲ့ရာ #ချင်ရှီဟွမ်_ခေတ်သစ်ကမ္ဘာသို့ရောက်ရှိလာခြင်း# ဟူသော ရေပန်းစားသည့် ခေါင်းစဉ်ကို အွန်လိုင်းရှာဖွေမှု ထိပ်ဆုံးသို့ တိုက်ရိုက် ရောက်ရှိသွားစေချေသည်။

​"ဒါရိုက်တာကျန်း... သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော် တကယ် မသိခဲ့ဘူး။ ကျွန်တော် မသိလိုက်ပေမယ့် ဓာတ်ပုံတွေက ကျွန်တော့်ဆီကနေ ပေါက်ကြားသွားတာဆိုတော့..." ဝူရှောင်ရှီက ဒေါသထွက်မှုနှင့် စိုးရိမ်မှုများ ရောယှက်နေသည့် လေသံဖြင့် ပြော၏။ "အခု အွန်လိုင်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီ... ကျွန်တော်... ကျွန်တော် တကယ်ကို..."

​ဝူရှောင်ရှီသည် လူမိုက်မဟုတ်ချေ။

​ကျန်းယဲ့က ဘာမှ ထုတ်မပြောခဲ့ခြင်းက လူသိပ်များများကို မသိစေချင်သောကြောင့် ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် အရာအားလုံး ဤသို့ဖြစ်လာရခြင်းအတွက် သူ့တွင်လည်း တာဝန်ရှိချေသည်။

​"ဘာမှမဖြစ်ပါဘူး..." ကျန်းယဲ့က ပေါ့ပေါ့ပါးပါး လေသံဖြင့် ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ရင်ထဲ မထားပါနဲ့.... မင်းအမှား မဟုတ်ပါဘူး..."

​ဖုန်းချပြီးနောက် ကျန်းယဲ့က ထိုကိစ္စကို ရင်ထဲ သိပ်မထားခဲ့ချေ။ မည်သို့ပင်ဆိုစေ ဒါက ကြီးကြီးမားမား ပြဿနာမဟုတ်ပေ။

​အဆိုးဆုံးကတော့ နောက်တစ်ခါ ချင်မင်းဆက်က ခရီးသွားတွေကို ခေတ်သစ်အဝတ်အစားတွေနဲ့ ရင်းနှီးအောင် လုပ်ခိုင်းပြီး လက်မောင်းတွေ၊ ခြေသလုံးတွေဖော်ကာ အပြင်မှာ လျှောက်လည်ရတဲ့ ခံစားချက်နဲ့ အသားကျအောင် လုပ်ပေးရုံပေါ့။

​ဟန်ကျိုးမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ညစာစားပြီးခါစဖြစ်သော လူလတ်ပိုင်းအရွယ် ဝမ်လဲ့သည် ဆိုဖာပေါ်တွင် မှီလှဲကာ ဖုန်းကို ပွတ်နေခဲ့သည်။

​ရုတ်တရက် သူ၏ လက်ချောင်းများ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများက ဖန်သားပြင်ပေါ်တွင် စူးစိုက်သွားရသည်။

​အွန်လိုင်းရေပန်းစားမှု ထိပ်ဆုံးတွင် ရှိနေသည်က #ချင်ရှီဟွမ်_ခေတ်သစ်ကမ္ဘာသို့ရောက်ရှိလာခြင်း# ဟူသော ခေါင်းစဉ်ပင်။

​သူက ၎င်းကို နှိပ်ဝင်ကြည့်လိုက်ရာ လမ်းသွားလမ်းလာများ ရိုက်ကူးထားသည့် ဝါးတားတား ဗီဒီယိုနှင့် ရှင်းလင်းသော နှိုင်းယှဉ်ချက် ဓာတ်ပုံများကို မြင်လိုက်ရ၏။ အထူးသဖြင့် အနက်ရောင်ဝတ်ရုံကြီးနှင့် ဧကရာဇ်ကြီး၏ ဘေးစောင်းပုံ အနီးကပ်မြင်ကွင်းက သူ့ကို အလွန်အမင်း လန့်ဖျပ်သွားစေကာ မတ်တတ်ပင် ထထိုင်မိသွားစေသည်။

​"ဒါက ရွှေကမ္ဘာလုံး အဆောက်အအုံက စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့ ကော့စ်ပလေးကောင်လေး မဟုတ်ဘူးလား...."

​ဝမ်လဲ့က အွန်လိုင်းမှ ပုံများကို သေချာစွာ စစ်ဆေးကြည့်ပြီး ထိုနေ့က သူတွေ့ခဲ့ရသော သူနှင့် စိတ်ထဲတွင် နှိုင်းယှဉ်ကြည့်လိုက်၏။

​ထို အရှိန်အဝါကြီးမားသော ကော့စ်ပလေးသရုပ်ဆောင်သည် အမှန်တကယ် ရင်းကျန့်ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်ချိန်တွင် သူဟာ လုံးဝ အေးခဲသွားပြီး သူ၏ဖုန်းလေးမှာ ဘုတ်ခနဲ အသံနှင့်အတူ သူ၏ ပေါင်ပေါ်သို့ ပြုတ်ကျသွားချေသည်။

​ပန်းကန်များ သိမ်းဆည်းနေသော သူ၏ဇနီး လီဖန်းက သူ့ကိုမြင်သွားပြီး အနားသို့ လာကာ လက်မောင်းကို တွန်းလိုက်၏။ "ဘာဖြစ်လို့လဲ... ရှင် တစ်ခုခုကို စိတ်လွင့်နေသလိုပဲ..."

​ဝမ်လဲ့က ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး အကြီးအကျယ် ယူကျုံးမရဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။ "မိန်းမရေ... ကိုယ်... ကိုယ် တကယ်ကို မိုက်မဲတဲ့ အလုပ်တစ်ခုကို လုပ်မိသွားပြီထင်တယ်..."

​လီဖန်းမှာ သူ၏ အမူအရာကြောင့် အလန့်တကြားဖြစ်သွားပြီး အမြန်ထိုင်ချကာ သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။ "ဘာဖြစ်တာလဲ... ဖြည်းဖြည်းပြောပါ..."

​"အဲ့ဒီနေ့က စားသောက်ဆိုင်မှာလေ... ရင်းကျန့်က ကိုယ့်ကို အတူတူ ဓာတ်ပုံရိုက်ချင်လားလို့ မေးခဲ့တာ..." ဝမ်လဲ့၏ အသံများက တုန်ယင်နေခဲ့သည်။ "အဲ့ဒါကို... အဲ့ဒါကို ကိုယ်က မရိုက်တော့ဘူး.... မရိုက်တော့ဘူးလို့ သွားပြောမိတယ်ကွာ..."

​နောက်ဆုံးတွင်တော့ သူ၏ နှလုံးသားလေး ကွဲကြေသွားရတော့သည်။

​"ပထမဆုံး ချင်ဧကရာဇ်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရမယ့် အခွင့်အရေးကို ကိုယ်ငြင်းလိုက်မိတာလေ.... အဲ့ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးကိုကွာ"

​လီဖန်းမှာ အစက မှင်တက်သွားသော်လည်း ထို့နောက်တွင်တော့ အားရပါးရ ပေါက်ကွဲရယ်မောလိုက်လေတော့သည်။

အခန်း ၄၀၈ပြီး၏။

All Chapters