အခန်း ၄၀၉
Vol. 41 Ch. 409
အခန်း (၄၀၉) ရွှမ်ဝူတိုက်သို့ ထပ်မံသွားရောက်ခြင်း
ခင်ပွန်းဖြစ်သူ၏ ရယ်ရခက်ငိုရခက်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ဇနီးဖြစ်သူ လီဖန်းက သူ့ပခုံးကို အမြန်ဖက်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
"တခြားတစ်ဖက်ကနေ တွေးကြည့်လေကွယ်... ရှင်က ခေတ်သစ်ကမ္ဘာမှာ ချင်ရှီဟွမ်ကိုယ်တိုင် ဓာတ်ပုံတွဲရိုက်ဖို့ ခေါ်တာကို ငြင်းရဲတဲ့ ပထမဆုံးလူပဲလေ။ အဲ့ဒီအကြောင်းကို တစ်သက်လုံး ကြွားစားလို့ရပြီပေါ့..."
ဝမ်လဲ့က ခဏမျှ ငြိမ်သွားပြီးနောက် သူ၏မိန်းမပြောသည်မှာ လုံးဝ ယုတ္တိရှိနေကြောင်းကို ရုတ်တရက် သဘောပေါက်သွားရသည်။
သူက မျက်နှာကို သပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"အေး ဟုတ်သားပဲ... ငါက ဘိုးဘေးနဂါးကြီးကိုတောင် ငြင်းခဲ့တဲ့ကောင်ကွ..."
သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး မိသားစု ဂရုချက်ထဲတွင် သူကြုံခဲ့ရသော စွန့်စားခန်းအကြောင်း စတင် ကြွားလုံးထုတ်လေတော့သည်။
အင်တာနက်ကုမ္ပဏီတစ်ခု၏ ရုံးခန်းထဲတွင် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"အာားးးး..." လင်ရှောင်ဝမ်က သူမ၏ ခုံမှ ခုန်ထလိုက်ပြီး ခေါင်းကိုကိုင်ကာ ခြေဆောင့်ရင်း အော်လိုက်၏။ "ဒါရိုက်တာကျန်းပဲ... နေကာမျက်မှန်နဲ့ အဲ့ဒီလူက တကယ်ကြီး ဒါရိုက်တာကျန်းပဲ..."
ဘေးခုံတွင် အလုပ်လုပ်နေသော ကျောက်ယွီရှင်းက လှမ်းကြည့်ပြီး အော်လိုက်ပြန်သည်။ "ဘုရားရေ... အဲ့ဒီနေ့က ငါတို့တွေ တကယ်ကြီး ချင်ရှီဟွမ်နဲ့ ဖူဆုကို တွေ့ခဲ့တာပဲ"
ရုံးခန်းထဲရှိ အကြည့်များအားလုံးက သူတို့ဆီသို့ ရောက်လာခဲ့ကြသည်။ ကောင်မလေးနှစ်ယောက်က သူတို့၏ အသွင်အပြင်ကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။ တစ်ယောက်က ရင်ဘတ်ကိုထုပြီး ငိုယိုလိုက်၏။
"ဒါရိုက်တာကျန်းက တကယ့် လူလိမ်ကြီးပဲ... သူ့ကိုယ်သူ ကော့စ်ပလေးလုပ်နေတာပါဆိုပြီး အရမ်းပီပြင်အောင် သရုပ်ဆောင်သွားတာ။ ငါက တကယ်ကြီး ယုံသွားသေးတယ်....အီး..."
နောက်တစ်ယောက်ကလည်း ဆံပင်ကို ဆွဲဖွပြီး ပေါက်ကွဲနေချေသည်။ "ငါက သခင်လေးဖူဆုရှေ့တည့်တည့်မှာ ရပ်နေခဲ့တာလေဟာ... ပြီးတော့ သူ့ကို ကော့စ်ပလေးလုပ်တာ အရမ်းတူတယ်ဆိုပြီးတောင် ပြောလိုက်သေးတယ်။ ငါ့ပါးစပ်ကတော့ တကယ့် အမှိုက်ပဲ..."
လုပ်ဖော်ကိုင်ဖက်များက အကြောင်းစုံကို ဝိုင်းမေးကြပြီးနောက်တွင်တော့ ရုံးခန်းတစ်ခုလုံး ချက်ချင်း ပွက်လောရိုက်သွားတော့သည်။
"နင်တို့နှစ်ယောက်ကတော့ တကယ် ကံဆိုးတာပဲဟာ..."
"သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးရယ်.... ဒါရိုက်တာကျန်းရယ်နဲ့ ဒီလောက်နီးကပ်နေခဲ့တာကို မမှတ်မိလိုက်ဘူးလေ"
"ထီပေါက်တာထက်တောင် ရှားပါးတဲ့ အခွင့်အရေးကြီးက လွတ်သွားပြီပေါ့..."
အပြင်ဘက်က ဆူညံသံများကို ကြားသောအခါ ဌာနမှူးက မျက်မှောင်ကြုတ်ပြီး ထွက်လာလေသည်။ သို့သော် ဘိုးဘေးနဂါးကြီးနှင့် ပတ်သက်သော ဇာတ်လမ်းအစအဆုံးကို ကြားသွားပြီးနောက်တွင်တော့ သူလည်း မနေနိုင်ဘဲ အတင်းအဖျင်းဝိုင်းထဲ ပါဝင်လာတော့၏။
"မင်းတို့နှစ်ယောက် သေချာပြန်ပြောပြစမ်းပါဦး... အဲ့ဒီတုန်းက သူတို့ ဘာတွေပြောခဲ့တာလဲ။ ချင်ရှီဟွမ်က တကယ်ကြီး အဲ့လောက် အရှိန်အဝါ ကြီးမားလား..."
လင်ရှောင်ဝမ်က မျက်ရည်ဝဲလျက် ပြန်ပြောပြလိုက်သည်။
"ဒါရိုက်တာကျန်းကလေ... သူ့ကော့စ်ပလေးက ပီပြင်ရဲ့လားလို့တောင် ကျွန်မကို မေးသွားသေးတာ။ ကျွန်မကလည်း အတည်ကြီး မှတ်ချက်တွေ ပေးလိုက်သေးတယ်..."
ကျောက်ယွီရှင်းက ဝင်ပြောပြန်သည်။
"သခင်လေးဖူဆုက သိပ်သဘောကောင်းတာ... ကျွန်မက သူ့ကို ဘယ်ဇာတ်ကောင်ကို ကော့စ်ပလေးလုပ်နေတာလဲလို့တောင် သွားမေးလိုက်သေးတယ်..."
ရုံးခန်းတစ်ခုလုံးက တစ်နေခင်းလုံး ဤ ဘီလီယံချီ တန်ဖိုးရှိသော အမှားကြီးကြောင့် ဖြစ်လာသည့် အလွဲဟာသဇာတ်လမ်းလေးထဲ နစ်မြုပ်နေခဲ့ပြီး ကောင်မလေးနှစ်ယောက်မှာတော့ ကုမ္ပဏီတစ်ခုလုံး၏ သနားကြင်နာမှု ဗဟိုချက်မလေးများ ဖြစ်သွားကြရသည်။
ရှီးအန်းမြို့ရှိ တက္ကသိုလ်အဆောင်တစ်ခုတွင်တော့ ကောင်မလေး သုံးယောက်က ဖုန်းတစ်လုံးကို ဝိုင်းကြည့်ရင်း အော်ဟစ်နေခဲ့ကြသည်။
"ငါတို့က တကယ်ကြီး သခင်လေးဖူဆုကို ဘလိန်းလိုက်တာဟ..." ဆံပင်တိုတိုနှင့် ကျန်းရှောင်မုန်က ရင်ဘတ်ကိုဖိရင်း ပြောလိုက်၏။ "ငါက သူ့ကို တုံးအတယ်... နားလည်မှုမရှိဘူးလို့တောင် ပြောလိုက်သေးတာ။ ဘုရားရေ... အခုတော့ ငါ တအား အပြစ်ရှိသလို ခံစားနေရပြီ..."
လီစီချီကတော့ အရမ်းစိတ်လှုပ်ရှားနေသည်။ "ဒါပေမဲ့ ချင်ရှီဟွမ်က သူ့အကြောင်း ဘယ်လိုမြင်လဲလို့ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ မေးခဲ့တာလေ။ ငါက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဧကရာဇ်ကြီးပါဆိုပြီး မျက်နှာချင်းဆိုင် ချီးကျူးလိုက်ရသေးတယ်...."
သူမက ထိုနေ့က ခိုးရိုက်ထားသော ဗီဒီယိုလေးကို ထုတ်ပြလိုက်၏။ "ဒီမှာကြည့်... ငါ သူ့ကို ချီးကျူးလိုက်တော့ ဘိုးဘေးနဂါးကြီးရဲ့ နှုတ်ခမ်းထောင့်က နည်းနည်းလေး ကွေးတက်သွားတယ်မလား..."
ဝမ်လီနာက ရယ်မောလိုက်၏။ "အဆိုးဆုံးကတော့ မင်းသားကောင်းပဲ... သူက ငါတို့ကို သိလားလို့ မေးတာ.... ငါတို့က မသိဘူးလို့ ဖြေလိုက်တော့ သူ့မျက်နှာကြီး ကြောင်အသွားတာလေ..."
ကောင်မလေးသုံးယောက် အားရပါးရ ရယ်မောလိုက်ကြသော်လည်း ရယ်နေရင်းနှင့်ပင် လွမ်းဆွေးမှုတစ်ချို့ ဝင်ရောက်လာရသည်။
ကျန်းရှောင်မုန်က သက်ပြင်းချလိုက်၏။ "တကယ်ကြီး အစစ်မှန်းသာ သိခဲ့ရင်... ငါ သခင်လေးဖူဆုကို သေချာပေါက် ပြောပြလိုက်မှာ။ သူက တကယ်တော့ အရမ်းသဘောကောင်းပေမဲ့ ခေတ်မှားပြီး မွေးလာတာလို့လေ..."
တစ်ချိန်တည်းမှာပင် ထိုနေ့က ကြေးနီရုပ်တုစစ်သည်တော်တွင်းကြီးတွင် ရင်းကျန့်နှင့် စကားပြောခဲ့သော လူလတ်ပိုင်းခရီးသွား လျိုကျန့်ကျွင်းက သတင်းလင့်ခ်ကို သူ၏ ဆွေမျိုးသူငယ်ချင်း ဂရုများသို့ လိုက်ရှဲနေခဲ့သည်။
"ဒီမှာကြည့်ကြ.... ချင်ရှီဟွမ်ကိုယ်တိုင် ငါ့ကို သူ့အကြောင်း ဘယ်လိုမြင်လဲဆိုပြီး လာမေးတာကွ... ငါက သူ့မျက်နှာရှေ့မှာတင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးပါဆိုပြီး ချီးကျူးပစ်လိုက်တာ..."
ဇနီးဖြစ်သူက ရယ်မောလျက် မေးလေသည်။
"ဒါဆိုလည်း သူ့ကို ဓာတ်ပုံတွဲရိုက်ဖို့ ဘာလို့ မပြောလိုက်ရတာလဲ..."
လျိုကျန့်ကျွင်းမှာ ချက်ချင်း လေလျော့သွားရသည်။
"ဟင်း... အဲ့ဒီအချိန်တုန်းက ငါ တကယ် မစဉ်းစားမိလိုက်ဘူးလေ။ ဒါပေမဲ့..."
သူ ပြန်လည် တက်ကြွလာကာ"ဘိုးဘေးနဂါးကြီး မျက်နှာရှေ့မှာတင် သူ့ကို ချီးကျူးလိုက်ရတာက တစ်သက်လုံး ကြွားစားလို့ရတဲ့ အတွေ့အကြုံပဲကွ..."
မိသားစုတစ်ခုလုံး ပွဲကျသွားပြီး ဧည့်ခန်းလေးထဲတွင် ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်သွားကြရသည်။
အခြေစိုက်စခန်း၏ ညချမ်းအချိန်က တိတ်ဆိတ်ငြိမ်သက်နေသင့်သော်လည်း အခုအချိန်တွင်တော့ နေရာတိုင်း၌ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုများ ဆူပွက်နေချေသည်။
တစ်ယောက်ယောက်က အွန်လိုင်းတွင် ပြန့်နေသော သတင်းကို အရင်ဆုံး မြင်တွေ့သွားတာ ဖြစ်ရမည်။ အဆောင်ထဲမှနေ၍ "သောက်ကျိုးနည်း...." ဆိုသည့် အော်သံကြီး ထွက်ပေါ်လာပြီးနောက်တွင်တော့ အဆောက်အအုံတစ်ခုလုံး စိတ်လှုပ်ရှားမှုများနှင့် ပေါက်ကွဲထွက်သွားခဲ့သည်။
"တပ်စုမှူး... အဲ့ဒီနေ့က ကျွန်တော်တို့နဲ့ ယှဉ်ချသွားတာ စစ်သူကြီးမုန့်ထျန်ဗျ... ပြီးတော့ ဝမ်ကျန့်..." စစ်သားငယ်လေးတစ်ယောက်က တပ်စုမှူးအခန်းထဲ အပြေးဝင်လာပြီး အသံများ တုန်ယင်လျက် ပြောလိုက်၏။ "ရှုံးနူတွေကို မြောက်ဘက်အထိ မောင်းထုတ်ခဲ့တဲ့ စစ်သူကြီးမုန့်ထျန်လေ... ပြီးတော့ ချူ နဲ့ ချီ ပြည်နယ်တွေကို ချေမှုန်းခဲ့တဲ့ စစ်သူကြီး ဝမ်ကျန့်..."
သတင်းက တောမီးလို ပျံ့နှံ့သွားချေသည်။
စင်္ကြံလမ်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေး ဝတ်စုံများနှင့်သာ ထွက်လာကြသော စစ်သားများနှင့် ပြည့်ကျပ်နေပြီး သူတို့မျက်လုံးများက အရောင်လက်နေကာ အဲ့ဒီနေ့က အသေးစိတ် အဖြစ်အပျက်များကို ပြန်ပြောပြနေခဲ့ကြသည်။
"အဲ့ဒီ မျက်နှာမည်းမည်းနဲ့ လူထွားကြီးက တိုက်ခိုက်တာ အရမ်းကျွမ်းမှန်း ငါသိသားပဲ။ သူ့လှုပ်ရှားမှုတိုင်းမှာ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ အပြည့်ပဲ..."
"ငါ့ကို သုံးကွက်တည်းနဲ့ လှဲချသွားတဲ့လူက စစ်သူကြီး ဝမ်ကျန့်ကိုးကွ..."
"သူတို့က ငါတို့ကို အမိန့်နာခံမှု တင်းကျပ်ပြီး လှုပ်ရှားမှု မြန်ဆန်တယ်ဆိုပြီးတောင် ချီးကျူးသွားသေးတာနော်..."
စစ်သူကြီးမုန့်ထျန် ကိုယ်တိုင် လှဲချခံလိုက်ရသော အထူးတပ်ဖွဲ့ဝင်တစ်ယောက်က သူ၏ဂုတ်ကို ပြန်ပွတ်ရင်း မကျေမနပ်ဖြစ်မှုနှင့် ဂုဏ်ယူမှုများ ရောယှက်လျက် ပြောလိုက်ပြန်သည်။ "ငါက စစ်သူကြီးမုန့်နဲ့ ယှဉ်ချခဲ့တာနော်။ ဆယ်ကွက်တောင် မခံလိုက်ရပေမဲ့ တစ်သက်လုံး ကြွားလို့ရပြီ..."
စစ်သူကြီး ဝမ်ကျန့်နှင့် သိုင်းဖလှယ်ခဲ့သော နောက်ထပ် ကင်းထောက်တစ်ယောက်က စိတ်လှုပ်ရှားစွာ လက်ဟန်ခြေဟန်ဖြင့် ပြသည်။ "စစ်သူကြီးဝမ်ရဲ့ ချုပ်ကွက်ကို ငါ အခုထိ မှတ်မိသေးတယ်။ တအား ရက်စက်တာ... ရုန်းထွက်ဖို့ လမ်းကို မရှိဘူး"
တပ်ခွဲမှူးက အစကတော့ စည်းကမ်းထိန်းရန် လုပ်သေးသော်လည်း ကောင်လေးများ၏ မျက်လုံးများနီရဲပြီး စိတ်လှုပ်ရှားနေသော အမူအရာများကို မြင်လိုက်ရတော့ သူလည်း မနေနိုင်ဘဲ ရယ်မောလိုက်၏။
"ကဲပါ ကဲပါ... တော်ကြတော့... နက်ဖြန် လေ့ကျင့်ရေး ရှိသေးတယ်နော်!"
သို့သော် ထိုညက စခန်းထဲမှ ဘယ်သူမှ တည်ငြိမ်မနေနိုင်ခဲ့ကြချေ။
မီးပိတ်ပြီးနောက်မှာတောင် အဆောင်ထဲတွင် တီးတိုး စကားပြောသံများ ကြားနေရဆဲဖြစ်သည်။
စစ်သားတချို့က တိတ်တဆိတ် ထလာပြီး နေ့ခင်းက နာမည်ကျော် စစ်သူကြီး နှစ်ယောက်ဆီမှ သင်ယူလိုက်ရသော အကွက်များကို လရောင်အောက်တွင် ပြန်လေ့ကျင့်နေခဲ့ကြသည်။
"ဒါက စစ်သူကြီးမုန့်ရဲ့ အဆစ်တွေကို ပြောင်းပြန်ချိုးတဲ့ အကွက်မလား..."
"မဟုတ်ဘူး မဟုတ်ဘူး... စစ်သူကြီးဝမ်က လက်ကောက်ဝတ်ကို ဒီလို လှည့်သွားတာ..."
အမှောင်ထဲတွင် တစ်ယောက်ယောက်က တိုးတိုးလေး ပြောလိုက်၏။
"ဒါကို နှစ်ပေါင်း နှစ်ထောင်ကျော်ကို ဖြတ်ကျော်လာတဲ့ သိုင်းပညာဖလှယ်ပွဲလို့ ခေါ်လို့ရမလား"
ထိုစကားက လူတိုင်းကို ငြိမ်ကျသွားစေလေသည်။
ခဏအကြာတွင်တော့ အဆောင်ထဲ၌ ကြိတ်ရယ်သံများ ပျံ့နှံ့သွားခဲ့သည်။
ထိုညက လူအများအပြားက နာမည်ကျော် စစ်သူကြီးကြီး နှစ်ဦးနှင့် သိုင်းပညာဖလှယ်ရသည်ဟု အိပ်မက်မက်ရင်း မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေခဲ့ကြသည်။
နှစ်ထောင်ပေါင်းများစွာကို ကျော်လွန်ပေါင်းကူးလာသည့် ဤအံ့ဖွယ်ဆုံတွေ့မှုကြီးမှာ တွေ့ကြုံခဲ့ရသူတိုင်းအတွက်တော့ မေ့မရနိုင်ဆုံး စကားဝိုင်းခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ချေသည်။
ကျန်းယဲ့က ရေချိုးခန်းထဲမှ ထွက်လာပြီး စိုစွတ်နေသော ဆံပင်များကို သုတ်နေလေသည်။ ဆံပင်ပေါ်မှ ရေပေါက်များပင် မခြောက်သေးခင်မှာပင် သူ၏နားထဲ၌ ကြည်လင်ပြတ်သားသော စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။
[ ဒင်... အထူးခရီးစဉ်တာဝန် မဟာချင်သံတမန် - နှစ်နှစ်ထောင် ပြန်လည်သုံးသပ်ခြင်း ပြီးဆုံးသွားပါပြီ]
[ တာဝန် အဆင့်သတ်မှတ်ချက် : SSS+ ]
[ အခြေခံ ဆုလာဘ်များ : သက်တမ်း + ရက် ၉၀၊ စနစ်ရမှတ် + ၅,၀၀၀ ]
[ အထူးအောင်မြင်မှု ဆုလာဘ် : ]
၁။ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သက်သေခံခြင်း (အဓိက သမိုင်းဝင်ပုဂ္ဂိုလ်များကို အနာဂတ်ယဉ်ကျေးမှုအား သက်သေပြနိုင်ရန် အောင်မြင်စွာ လမ်းညွှန်နိုင်ခြင်း) - အချိန်နှင့် ဟင်းလင်းပြင် လမ်းညွှန်ဟူသော အထူးဂုဏ်ပုဒ်ကို ရရှိပါမည်။ တပ်ဆင်ထားပါက အခြားကမ္ဘာများနှင့် ရင်းနှီးကျွမ်းဝင်မှုကို အနည်းငယ် တိုးပွားစေပါသည်။
၂။ ယဉ်ကျေးမှု မီးပွား (မိမိတို့ခေတ်ကာလကို ကျော်လွန်၍ အသိပညာများ ဖြန့်ဝေခြင်းကို ကူညီပေးခြင်း) - ယဉ်ကျေးမှု အမွေအနှစ် ရတနာသေတ္တာ ၁ လုံး ရရှိပါမည်။
၃။ ဧကရာဇ်၏ အသိအမှတ်ပြုမှု (ရင်းကျန့်၏ သဘောကျနှစ်သက်မှု အမြင့်ဆုံးသို့ ရောက်ရှိခြင်း) - ချင်မင်းဆက်ကမ္ဘာအတွက် အထူးဝယ်ယူခွင့် အခွင့်အရေးများ ပွင့်သွားပ့မည်။
စိတ်ထဲမှ တွေးလိုက်သည်နှင့် ကျန်းယဲ့က စနစ် ဈေးဝယ်စင်တာ၏ နောက်ကွယ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။
သူ၏ ကော်မရှင်လက်ကျန်ငွေမှာ ဂဏန်း ၇ လုံးရှိသော ဝင်ငွေတစ်ခုအဖြစ် လေးစားဖွယ် ပေါ်လာသော်လည်း သူက တစ်ချက်သာ ကြည့်လိုက်လေသည်။
ဒီငွေပမာဏက အရည်အသွေးနိမ့် အင်မော်တယ်ဆေးကို သူဌေးကြီးဆီ ရောင်းလိုက်ရတဲ့ အမြတ်လောက်တောင် မများလှချေ။
"ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ် ငါ ပိုက်ဆံမရှားပါဘူးလေ..." သူက ဖျော်ထားခါစလက်ဖက်ရည်ကို ဇိမ်ကျကျ တစ်ငုံ သောက်လိုက်၏။
ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ချမလို့ ပြင်လိုက်ချိန်မှာပင် စနစ်က နောက်တစ်ကြိမ် မြည်လာပြန်သည်။
[ ဒင်... နောက်ဆုံးပေါ် ခရီးစဉ်အသစ် ထွက်ရှိပါပြီ။ ]
[ ခရီးစဉ်အမည် ] : ရွှမ်ဝူတိုက် - သက်ရှည်ကျန်းမာခြင်းကို ရှာဖွေခြင်း
[ ကမ္ဘာ့နောက်ခံ ] : ရွှမ်ဝူတိုက်၊ ကျင့်ကြံခြင်း ယဉ်ကျေးမှု ထွန်းကားရာမြေဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝကာ ဂိုဏ်းပေါင်းများစွာ တည်ရှိသည်။
[ ခရီးစဉ် ကြာမြင့်ချိန် ] : ၃ ရက်
[ ခေါ်ယူမည့် လူဦးရေ ] : ၃၆ ဦး
[ ခရီးစဉ် ဈေးနှုန်း ] : တစ်ဦးလျှင် ယွမ် ၅၀,၀၀၀
[ အော်ဒါ လက်ခံမည့်အချိန် ] : ယခုအပတ် တနင်္ဂနွေနေ့ ၁၂:၀၀ နာရီ
[ အော်ဒါ ကန့်သတ်ချိန် ]: ၃၀ မိနစ်
[ အထူးသတိပေးချက် ] : ဤခရီးစဉ်တွင် တောင်တက်လမ်း အချို့ပါဝင်သဖြင့် သက်တောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်လာရန် အကြံပြုအပ်ပါသည်။
[ တာဝန် ဆုလာဘ် ]: သက်တမ်း + ရက် ၉၀၊ ဘောနပ်စ် ယွမ် ၅၀၀,၀၀၀
ကျန်းယဲ့က အလင်းဖန်သားပြင်ပေါ်တွင် ပေါ်လာသော ရွှမ်ဝူတိုက်၏ ရှုခင်းပန်းချီကားကို ကြည့်ကာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။
"အဲ့ဒီဘက်ကို သွားရင် ငါရော ဝိညာဉ်စွမ်းအင်တွေကို ခံစားသိရှိနိုင်မလား မသိဘူး...."
အခန်း ၄၀၉ပြီး၏။