← Chapters

အခန်း ၄၁၀

Vol. 41 Ch. 410

အခန်း ၄၁၀

Vol. 41 Ch. 410

အခန်း (၄၁၀) စနစ် ပွိုင့်များ

​ကျန်းယဲ့၏ အကြည့်များက ဖန်သားပြင်ပေါ်တွင် ဝေ့ဝဲသွားပြီးနောက် ဆုလာဘ်များ ပြသထားသည့် နေရာ၌ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

​ယခု၌ ပုံမှန်ရနေကျဖြစ်သော သက်တမ်းဆုလာဘ်အပြင် ယခုတစ်ကြိမ်တွက်ချက်မှုတွင် စနစ်ပွိုင့်များလည်း ပါဝင်လာခဲ့သည်။

(မူရင်းအပိုင်း ၄၀၉မှာလဲ Reward : Lifespan +90 day , Bonus +500,000 yuan ဆိုပြီးပဲပါတယ်ဗျ system point ဆိုပြီး မရေးထားပါဘူးနော်...)

​စနစ်စတိုးဆိုင်ရှိ အရာအားလုံးကို ငွေသားဖြင့် ဝယ်ယူနိုင်သည်ဖြစ်ရာ ဤပွိုင့်များက ဘာအတွက် လုပ်ဆောင်ပေးသနည်း။

​သူက ခေါင်းထဲ၌ တွေးလိုက်ရင်း "စနစ်... ပွိုင့်တွေရဲ့ အသုံးဝင်ပုံကို ရှင်းပြစမ်းပါ..."

​[စနစ်ပွိုင့်များကို အထူးအခွင့်အရေးများအတွက် အသုံးပြုနိုင်ပါသည်]

​၁။ သတ်မှတ်ထားသော ရှုခင်းသာနေရာများသို့ နေရာရွှေ့ပြောင်းခြင်း - တစ်ကြိမ်လျှင် ပွိုင့် ၅၀,၀၀၀

​၂။ မိမိကိုယ်ပိုင် ရုံးခွဲတည်ထောင်ခြင်း - ကမ္ဘာတစ်ခုလျှင် ပွိုင့် ၁၀၀,၀၀၀

​၃။ စိတ်ကြိုက်ခရီးစဉ်များ ရေးဆွဲခြင်း - ခရီးစဉ်တစ်ခုလျှင် ပွိုင့် ၂၀,၀၀၀

​၄။ လျှို့ဝှက်ဆွဲဆောင်မှုရှိသော နေရာများကို ဖွင့်လှစ်ခြင်း - နေရာတစ်ခုလျှင် ပွိုင့် ၃၀,၀၀၀

​ကျန်းယဲ့၏ မျက်ဝန်းများ အရောင်လက်သွားရသည်။ "ဒါ မိုက်တာပဲ..."

​၎င်းမှာ ခရီးစဉ်ရေးဆွဲမှု၏ ထိန်းချုပ်ခွင့်တစ်စိတ်တစ်ပိုင်းကို မိမိထံသို့ လွှဲပြောင်းပေးလိုက်ခြင်းနှင့် အတူတူပင်။

​သို့သော် သုညများ တန်းစီနေသည်များကို မြင်လိုက်ရသောအခါ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

​"ငါးထောင်ပွိုင့်ဆိုတာက တကယ်တော့ သိပ်အကြာကြီး မခံပါလား... မဟုတ်သေးဘူး.... သွားကြားညှပ်ဖို့တောင် လောက်မှာ မဟုတ်ဘူး..."

​သူ၏ အကြည့်တို့က စနစ်နေရာလွတ်ထဲရှိ ရှေးဟောင်းသစ်သား ရတနာသေတ္တာဆီသို့ ရောက်ရှိသွားသည်။ ထိုသေတ္တာ၏ မျက်နှာပြင်ပေါ်တွင် ယဉ်ကျေးမှု ဖလှယ်ခြင်းကို ကိုယ်စားပြုသည့် တံဆိပ်တစ်ခုဖြစ်သော ယဉ်ကျေးမှုအမွေအနှစ်ရတနာသေတ္တာဟု ထွင်းထုထားချေသည်။

​"ဖွင့်မယ်..."

​နောက်ခဏ၌ ရတနာသေတ္တာကြီးမှာ အသံတစ်ချက်နှင့်အတူ ပွင့်သွားပြီး အလင်းတန်းသုံးခု ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

​【ယဉ်ကျေးမှုမီးပွား (ရွှေရောင်)】 : မည်သည့်ကမ္ဘာတွင်မဆို ယဉ်ကျေးမှုစာကြည့်တိုက်တစ်ခုကို ဖန်တီးခွင့် ပေးသည်။ ထိုကမ္ဘာရှိ လူသိရှင်ကြား ရရှိနိုင်သော ဗဟုသုတများအားလုံးကို အလိုအလျောက် စုဆောင်းပေးပြီး လက်ရှိ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် အသင့်တော်ဆုံးဖြစ်သော နည်းပညာအဆင့်ဆင့် ဖွံ့ဖြိုးမှု ပုံကြမ်းကို ဖန်တီးပေးပါမည်။ အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် - ၁/၁

​【အချိန်နှင့် ဟင်းလင်းပြင် အမှတ်အသား (ခရမ်းရောင်)】 : သတ်မှတ်ထားသော အချိန်နှင့် ဟင်းလင်းပြင် နေရာတစ်ခုကို မှတ်သားပေးသည်။ နောက်တစ်ကြိမ် ထိုကမ္ဘာသို့ ခရီးသွားသည့်အခါ မှတ်သားထားသော နေရာသို့ တိကျစွာ ရောက်ရှိနိုင်စေမည်။ ချို့ယွင်းချက် အကွာအဝေး - +၁၀ မီတာ

​【ကမ္ဘာဖြတ်သန်း ဆက်သွယ်ရေးစက် (အပြာရောင်)】 : အခြားကမ္ဘာများရှိ ဖွင့်လှစ်ပြီးသော ရုံးခွဲများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်လိုရပါမည်။ တစ်ရက်လျှင် ၁ နာရီသာ ကန့်သတ်ထားသည်။

​ကျန်းယဲ့သည် ပယင်းကျောက်ကဲ့သို့ ကြည်လင်နေသော ယဉ်ကျေးမှုမီးပွားကို ကောက်ယူလိုက်ရာ လက်ချောင်းထိပ်များတွင် နွေးထွေးသော အတွေ့အထိကို ခံစားလိုက်ရသည်။

​သူက မဟာချင်မင်းဆက်ကို ချက်ချင်း သတိရလိုက်၏။

​အကယ်၍ ဤအရာကိုသာ ရှန်းယန်မြို့တွင် အသုံးပြုလိုက်မည်ဆိုပါက ထိုခေတ် ထိုအခါက ယဉ်ကျေးမှု တိုးတက်မှုကို အမှန်တကယ်ပင် အရှိန်မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

​"ဒီရတနာတွေကို ဘယ်လို သေချာအသုံးချရမလဲဆိုတာ စဉ်းစားဖို့ လိုလာပြီပဲ..."

​ထို့နောက် သူက ပစ္စည်းသုံးခုကို စနစ်နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် နံနက်ခင်း နေရောင်ခြည်က တောက်ပစွာ ဖြာကျနေပြီး ကော်ဖီစားပွဲပေါ်တွင် နွေးထွေးသော အလင်းစက်လေးများ ကျရောက်နေခဲ့၏။

​ကျန်းယဲ့က တည်းဖြတ်ထားပြီးသားဖြစ်သော ရွှမ်ဝူတိုက်ကြီး၏ ပရိုမိုးရှင်း ဗီဒီယိုကို သူ၏ တိုရင်အကောင့်တွင် ကျွမ်းကျင်စွာ တင်လိုက်လေသည်။

​အင်မော်တယ်ကမ္ဘာမှ ဓားအလင်းတန်းများနှင့် အခြားသော ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုများ ပါဝင်သည့် ဗီဒီယိုလေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှတ်ချက်ပေးသည့် နေရာတွင် ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။

​【အင်တာနက်အသုံးပြုသူ ၁】: အားးး... ငါ ထင်တဲ့အတိုင်းပဲ... ဒါရိုက်တာကျန်းက ငါတို့ကို ပစ်မထားဘူးကွ... အကိုကျန့် ခေတ်သစ်ကို ရောက်လာတဲ့ သတင်းကို မြင်ပြီးတုန်းက အကြာကြီး နားတော့မယ်လို့ ထင်နေတာ။ ဒါပေမဲ့ သုံးရက်ပဲကြာသေးတယ် ခရီးစဉ်အသစ် ထပ်ထွက်လာပြန်ပြီ။ အဲဒီလောက် မြန်ဆန်တဲ့ လုပ်ရည်ကိုင်ရည်ကို တကယ် အံ့ဩသွားပြီဟေ့...

​【အင်တာနက်အသုံးပြုသူ ၂】: ဒါဆို ဒါရိုက်တာကျန်းက ရှေးခေတ်နဲ့ ခေတ်သစ်ကိစ္စတွေကို တစ်ပြိုင်တည်း ကိုင်တွယ်နေတာပေါ့။ ရှေးခေတ်လူတွေကို ခေတ်သစ်ကမ္ဘာထဲ လိုက်လည်ခိုင်းသလို ခေတ်သစ်လူတွေကိုလည်း အခြားကမ္ဘာဆီ ခေါ်သွားပေးတာပဲ.... နောက်တစ်ခါ ဘိုးဘိုးနဂါးကြီးကို ခေါ်လာရင် ကြိုပြီး အသိပေးလို့ ရမလား။ ကျွန်တော်တို့ သမိုင်းဌာနက အရှင်မင်းကြီးကို ပန်းဆက်သဖို့ လူစုထားချင်လို့ပါ....

​【အင်တာနက်အသုံးပြုသူ ၃】: @ရီယဲ့ ခရီးသွားအေဂျင်စီ: ရှေးခေတ်ဧကရာဇ်တွေအတွက် အထူးခရီးစဉ်လေး ဖွင့်ပေးပါလား။ ဖူဆုကိုလည်း ဖိတ်ချင်ပါတယ်။ သခင်လေး ဟော့ပေါ့စားနေတယ်ဆိုတော့ သူ့ကို နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်က အစပ်အရသာလေး မြည်းစမ်းခိုင်းချင်လို့ပါ....

​【အင်တာနက်အသုံးပြုသူ ၄】: လမ်းသွားလမ်းလာတွေ ရိုက်ထားတဲ့ အကိုကျန့်ရဲ့ ပုံတွေကို အခုလေးတင် ကြည့်ပြီးသွားတာ... အခု ခရီးစဉ်အသစ် ထွက်လာပြန်ပြီ။ ဒါနဲ့ ဧကရာဇ်ခရီးသွားအဖွဲ့က နောက်တစ်ခါကျရင် ကံစမ်းမဲ ဖောက်ပေးလို့ ရမလား။ စစ်သူကြီးမုန့်ထျန်း နဲ့ ဓာတ်ပုံတွဲရိုက်ရမယ်ဆိုရင် ကျွန်တော့်ရဲ့ ရည်းစားမထားဘဲနေတဲ့ သုံးနှစ်တာ အချိန်တွေနဲ့တောင် လဲချင်တယ်.....

​【အင်တာနက်အသုံးပြုသူ ၅】: အကိုကျန့်... နောက်တစ်ခေါက်လာရင် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးလုပ်ပေးလို့ ရမလား....

ကျန်းယဲ့က မှတ်ချက်များကို ပေါ့ပေါ့ပါးပါးပင် ဆွဲချကြည့်လိုက်လေသည်။ OMG နှင့် ငါလည်း သွားချင်တယ် စသည့် နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသော မှတ်ချက်များကြားတွင် တရုတ်ဘာသာစကားဖြင့် အော်ဟစ်ရေးသားထားသည့် မှတ်ချက်မြောက်မြားစွာက ထင်းထွက်နေခဲ့သည်။

​【အကိုကျန့်... ကျွန်တော့်ကို ကြည့်ပါဦး... နောက်တစ်ခါဆိုရင် ကျွန်တော်က နဂါးဘိုးဘေးကြီးကို တားမြစ်နန်းတော်ဆီ ခေါ်သွားပေးမယ်...】

​【ကျေးဇူးပြုပြီး ဒါရိုက်တာကျန်း... ရင်းကျန့်ကို ကျွန်တော်တို့ကျောင်းမှာ ဟောပြောပွဲ လုပ်ပေးဖို့ စီစဉ်ပေးပါဦး....】

​【အရှင်မင်းကြီးအတွက် ခေတ်သစ် စစ်ရေးလေ့ကျင့်မှု စာရွက်စာတမ်း အစုံအလင်ကို ပြင်ဆင်ထားပြီးပါပြီ....】

​ဤမျှ စိတ်အားထက်သန်နေကြသော မှတ်ချက်များကို ကြည့်ရင်း ကျန်းယဲ့ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

​နဂါးဘိုးဘေးကြီးက တရုတ်လူမျိုးတို့၏ ရင်ထဲတွင် ထူးခြားလှသော နေရာတစ်နေရာကို ယူထားနိုင်သည်ကား အမှန်ပင်။

​"မနက်ဖြန်လောက် မဟာချင်မင်းဆက်ဆီ သွားပြီးတော့ ယဉ်ကျေးမှုမီးပွားကို သူ့ဆီပေးဖို့ ကိစ္စ အကိုကျန့်နဲ့ ဆွေးနွေးရမယ်။ မဟာချင်ကို ကမ္ဘာကြီးတစ်ခုလုံးကို အမြန်ဆုံး စုစည်းနိုင်ခွင့်ပေးလိုက်မယ်။ အဲဒီအခါကျရင် ကမ္ဘာတစ်ဝှမ်းလုံးက ချင်မင်းဆက်စာလုံးတွေကို သင်ယူရပြီး ချင်မင်းဆက်ရဲ့ ပန်းလျန်အကြွေစေ့တွေကို အသုံးပြုရတော့မှာပဲ။ ပြီးတော့ လူရိုင်းမျိုးနွယ်တွေအားလုံး အခြေခံစည်းမျဉ်းတစ်ခုကို နားလည်သွားအောင် လုပ်ရမယ်။ အဲဒါက ချင်ငွေကြေးကို အသုံးမပြုတာ တရားမဝင်ဘူး ဆိုတာပဲ...."

​ကျန်းယဲ့သည် ထိုမြင်ကွင်းကို တွေးကြည့်ရင်း အလွန်တရာ ကျေနပ်အားရသွားပြီး ခွန်အားများ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

​သူက ကွန်ပျူတာကို ပိတ်လိုက်ပြီး တင်ပျဉ်ခွေ ပြန်ထိုင်ကာ အခြေခံကျင့်ကြံခြင်းကျမ်းကို စိတ်ဝင်တစား လေ့လာရန် စတင်လိုက်တော့သည်။

​" အချိန်ခရီးသွားတာကိုတောင် လုပ်နိုင်နေမှတော့ ဒီလောက်စုတ်ပြတ်နေတဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို မလုပ်နိုင်စရာ အကြောင်းမရှိပါဘူးကွာ..."

​ကျန်းယဲ့တစ်ယောက် ကျင့်ကြံခြင်း နည်းစနစ်များနှင့် အကြိတ်အနယ် တိုက်ပွဲဝင်နေချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ ရေတွက်၍မရနိုင်သော လူများစွာသည်လည်း သူတို့၏ ဖုန်းစခရင်များကို စူးစိုက်ကြည့်ရင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။

​တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီ တိတိ။

​ဝယ်ယူရန် ခလုတ်လေးမှာ တစ်ခဏမျှ လင်းလက်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် မီးခိုးရောင်သို့ ပြောင်းလဲသွားချေသည်။

​【ကုန်သွားပါပြီ】

​နေရာ ၃၆ နေရာစလုံးမှာ တစ်စက္ကန့်အတွင်း ပြည့်သွားခဲ့လေသည်။

​"ငါ ရပြီဟေ့..." တက္ကသိုလ် အဆောင်တစ်ခုမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

​"ဘုရားရေ... အဲဒါ ဘယ်လို လက်မြန်နှုန်းကြီးလဲကွာ...." ရုံးခန်းအဆောက်အအုံထဲမှ ရုံးဝန်ထမ်းတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်၏။

​တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးတွင် နူးညံ့သော အဖြူရောင် အလင်းတန်း ၃၆ ခု လင်းလက်သွားခဲ့သည်။

​ထမင်းစားနေသည်ဖြစ်စေ၊ အစည်းအဝေး လုပ်နေသည်ဖြစ်စေ၊ အိပ်ရာထဲတွင် လှဲလျောင်းနေသည်ဖြစ်စေ ထိုကံထူးရှင်များအားလုံးမှာ အလင်းတန်းများထဲတွင် ပျောက်ကွယ်သွားကြရသည်။

​အချိန်နှင့် ဟင်းလင်းပြင်ဥမင်လှိုဏ်ခေါင်းထဲတွင် ငွေဖြူရောင်ဘတ်စ်ကားကြီးက ညင်သာစွာ ရှေ့သို့ ရွေ့လျားသွားနေ၏။

​ကျန်းယဲ့သည် ကား၏ ရှေ့ဘက်တွင် မတ်တတ်ရပ်ကာ ခုံများပေါ်တွင် တစ်ခုပြီးတစ်ခု စုစည်းပုံပေါ်လာသော အဖြူရောင် အလင်းတန်း ၃၆ ခုကို ကြည့်နေချေသည်။

​ခရီးသည်သစ်များက ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပြီး ပြတင်းပေါက်အပြင်ဘက် အမှောင်ထုထဲတွင် ကြယ်တံခွန်များကဲ့သို့ အဖြူရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည့်အခါတိုင်း အံ့ဩတကြီး အသံများ ထွက်ပေါ်လာကြရသည်။

​"အားလုံးကို ကြိုဆိုပါတယ်..." ကျန်းယဲ့က နွေးထွေးစွာ ပြုံးပြလိုက်၏။ "ကျွန်တော်တို့ရဲ့ ရွှမ်ဝူတိုက်ကြီး သုံးရက်တာ ခရီးစဉ်ကို အခု စတင်ပါပြီ...."

​ထို့နောက် ကျန်းယဲ့က ကားထဲရှိ မရင်းနှီးသော မျက်နှာ ၃၆ ခုကို အကဲခတ်ကြည့်လိုက်ရာ နောက်ဆုံးတန်းမှ ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် နိုင်ငံခြားသားခရီးသည်တစ်ဦးမှလွဲ၍ ကျန်သူများအားလုံးမှာ အာရှတိုက်သားများ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

​ထိုအချိုးအစားကြောင့် သူ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။

​စနစ်၏ ရွေးချယ်မှုလုပ်ငန်းစဉ်က မည်မျှ တရားမျှတကြောင်း သူသာ မသိထားခဲ့လျှင် သူကိုယ်တိုင်ပင် ရလဒ်များကို ခိုးကြောင်ခိုးဝှက် ပြင်ဆင်ထားမိသလားဟု သံသယဝင်သွားမိမည်မှာ အမှန်ပင်။

​"ရွှမ်ဝူတိုက်ကြီးကို မရောက်ခင်မှာ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြပါဦး..." ကျန်းယဲ့က ပြုံးလျက် လက်ခုပ်တီးလိုက်ခေသည်။ "ဘယ်ဘက်ကနေ စလိုက်ကြရအောင်...."

​ကျန်းယဲ့နှင့် အနီးဆုံးတွင်ရှိသော ကောင်လေးက ချက်ချင်း မတ်တတ်ရပ်လိုက်လေသည်။ သူ၏ မျက်ဝန်းများ တောက်ပနေပြီး ကျန်းယဲ့ကို လှမ်းအော်ပြောလိုက်၏။

​"ကျွန်တော့်နာမည် စုပိုင်လောပါ။ တရုတ်လူမျိုးပါ။ ဒါရိုက်တာကျန်း... ခင်ဗျားကို အရမ်းအားကျတာပဲဗျာ...."

​ထိုသို့ပြောပြီးနောက် သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

​ပတ်ဝန်းကျင်မှ သဘောတကျ ရယ်မောသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က "ဒါ တကယ့်ကို အဆင့်မြင့် ဖားတတ်တာပဲ..." ဟု လှောင်ပြောင်သလို ခပ်တိုးတိုး ပြောလိုက်၏။

​ကျန်းယဲ့ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆုပိုင်လောက စိတ်အားထက်သန်စွာဖြင့် ထပ်မေးလိုက်ပြန်သည်။ "ခဏနေကျရင် ခင်ဗျားနဲ့ ဓာတ်ပုံ တွဲရိုက်လို့ ရမလားဟင်..."

​"ခရီးစဉ်က အချိန်အများကြီး ရပါတယ်ကွာ..." ကျန်းယဲ့က ရယ်မောလိုက်လေသည်။ "တခြား ခရီးသွားအဖွဲ့ဝင်တွေ အချင်းချင်း အရင် မိတ်ဆက်ကြပါဦး..."

​ဆုပိုင်လော၏ ဘေးတွင် ထိုင်နေသော ဆံပင်မြင်းမြီးချည်ထားသည့် ကောင်မလေးက ဖျတ်လတ်စွာ မတ်တတ်ရပ်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများက ပြုံးရွှင်နေ၏။

​"ကျွန်မကို ဖန်ဖန်လို့ပဲ ခေါ်ပါ။ ဖန်ဆိုတာက အေးချမ်းခြင်းဆိုတဲ့ စာလုံးပါပဲ။ တရုတ်ကပါ.... "

​ထို့နောက် ဆက်တိုက်ဆိုသလို မိတ်ဆက်ခြင်းများ ပြုလုပ်လိာက်ကြသည်။

​"လီရုံ၊ တရုတ်။"

​"ဝမ်ချင်၊ တရုတ်။"

​"ဝမ်ချန်ရှင်း၊ တရုတ်။"

​"ယန်ချုံး၊ တရုတ်ပါ။"

​"ရွှီရှင်းပေါ်၊ တရုတ်ကပါ။"

​နောက်ဆုံးတန်းမှ ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော သေသပ်ယဉ်ကျေးသည့် အသွင်အပြင်ရှိသည့် အမျိုးသားအလှည့်သို့ ရောက်သောအခါ သူက မျက်မှန်ကို ပင့်တင်ရင်း "ကျန်းခယ်ပါ... သူတို့လိုပဲ တရုတ်ကပါ" ဟု ပြောလိုက်သည်။

​"ဝူယာချန်၊ တရုတ်။"

​"ချောင်ကျန်းရှင်း၊ တရုတ်။"

​"လျိုဟွေ့ယွင်၊ တရုတ်။"

​"ဝူထျန်ချင်း၊ တရုတ်ကပါ။"

​အသားမည်းမည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှက်ရွံ့စွာ မတ်တတ်ရပ်လိုက်၏။ "ကျောက်ဒယ်ကျူးပါ။ တရုတ်ကပါ..."

​ဝူထျန်ချင်းက ချက်ချင်းပင် လှမ်းစလိုက်သည်။ "ဦးလေးကျောက်... နာမည်နဲ့လိုက်အောင် တကယ်ရော အကာအကွယ် ပေးနိုင်မှာမို့လား...."

(NT - ကျောက်ဒယ်ကျူးဆိုတဲ့ နာမည်က တရုတ်ဘာသာဖြင့် အကာအကွယ်ပေးနိုင်သည်ဟူသော အဓိပ္ပာယ်နှင့် အသံထွက် ဆင်တူပါတယ်)

​ကားထဲတွင် ရယ်မောသံများ ပဲ့တင်ထပ်သွားပြီး ကျောက်ဒယ်ကျူးကလည်း ရယ်မောရင်း "ဦးလေး အကောင်းဆုံး အကာအကွယ်ပေးဖို့ ကြိုးစားပါ့မယ်ကွာ" ဟု ပြန်ဖြေလိုက်လေသည်။

အခန်း ၄၁၀ပြီး၏။

All Chapters