အခန်း ၂၆၁
Vol. 14 Ch. 261
အပိုင်း(၂၆၁) ထွက်ပြေးခြင်း
မိုးဖွဲလေးများက ဆက်လက် ရွာသွန်းနေဆဲ ဖြစ်သည်။
ချန်းရီက မြို့လေး၏ အဝင်ဝရှိ အဆောက်အအုံအချို့ကို လှမ်းကြည့်လိုက်သည်။
အများစုမှာ အောက်ထပ်တွင် ဆိုင်ခန်းများရှိပြီး အပေါ်ထပ်တွင် လူနေထိုင်သော အဆောက်အအုံပုံစံမျိုး ဖြစ်ကြသည်။
ထယ်ရှီး၊ စွန်းချန်းချန်းနှင့် တင်းတုံတို့က စတင်နေကြပြီ ဖြစ်သည်။
ချူချယ်ပင်လျှင် သွားရောက် ကူညီချင်စိတ် ပေါ်လာမိ၏။
သို့သော် သူက ထိုစိတ်ကို မြိုသိပ်ထားလိုက်သည်။ ယခုအချိန်တွင် သူသည် ထူးဆန်းသည့် အရာများ၏ လှုပ်ရှားမှုကိုသာ အပြည့်အဝ အာရုံစိုက်ထားရမည်ဖြစ်ပြီး အနည်းငယ်မျှပင် အာရုံလွှဲဖယ်၍ မရနိုင်ပေ။
အသက်ရှင်ကျန်ရစ်သူများကလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ ဖြစ်သည်။ အချို့မှာ လူနေအဆောက်အအုံများဆီသို့ စတင် ပြေးဝင်သွားကြပြီး တံခါးများကို ရိုက်ချိုးကာ တစ်ခန်းပြီးတစ်ခန်း ဝင်ရောက်ရှာဖွေရန် ရည်ရွယ်ထားကြ၏။
အချိန် မိနစ်နှစ်ဆယ်ကျော်သာ ကျန်တော့သည်။
ဤကဲ့သို့ လုပ်ဆောင်နေခြင်းက တကယ်ကို နှေးကွေးလွန်းလှသည်။
သို့သော် ဘာမှမလုပ်ဘဲ နေခြင်းထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလော။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်သန်နေရသူများအနေဖြင့် ရိက္ခာပစ္စည်းများ၏ အရေးကြီးပုံကို အလွန် ရှင်းလင်းစွာ နားလည်သဘောပေါက်ထားကြပြီး ဖြစ်သည်။
ဤအချိန်မျိုးတွင် သူများရှာပေးသည်ကို ထိုင်စားရန် တွေးနေပါက အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ယာဉ်တန်းထဲရှိ လူတိုင်းက မိမိတို့၏ အသုံးဝင်မှုကို ပြသချင်နေကြသည်။
"မင်းက ဘာလို့ ကြောင်ကြည့်နေတာလဲ... သွားမကူဘူးလား"
ချူချယ်က ချန်းရီ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသထွက်သွားသည်။
ယခင်က ချန်းရီ ပြောခဲ့ဖူးသော "မင်းက ဘာအသုံးကျလို့လဲ" ဆိုသည့် စကားကို သူ မှတ်မိနေဆဲ ဖြစ်၏။
"ဟီးဟီး... ချူချယ်... မင်း သေချာ ကြည့်ထားလိုက်"
ပြောပြီးသည်နှင့် ချန်းရီက ရင်ဘတ်ထဲမှ ဟွာဇီး ဆေးလိပ်တစ်လိပ်ကို ဂရုတစိုက် ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့၍ မီးညှိလိုက်သည်။
ချန်းရီက ဟွာဇီးဆေးလိပ် တစ်လိပ်လုံးကို ပြာဖြစ်သွားသည်အထိ တစ်ခါတည်း အားကုန် ဖွာရှိုက်ပစ်လိုက်သည်။
ပြင်းထန်သော ဆေးလိပ်ငွေ့များက ချန်းရီ၏ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ပန်းထွက်လာပြီး ထိုမီးခိုးငွေ့များသည် ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်ငယ်လေး တစ်ခုအဖြစ် ချက်ချင်း ပုံဖော်သွားလေသည်။
ထိုတိမ်မည်းလေးက လူနေအဆောက်အအုံ တစ်ခုဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွား၏။
ထိုအချိန်မှာပင် မရေမတွက်နိုင်သော တွားသွားကောင်များက မီးခိုးငွေ့များထဲမှ ရုန်းထွက်လာကြပြီး အဆောက်အအုံဆီသို့ ရေလှိုင်းကြီး တစ်ခုအလား တရှိန်ထိုး ပြေးဝင်သွားကြတော့သည်။
တွားသွားကောင်များကို မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် ထိုသံပန်းတံခါးများက သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ချူချယ်၏ မျက်ခွံများပင် တဆတ်ဆတ် တုန်ရီသွားရသည်။
ဤကဲ့သို့သော နည်းလမ်းမျိုးကို ချန်းရီ တစ်ယောက်သာ စဉ်းစားနိုင်မည် ဖြစ်သည်။
"ခင်ဗျားတို့ အပေါ် တက်မသွားကြနဲ့... အောက်ကနေပဲ စောင့်နေကြ"
ချန်းရီက လှုပ်လှုပ်ရွရွ ဖြစ်နေကြသော အသက်ရှင်ကျန်ရစ်သူများကို လှမ်းပြောလိုက်သည်။
အသက်ရှင်ကျန်ရစ်သူများမှာ ဘာဖြစ်သွားမှန်း နားမလည်နိုင်ခင်မှာပင်...
ပုံဖော်ထားသော မရဏနတ်သမီး၏ တံစဉ်ကြီးက သံပန်းတံခါးကို ခုတ်ပိုင်း ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
အပေါ်ထပ်မှ တီဗီ တစ်လုံး ပြုတ်ကျလာ၏။
အနားသို့ ကပ်သွားရန် ပြင်နေသော အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုပင် သွားမှန်လုနီးပါး ဖြစ်သွားသည်။
ချန်းရီ၏ မျက်နှာကြီး မည်းမှောင်သွားတော့သည်။
တွားသွားကောင်များက မူလကတည်းက ဉာဏ်ရည်ဉာဏ်သွေး မရှိလှသည့်အပြင် ပုံဖော်ဖန်တီးထားသော တွားသွားကောင်များ ဖြစ်နေသည့်အတွက် ၎င်းတို့တွင် ဉာဏ်ရည်ဆိုသည်မှာ လုံးဝကို မရှိသလောက်ပင် ဖြစ်သည်။
သို့သော် ရိုးရှင်းသော အမိန့်များကိုမူ လိုက်နာဆောင်ရွက်နိုင်စွမ်း ရှိသေး၏။
မကြာမီမှာပင် အပေါ်ထပ်မှ ပစ်ချလာသော ပစ္စည်းများမှာ အတော်လေး အသုံးတည့်လာသည်။
မည်သို့ပင်ဆိုစေကာမူ ဤတွားသွားကောင်များက သူကိုယ်တိုင် မီးခိုးငွေ့ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ အနည်းငယ် တုံးအပြီး ကိုယ်ပိုင် တွေးခေါ်မှုနှင့် ဉာဏ်ရည် မရှိသဖြင့် တိကျသေချာသော အမိန့်များကို မဆောင်ရွက်နိုင်သော်လည်း...
ကံကောင်းသည်မှာ ၎င်းတို့က အမိန့်နာခံတတ်ခြင်းပင် ဖြစ်သည်။
အမိန့်တစ်ခု ပေးလိုက်ရုံဖြင့် တွားသွားကောင်များက ထိုညွှန်ကြားချက်အတိုင်း အတိအကျ လုပ်ဆောင်ကြပေလိမ့်မည်။
၎င်းက ကျေးဇူးကန်းတတ်သော ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲထက် အများကြီး ပိုသာနေသေးသည်။
ထားပါတော့... သူနှင့် ခြေလက်ရှစ်ဖက် လူမျက်နှာတို့၏ ဆက်ဆံရေးမှာ ကျေးဇူးတရားထက် အမုန်းတရားက ပို၍ ကြီးမားနေသည် မဟုတ်ပါလော။
အောက်သို့ ပစ်ချလာသော ပစ္စည်းများထဲတွင် တီဗီကဲ့သို့ ကြီးမားသော ပစ္စည်းများ မပါဝင်တော့ဘဲ ခေါက်ဆွဲခြောက်ထုပ် ကဲ့သို့သော ပစ္စည်းလေးများ ပို၍ များပြားလာသည်။
ထိုအထဲတွင် မဖောက်ရသေးသည့် ဆန်အိတ် အပြည့်နှစ်အိတ်ပင် ပါဝင်နေသေးရာ ဝယ်လာပြီး ဖောက်ပင် မဖောက်ရသေးသည့်ပုံ ပေါ်သည်။
အစွမ်းပိုင်ရှင်များ ရှိနေသဖြင့် ဤကဲ့သို့ အလွန်တရာ တန်ဖိုးကြီးမားလှသော ရိက္ခာများကို မြေကြီးပေါ်သို့ ပြုတ်ကျသွားစေမည် မဟုတ်ပေ။
တွားသွားကောင်များ၏ လုပ်ဆောင်နိုင်စွမ်းက ထယ်ရှီးနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့လောက် မမြန်ဆန်သကဲ့သို့ မည်သည်က အစားအစာဖြစ်ပြီး မည်သည်က အသုံးမဝင်သော ဖက်လုံးဖြစ်ကြောင်းကို ရာခိုင်နှုန်းပြည့် အတိအကျ မခွဲခြားနိုင်သော်လည်း...
တွားသွားကောင်များက အရေအတွက် များပြားမှုဖြင့် အသာစီးရနေသည်။
အရေအတွက် များပြားသဖြင့် ပစ်ချလိုက်သော ပစ္စည်းများထဲတွင် လက်ရှိ အသုံးမဝင်သော အရာများ များစွာ ပါဝင်နေလျှင်တောင်မှ...
အစားအသောက် အမြောက်အမြားကို အောက်သို့ ပစ်ချနိုင်ခဲ့ဆဲ ဖြစ်သည်။
ထို့အပြင် တိုက်ခိုက်ရန် မလိုအပ်ပါက ချန်းရီအတွက် တွားသွားကောင်များကို ပုံဖော်ရသည်မှာ ပို၍ လွယ်ကူသွားသေး၏။
မကြာမီမှာပင် အဆောက်အအုံအောက်ရှိ ရိက္ခာပစ္စည်းများမှာ တောင်လိုပုံသွားလေသည်။
အောက်တွင် စောင့်နေကြသော အသက်ရှင်ကျန်ရစ်သူများမှာ ပြုံးဖြီးနေကြတော့သည်။
သူတို့က တောင်လိုပုံနေသော ပစ္စည်းများထဲမှ လိုအပ်သည့် ရိက္ခာများကို အပြေးအလွှား ရှာဖွေနေကြသည်။
သေချာသည်ကတော့ တစ်ဝက်ကျော်ခန့်မှာ အသုံးမဝင်သော အရာများ ဖြစ်နေသည်။
အနည်းငယ်မျှသာ သက်တမ်းလွန်နေသော ခေါက်ဆွဲခြောက်များ၊ ခေါက်ဆွဲဖတ်များ၊ ဂျုံမှုန့်နှင့် ဆန်အစရှိသည့် အရာများ ဖြစ်ကြသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် လူအများစုမှာ အိမ်တွင် ရိက္ခာများ အများအပြား သိုလှောင်ထားလေ့ မရှိကြောင်း သိသာလှသည်။
အဆောက်အအုံ တစ်ခုလုံးမှာ အချိန်တိုအတွင်းမှာပင် ပြောင်သလင်းခါသွားတော့သည်။
ထိုအချိန်တွင် ထယ်ရှီးတို့အဖွဲ့မှာ အနည်းငယ်မျှသာ ရှာဖွေရသေး၏။
တွားသွားကောင်များကို ရုပ်သိမ်းလိုက်ပြီးနောက် မီးခိုးတိမ်တိုက်က နောက်ထပ် အဆောက်အအုံတစ်ခုကို ထပ်မံ ဖုံးလွှမ်းသွားပြန်သည်။
ချူချယ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အကြောင်သား ဖြစ်နေတော့သည်။
ထယ်ရှီး၊ စွန်းချန်းချန်းနှင့် တင်းတုံတို့မှာမူ...
ပြောရလျှင် သူတို့သုံးယောက်ပေါင်း ရှာဖွေထားသမျှသည်ပင် ချန်းရီ တစ်ယောက်တည်း ရှာဖွေထားသည်ကို မမီနိုင်ပေ။
မရေမတွက်နိုင်သော တွားသွားကောင်များက လမ်းမကြီးတစ်လျှောက် လိုက်လံ ရှင်းလင်းရှာဖွေတော့သည်။
လမ်းဘေးရှိ လူနေအဆောက်အအုံများကို တစ်ခုမကျန် ဝင်ရောက် မွှေနှောက်ကြသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ဤနေရာက မြို့လယ်ခေါင် မဟုတ်သဖြင့် ထိုမျှလောက် စည်ကားခြင်း မရှိပေ။
မိနစ်သုံးဆယ် ပြည့်ရန် နှစ်မိနစ်သာ လိုတော့သည့် အချိန်တွင်...
ယာဉ်တန်းအနေဖြင့် ရိက္ခာပစ္စည်း အတော်များများကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခင်အကြိမ်များနှင့် နှိုင်းယှဉ်လျှင် အများကြီး မဟုတ်သော်လည်း...
ကံကောင်းသည်မှာ လက်တလော အခက်အခဲကို ဖြေရှင်းနိုင်လောက်သည့် ပမာဏတော့ ဖြစ်ပေသည်။
ထိုအချိန်မှာပင်...
ချူချယ်၏ မျက်နှာကြီး ပြောင်းလဲသွားသည်။ မြို့ထဲတွင် မည်သည့်အချိန်ကတည်းက ပေါ်လာမှန်းမသိသော အလွန် အစွမ်းထက်သည့် ထူးဆန်းသောအရာ၏ အငွေ့အသက်ကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
"သွားကြမယ်"
လူအားလုံး စက္ကန့်ဝက်ခန့် ကြောင်အမ်းသွားပြီးနောက် မိမိတို့၏ ကားများဆီသို့ အရူးအမူး ပြေးသွားကြတော့သည်။
အချိန် စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ပေ။
ယာဉ်တန်းသည် ယခုလေးတင်မှ ရရှိထားသော ရိက္ခာပစ္စည်းများကို တင်ဆောင်ကာ အရူးအမူး ထွက်ပြေးကြလေပြီ။
သိထားရမည်မှာ ခုနက ရိက္ခာ ရှာဖွေနေချိန်အတွင်း ကားများအားလုံးကို စက်မသတ်ထားခဲ့ပေ။
၎င်းမှာ ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင် ကာကွယ်ထားခြင်းပင် ဖြစ်၏။
ချန်းရီက နောက်ကြည့်မှန်မှတစ်ဆင့် အရာတစ်ခုကို မြင်လိုက်ရသည်။
ထိုအရာက... ထိုအရာက...
သူ ယခင်က ကြည့်ခဲ့ဖူးသော ဗီဒီယိုတိုလေး တစ်ခုကို ချန်းရီ သတိရသွားသည်။ ထိုဗီဒီယိုထဲတွင် ကြွက်များနှင့် ပတ်သက်သည့် ဖြစ်စဉ်တစ်ခုကို "ကြွက်ဘုရင်" ဟု ခေါ်ဆိုကြောင်း ရှင်းပြထားသည်။
အကြောင်းအရင်း တစ်ခုခုကြောင့် ကြွက်သုံးလေးကောင်၏ အမြီးများမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်မိသွားပြီး နောက်ဆုံးတွင် မည်သူမျှ ထွက်မသွားနိုင်တော့ဘဲ အရှင်လတ်လတ် ငတ်မွတ်သေဆုံးသွားကြရခြင်း ဖြစ်သည်။
"ကြွက်ဘုရင်" ဖြစ်စဉ် ပေါ်ပေါက်လာသည့် နေရာတိုင်းတွင် ကပ်ဘေးများ ကျရောက်လာတတ်သည်။
ထို့ကြောင့် လူအများက "ကြွက်ဘုရင်" ဖြစ်စဉ်ကို အလွန် ကြောက်ရွံ့ကြခြင်း ဖြစ်၏။
ယခု နောက်ကြည့်မှန်ထဲတွင် ပေါ်လာသောအရာကမူ...
လူပေါင်း ဒါဇင်နှင့်ချီ၍ တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်ရှုပ်ထွေးနေကြသည်။ သူတို့၏ လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်... သို့မဟုတ် ခေါင်းများပင်လျှင် တင်းကြပ်စွာ ရစ်ပတ်ခံထားရသည်။
ဤလူများသည် သီးခြားစီ တည်ရှိနေသော လူပုဂ္ဂိုလ်များ ဖြစ်သည်မှာ ထင်ရှားလှသည်။
သို့သော် ယခုအချိန်တွင်မူ ဤ "လူ" များသည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်သွားကြပြီး လုံးဝ အသစ်စက်စက် "ထူးဆန်းသည့် အရာ" တစ်ခုအဖြစ် ပြောင်းလဲဖြစ်တည်လာခဲ့သည်။
ထို "လူ" များက ဟိန်းဟောက်နေကြပြီး ကျန်ရှိနေသေးသော လက်များ၊ ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်များကို အသုံးပြုကာ ရှေ့သို့ အရူးအမူး တိုးဝင်လာရင်း ယာဉ်တန်းကို လိုက်လံ ဖမ်းဆီးနေကြသည်။
တိုးဝင်လာနေခြင်း ဖြစ်သည်။
လမ်းလျှောက်နေခြင်း မဟုတ်သလို ပြေးလာနေခြင်းလည်း မဟုတ်ပေ။
ထယ်ရှီး၊ ချန်းရီ၊ စွန်းချန်းချန်းနှင့် တင်းတုံတို့က တစ်လှည့်စီ ဝင်ရောက် တိုက်ခိုက်ကြသည်။
ထယ်ရှီး တစ်ယောက် နောက်တစ်ကြိမ် အသတ်ခံရလုနီးပါး ဖြစ်သွားသည့် အခြေအနေရောက်မှသာ...
ဤ "ရစ်ပတ်နေသော လူအုပ်ကြီး" ဟု ယာယီ အမည်ပေးထားသည့် ထူးဆန်းသောအရာကို နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။
နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်းသာ ဖြစ်၏။
သူတို့၏ စွမ်းအားများဖြင့်ဆိုလျှင် ပူးပေါင်းတိုက်ခိုက်ပါကတောင်မှ ဤထူးဆန်းသည့် အရာကို သတ်ဖြတ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ယာဉ်တန်းသည် ခေတ္တမျှ ငြိမ်းချမ်းမှုကို ရရှိသွားသည်။
သို့သော် ထိုငြိမ်းချမ်းသော အချိန်ကာလလေးက အမြဲတမ်း တိုတောင်းလွန်းလှသည်။
ရှီးနင်မြို့လေးမှ ထွက်ခွာလာပြီး ရက်အနည်းငယ် အကြာတွင်...
ယာဉ်တန်းကြီးသည် သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံးသော အသက်လု ထွက်ပြေးရွှေ့ပြောင်းရမှုကြီးကို စတင်ရတော့သည်။
ဆက်ရန်...