အခန်း ၂၆၂
Vol. 14 Ch. 262
အပိုင်း(၂၆၂) လွတ်လမ်း
ရှီးနင်မြို့လေးဆီသို့ ရိက္ခာသွားရောက်ရှာဖွေခဲ့သည့် ကိစ္စမှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် ရှီးနင်မြို့လေးတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိရုံဖြင့်ပင် ရင်တထိတ်ထိတ် ဖြစ်နေရဆဲပင်။
ရှီးနင်မြို့လေးမှ ရှာဖွေရရှိခဲ့သော ရိက္ခာများမှာ လက်ရှိ ယာဉ်တန်းအတွက် ရက်အနည်းငယ်စာမျှပင် မလောက်ငပေ။
ထို့အပြင် ရှီးနင်မြို့ထဲရှိ ထူးဆန်းသည့် အရာများသည် ချူချယ် မျှော်မှန်းထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။
ထိုထူးဆန်းသည့် အရာသည် လူတိုင်း ကြုံတွေ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ထူးဆန်းသည့် အရာများထဲမှ တစ်ခုဖြစ်ကြောင်း အသေအချာပင်။
အဆက်မပြတ် ထွက်ပေါ်လာပြီး လူသားတို့၏ စိတ်ကူးဉာဏ်ထက်ပင် ကျော်လွန်နေသော ထိုထူးဆန်းသည့် အရာများကို ရင်ဆိုင်ရချိန်တွင်...
လူသားအစွမ်းပိုင်ရှင်များမှာ အမြဲတမ်း နောက်ကောက်ကျကာ လိုက်လံ ဖမ်းဆုပ်နေရဆဲပင် ဖြစ်ပုံရသည်။
ချူချယ်က မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ၊ သူ၏ ရင်ထဲရှိ ဖိစီးမှုများအားလုံးကိုပါ တစ်ပါတည်း မှုတ်ထုတ်ပစ်လိုက်လိုသည့်အလားပင်။
ခေါင်းဆောင်ချူ၏ မျက်ဝန်းများထဲတွင် ပင်ပန်းနွမ်းနယ်မှုများက အပြည့်အဝ နေရာယူထား၏။
လူသားတို့၏ လက်ရှိအခြေအနေအရ မြို့ကြီးများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဖြစ်နိုင်ခြေမှာ သုညနှင့် အဆုံးမရှိ နီးကပ်နေပြီ ဖြစ်သည်။
ချန်ရုံကုက လူအချို့သည် လူအင်အားစုဆောင်းကာ မြို့ကြီးများကို ပြန်လည်သိမ်းပိုက်ရန် စီစဉ်နေကြကြောင်း ပြောခဲ့ဖူးသည်။
သို့သော် ချူချယ်ကမူ မြို့ကြီးများသို့ ပြန်လည်ဝင်ရောက်မည့် အစီအစဉ်အပေါ် အကောင်းမမြင်ခဲ့ပေ။
လူသားများတွင် နည်းပညာနှင့် သယံဇာတ အရင်းအမြစ်များ အပြည့်အစုံ ရှိနေခဲ့ချိန်ကပင် ထိုထူးဆန်းသည့် အရာများရှေ့တွင် မြို့ကြီးများကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။
ယခုလို လူတစ်စုတလေလောက်သာ ကျန်ရှိတော့သည့် အချိန်မျိုးတွင်မူ ပို၍ပင် မဖြစ်နိုင်တော့ချေ။
အနည်းဆုံးတော့ ယခုအချိန်တွင် မဖြစ်နိုင်သေးပေ။
အမြန်ဆုံးဆိုလျှင်ပင် လူသားများထဲမှ ပထမဆုံးသော လမ်းစဉ် အဆင့် (၉) အစွမ်းပိုင်ရှင် ပေါ်ထွက်လာရန် လိုအပ်သေးသည်။
လမ်းစဉ် အစွမ်းများနှင့် ပတ်သက်၍ သူ၏ နားလည်ထားမှုသည် အခြားသူများ ထင်မှတ်ထားသည်ထက် ပို၍ များပြားနေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဖတ်ရှုခဲ့ဖူးသော အချက်အလက်များအရ...
လမ်းစဉ် အစွမ်းများမှာ တကယ်တမ်းတွင် ထိုမျှ ရိုးရှင်းလှသည်တော့ မဟုတ်ပေ။
လမ်းစဉ် အစွမ်း၏ လမ်းကြောင်းသည် တကယ်တော့ နတ်ဘုရားတစ်ပါး ဖြစ်လာမည့် လမ်းကြောင်းပင် ဖြစ်သည်။
လမ်းစဉ် အဆင့် (၉) သည်ပင်လျှင် နတ်ဘုရားအဆင့် ဖြစ်သည်။
လူသားများထဲတွင် ပထမဆုံးသော လမ်းစဉ် အဆင့် (၉) အစွမ်းပိုင်ရှင် ပေါ်ထွက်လာသည့် အချိန်ရောက်မှသာလျှင်...
မြို့ကြီးများကို ပြန်လည်သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ပွင့် ရှိလာနိုင်မည် ဖြစ်သည်။
သို့သော် လမ်းစဉ်အားလုံးသည် နတ်ဘုရားဖြစ်ရန် လမ်းကြောင်းဆီသို့ ဦးတည်သွားနိုင်သည်တော့ မဟုတ်ပေ။
အချို့သော လမ်းစဉ်များမှာ မွေးရာပါ ချို့ယွင်းချက်များ ရှိနေသဖြင့် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။
အချို့ဆိုလျှင် လမ်းတစ်ဝက်တွင်ပင် ရှေ့ဆက်၍ မရနိုင်တော့ဘဲ တစ်ဆို့သွားတတ်ကြသည်။
ဤအချက်အလက်များနှင့် ပတ်သက်၍ သူသည် ချန်းရီတို့အား ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိသေးပေ။
ထိုအကြောင်းများကို သိသွားပြီးနောက် သူတို့ စိတ်ဓာတ်ကျကာ စိုးရိမ်ပူပန်သွားကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တချို့အချိန်များတွင် မသိထားခြင်းက သိနေခြင်းထက် ပို၍ စိတ်ဓာတ်ခိုင်မာစေတတ်သည် မဟုတ်ပါလော။
လူသားများက တဖြည်းဖြည်း အင်အားကြီးမားလာကြပြီး အစွမ်းပိုင်ရှင်များကလည်း လမ်းစဉ်အဆင့်များ တက်လှမ်းနိုင်ရန် ရဲရဲဝံ့ဝံ့ ရှေ့ဆက်နေကြသည်။
ထင်မှတ်ထားသော လမ်းစဉ်များရော၊ မထင်မှတ်ထားသော လမ်းစဉ်များပါ အမျိုးမျိုး ထွက်ပေါ်လာကြသည်။
သို့သော်လည်း...
လူသားများ၏ အရေအတွက်မှာ အလွန် နည်းပါးလွန်းနေဆဲပင်။
အရေအတွက်အရ အကြွင်းမဲ့ အသာစီးရနေခဲ့သော လူသားများမှာ...
တစ်နေ့တွင် ဤကဲ့သို့သော အခြေအနေဆိုးကြီးဆီသို့ ကျရောက်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ကမ္ဘာပျက်ကပ် ကျရောက်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိလာခဲ့ပြီ။
ချူချယ်က သေချာ ပြန်တွေးကြည့်ရာ... ဤကာလအတွင်း သူ တွေ့ကြုံခဲ့ရသော လူဦးရေမှာ နှစ်ထောင်ပင် မပြည့်သေးကြောင်း သတိထားမိလိုက်သည်။
သို့မဟုတ် နှစ်ထောင်တော့ ကျော်လောက်မည်။
သို့သော် အရမ်းကို နည်းပါးလွန်းနေသေးသည် မဟုတ်ပါလော။
ဤကဲ့သို့သော အခြေအနေမျိုးသည် ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် လုံးဝ မဖြစ်နိုင်ပေ။
ရပ်ကွက်တစ်ခုတည်းမှာပင် ဤမျှ လူဦးရေထက် များပြားနေမည် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် တစ်နှစ်တာကာလအတွင်း ဤမျှလောက် လူများကိုသာ တွေ့မြင်ခဲ့ရသည်။
ယခင်ကဆိုလျှင် အလုပ်သွားသည့် လမ်းမှာတင် ဤမျှမကသော လူများကို တွေ့မြင်ခဲ့ရစမြဲပင်။
ချူချယ်သည် မိမိကိုယ်ကို မကြာခဏ ပြန်လည် မေးခွန်းထုတ်မိတတ်သည်။
"လူသားတွေအတွက် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား"
"အဲဒီ ထူးဆန်းတဲ့ အရာတွေက တကယ်တော့ ဘယ်နေရာကနေ ရောက်လာကြတာလဲ"
"ဒီကမ္ဘာကြီးမှာ တကယ်တော့ ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ"
"ဒီ ထူးဆန်းတဲ့ အရာတွေက ဘာလို့ ထွက်ပေါ်လာရတာလဲ"
"ဘာဖြစ်လို့လဲ"
မေးခွန်းတစ်ခုစီတိုင်းက ဖြေရှင်း၍မရသော ပုစ္ဆာများကဲ့သို့ ဖြစ်နေပြီး အဖြေဆို၍ တစ်စက်ကလေးမျှပင် ရှာမတွေ့ခဲ့ပေ။
"ဟူး..."
ငါသာ ချန်းရီ နေရာမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ထိုငတုံးကောင်က နေ့စဉ်နေ့တိုင်း မည်သို့ အသက်ရှင်သန်ရမည်ကိုသာ တွေးတောနေပြီး အခြား ဘာကိုမှ ခေါင်းထဲ ထည့်မထားပေ။
သူ၏ စွမ်းရည်များ အင်အားကြီးမားလာစေရန်သာ တစ်စိုက်မတ်မတ် အာရုံစိုက်နေပြီး အခြားကိစ္စများကို သူ့ဦးနှောက်ထဲ အဝင်ခံခြင်း မရှိပေ။
ကံကောင်းသည်မှာ ထိုကောင်သည် မကြာသေးမီက အနည်းငယ် ပြောင်းလဲလာပုံရသည်။
ကြည့်ရသည်မှာ... အနည်းငယ်တော့ ပိုကောင်းလာသည့်ပုံပင်။
အင်း... သင်ပေးလို့ ရနိုင်သေးတဲ့ အနေအထားမှာတော့ ရှိနေပါသေးတယ်။
ဒါပေမဲ့ အရမ်းတုံးနေတုန်းပဲ။
မဟုတ်သေးဘူး... တုံးတာချင်း ယှဉ်မယ်ဆိုရင် ထယ်ရှီးက သူ့ထက်တောင် ပိုတုံးလိမ့်ဦးမယ်။
ငါက ညတိုင်း အိပ်မပျော်ဘဲ ညဘက် အချိန်တွေကို ဖြတ်သန်းနေရတာ။
ဒါပေမဲ့ အဲဒီကောင် အိပ်မပျော်ဘူးလို့ တစ်ခါမှ မကြားဖူးဘူး။
တကယ်ပါပဲ... လူတွေက တုံးအလေလေ ပိုပြီး ပျော်ရွှင်ရလေလေပဲ။
ချူချယ်က သူ၏ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို သိမ်းဆည်းလိုက်သည်။
ထို့နောက် သူ၏ ယနေ့ အလုပ်တာဝန်ကို စတင်လိုက်သည်။
လမ်းပြသူ တစ်ယောက်အနေဖြင့် နေ့စဉ် လုပ်ဆောင်ရမည့် အလုပ်မှာ အချိန်မရွေး ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို အာရုံခံနိုင်ရန်ပင် ဖြစ်သည်။
ထိုအန္တရာယ်များဆိုသည်မှာ သက်ရှိလူသားများ၏ အငွေ့အသက်ကို ခြေရာခံကာ အဆက်မပြတ် ရွှေ့ပြောင်းသွားလာနေတတ်သော ကြောက်မက်ဖွယ် ထူးဆန်းသည့် အရာများကို ဆိုလိုခြင်းဖြစ်သည်။
ရင်းနှီးနေကျဖြစ်သော၊ ကြောက်မက်ဖွယ်ကောင်းသော၊ စိတ်မသက်မသာ ဖြစ်စေသော ထိုအငွေ့အသက်များပင်။
လမ်းစဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ချူချယ်သည် ထိုအငွေ့အသက်များအပေါ် ပို၍ အာရုံခံစားလွယ်လာခဲ့သည်။
ကံကောင်းသည်မှာ ထိုအငွေ့အသက်များက လောလောဆယ်တွင် ထူးခြားသော လှုပ်ရှားမှုများ မရှိသေးသလို သူတို့ ယာဉ်တန်း၏ လူသူအငွေ့အသက်ကိုလည်း သတိထားမိခြင်း မရှိသေးပေ။
လက်ရှိအခြေအနေမှာ အားလုံး အေးအေးချမ်းချမ်း ရှိနေကြခြင်းပင်။
အစီအစဉ်အရဆိုလျှင် ဤနေရာတွင် နောက်ထပ် နှစ်ရက်ခန့် ဆက်လက် ရပ်နားထားနိုင်ဦးမည်ဟု ခန့်မှန်းရသည်။
နောက်ရက်အနည်းငယ် ကြာလျှင် အခြားသော ရိက္ခာရှာဖွေရေး နေရာများကို ထပ်မံ ရှာဖွေရဦးမည်။
ယခုတစ်ခေါက် ယူဆောင်လာခဲ့သော ရိက္ခာများမှာ လုံးဝ မလောက်ငပေ။
လူသားတို့ တားမြစ်နယ်မြေများဆီသို့ ရိက္ခာသွားရောက်ရှာဖွေရဦးမည့် အကြောင်း တွေးမိသည်နှင့် ချူချယ်မှာ ခေါင်းတကိုက်ကိုက် ဖြစ်လာရသည်။
ထို့အပြင် တဖွဲဖွဲ ကျဆင်းနေသော ဤမိုးစက်များကလည်း လူကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ချူချယ်က မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ထွက်လာပြီး မျက်နှာဆီသို့ တိုက်ခတ်လာသော လတ်ဆတ်သည့် လေပြေများ၊ ထို့အပြင် လေထုထဲရှိ စိုထိုင်းမှုများကို ခံစားလိုက်သည်။
ဤကဲ့သို့သော မိုးမျိုးက တစ်ခါတရံ ရွာသွန်းခြင်းသည် အတော်လေး ကောင်းမွန်လှသည်။
သို့သော် အဆုံးအစမရှိ အဆက်မပြတ် ရွာသွန်းနေမည်ဆိုလျှင်မူ လူကို အလွန် စိတ်ရှုပ်စေလိမ့်မည်။
ချူချယ်က မျက်လုံးများကို မှိတ်ကာ လာမည့် (၂၄) နာရီအတွင်း ရာသီဥတု ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည်။
မွန်းတည့်ချိန်မှာ မိုးရွာနေတုန်းပဲ...။
တကယ်ကို စိတ်ရှုပ်စရာပဲ...။
ဘာလို့ မတိတ်သေးတာလဲ။
ညဘက်ရော...။
ညဘက်မှာ မိုးက နည်းနည်း ပိုသည်းလာတယ်။
ရွာချင်လည်း ရွာပါစေတော့၊ နောက်ရက်တွေမှာ ရွာမယ့်မိုးတွေပါ တစ်ခါတည်း အကုန်ရွာချပစ်လိုက်ရင် အကောင်းဆုံးပဲ။
သန်းခေါင်ယံ...။
မိုးက ပိုသည်းလာပါလား...။
နေပါဦး၊ ဒီမိုးက...။
ဒီမိုးက လွန်လွန်းနေပြီ မဟုတ်ဘူးလား...။
သူ ဆက်လက်၍ အာရုံခံကြည့်လိုက်သည်။
အချိန်မှာ (၂၄) နာရီ အာရုံခံနိုင်စွမ်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ချူချယ်၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲသွား၏။
သူ၏ အာရုံခံစားမှုထဲတွင် ယာဉ်တန်း စခန်းချထားသော ဤနေရာ၌ (၂၄) နာရီ ကြာပြီးနောက်တွင် အနည်းဆုံး (၁၂) လက်မခန့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာမည်ကို သိရှိလိုက်ရသည်။
ဒါက...
မဖြစ်ဘူး... ဒီနေရာမှာ ဆက်နေလို့မရတော့ဘူး... မြန်မြန် ထွက်မှ ဖြစ်မယ်။
……
ရှီးနင်မြို့တွင် ရိက္ခာသွားရောက်ရှာဖွေခဲ့သည့် ကိစ္စမှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ရှာဖွေရရှိခဲ့သော ရိက္ခာများမှာ အစကတည်းက သိပ်မများလှပေ။
ပြန်လည် သယ်ဆောင်လာပြီးနောက်မှသာ ရိက္ခာများစွာမှာ သက်တမ်းကုန်ဆုံးနေရုံသာမက ပြဿနာများစွာ ရှိနေကြောင်း တွေ့ရှိရတော့သည်။
ဥပမာအားဖြင့် အိမ်တစ်အိမ်မှ ရှာဖွေတွေ့ရှိခဲ့သော ဘီစကွတ်မုန့်များသည် စိုထိုင်းမှုကြောင့် အစိမ်းရောင် မှိုများပင် တက်နေပြီ ဖြစ်သည်။
ယခုအခါတွင် အားလုံးက သက်တမ်းကုန်ဆုံးခြင်း ရှိမရှိ ဆိုသည့် ကိစ္စကို အမှုမထားကြတော့သော်လည်း...
အစိမ်းရောင် မှိုများ တက်နေသော အစားအစာများကိုမူ တကယ်ကို စားသုံး၍ မရနိုင်တော့ပေ။
ရွှီနန်က ပျက်စီးနေသော ထိုအစားအစာများကို လွှင့်ပစ်လိုက်သောအခါ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ နှမြောတသလွန်းသဖြင့် မျက်ရည်များပင် ကျလာကြသည်။
ထို့အပြင် ဆန်များထဲတွင်လည်း စိုထိုင်းနေသည်များ အများအပြား ပါဝင်နေသည်။
ဆန်အိတ်များထဲတွင် အမည်းရောင် ဆန်ပိုးများပင် များစွာ ရှိနေသေး၏။
ဤကဲ့သို့သော အစားအစာမျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် အစောကြီးကတည်းက လွှင့်ပစ်လိုက်မည်ဖြစ်ပြီး လုံးဝ စားသုံးကြမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင်မူ လွှင့်ပစ်ရန် မည်သူကမျှ အဆိုပြုရဲခြင်း မရှိကြချေ။
ထိုအမည်းရောင် ဆန်ပိုးများကို ပရိုတင်းဓာတ်အဖြစ်သာ သဘောထားလိုက်ကြသည်။
ယခုတစ်ကြိမ် ရိက္ခာရှာဖွေရေးတွင် အားလုံးက ကိုယ်စီ ပါဝင်ခဲ့ကြသည်။
လူတိုင်း ကိုယ်စီ ခွန်အားစိုက်ထုတ်ခဲ့ကြသည်။
ရှုလီနာပင်လျှင် အပျင်းမထူခဲ့ပေ။
ချန်းရီက သူမအပေါ် မည်သည့်စိတ်ဝင်စားမှုမျှ မရှိကြောင်း သိရှိပြီးနောက် ဤအမျိုးသမီးသည် မိမိ၏ နေရာကို သေချာစွာ နားလည်သဘောပေါက်သွားခဲ့သည်။
ယာဉ်တန်းထဲတွင် အသက်ရှင်သန်နိုင်ရန် မိမိကိုယ်ကို အနည်းနှင့်အများ မှီခိုအားထားရမည် ဖြစ်သည်။
အနည်းဆုံးတော့ ပစ်ကပ်ကား၏ တွဲဖက်ယာဉ်မောင်းခုံတွင် မထိုင်ရသေးမီ အချိန်အထိပေါ့။
မိမိကိုယ်ကိုသာ အားကိုးရမည် ဖြစ်သည်။
ချန်းရီက သူမအပေါ် မည်သည့် အတွေးအမြင်မျှ မရှိပေ။
သို့သော် ၎င်းက သူမ၏ ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ပြီဟု ဆိုလိုခြင်း မဟုတ်ချေ။
အမှန်အတိုင်း ပြောရလျှင် ဤအမျိုးသမီး အရင်က အောင်မြင်ခဲ့ခြင်းမှာ အကြောင်းအရင်း ရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ယာဉ်တန်း၏ ခွဲဝေမှု စည်းမျဉ်းများအရ အင်အားစိုက်ထုတ်ခဲ့သူတိုင်းသည် ရိက္ခာဝေစု ရရှိပိုင်ခွင့် ရှိကြသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ရိက္ခာများ သိပ်မများသော်လည်း ရွှီနန်က လူတိုင်း၏ လုပ်အားအပေါ် မူတည်၍ ခွဲဝေပေးခဲ့သည်။
လူတိုင်း၏ လက်ထဲတွင် ရိက္ခာအနည်းနှင့်အများ ရရှိခဲ့ကြသော်လည်း...
မည်သူကမျှ အများအပြား စားသောက်ရန် မရွေးချယ်ခဲ့ကြပေ။
သက်တမ်းကုန်နေသော ဘီစကွတ်တစ်ပြားကိုပင် နှစ်ရက်၊ သုံးရက်ခန့် ခွဲ၍ စားသောက်ကြသူများပင် ရှိသည်။
သေချာသည်မှာ လူတစ်ယောက်က နှစ်ရက်၊ သုံးရက်အတွင်း သက်တမ်းကုန် ဘီစကွတ်တစ်ပြားတည်းကိုသာ စားသုံးနေခြင်းတော့ မဟုတ်ပေ။
ဘီစကွတ်သည် နေ့စဉ် သနားစရာကောင်းလောက်အောင် နည်းပါးလှသော ရိက္ခာဝေစု၏ အပြင်ဘက်မှ ဖြည့်စွက်စာ တစ်ခုသာ ဖြစ်သည်။
သက်တမ်းကုန်နေသော ဘီစကွတ်ဆိုလျှင်ပင် နေ့တိုင်း ဝေစုရနိုင်သည်တော့ မဟုတ်ပေ။
အသက်ရှင်ကျန်ရစ်သူ အများစုမှာ ထယ်ရှီး ယာဉ်တန်းမှ လူများ ဖြစ်ကြသည်။
သူတို့ ရရှိလာသော ရိက္ခာများအားလုံးကို တစ်စုတစ်စည်းတည်း အပ်နှံရပြီးမှသာ လူတစ်ဦးချင်းစီ၏ လက်ထဲသို့ ပြန်လည် ခွဲဝေပေးခြင်း ဖြစ်သည်။
ထိပ်ပြောင်လောင်လီသည် ဤကဲ့သို့သော အလုပ်မျိုးကို ယခုမှ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း မဟုတ်ပေ။
ထို့ကြောင့် နေ့စဉ် လူတိုင်းကို ရိက္ခာခွဲဝေပေးရာတွင် ဆန်တစ်စေ့ကိုပင် မလွတ်တမ်း တွက်ချက်ရမည်လောက်အထိ တိကျသေချာလှသည်။
....
ချန်းရီသည်လည်း ဤရက်ပိုင်းအတွင်း သူ့ဘာသာ လုပ်စရာ ကိစ္စများ ရှိနေသည်။
အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
(၂၄) ရက်ဆိုသည်မှာ လဝက်ကျော်ခန့် ကြာမြင့်သော်လည်း တွေးထင်ထားသည်ထက် များစွာ ပိုမို မြန်ဆန်နေခဲ့သည်။
သို့သော် နောက်ဆုံးကျန်ရှိသော ဤသုံးရက်တွင်မူ ချန်းရီသည် သူ၏ အချိန်နှင့်ပတ်သက်သော အမြင်များ တစ်ခုခု မှားယွင်းနေပြီလားဟုပင် ထင်မှတ်မိသည်။
နံနက်ခင်း နိုးလာချိန်တွင် ချန်းရီက ကားခေါင်မိုးပေါ်ရှိ အဆင့်မြှင့်တင်ခြင်း ရေတွက်စနစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
မနေ့က (၄) ရက် ကျန်သေးသည်။
ဒီနေ့ (၃) ရက် ကျန်တော့သည်။
အချိန်ကုန်တာက အရမ်းကို နှေးကွေးလွန်းနေသည်။
သဘာဝလွန်အရာများကို အဆင့်မြှင့်တင်ခြင်းသည် သာမန် အဆင့်မြှင့်တင်ခြင်းမျိုးနှင့် မတူညီပေ။
သာမန် အဆင့်မြှင့်တင်ခြင်းတွင် စနစ်၏ အဆင့်မြှင့်တင်မှု ပုံစံများကိုပင် ပြင်ဆင်၍ ရနိုင်သေးသည်။
ဥပမာအားဖြင့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် သဘာဝလွန်အရာ မဖြစ်လာမီ အချိန်ကဆိုလျှင်...
ချန်းရီသည် အဆင့်မြှင့်တင်သည့် အချိန်တွင် အဆင့်မြှင့်တင်မှု ဒီဇိုင်းပြဿနာများ၌ ဝင်ရောက် စွက်ဖက်ခဲ့ဖူးသည်။
သို့သော် သဘာဝလွန်အရာများမှာမူ မတူညီချေ။
အဆင့်မြှင့်တင်ခြင်း မပြီးဆုံးမီ အချိန်အထိ ရရှိသော အချက်အလက် အများစုမှာ အလွန် နည်းပါးလှပြီး မိမိအနေဖြင့် မည်ကဲ့သို့သော သဘာဝလွန်အရာမျိုးကို ရရှိမည် ဆိုသည်ကို အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သည်။
အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်မည် ဆိုလျှင်လည်း မရသည်တော့ မဟုတ်ပေ။
သို့သော် နောက်ဆုံးတွင် မည်သည့် အရာအဖြစ်သို့ အဆင့်မြှင့်တင်ခံရမည် ဆိုသည်ကိုမူ အတိအကျ ပြောနိုင်မည် မဟုတ်ချေ။
ဥပမာ - မိစ္ဆာပစ်ကပ်ကားကို အဆင့်မြှင့်တင်သည့် အချိန်တုန်းကဆိုလျှင်...
ချန်းရီသည် စနစ်ကို မည်သည့် တောင်းဆိုမှုမျှ မပြုလုပ်ရဲဘဲ စနစ်၏ သဘာဝအတိုင်းသာ အဆင့်မြှင့်တင်ခွင့် ပြုထားခဲ့ခြင်းက အကောင်းဆုံး ဖြစ်ခဲ့သည်။
အကယ်၍ မိမိ၏ တောင်းဆိုမှုများနှင့် ဒီဇိုင်းများက စနစ်၏ အဆင့်မြှင့်တင်ခြင်းအပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်သွားခဲ့လျှင် ငိုစရာ နေရာပင် ရှိမည်မဟုတ်ပေ။
စနစ်အပေါ် ချန်းရီ၏ ယုံကြည်မှုသည် စနစ်က သူ၏အပေါ် ယုံကြည်မှုထားရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူက စနစ်ကို သတ်ဖြတ်မှတ်များ အကြွေးတင်နေသည်မှာ ထင်ရှားနေသော်လည်း...
စနစ်က သူ့အတွက် မိစ္ဆာပစ်ကပ်ကားကို အဆင့်မြှင့်တင်ပေးခဲ့သကဲ့သို့ပင် ဖြစ်သည်။
ဆက်ရန်...