အခန်း ၂၆၃
Vol. 14 Ch. 263
အပိုင်း(၂၆၃) မြန်မြန်
ယခုတစ်ကြိမ် ယာဉ်တန်း ရှာဖွေတွေ့ရှိခဲ့သော စခန်းချရာနေရာသည် အကောင်းဆုံးအကြိမ်များထဲမှ တစ်ခုဟု ဆိုနိုင်ပေသည်။
ယခုစခန်းချရာနေရာက စွန့်ပစ်ထားသော တစ်ထပ်အိမ်ငယ်လေးများ ဖြစ်၏။
ဤကဲ့သို့သော အိမ်များသည် ပုံမှန်အားဖြင့် အနီးအနားတွင် စီမံကိန်းတစ်ခုခု ရှိခဲ့စဉ်က ဝန်ထမ်းများ အနားယူရန်အတွက် သက်ဆိုင်ရာဌာနမှ ဆောက်လုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် စီမံကိန်း ပြီးဆုံးသွားသောအခါ အိမ်များက ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော နေရာများသည် မြို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိတတ်ပြီး အချိန်ကြာမြင့်စွာ လူမနေဘဲ ပစ်ထားသောကြောင့် အလွန် ခြောက်ကပ်နေတတ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက စွန့်စားသွားလာသည့် ဘလော့ဂါအချို့သည် ဤကဲ့သို့သော နေရာမျိုးကို အလွန် နှစ်သက်ခဲ့ကြသည်။
ထိုသို့သောနေရာများသည် သဘာဝအလျောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပါရှိနေသဖြင့် ကြည့်ရှုသူများကို များစွာ ဆွဲဆောင်နိုင်ခဲ့သည်။
ခြေလျင်ခရီးသွား သို့မဟုတ် ခရီးသွား ဘလော့ဂါအချို့ကလည်း ဤနေရာမျိုးကို ယာယီစခန်းအဖြစ် အသုံးပြုရန် နှစ်သက်ကြသည်။
သာမန်လူများကမူ ထိုကဲ့သို့သော အိမ်များနှင့် ဝေးဝေးတွင်သာ နေလေ့ရှိကြ၏။
သို့သော် ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက်တွင်မူ ဤအိမ်များသည် လူတိုင်း၏ မျက်စိထဲ၌ အလွန်တန်ဖိုးရှိသော အရာများ ဖြစ်လာခဲ့သည်။
ကမ္ဘာပျက်ကပ်ကာလတွင် အလွန် သာမန်ဖြစ်သော လူများပင်လျှင် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ များစွာ တိုးတက်လာခဲ့ကြသည်။
သူတို့၏ မျက်စိရှေ့ရှိ အနည်းငယ် ပျက်စီးယိုယွင်းနေသော အိမ်များက ထူးဆန်းသည့်အရာများနှင့် ယှဉ်လျှင် အများကြီး ပို၍ ရိုးရှင်းသာမန်ဖြစ်နေသည်ဟု ထင်ရပေသည်။
ထို့အပြင် ယာဉ်တန်းထဲတွင် အစွမ်းပိုင်ရှင်များလည်း ရှိနေသည် မဟုတ်ပါလော။
ထူးဆန်းသည့်အရာများနှင့် ကြုံတွေ့ရလျှင်ပင် ကြီးကြီးမားမား ပြဿနာ ရှိမည်မဟုတ်ဟု တွေးထားကြသည်။
ပြီးခဲ့သည့် ရှီးနင်မြို့လေး ခရီးစဉ်တွင် ယာဉ်တန်းမှ တစ်ယောက်မျှ သေဆုံးခြင်းမရှိခဲ့သော ရှားရှားပါးပါး အဖြစ်အပျက်ကို မမြင်ခဲ့ကြဘူးလား။
အထူးသဖြင့် ဆရာချန်း ဆိုလျှင် ဆံခြည်တစ်မျှင်ပင် မကျွတ်ခဲ့ပေ။
ထို့ကြောင့် ဤနေရာတွင် ထူးဆန်းသည့်အရာများ၏ အငွေ့အသက် မရှိကြောင်း ခေါင်းဆောင်ချူက အတည်ပြုပြီးနောက် လူအများက ဝမ်းသာအားရဖြင့် ဤနေရာကို ယာယီစခန်းအဖြစ် သတ်မှတ်ကာ နေရာချထားရန် စတင် ပြင်ဆင်ကြတော့သည်။
အိမ်နှင့် နေရမည်ဆိုလျှင် မည်သူက တဲထိုးပြီး နေချင်တော့မည်နည်း။
ခေါင်းဆောင်ချူသည် မနေ့ကပင် ဤနေရာ၌ လျှို့ဝှက်အကာအကွယ် တစ်ခုကို ပြုလုပ်ထားခဲ့သေး၏။
လာမည့် သုံးရက်အတွင်း အိမ်ထဲတွင် နေရမည်ဆိုခြင်းက အလွန်တရာမှ ပျော်ရွှင်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ကြောင်း ဝန်ခံရပေမည်။
ထို့ကြောင့် လူတိုင်း၏ တက်ကြွမှုက အလွန် မြင့်မားနေခဲ့သည်။
အစွမ်းပိုင်ရှင် အနည်းငယ်က တစ်ယောက်လျှင် အခန်းတစ်ခန်းစီ ခွဲယူခဲ့ကြသည်။
အကယ်၍ ပတ်ဝန်းကျင် အခြေအနေက ခွင့်ပြုပါက အစွမ်းပိုင်ရှင်များသည် အခြားသူများနှင့် အခန်းတစ်ခန်းတည်း အတူနေရန် မနှစ်သက်ကြပေ။
ဘာပဲဖြစ်ဖြစ် လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်လေးများ ရှိနေတတ်သည် မဟုတ်ပါလော။
ထယ်ရှီးကိုမူ အသက်ရှင်ကျန်ရစ်သူများက သန့်ရှင်းသော အခန်းတစ်ခန်းထဲသို့ ထမ်းခေါ်သွားကြပြီး ဆက်လက် အိပ်စက်စေခဲ့သည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ နည်းလျှင် သုံးလေးယောက် တစ်ခန်း၊ များလျှင် ခုနစ်ယောက် ရှစ်ယောက်ခန့် တစ်ခန်း နေကြရသည်။
ယာဉ်တန်း ရောက်ရှိလာမှုက ဤစွန့်ပစ်ခံ တစ်ထပ်အိမ်စုလေးထံသို့ ရှားပါးလှသော လူသူအငွေ့အသက်များကို ဆောင်ကြဉ်းလာပေးခဲ့သည်။
မနေ့ညက အခန်းတိုင်းလိုလိုတွင် မီးပုံလေးများ ဖိုထားခဲ့ကြသည်။
သေချာသည်မှာ အနည်းငယ် စိုစွတ်နေသော ထင်းများကြောင့် မီးခိုးငွေ့ ထွက်ခြင်းကိုတော့ ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
သို့သော် ဤအိမ်များ၏ ပြတင်းပေါက်များနှင့် တံခါးများမှာ ယိုယွင်းပျက်စီးနေသည်မှာ ကြာပြီဖြစ်သည်။
ခေါင်းဆောင်ချူသည် သူ၏ အခန်းငယ်လေးတွင် အထဲ၌ လက်ဖက်ရည် သောက်ရ အဆင်ပြေစေရန် တံခါးချပ်ငယ်တစ်ခုပင် တပ်ဆင်ထားလိုက်သေး၏။
ချန်းရီတို့ လူစု မြင်သွားပါက သူ၏ အဖိုးတန် လက်ဖက်ရည်များကို ခွဲဝေပေးရမည် စိုးသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ မှတ်စုရေးမှတ်ရာ၌လည်း ပို၍ အဆင်ပြေစေသည်။
ဤနေရာတွင် သုံးရက်မျှသာ နေခွင့်ရမည် ဆိုလျှင်တောင်မှ အသက်ရှင်ကျန်ရစ်သူများက အလွန် ပျော်ရွှင်နေကြသည်။
သို့သော် ထိုပျော်ရွှင်ဖွယ် အငွေ့အသက်လေးက အလျင်အမြန်ပင် အဆုံးသတ်သွားခဲ့၏။
ဆယ့်နှစ်နာရီပင် မပြည့်လိုက်ချေ။
ခေါင်းဆောင်ချူက ရွှီနန်အား ဤနေရာမှ ချက်ချင်း ထွက်ခွာရမည်ဟု ပြောလိုက်သောအခါတွင် ရွှီနန်သည်လည်း ခဏမျှ ကြောင်အမ်းသွားပြီးမှ ကမန်းကတန်း သဘောတူလိုက်ရသည်။
ရွှီနန်၏ စိတ်ထဲတွင်လည်း ဤနေရာကို စွန့်ခွာသွားရန် အလွန် နှမြောနေကြောင်း သိသာလှပေသည်။
သို့သော် ခေါင်းဆောင်ချူ၏ အမိန့်က သေချာပေါက် မှားယွင်းနိုင်မည် မဟုတ်ပေ။
မကြာမီမှာပင် ရွှီနန်က အသံချဲ့စက်ကို ကိုင်ကာ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် အော်ဟစ်ပြောဆိုနေသံကို ကြားလိုက်ရသည်။
"မြန်မြန်လုပ်ကြ... ဒီနေရာမှာ ခဏနေရင် မိုးကြီးတော့မယ်"
"ရှောင်ဖူ... ကားတွေရဲ့ အခြေအနေကို လူလွှတ်ပြီး သွားစစ်ခိုင်းလိုက်"
"ရှောင်ကျန်း... လူဦးရေ လိုက်စစ်... အပြင်ထွက်ပြီး ပြန်မလာသေးတဲ့လူ ရှိမရှိ ကြည့်"
"ပြီးတော့ နင်... ပစ္စည်းတွေ မြန်မြန်သိမ်း... အချိန်ဆွဲမနေနဲ့"
"မင်း... မင်း... ပြီးတော့ မင်း... မြန်မြန် သွားကူပေးလိုက်... သွက်သွက်လုပ်"
"ဆယ်မိနစ်... ဆယ်မိနစ်နေရင် ယာဉ်တန်း ဒီနေရာက ထွက်မယ်"
"မြန်မြန်... မြန်မြန်... မြန်မြန်"
ရွှီနန် လျှောက်လာရာ လမ်းတစ်လျှောက်တွင် ကြက်ပျံငှက်တိုက် ဆူညံပွက်လောရိုက်သွားတော့သည်။
ခေါင်းဆောင်ချူ၏ အသိပေးချက်ကို ရရှိပြီးနောက် ရွှီနန်သည် ထွက်ခွာရန်အတွက် လူများကို ချက်ချင်း စတင် စုစည်းပြင်ဆင်လေသည်။
စခန်းတစ်ခုလုံးက ချက်ချင်းပင် ဆူညံလှုပ်ရှားလာတော့၏။
မူလက အချို့သော အသက်ရှင်ကျန်ရစ်သူများသည် ကားထဲတွင်ဖြစ်စေ တဲထဲတွင်ဖြစ်စေ လှဲလျောင်း အနားယူနေခဲ့ကြသည်။
အချို့ကလည်း ပျင်းပျင်းရိရိဖြင့် လေကန်နေခဲ့ကြ၏။
စခန်းတစ်ခုလုံးတွင် ပျင်းရိလေးတွဲသော အငွေ့အသက်များ လွှမ်းမိုးနေခဲ့သည်။
သို့သော် ရွှီနန်၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် တစ်မိနစ်သာ အချိန်ယူလိုက်ရပြီး စခန်းတစ်ခုလုံး ပြန်လည် အသက်ဝင်လာခဲ့သည်။
တိကျသေချာသော စက်ယန္တရားတစ်ခု စတင် လည်ပတ်လာသည့်အလား ဖြစ်သွား၏။
ချန်းရီကလည်း မနေ့ညက မဆိုးလှသော အိပ်စက်ခြင်းကို ရရှိခဲ့သည်။
ဘာပဲဖြစ်ဖြစ် ကားထဲတွင် အိပ်စရာ မလိုခြင်းက အတိုင်းအတာတစ်ခုအထိတော့ သက်တောင့်သက်သာ ရှိလှသည်။
ရှီးနင်မြို့လေးတွင် ပစ္စည်းများ ရှာဖွေစုဆောင်းစဉ်က ချန်းရီသည် ဆံခြည်တစ်မျှင်ပင် မကျွတ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ဤကောင်သည် ထိုအချိန်က ထယ်ရှီး၏ နောက်တွင် ပုန်းအောင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ထူးဆန်းသည့်အရာ၏ တိုက်ခိုက်မှု အများစုကို ထယ်ရှီးကသာ ခံယူပေးခဲ့ရသည်။
ထို့ကြောင့် ထယ်ရှီးမှာ အရိုက်ခံရလွန်း၍ သေလုမျောပါး ဖြစ်သွားခဲ့ရသော်လည်း သူကမူ ဘာမှမဖြစ်ခဲ့ခြင်းပင်။
အိပ်ရာမှ နိုးလာပြီးနောက် ကားကို အဆင့်မြှင့်တင်နေသည့် ရေတွက်စနစ်ကို သွားရောက် စစ်ဆေးကြည့်ခဲ့သည်။
ထယ်ရှီး၏ နာလန်ထူလာမှု အခြေအနေကိုလည်း ကြည့်ရှုခဲ့၏။
ခန့်မှန်းခြေအားဖြင့် ထယ်ရှီးသည် နောက်ထပ် တစ်ရက်ခန့်ဆိုလျှင် နိုးလာနိုင်လောက်ပြီ ဖြစ်သည်။
ယခင်က ခေါင်းဆောင်ချူသည် ထယ်ရှီးကို ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် အနည်းငယ် တိုက်ကျွေးခဲ့သည်။
ဤအရာ၏ အကူအညီဖြင့် ထယ်ရှီး၏ နာလန်ထူမှုနှုန်းကို များစွာ မြန်ဆန်စေခဲ့သည်။
နောက်တစ်ခုက ဤကောင်သည်လည်း မကြာသေးမီက တော်တော်လေး ပိုမို သန်မာလာခဲ့ပုံရသည်။
ခန့်မှန်းရသလောက် မကြာမီအချိန်အတွင်း လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ကြည့်ရသည်မှာ သူတစ်ယောက်တည်းသာ အစွမ်းထက်လာနေခြင်း မဟုတ်ဘဲ လူတိုင်း အစွမ်းထက်လာနေကြခြင်းပင်။
ထယ်ရှီးထံမှ ပြန်ရောက်လာသည်နှင့် ချန်းရီက စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် လျှောက်လာသည့် ခေါင်းဆောင်ချူကို မြင်လိုက်ရသည်။
ခေါင်းဆောင်ချူက အခြေအနေကို ချန်းရီအား တစ်ခေါက် ရှင်းပြလိုက်သည်။
ချန်းရီသည်လည်း အနည်းငယ် အံ့သြသွားခဲ့၏။
ချန်းရီက စခန်းအတွင်းမှ အလုပ်များနေသော လူများကို ကြည့်ကာ အနည်းငယ် တည်ကြည်သော မျက်နှာထားဖြင့် "ခေါင်းဆောင်ချူ... ဒီနေရာမှာ ရေလွှမ်းတော့မယ် ဆိုတာ သေချာလို့လား"
"ငါတို့ မနေ့ကမှ ဒီမှာ စခန်းချခဲ့တာလေ"
မနေ့ညကမှ ဤစခန်းချရာနေရာကို ခဲခဲယဉ်းယဉ်း ရှာတွေ့ခဲ့ရခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် တစ်ညသာ နေလိုက်ရသဖြင့် အမှန်တကယ်ပင် နှမြောစရာ ကောင်းလှပေသည်။
"နောက်ထပ် ၂၄ နာရီ ကြာရင် အနည်းဆုံး ရေ ၁၂ လက်မလောက် တက်လာလိမ့်မယ်"
"ပြီးတော့ မိုးကလည်း ပိုသည်းလာဦးမှာ"
ခေါင်းဆောင်ချူ၏ မျက်နှာအမူအရာက နောက်ပြောင်နေသည့်ပုံ မပေါ်ပေ။
"သည်းမယ် ဟုတ်လား... ဘယ်လောက်တောင် သည်းလာမှာလဲ"
"အခုထက် အများကြီး ပိုသည်းလာလိမ့်မယ်"
ချန်းရီက ကောင်းကင်ကို ကြည့်လိုက်သည်။
ကောင်းကင်တစ်ခုလုံးက မည်းမှောင်အုံ့ဆိုင်းနေပြီး သိကြားမင်းက ကောင်းကင်ကို မီးခိုးရောင် ပုဝါတစ်ထည်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေကာ လူတို့၏ စိတ်ထဲတွင် မလုံခြုံသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ကောင်းကင်မှ မိုးဖွဲလေးများ ကျဆင်းလာပြီး ချန်းရီ၏ မျက်နှာပေါ်သို့ ကျရောက်လာရာ ချန်းရီမှာ အေးစိမ့်သော ခံစားချက်ကို ရရှိလိုက်သည်။
"ငါ အခု ချန်းချန်းနဲ့ တင်းတုံကို သွားရှာလိုက်ဦးမယ်... မင်း အရင် ပြင်ဆင်ထားလိုက်... ငါတို့ ချက်ချင်း ထွက်ကြမယ်"
ပြောပြီးသည်နှင့် ခေါင်းဆောင်ချူက ခပ်သုတ်သုတ် ထွက်ခွာသွားပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို တိုက်ရိုက် သွားရောက် ရှာဖွေလေတော့သည်။
သာမန်လူများကိုမူ ရွှီနန်က တာဝန်ယူ အသိပေးမည် ဖြစ်သည်။
အစွမ်းပိုင်ရှင်များကိုမူ ခေါင်းဆောင်ချူ ကိုယ်တိုင် သီးသန့် လာရောက် အသိပေးခြင်း ဖြစ်၏။
ချန်းရီတို့ လူစု အလေးမထားမည်ကို စိုးရိမ်သဖြင့် ရွှီနန်က သူမကိုယ်တိုင် သွားပြောပေးမည်ဟု ဆိုသည်ကိုပင် ငြင်းပယ်ခဲ့သည်။
စခန်းအတွင်းရှိ လှုပ်ရှားမှုများက စွန်းချန်းချန်းနှင့် တင်းတုံတို့၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်သွားခဲ့သည်။
ခေါင်းဆောင်ချူက ရုတ်တရက် ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ သူတို့နှစ်ဦးစလုံး အနည်းငယ် သံသယဖြစ်သွားကြသော်လည်း ထွက်ခွာရန်အတွက် ပစ္စည်းများကို စတင် သိမ်းဆည်းပြင်ဆင်ကြသည်။
သို့သော် သူတို့နှစ်ဦး၏ စိတ်ထဲတွင်မူ များစွာ အလောတကြီး ဖြစ်နေသည့် ခံစားချက်မျိုး မရှိပေ။
တစ်ချက်က ဤကဲ့သို့သော အခြေအနေမျိုးကို မကြာခဏ ကြုံတွေ့ဖူးပြီဖြစ်ရာ သိပ်ပြီး မကြောက်လန့်တော့ဘဲ အနည်းငယ် ထုံထိုင်းနေပြီ ဖြစ်သည်။
ဒုတိယအချက်က ယာဉ်တန်းထဲတွင် အစွမ်းပိုင်ရှင်များ ရှိနေပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်ပင်လျှင် လမ်းစဉ် အဆင့် (၃) ၏ နံပါတ်တစ် အတော်ဆုံးသူ ဖြစ်ရာ မိုးရေ အနည်းငယ်မျှသာ ဖြစ်သည်ဟု တွေးထားသောကြောင့်တည်း။
သေချာသည်မှာ သူတို့နှစ်ဦးက တမင်တကာ အချိန်ဆွဲနေခြင်း မဟုတ်ဘဲ ဤကိစ္စကို ယခင်က ကြုံတွေ့ခဲ့ရသော အန္တရာယ်များကဲ့သို့ပင် သဘောထားကာ ကိုင်တွယ်ဖြေရှင်းနေခြင်းသာ ဖြစ်သည်။
ခေါင်းဆောင်ချူ၏ စီစဉ်မှုကို သံသယဝင်ရန် ဆိုသည်မှာမူ...
သူတို့နှစ်ဦးစလုံး စဉ်းစားပင် မစဉ်းစားဖူးခဲ့ချေ။
ခေါင်းဆောင်ချူ ဤသို့ စီစဉ်ရခြင်းတွင် သေချာပေါက် သူ၏ အကြောင်းပြချက် ရှိလိမ့်မည်ပင်။
သူတို့နှစ်ဦး စတင် လှုပ်ရှားလိုက်သည်နှင့် ခေါင်းဆောင်ချူက အလောတကြီး လျှောက်လာသည်ကို မြင်လိုက်ရသည်။
အခြေအနေကို ရှင်းလင်းစွာ ရှင်းပြပြီးနောက်မှသာ သူတို့နှစ်ဦး၏ လှုပ်ရှားမှုက အနည်းငယ် ပိုမို မြန်ဆန်လာခဲ့တော့သည်။
ယာဉ်တန်းတစ်ခုလုံး ပစ္စည်းများကို အလုပ်ရှုပ်စွာ သိမ်းဆည်းပြင်ဆင်နေချိန်မှာပင် ကောင်းကင်ယံမှ အရောင်ငါးမျိုးရှိသော အမြီးမွေးများ ပါရှိသည့် ငှက်တစ်ကောင် ပျံသန်းလာခဲ့သည်။
ထိုငှက်သည် ကောင်းကင်တွင် ခဏမျှ ဝဲပျံနေပြီးနောက် ခေါင်းဆောင်ချူ ရှိရာသို့ ရုတ်တရက် ထိုးဆင်းလာလေတော့သည်။
ဆက်ရန်...