← Chapters

အခန်း ၂၆၅

Vol. 14 Ch. 265

အခန်း ၂၆၅

Vol. 14 Ch. 265

အပိုင်း (၂၆၅) ဆက်လက်ထွက်ခွာခြင်း

"အချိန်တစ်ခုပဲ ပြောသွားတာလား... တကယ်တမ်း ဘယ်မြို့ကို တိုက်ခိုက်မယ်ဆိုတာရော မပြောသွားဘူးလား"

ချန်းရီ၏ အသံက စကားပြောစက်ထဲမှ ထွက်ပေါ်လာ၏။

"မပြောသွားဘူး... အချိန်ကျရင်တော့ သတင်းထပ်ရောက်လာလောက်မယ် ထင်တယ်"

ခေါင်းဆောင်ချူက ပြန်ဖြေ၏။

"အရမ်းမိုက်တာပဲ... လိုင်းတွေမရှိတော့တာတောင် ငှက်ကိုသုံးပြီး သတင်းပို့နိုင်သေးတယ်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် ချီးကျူးကာ ပြော၏။

ယခုကဲ့သို့ ထူးဆန်းသောအရာများ နေရာအနှံ့ ပြည့်နှက်နေသော ကမ္ဘာကြီးထဲတွင် ငှက်တစ်ကောင်က ၎င်းတို့၏ နယ်မြေများစွာကို ဖြတ်သန်းကာ သတင်းစကားကို ပစ်မှတ်ဆီသို့ တိကျစွာ ပို့ဆောင်ပေးနိုင်ခြင်းမှာ အလွန် အံ့မခန်းဖွယ်ရာ စွမ်းရည်ပင် ဖြစ်သည်။

လမ်းပြသူ လမ်းစဉ်မှလွဲ၍ ဤငှက်ပျံသည် လက်ရှိ လူသားများအတွက် အဝေးမှ သတင်းပို့နိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်ကောင်းဖြစ်ပေမည်။

"ခေါင်းဆောင်ချူ... အဲဒီလူကို သိလို့လား"

တင်းတုံက ရှားရှားပါးပါး ဝင်ပြော၏။

ခေါင်းဆောင်ချူက ပြန်ဖြေ၏။ "မသိပါဘူး... ဒီငှက်က တိရစ္ဆာန်မွေးမြူရေး လမ်းစဉ်က အစွမ်းပိုင်ရှင် သီးသန့် မွေးမြူထားတာ ဖြစ်မယ်... သူက အစွမ်းပိုင်ရှင်တွေကို ခွဲခြားနိုင်ပြီး လမ်းပြသူတွေကိုတောင် သီးသန့် ခွဲခြားနိုင်စွမ်းရှိတယ်... အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်ရှိတဲ့ပုံပဲ"

"တကယ်ပါပဲ... လမ်းစဉ် အစွမ်းပိုင်ရှင် တိုင်းမှာ ကိုယ်ပိုင် အံ့ဖွယ်စွမ်းရည်တွေ ရှိကြတာပဲ"

"အရင်တုန်းက ဒီလို မျိုးစိတ်မျိုး တစ်ခါမှ မကြားဖူးဘူး... ငှက်တစ်ကောင်ကို ဒီလိုအဆင့်ထိ ရောက်အောင် မွေးမြူနိုင်ပြီး ဉာဏ်ရည်ရှိတဲ့အပြင် လူကိုတောင် ဆဲတတ်သေးတယ်"

"ကျွတ်ကျွတ်... တကယ့် အစွမ်းပိုင်ရှင်ပါပဲ"

"ဟေး... ရှင်ကိုယ်တိုင်လည်း အစွမ်းပိုင်ရှင်ပဲ မဟုတ်ဘူးလား... ရှင်တို့ရဲ့ စွမ်းရည်ကလည်း တော်တော် ကြောက်စရာကောင်းတာပဲကို... သူများတွေကို အားကျနေစရာ မလိုပါဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ယုံကြည်မှုအပြည့်ရှိသော အသံက ထွက်ပေါ်လာ၏။

"ငါက ဒီအတိုင်း အံ့သြချီးကျူးရုံပါ"

"နင့်လို ဓားနတ်ဘုရား လမ်းစဉ်ကတော့ သူများတွေကို အားကျစရာ မလိုတာ သေချာတာပေါ့"

"ဟမ့်ဟမ့်"

စကားပြောစက်ထဲမှ ကောင်မလေး၏ ဂုဏ်ယူဝင့်ကြွားနေသော ရယ်သံလေး ထွက်ပေါ်လာ၏။

ချူချယ်၏ အဆိုအရ ဓားနတ်ဘုရား လမ်းစဉ်သည် ဟွာရှနိုင်ငံ၏ သီးသန့် လမ်းစဉ်တစ်ခု ဖြစ်ပြီး အခြားနေရာများတွင် တွေ့ရရန် လုံးဝ မဖြစ်နိုင်ပေ။

(ဟွာရှ = တရုတ်)

ဟွာရှနိုင်ငံတွင် သီးသန့် လမ်းစဉ် အများအပြား ရှိသကဲ့သို့ အခြား နိုင်ငံများတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင် သီးသန့် လမ်းစဉ်များ ရှိကြ၏။

လောလောဆယ် မကြုံတွေ့ရသေးခြင်းသာ ဖြစ်သည်။

ယခင်က နတ်ဆင်ရွာတွင် နင်ဂျာ လမ်းစဉ်ကို အသုံးပြုသော ထူးဆန်းသည့် ဝိညာဉ်ဆိုး တစ်ကောင်နှင့် ကြုံတွေ့ခဲ့ရဖူးပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် လက်ပေါက်ကပ်ခဲ့၏။

ကျိုးရှောင်ရှောင်က ကားမောင်းရင်း စကားပြောစက်ထဲမှ အသံများကို နားထောင်ကာ သူမ၏ မျက်လုံးများထဲတွင် အားကျမှုများ အပြည့် ရှိနေ၏။

ဤဆန်းကြယ်လှသော စွမ်းရည်များသည် သူမ၏ အမြင်တွင် အိမ်မက်ပမာ မယုံနိုင်စရာပင် ဖြစ်သည်။

လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရန်မှာ သူမ၏ စိတ်စွဲလမ်းမှု တစ်ခု ဖြစ်လာခဲ့ပြီ။

သူမ လက်ရှိ အသက်ရှင်နေရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အစွမ်းပိုင်ရှင် ဖြစ်လာရန်နှင့်။

ယန်ကျိုး သဲကန္တာရသို့ ပြန်သွားပြီး အစ်မဖြစ်သူကို ရှာဖွေရန် ဖြစ်၏။

သေရမည်ဆိုလျှင်တောင် အစ်မဖြစ်သူ၏ အရိုးကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်ထားသည်။

"ဟီးဟီး... ခေါင်းဆောင်ချူ... ငှက်တစ်ကောင်ရဲ့ ငတုံး လို့ ဆဲတာ ခံရတဲ့ ခံစားချက်က ဘယ်လိုနေလဲ"

ချန်းရီ၏ နောက်ပြောင်နေသော အသံကို ကြားသောအခါ ခေါင်းဆောင်ချူ၏ မျက်နှာကြီး မည်းမှောင်သွား၏။

တကယ်ပါပဲ... စောစောက မြင်ကွင်းကို ဒီကောင် မြင်သွားခဲ့တာပဲ။

စိတ်တိုစရာကောင်းလိုက်တာ။

အဲဒီငှက်ကလည်း စိတ်တိုစရာကောင်းတယ်။

နောက်တစ်ခါ အဲဒီငှက်ရဲ့ မွေးမြူရေးသမားကို တွေ့ရင် သူနဲ့ ဒီကိစ္စ ရှင်းရမယ်။

ခေါင်းဆောင်ချူက ချန်းရီ၏ လှောင်ပြောင်မှုကို လက်မခံလိုသဖြင့် စကားပြောစက်ကို တိုက်ရိုက် ပိတ်ချပစ်၏။

သို့သော် ထိုသို့ ပြုလုပ်သော်လည်း ချန်းရီ၏ မောက်မာသော ရယ်သံကြီးက ကားပြတင်းပေါက်အပြင်ဘက်မှတဆင့် ထွက်ပေါ်လာဆဲ ဖြစ်သည်။

ချူချယ်က ကားပြတင်းပေါက်များကို တိုက်ရိုက် ပိတ်ချပစ်၏။

ရွှီနန်နှင့် ရှောင်ဖူ နှစ်ယောက်စလုံးပင် ရယ်ချင်စိတ်ကို မနည်း အောင့်ထားရ၏။

ယာဉ်တန်း၏ လေထုမှာတော့ အတော်လေး တက်ကြွလာခဲ့သည်။

သို့သော် ကောင်းကင်မှ ကျဆင်းလာသော မိုးမှာမူ တဖြည်းဖြည်း ပို၍ သည်းထန်လာ၏။

ကားခေါင်မိုးပေါ်သို့ မိုးစက်များ ရိုက်ခတ်သံမှာလည်း ပိုမို ကျယ်လောင်လာပြီး ပို၍ စိပ်လာသည်။

ချူချယ်က နောက်နှစ်ဆယ့်လေးနာရီအတွင်း ရာသီဥတု အပြောင်းအလဲကို ထပ်မံ အာရုံခံကြည့်၏။

ဤစွမ်းရည်သည် မိမိ၏ တည်နေရာ ပြောင်းလဲမှုအပေါ် မူတည်၍ ပြောင်းလဲသွားတတ်၏။

ဥပမာအားဖြင့် မနက်ခင်းတွင် ရာသီဥတုက မိုးရွာမည်ဟု အာရုံခံသိရှိနိုင်သည်။

သို့သော် နေ့လည်ပိုင်းသို့ ရောက်ချိန်၌ သင်သည် မိုင်ရာချီဝေးသော နေရာသို့ ရောက်ရှိနေပါက အာရုံခံသိရှိရသော ရာသီဥတုမှာလည်း ကွာခြားသွားပေမည်။

ဤသည်မှာ လမ်းပြသူတစ်ယောက်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်လွယ်မှုနှင့်အတူ ဆန်းကြယ်သော အာရုံခံစွမ်းရည်တို့ကို ပေါင်းစပ်ကာ ရာသီဥတုကို ရိုးရှင်းစွာ ကြိုတင်သိရှိနိုင်ခြင်း ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရာသီဥတု အပြောင်းအလဲအတွက်သာ သီးသန့်ဖြစ်သော ရိုးရှင်းသည့် ကြိုတင်ဟောကိန်းထုတ်နိုင်သော စွမ်းရည် တစ်ခုပင်။

သို့သော် တကယ့် ရာသီဥတု ခန့်မှန်းချက်နှင့်မူ အပြည့်အဝ မတူညီပေ။

ဥပမာအားဖြင့် ရာသီဥတု ခန့်မှန်းချက်သည် လက်ရှိ အခြေအနေများအပေါ် အခြေခံ၍သာ အနာဂတ် ရာသီဥတုကို ခန့်မှန်းနိုင်သည်။

သို့သော် လမ်းပြသူ၏ ဤစွမ်းရည်မှာမူ ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်းနှင့် ရွှံ့နွံပြိုကျခြင်းတို့ကိုပါ အတိုင်းအတာ တစ်ခုအထိ ကြိုတင် သိရှိနိုင်စွမ်း ရှိ၏။

ဥပမာအားဖြင့် ယခင်က စခန်းချရာနေရာရှိ ရေအိုင်များကို သူ မြင်တွေ့ခဲ့ရဖူးသည်။

ထိုရေအိုင်များသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ရာ ၎င်းမှာ သူ ကြိုတင် ဟောကိန်းထုတ်နိုင်သော အတိုင်းအတာထဲတွင် ပါဝင်နေ၏။

ထိုအချိန်တွင် ယာဉ်တန်းသည် ရှည်လျားသော လျှိုမြောင်ကြီး တစ်ခု၏ အလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အလယ်တွင်ကား ပျက်စီးယိုယွင်းနေသော လမ်းမကြီး ရှိ၏။

တစ်ဖက်တစ်ချက်စီတွင် စိမ်းလန်းစိုပြည်နေသော သစ်ပင်များနှင့် အစိမ်းရောင် သစ်ပင်များကြားတွင် ပေါ်လွင်နေသော ကျောက်ဆောင်တချို့ ရှိသည်။

ဤနေရာသည် ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် နာမည်ကြီးများ လာရောက် ဓာတ်ပုံရိုက်လေ့ရှိသည့် အကောင်းဆုံး နေရာတစ်ခု ဖြစ်မည်မှာ အသေအချာပင်။

သို့သော် ယခုအခါတွင်မူ...

မိုးရေများသည် တောင်စောင်းအတိုင်း လမ်းမပေါ်သို့ စီးကျလာ၏။

အချို့နေရာများတွင် မြေနိမ့်ကျမှု ပြဿနာကြောင့် နောက်ကျိနေသော ရေအိုင်ငယ်လေးများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ချန်းရီသည် ကားထဲတွင် ထိုင်ကာ ထိုရေအိုင်များကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ရန် စတီယာရင်ကို သတိထား၍ ထိန်းချုပ်မောင်းနှင်နေသည်။

ဤရေအိုင်အောက်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ရှိမရှိကို မည်သူမျှ မသိနိုင်ပေ။

ကားအရှိန်ကိုလည်း ထိန်းထားရမည့် အခြေအနေမျိုးတွင် ဖြစ်၏။

ဤကဲ့သို့သော လမ်းမပေါ်တွင် မောင်းနှင်နေရသဖြင့် ချန်းရီသည် အာရုံကို ရာခိုင်နှုန်းပြည့် စူးစိုက်ထားရပြီး ခေါင်းဆောင်ချူကို လှောင်ပြောင်နေရန်ပင် အချိန်မရတော့ပေ။

စကားပြောစက်ထဲတွင်လည်း အသံများ တိတ်ဆိတ်သွားသည်။

အားလုံးက လမ်းအခြေအနေကို ဂရုစိုက်နေကြသည်မှာ ထင်ရှားသည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ခေါင်းဆောင်ချူ၏ လမ်းကြောင်းအတိုင်း မောင်းနှင်နေစဉ်မှာပင်...

ကားအနောက်ပိုင်း အနည်းငယ် နိမ့်ကျသွားသကဲ့သို့ ချန်းရီ ရုတ်တရက် ခံစားရပြီး ကားတစ်စီးလုံး ရှေ့သို့ ဆောင့်တက်သွားသော်လည်း အားမပါဘဲ နောက်သို့ ပြန်ကျသွား၏။

ကားပေါ်မှ ဆင်းကြည့်စရာမလိုဘဲ ကား၏ နောက်ဘီးနှစ်ဘီးစလုံး ကျင်းထဲသို့ ကျသွားကြောင်း ချန်းရီ သိ၏။

အနောက်ဘက်ရှိ ကားကလည်း အရေးပေါ် ဘရိတ်အုပ်၏။

မောင်းသူမဲ့ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားသည် ချန်းရီ၏ကားကို နောက်မှ ဝင်တိုက်မိမတတ် ဖြစ်သွားသည်။

"ချန်းရီ... နင် ကားရော မောင်းတတ်ရဲ့လား"

ရှောင်ယွီ၏ ဒေါသတကြီး စွာတာတာအသံလေးက ကားနောက်မှ ထွက်ပေါ်လာပြီး အသံကိုသာ ကြားရကာ လူကိုတော့ မမြင်ရပေ။

ကျောဘက်မှလည်း အရေးပေါ် ဘရိတ်အုပ်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။

ချန်းရီလည်း ဘာလုပ်ရမှန်း မသိဖြစ်သွား၏။ သူသည် အမြဲတမ်း သတိထားနေခဲ့ပြီး ချူချယ်၏ ကားလမ်းကြောင်းအတိုင်း လိုက်မောင်းလာခဲ့ခြင်း ဖြစ်သည်။

သူ ဖြတ်သွားတုန်းကတော့ ဘာမှမဖြစ်ခဲ့။

ငါ ဖြတ်သွားတဲ့အချိန်ကျမှ ပြဿနာတက်ရတယ်လို့။

အစွမ်းပိုင်ရှင် တစ်ယောက်က ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ ကိုင်တွယ်ဖြေရှင်းပုံမှာ သာမန်လူများနှင့် မတူညီပေ။

ကားအောက်ပိုင်းမှ သံကြိုးတစ်ချောင်း ထွက်ပေါ်လာသည်ကို တွေ့ရပြီး သံကြိုး၏ ရှေ့ပိုင်းမှာ သိသိသာသာ တိုတောင်းနေ၏။

သို့သော် ထိုသို့ဖြစ်နေလင့်ကစား သံကြိုးက ရှေ့သို့ လှမ်းနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ကို ရစ်ပတ်ကာ ကားကို ဆွဲထုတ်ရန် ကြံရွယ်နေပုံရသည်။

နှမြောစရာကောင်းသည်မှာ သံကြိုး၏ အရှည်က မလုံလောက်ပေ။

"ကောင်းနေတဲ့ ကားလေးကို... အခုတော့နှမြောစရာပဲ... စုတ်ပြတ်သတ်နေပြီ" ရှောင်ယွီက နှုတ်ခမ်းဆူကာ ညည်းတွား၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ရှောင်ယွီ၏ ခေါင်းကို ခေါက်လိုက်သည်။

"နင်က ဘာသိလို့လဲ... ဒါက သဘာဝလွန်ပစ္စည်း... သဘာဝလွန်ပစ္စည်းလို့ ခေါ်တယ်... ငါ့မှာသာ ဒီလိုကားမျိုး တစ်စီးရှိရင် ဘယ်လောက်ပေးပေး မလဲဘူး"

"အစ်မဝမ်းကွဲ... သမီးတို့ ကားကလည်း မဆိုးပါဘူး... အကုန်လုံး ပြင်ဆင်ပြီးသားပဲကို"

ရှောင်ယွီက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ မကျေနပ်သည့် မျက်နှာထားဖြင့် ဆို၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဤကားသည် စံအိမ်ကြီးထဲမှ သူမ မောင်းထုတ်လာခဲ့ခြင်း ဖြစ်သည်။

သော့ကိုလည်း ထိုစံအိမ်ကြီးထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။

သူမတို့ နေထိုင်ခဲ့သော စံအိမ်ရာဝင်းမှာ ဈေးမပေါကြောင်း သိထားရမည်။ ထိုအိမ်ရှိ ရေချိုးခန်းတစ်ခုသည်ပင်လျှင် အခြားသူများ၏ တိုက်ခန်းတစ်ခန်းစာနှင့် ညီမျှပေသည်။

ထို့ကြောင့် ထိုစံအိမ်ရာဝင်းထဲတွင် နေထိုင်သူအားလုံးမှာ သူဌေး သို့မဟုတ် အရာရှိကြီးများသာ ဖြစ်ကြ၏။

ဤအဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား၏ မူလပိုင်ရှင်မှာလည်း ပိုက်ဆံမရှားသူ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

ဤကားပေါ်ရှိ အပြင်အဆင် အများအပြားမှာ အကောင်းဆုံး အဆင့်မြင့်ပစ္စည်းများဖြင့် တပ်ဆင်ထားခြင်း ဖြစ်ပြီး ခိုင်ခံ့ယုံကြည်ရမှုဖြစ်စေ၊ ဇိမ်ခံနိုင်မှု အဆင့်အတန်းဖြစ်စေ ချန်းရီ၏ ဤပစ်ကပ်ကားစုတ်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

သေချာပေါက် ခေါင်းဆောင်ချူ၏ ကားမှာလည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားနှင့် သိပ်ကွာခြားမှု မရှိပေ။

ခေါင်းဆောင်ချူသည် သတင်းအချို့ကို ကြိုတင်သိရှိထားပြီး အခြေအနေနှင့် ကိုက်ညီအောင် ကြိုတင်၍ အဆင့်မြှင့်တင်ထားခြင်း ဖြစ်နိုင်ကြောင်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခန့်မှန်းထားမိသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် အားကျစွာဖြင့် ပြောသည်။

"မတူဘူးလေ... ငါတို့ ကားက ကြည့်လို့ ခန့်ညားတယ် ဆိုပေမယ့် သူ့ကားက သဘာဝလွန်ပစ္စည်းလေ... ပြီးတော့ တဖြည်းဖြည်း အဆင့်မြင့်လာနိုင်တဲ့ သဘာဝလွန်ပစ္စည်း... အစက သာမန် စက်ဘီးအိုကြီး တစ်စီးကနေ အခု ပစ်ကပ်ကား အဖြစ် ပြောင်းလဲလာတာ... ဒီကားမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်"

"ဟွန့်... ဘာဖြစ်လဲ... အခုတော့ ကျင်းထဲကျသွားပြီပဲ... တက်လို့တောင် ရမှာမဟုတ်ဘူး"

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဘီးလေးဘီးမှာ အလကား လည်ပတ်နေသော်လည်း မြေပြင်က ရေစိမ်ခံထားရသဖြင့် ပျော့အိနေပြီး လုံးဝ အားပြု၍မရပေ။

ရှောင်ယွီက ချန်းရီ ကားပေါ်မှ ဆင်းလာတော့မည်ဟု ထင်မှတ်နေစဉ်မှာပင်...

ကားထဲမှ စိမ်းလန်းနုနယ်သော မိုးမခကိုင်း တစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရပြီး ထိုမိုးမခကိုင်းက သံကြိုးနှင့် ရှေ့ရှိ သစ်ပင်ကြီးကြားတွင် ချိတ်ဆက်ပေးသော အဆက်ကြိုးတစ်ခု အဖြစ် ပြောင်းလဲသွား၏။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် ကျင်းထဲမှ အလျင်အမြန် လွတ်မြောက်သွားလေသည်။

ယာဉ်တန်းက ခရီးပြန်ဆက်ကြသည်။

ဤဖြစ်စဉ် တစ်ခုလုံးတွင် ချန်းရီသည် ကားပေါ်မှပင် မဆင်းခဲ့ရပေ။

ဤတစ်ကြိမ်တွင်တော့ အားလုံးက သိသိသာသာ ပိုမို သတိထားလာကြသည်။

ကောင်းကင်မှာလည်း တဖြည်းဖြည်း မှောင်မည်းလာ၏။

ယာဉ်တန်းသည် ရပ်တန့်မည့် အရိပ်အယောင် မပြသေးပေ။

အားလုံးကလည်း ကားမီးများကို ဖွင့်လိုက်ကြသည်။

အခြေအနေများက ပို၍ ရှုပ်ထွေးလာတော့သည်။

ဆက်ရန်...

All Chapters