← Chapters

အခန်း ၂၆၆

Vol. 14 Ch. 266

အခန်း ၂၆၆

Vol. 14 Ch. 266

အပိုင်း(၂၆၆) အားလုံး အရှိန်တင်ကြပါ

"ခေါင်းဆောင်ချူ... ဘယ်အချိန်လောက် နားကြမလဲ... အချိန်လည်း တော်တော်လင့်နေပြီ"

"အခုဆို လမ်းက လုံးဝမမြင်ရတော့ဘူး... ညဘက် ကားမောင်းရတာ အရမ်းအန္တရာယ်များတယ်"

စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံ ထွက်ပေါ်လာ၏။

ကောင်းကင်က တဖြည်းဖြည်း မှောင်မည်းလာပြီ ဖြစ်သည်။

ညအချိန်ဆိုသည်မှာ ထူးဆန်းသောအရာများ အလှုပ်ရှားဆုံး အချိန်ပင် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က ညအချိန်များတွင် လရောင် မရှိသလောက်ပင် ဖြစ်ခဲ့၏။

ယာဉ်တန်း၏ မီးရောင်များသာ မရှိပါက ဤနေရာတစ်ခုလုံး အမှောင်အတိ ကျနေမည်မှာ သေချာသည်။

ကားမီးရောင်က လမ်းဘေးသို့ ဖြတ်ပြေးသွားချိန်တွင် လုံးဝ ပြိုလဲမသွားသေးဘဲ ကျန်ရှိနေသေးသော လမ်းမီးတိုင်အချို့ကို မြင်တွေ့နိုင်သေးသည်။

ထိုလမ်းမီးတိုင်များပေါ်တွင် အပင်အမျိုးမျိုး တွယ်ကပ်ပေါက်ရောက်နေ၏။

ဖြတ်ကနဲ ထိုးကျလာသော မီးရောင်အောက်တွင် ၎င်းတို့မှာ အဆိပ်ပြင်းမြွေများနှင့် အလားသဏ္ဌာန် တူနေသည်။

အချို့သော လမ်းမီးတိုင်များဆိုလျှင် သံချေးတက်ကာ အောက်ခြေမှ လုံးဝ ကျိုးကျပျက်စီးနေပြီ ဖြစ်သည်။

ဤကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့နေသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ထိုချို့ယွင်းပျက်စီးနေသော လမ်းမီးတိုင်များကို ကြည့်ရင်း လူသားတို့၏ ယဉ်ကျေးမှု ထွန်းတောက်ခဲ့ချိန်များကို မမေ့ကြရန် သတိပေးနေသကဲ့သို့ ရှိသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤလမ်းမကြီးသည် မီးရောင်များဖြင့် လင်းထိန်နေခဲ့မည်မှာ အသေအချာပင်။

သို့သော် ယခုအချိန်တွင်မူ ထိုလမ်းမီးတိုင်များ အားလုံး အလုပ်လုပ်ဆောင်ခြင်းကို ရပ်တန့်သွားခဲ့လေပြီ။

လမ်းကြောင်း ရှိနေသေးကြောင်း အကဲဖြတ်နိုင်ရန် ဤလမ်းမီးတိုင်များကို အားထားနေရခြင်းကပင် ၎င်းတို့၏ နောက်ဆုံးကျန်ရှိနေသော တာဝန်တစ်ခု ဖြစ်နေတော့သည်။

"တောင်းပန်ပါတယ်... လောလောဆယ် နားလို့မရသေးဘူး... ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ရမယ်"

စကားပြောစက်ထဲမှ ထွက်ပေါ်လာသော ချူချယ်၏ အသံမှာ အနည်းငယ် လေးနက်တည်ကြည်နေ၏။

ချူချယ်က ထိုစကားကို ပြောနေစဉ်မှာပင် သူ၏ အစွမ်းကို ထပ်မံ အသုံးပြုကာ လာမည့် (၂၄) နာရီအတွင်း ရာသီဥတု ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည်။

သူ အာရုံခံမိသော (၂၄) နာရီအတွင်းတွင် အလွန်ဆိုးရွားသော အခြေအနေမျိုး ပေါ်ပေါက်လာခြင်းတော့ မရှိပေ။

သို့သော် (၂၀) နာရီမြောက် အချိန်သို့ ရောက်သောအခါ...

တောင်တန်း နှစ်ဖက်စလုံးမှ သစ်ပင်အမြောက်အမြားသည် ရွှံ့နွံကျောက်တုံးများနှင့်အတူ အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ဤလမ်းမကြီးသည် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

သို့သော် အချိန် နာရီ (၂၀) ရနေသေးသဖြင့် ယာဉ်တန်း၏ လက်ရှိ အရှိန်နှုန်းအရဆိုလျှင် တဖြည်းဖြည်း ပျောက်ကွယ်တော့မည့် ဤတောင်ပေါ်လမ်းမှ လွတ်ကင်းအောင် ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

တရားမျှတရေး ယာဉ်တန်းသည် ဤလမ်းမကြီးကို ဖြတ်သန်းသွားမည့် နောက်ဆုံးသော ယာဉ်တန်း ဖြစ်သွားပေလိမ့်မည်။

နောက်ထပ် (၂၀) နာရီ ကြာပြီးနောက်တွင် ဤလမ်းမကြီးသည် လုံးဝ ရှိတော့မည် မဟုတ်ပေ။

"ဟာ..."

စကားပြောစက်ထဲမှ ကောင်မလေး၏ စိတ်ပျက်ညည်းတွားသံလေး ထွက်ပေါ်လာ၏။

"ကဲ... ရှေ့ဆက်ပြီး ငါတို့ အရှိန်တင်မှ ရတော့မယ်"

ချူချယ်၏ အသံက အနည်းငယ် တင်းမာလေးနက်နေသည်။

အချိန် (၂၀) နာရီသာ လိုတော့သည် မှန်သော်လည်း...

ချူချယ်ကမူ လုံခြုံစိတ်ချရမှု မရှိသေးဟု ခံစားနေရဆဲဖြစ်ပြီး အရှိန်ထပ်တင်ချင်နေသေး၏။

"ခေါင်းဆောင်ချူ... ဘာတွေ မြင်လိုက်ရလို့လဲ"

ချန်းရီက ချူချယ်၏ စကားသံထဲမှ စိတ်ခံစားမှု အပြောင်းအလဲကို ထက်မြက်စွာ ဖမ်းဆုပ်မိသွားသည်။

ချူချယ်မှာ ချန်းရီ၏ ထက်မြက်လှသော အကဲခတ်နိုင်စွမ်းကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။

သို့သော် သူက ဆက်ပြောလိုက်သည်။

"ထူးထူးခြားခြားတော့ မရှိပါဘူး... အန္တရာယ်တစ်ခုခု ရှိနေသလို ခံစားနေရလို့ပါ"

"ငါတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြရအောင်"

"ဒီနေရာက လုံးဝ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်... မိုးကလည်း ပိုသည်းလာပြီ"

ဤစကားကို ပြောပြီးနောက်...

ခေါင်းဆောင်ချူက ရာသီဥတု အခြေအနေ အပြောင်းအလဲကို နောက်တစ်ကြိမ် ထပ်မံ အာရုံခံကြည့်လိုက်ပြန်သည်။

ယခင် အာရုံခံမိခဲ့သည်များနှင့် အတူတူပင် ဖြစ်သည်။

ပိုမို ဆိုးရွားသော အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်းတော့ မရှိပေ။

အခြေအနေက လုံလောက်အောင် ဆိုးရွားနေပြီဖြစ်၍ ကောင်းကင်ဘုံက နောက်ထပ် ဘေးအန္တရာယ်များကို ထပ်မံ မချပေးချင်တော့၍လည်း ဖြစ်နိုင်ပေသည်။

သို့သော် သူ၏ စိတ်ထဲရှိ မလုံခြုံသည့် ခံစားချက်ကတော့ ပိုမို ကြီးထွားလာခဲ့၏။

မိုးက တဖြည်းဖြည်း ပို၍ သည်းလာသည်။

သဲကြီးမဲကြီး ရွာသွန်းနေသည့် အဆင့်ထိ မရောက်သေးသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ရွာသွန်းခဲ့သော မိုးဖွဲဖွဲလေးများနှင့် နှိုင်းယှဉ်လျှင်တော့ အများကြီး ပိုသည်းနေပြီ ဖြစ်သည်။

အားလုံး စကားပြောနေကြချိန်တွင်ပင် စကားပြောစက်ထဲမှ နောက်ခံ မိုးရွာသံများကိုပါ ကြားနေရ၏။

မိုးအရမ်းသည်းနေသောကြောင့် စကားပြောစက်၏ လှိုင်းဖမ်းယူနိုင်စွမ်းမှာလည်း အနည်းငယ် ထိခိုက်နေသည်။

"ဟုတ်တယ်... မိုးက အရမ်းသည်းနေတာ... ဒီလို ရာသီဥတုမျိုးဆိုရင် မြေပြိုကျတာတို့... တောင်ပြိုတာတို့ ဖြစ်ဖို့ အရမ်းများတယ်... ကျွန်မတို့ မြန်မြန် ဖြတ်သွားမှ ရမယ်"

တင်းတုံကလည်း ချူချယ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်သည်။

"ဒါပေမဲ့ ငါတို့ အခု မောင်းနေတဲ့ အရှိန်က လုံလောက်အောင် မြန်နေပြီလေ... ဒီထက် ပိုမြန်မယ်ဆိုရင် အန္တရာယ်များလိမ့်မယ် ထင်တယ်"

ဤလမ်းမကြီးကို ပြုပြင်ထိန်းသိမ်းမှု မလုပ်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ရာ ပေါင်းပင် မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်ကိုပင် ထည့်ပြောနေစရာ မလိုတော့ပေ။

လမ်းမပေါ်တွင် ပြိုကျနေသော ကျောက်တုံး ကျောက်ခဲများကလည်း အများအပြား ရှိနေသည်။

အချို့သော ကျောက်တုံးများဆိုလျှင် လူတစ်ရပ်ကျော်ခန့်ပင် မြင့်မားနေ၏။

ယခင်က တစ်နာရီ မိုင်(၃၀) ဝန်းကျင်ခန့် အရှိန်နှုန်းဖြင့် ထိန်းပြီး မောင်းနှင်နိုင်ခဲ့သေးသည်။

ယခုကဲ့သို့ ဆိုးရွားလှသော အခြေအနေမျိုးတွင် မိုင်(၃၀) နှုန်း မဆိုထားနှင့် တစ်ခါတစ်ရံတွင် (၁၂) မိုင်နှုန်းခန့်ကိုပင် ရအောင် မမောင်းနိုင်တော့ချေ။

"ချန်းရီ... ရှေ့ဆက်မယ့်လမ်းမှာ မင်းက ရှေ့ဆုံးကနေ ဦးဆောင်မောင်းပေး... မင်းနောက်ကနေ ငါ လိုက်မယ်"

"ကျန်တဲ့ကားတွေ အုပ်စုမကွဲစေနဲ့"

"ကြားပါတယ်"

"ကြားပါတယ်"

"ကြားပါတယ်"

ချန်းရီက လီဗာကို နင်းကာ ချူချယ်၏ ကားကို ကျော်တက်သွားပြီး ရှေ့ဆုံးမှ ဦးဆောင်မောင်းနှင်လိုက်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် ထူးဆန်းသော ပစ္စည်းတစ်ခု ဖြစ်ပြီး နေရာအတော်များများတွင် သေချာစွာ အဆင့်မြှင့်တင် ပြုပြင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးကို မမီသေးသည်မှာ မှန်သော်လည်း...

အခြားသော အချို့အချက်များတွင်မူ ထိုကားနှစ်စီးသည် ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ဥပမာအားဖြင့် ချန်းရီက လမ်းအလယ်တွင် ပေါက်နေသော လူကြီးတစ်ယောက်၏ လက်မောင်းလုံးခန့်ရှိသည့် အမည်မသိ သစ်ပင်တစ်ပင်ကို မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ တိုက်ရိုက် ဝင်တိုက်ချိုးပစ်လိုက်ခြင်းမျိုး ဖြစ်သည်။

ကားတစ်စီးလုံးက အနည်းငယ်မျှပင် တုံ့ဆိုင်းမသွားခဲ့ချေ။

အကယ်၍ အခြား လမ်းကြမ်းမောင်းကား နှစ်စီးသာ ဆိုလျှင် ထိုသို့ ဝင်တိုက်နိုင်မည် မှန်သော်လည်း...

ဤမျှ ချောမွေ့နေမည်တော့ မဟုတ်ပေ။

"ခေါင်းဆောင်ချူ... ခေါင်းဆောင်ချူ... ကျောင်းကားက ဆီကုန်နေပြီ... ကျွန်တော်တို့ ကားရပ်ပြီး ဆီဖြည့်မှ ရမယ်"

ဤသည်မှာ ထိပ်ပြောင်ကြီး လောင်လီ၏ အသံ ဖြစ်သည်။

"မြန်မြန် လုပ်ကြ"

ချန်းရီက ကားအရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

ထိုကျောင်းကားပေါ်တွင် ထယ်ရှီးလည်း ပါသေး၏။

အကယ်၍ ထိုကားပေါ်တွင် ထယ်ရှီးသာ မပါပါက ချန်းရီသည် သူတို့ကို စောင့်ရန် ဤမျှ လွယ်လွယ်ကူကူ ရပ်ပေးမည် မဟုတ်ပေ။

အလွန်ဆုံး အရှိန်နည်းနည်း လျှော့ပြီး သူတို့ကို အမီလိုက်ခိုင်းမည်သာ ဖြစ်သည်။

ထို့အပြင် ချန်းရီသည် ချူချယ်၏ စကားသံထဲမှ စိုးရိမ်တကြီး ဖြစ်နေမှုကိုပါ ခံစားသိရှိနေ၏။

လမ်းပြသူ လမ်းစဉ် အဆင့် (၁) ၏ အမည်မှာ "အန္တရာယ်အာရုံခံနိုင်သူ" ဖြစ်ကြောင်း သိထားရမည်။

ချူချယ်က အန္တရာယ်သည် မည်သည့်နေရာမှ လာနေသည်ကို အတိအကျ မပြောနိုင်သော်လည်း သူကိုယ်တိုင် အန္တရာယ်ကို ခံစားနေရပြီဆိုလျှင် အန္တရာယ်က တကယ်ပင် နီးကပ်လာပြီ ဖြစ်ကြောင်း သေချာသလောက် ရှိနေပြီ ဖြစ်သည်။

လူအများစု၏ လမ်းစဉ်အဆင့်မှာ နိမ့်ကျလွန်းနေသဖြင့် ချက်ချင်း သတိမထားမိကြခြင်းသာ ဖြစ်သည်။

အခြားသော ကားအချို့ကလည်း ရပ်တန့်လိုက်ကြသည်။

ချန်းရီက ဆီတိုင်ကီကို တစ်ချက် ကြည့်လိုက်ရာ ဆီတစ်ဝက်ကျော်ခန့် ကျန်နေသေးသည်။

အဆင့်မြှင့်တင် ပြုပြင်ထားသော ဆီတိုင်ကီမှာ ဂါလန် (၅၀) ခန့် ဆံ့သဖြင့် အဝေးကြီးအထိ မောင်းနှင်သွားရန် လုံလောက်နေသေး၏။

ချူချယ်ကလည်း ထူးဆန်းသောအရာများ၏ အငွေ့အသက်များနှင့် ရာသီဥတု ပြောင်းလဲမှုများကို အစွမ်းအသုံးပြု၍ ဆက်တိုက် အာရုံခံကြည့်နေသည်။

ကျောင်းကား ရပ်တန့်သွားပြီးနောက်...

အသက်ရှင်ကျန်ရစ်သူ လေးငါးယောက်ခန့်က ချက်ချင်းပင် အလျင်အမြန် လှုပ်ရှားလာကြသည်။

တစ်ယောက်က အသင့်သိမ်းဆည်းထားသော ဆီပုံးများကို သွားရှာသည်။

အချို့က ဆီတိုင်ကီ အဖုံးကို သွားဖွင့်ကြသည်။

ယာဉ်တန်း ခရီးဆက်နေစဉ်အတွင်း ဆီဆိုင်အချို့ကို မကြာခဏ ဖြတ်သန်းသွားလေ့ ရှိသည်။

ထိုသို့ ဖြတ်သန်းသွားတိုင်း ယာဉ်တန်းက ရပ်တန့်ကာ အရန်ဆီများကို ဖြည့်တင်း သိမ်းဆည်းလေ့ ရှိ၏။

ယာဉ်တန်းတွင် လောလောဆယ် ဆီမလိုသေးလျှင်တောင်မှ သူတို့က ထိုသို့ အမြဲ လုပ်ဆောင်လေ့ ရှိကြသည်။

...

ယာဉ်တန်း ပြန်လည် ထွက်ခွာလာချိန်တွင်...

ကားအရှိန်မှာ ယခင်ကထက် ပိုမို မြန်ဆန်လာသည်။

ချန်းရီက ရှေ့ဆုံးမှ ဦးဆောင်မောင်းနှင်နေဆဲပင်။

ကားမီးရောင်က ရှေ့လမ်းကို လင်းထိန်သွားစေပြီး ပေါင်းပင်၊ ခြုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေသည်ကို မြင်တွေ့ရသည်။

သို့သော် ထိုအရာများက ချန်းရီအတွက်တော့ သိပ်ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။

ယာဉ်တန်းက ရှေ့သို့ ဆက်လက် ချီတက်နေသရွေ့ ချူချယ်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများက အနည်းငယ်တော့ ငြိမ်သက်သွားသကဲ့သို့ ခံစားရသည်။

ထို့နောက် သူက အကျင့်ပါနေသဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထပ်မံ အာရုံခံကြည့်လိုက်ပြန်၏။

တစ်ခုခုတော့ မှားနေပြီ...

ဒါက...

ဤတစ်ကြိမ်တွင်မူ... ခေါင်းဆောင်ချူ၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားတော့သည်။

မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများပင် ပေါ်လွင်နေ၏။

ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ...။

ခုနကတင် ဒီလိုမျိုး မဟုတ်သေးပါဘူး...။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။

မဟုတ်သေးဘူး... နောက်တစ်ခေါက် ပြန်စမ်းကြည့်ဦးမယ်...။

ဤတစ်ကြိမ်တွင်တော့ ခေါင်းဆောင်ချူက လာမည့် (၂၄) နာရီအတွင်း ရာသီဥတု ပြောင်းလဲမှုများကို အလွန် သေချာစွာ အာရုံခံကြည့်လိုက်သည်။

သို့သော် ဤတစ်ကြိမ်၌ ခေါင်းဆောင်ချူ၏ မျက်နှာကြီးက ဖြူရော်သွားတော့၏။

လက်များကလည်း အနည်းငယ် တုန်ယင်နေသည်။

ရှေ့မှ ကားမောင်းနေသော ရွှီနန်နှင့် ဘေးခုံမှ ရှောင်ဖူတို့သည် ချူချယ်၏ စိတ်လှုပ်ရှားမှု အပြောင်းအလဲကို သတိမထားမိကြသည်မှာ သေချာလှသည်။

သူတို့နှစ်ယောက်လုံးက လမ်းအခြေအနေကိုသာ အာရုံစိုက်နေကြသည်။

"စကား... စကားပြောစက်ကို ပေးစမ်း"

ချူချယ်၏ အသံများက တုန်ယင်နေသည်။

သူ၏ စိတ်ထဲတွင်လည်း သူ့ကိုယ်သူ ထပ်တလဲလဲ မေးခွန်းထုတ်နေမိ၏။

မဟုတ်သေးပါဘူး...။

အရင်က ရလဒ်က ဒီလိုမျိုး မဟုတ်ပါဘူး...။

ဒီလို ဖြစ်ရမှာ မဟုတ်ဘူးလေ...။

ထိုအခါမှသာ ရွှီနန်နှင့် ရှောင်ဖူတို့က ခေါင်းဆောင်ချူ ပုံမှန်မဟုတ်ဖြစ်နေသည်ကို သတိပြုမိသွားကြသည်။

သူတို့နှစ်ယောက်လည်း စတင် စိုးရိမ်လာကြသော်လည်း ရှောင်ဖူက စကားပြောစက်ကို ချူချယ်ထံသို့ ကမ်းပေးလိုက်သည်။

ချူချယ်က တံတွေးတစ်ချက် မျိုချလိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသော စိတ်ကို အတင်း ဖိနှိပ်ထားလိုက်၏။

"အား... အားလုံးပဲ"

ရိုးရှင်းလှသော စကားတစ်ခွန်းကိုပင် ခေါင်းဆောင်ချူက အလွန် ခက်ခဲစွာ ပြောလိုက်ရသည်။

"အရှိန်... တင်... ကြပါ"

ဆက်ရန်...

All Chapters