← Chapters

အခန်း ၂၆၇

Vol. 14 Ch. 267

အခန်း ၂၆၇

Vol. 14 Ch. 267

အပိုင်း(၂၆၇) ကမ္ဘာပျက်ကပ် ခံတပ်နှင့် ပျော်ရွှင်သော မင်းသားလေး

ခုလေးတင် ချူချယ်က ရာသီဥတု အပြောင်းအလဲများကို ပြန်လည် အာရုံခံလိုက်သည်။

လမ်းပြသူ တစ်ယောက်အနေဖြင့် ရာသီဥတု၏ ခန့်မှန်းရခက်သော ပြောင်းလဲမှုများကို သူ သဘာဝကျကျပင် သိရှိထား၏။

ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှုများကို အချိန်ပြည့် စောင့်ကြည့်နေရန်မှာ ချူချယ်၏ လက်ရှိ အဓိက တာဝန်တစ်ခု ဖြစ်လာခဲ့သည်။

ဤအချိန်တွင် ထူးဆန်းသည့် အရာများကပင် ဒုတိယဦးစားပေး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရွှံ့ရည်နှင့် ကျောက်တုံးများ ပြိုကျမည့် အချိန်က အစောပိုင်းတုန်းက နာရီ (၂၀) ခန့် လိုသေးသည် မဟုတ်ပါလော။

ယခုတော့ ထိုအချိန်က (၁၀) နာရီအတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မူလက (၁၅) နာရီခန့် နေမှသာ သည်းထန်သော မိုးသက်မုန်တိုင်း ကျရောက်မည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော် ယခုအခါ ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီခန့်သာ လိုတော့ပြီး သည်းထန်သော မိုးသက်မုန်တိုင်းက မကြာမီ ကျရောက်လာတော့မည် ဖြစ်သည်။

ဘေးအန္တရာယ် အားလုံးနီးပါးသည် မူလအချိန်ထက် ထက်ဝက်ခန့် စော၍ ရောက်ရှိလာတော့မည် ဖြစ်သည်။

မူလကတည်းက ဆိုးရွားနေသော ရာသီဥတုသည် ယခုအခါ ပို၍ပင် ဆိုးရွားလာခဲ့ချေပြီ။

ပြင်းထန်သော ရာသီဥတု အခြေအနေသည်လည်း ယခုအခါ ပို၍ပင် ပြင်းထန်လာခဲ့သည်။

အစောပိုင်းကတည်းက ချူချယ်က ယာဉ်တန်းကို အကြိမ်ကြိမ် အရှိန်မြှင့်ရန် အမိန့်ပေးခဲ့သည်။

ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်မလာစေရန် ရှောင်ရှားနိုင်ရန်အတွက် ဖြစ်သည်။

မူလက အာရုံခံသိရှိထားသော ရာသီဥတု ပြောင်းလဲမှုများအရ...

နာရီ (၂၀) ဆိုသော အချိန်သည် ယာဉ်တန်းအနေဖြင့် ဤဆိုးရွားလှသော ရာသီဥတုမှ လွတ်မြောက်ရန် လုံလောက်သော အချိန်ဖြစ်သည်။

ချူချယ်သည် ရာသီဥတု ပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ ယာဉ်တန်း၏ လုံခြုံရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရှိန်ကို အကြိမ်ကြိမ် မြှင့်တင်ခိုင်းခဲ့သည်။

ချူချယ်၏ ခန့်မှန်းချက်အရ ဤလမ်းသည် မည်မျှပင် ရှည်လျားစေကာမူ နာရီ (၂၀) အတွင်း ဤချောက်ကမ်းပါးလမ်းကျဉ်းလေးထဲမှ သေချာပေါက် မောင်းနှင်ထွက်ခွာနိုင်မည် ဖြစ်သည်။

သို့သော် ယခုတော့...

သူက လုံလောက်အောင် သတိထားနေခဲ့ပါလျက်နှင့်။

ရွှံ့ရည်နှင့် ကျောက်တုံးများ ပြိုကျမှုက စောလာခဲ့သည်။

ထိုသို့ဆိုပါက ယာဉ်တန်းသည် များပြားလှသော ရွှံ့နွံများအောက်တွင် နစ်မြုပ်သွားပေလိမ့်မည်။

အစွမ်းပိုင်ရှင်များက အသက်ရှင် ကျန်ရစ်ကောင်း ကျန်ရစ်နိုင်ပေမည်။

သို့သော် သာမန် အသက်ရှင်ကျန်ရစ်သူများကတော့ အားလုံး သေဆုံးသွားရမည်မှာ သေချာသလောက်ပင်။

ထိုမျှမက ကားများအားလုံးသည်လည်း လွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။

ချန်းရီ၏ ကားက သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်နေလျှင်ပင်။

ဤကပ်ဘေးမှ လွတ်မြောက်ရန် နည်းလမ်း ရှိမည်မထင်ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းဆောင်ချူ ခေါ် ချူချယ်၏ နဖူးပေါ်တွင် ချွေးစေးကြီးများ ပေါ်ထွက်လာခဲ့သည်။

ခေါင်းဆောင်ချူ၏ ခေါင်းပေါ်ရှိ ကျဲပါးနေသော ဆံပင်အနည်းငယ်မှာ စိုသွားပြီး ဦးရေပြားပေါ်တွင် ကပ်နေတော့သည်။

သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ချွေးများဖြင့် ရွှဲနစ်နေ၏။

ချူချယ်၏ စိတ်လှုပ်ရှား ထိတ်လန့်နေမှုက ရွှီနန်နှင့် ရှောင်ဖူတို့အပေါ်သို့ သဘာဝကျကျပင် သက်ရောက်သွားခဲ့သည်။

သို့သော် သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ မဟကြဘဲ ကားကိုသာ ဆက်လက် မောင်းနှင်နေကြသည်။

"အား... အားလုံးပဲ"

"အ... အရှိန်... တင်... တင်ကြပါ"

ရိုးရှင်းသော စကားလုံး အနည်းငယ်ကိုပင် ခေါင်းဆောင်ချူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုနေရသည်။

ချူချယ်၏ ထိတ်လန့်တုန်လှုပ်နေသော အသံက စကားပြောစက်မှတစ်ဆင့် လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

လမ်းပြသူ လမ်းစဉ်မှ အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် ပုံမှန်မဟုတ်သော၊ သို့မဟုတ် ရူးသွပ်နေသော အငွေ့အသက် မြောက်မြားစွာကို သူ အာရုံခံခဲ့ဖူးသည်။

ထိုသို့ အကြိမ်ကြိမ် တွေ့ကြုံခဲ့ရသဖြင့် သူ၏ နှလုံးသားက သံမဏိကဲ့သို့ မာကျောနေခဲ့ပြီ ဖြစ်သည်။

သာမန် ကိစ္စရပ်များက လမ်းပြသူ အစွမ်းပိုင်ရှင် တစ်ယောက်ကို ထိတ်လန့်တုန်လှုပ်သွားစေရန် အလွန် ခဲယဉ်းလှသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ...

ချူချယ်၏ အသံထဲမှ အကြောက်တရားများကို လူတိုင်း ကြားသိလိုက်ကြရသည်။

"ချူချယ်... ဘာဖြစ်လို့လဲ"

ချန်းရီက ပထမဆုံး မေးမြန်းလိုက်သည်။

ချူချယ်က တံတွေးတစ်ချက် မျိုချလိုက်သည်။

ချူချယ်က စကားကို ခေတ္တရပ်လိုက်ပြီး တံတွေးကို ထပ်မံ မျိုချကာ ပြောလိုက်သည်။

"ငါ... ငါ ခုလေးတင် မြင်လိုက်ရတာက... ဒီနေရာက... (၁၀) နာရီကြာပြီးတဲ့နောက်မှာ... မဟုတ်ဘူး... အဲဒီထက်တောင် စောချင်စောမယ်... မြေပြန့်ကြီး ဖြစ်သွားလိမ့်မယ်"

"ဘာ"

စကားပြောစက်ထဲမှ နားကွဲမတတ် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

"ခေါင်းဆောင်ချူ... ရှင်... ရှင် ဘာပြောလိုက်တာလဲ"

"ဒီနေရာက"

စကားပြောစက်ထဲမှ ထွက်ပေါ်လာသော အသံမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ပုံမှန်မဟုတ်သော အသံပင် ဖြစ်သည်။

ချန်းရီက ပျက်စီးနေသော နိုင်ငံတော် အဝေးပြေးလမ်းမကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်တန်းများကို ကြည့်လိုက်သည်။

မှောင်မိုက်နေသော ညအချိန်တွင် တစ်ဖက်တစ်ချက်ရှိ တောင်တန်းများသည် ကြောက်မက်ဖွယ် ကောင်းသော သားရဲကြီး နှစ်ကောင်နှင့် တူနေပြီး ပြင်းထန်သော ဖိအားများက လူကို ကြက်သီးမွေးညင်း ထစေသည်။

ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှု တစ်ခုက မသိမသာ ကိန်းအောင်းနေခဲ့သည်။

ယခုတော့ ချူချယ်၏ စကားကြောင့် ထိုစိုးရိမ်မှုက အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။

"ကဲ... အားလုံးပဲ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ငါလည်း မသိဘူး"

"အစကတော့ ငါတို့ ဒီနေရာကနေ လွတ်မြောက်ဖို့ လုံလောက်တဲ့ အချိန်ရှိတယ်လို့ ထင်ခဲ့တာ"

"ဒါပေမဲ့ အခုကြည့်ရတာ အချိန်မလောက်တော့ဘူး ထင်တယ်"

ယခင်က ဤကဲ့သို့သော အခြေအနေမျိုး မဖြစ်ဖူးသည်တော့ မဟုတ်ပေ။

အများဆုံး ဖြစ်တတ်သည်မှာ ယနေ့ မိုးမရွာရမည့် အချိန်တွင် မိုးဖွဲဖွဲလေး ရွာသွန်းခြင်းမျိုး ဖြစ်သည်။

သို့မဟုတ် မိုးရွာရမည့် နေ့တွင် နေသာနေခြင်းမျိုး ဖြစ်သည်။

အလွန်ဆုံး ပြောင်းလဲလှ ထိုမျှသာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ...

ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ရာသီဥတု ပြောင်းလဲမှုမှာ ခန့်မှန်းရ ခက်ခဲလာပြီး အမြဲလိုလို အလွန် ပြင်းထန်လွန်းလှသည်။

ချူချယ်က သူမြင်တွေ့ခဲ့ရသော အခြေအနေများကို စကားပြောစက်မှတစ်ဆင့် လူအားလုံးကို ပြောပြလိုက်သည်။

နာရီအနည်းငယ် ကြာပြီးနောက် ဤနေရာသည် များပြားလှသော မိုးရေများအောက်တွင် နစ်မြုပ်သွားမည်ဖြစ်ပြီး ဤလမ်းကြီးသည် မြစ်ငယ်လေး တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ဤမျှသာ ဆိုလျှင်တော့ ကိစ္စမရှိလှပေ။

မည်သို့ပင်ဖြစ်စေ အစွမ်းပိုင်ရှင်များ ပါဝင်သော ယာဉ်တန်းတစ်ခုကို မြစ်ငယ်လေး တစ်စင်းက လွယ်လွယ်ကူကူ တားဆီးထားနိုင်မည် မဟုတ်ပေ။

သို့သော် ဆက်တိုက် ပြောလာသော စကားများကသာ လူတိုင်းကို ရင်ထဲ အေးစက်သွားစေခဲ့သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများထဲတွင်။

တစ်ဖက်တစ်ချက်ရှိ တောင်တန်းများသည် မိုးရေ၏ တိုက်စားမှုကို ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးတွင် တောင်ပြိုကျမှု ဖြစ်ပေါ်လာကာ များပြားလှသော ရွှံ့နွံများက တောင်ပေါ်ရှိ သစ်ပင်များကိုပါ တိုက်စားသယ်ဆောင်လာမည် ဖြစ်သည်။

ထိုအခါ ယခုမှ ဖြစ်တည်လာသော မြစ်ငယ်လေးမှာ ရွှံ့ရည်များအောက်တွင် နစ်မြုပ်သွားပေလိမ့်မည်။

ဤလမ်းကြီးသည်လည်း လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

"(၁၀) နာရီဆိုတော့လည်း... ခေါင်းဆောင်ချူရယ်... ရှင်ကလည်း လန့်သွားတာပဲ"

"ဘာမှ ပြဿနာ မရှိပါဘူး"

ကောင်မလေး၏ တက်ကြွရွှင်လန်းနေသော အသံက ချူချယ်၏ စိုးရိမ်မှုကို မလျှော့ကျစေနိုင်ခဲ့ပေ။

ချန်းရီ၏ အသံကမူ ရှားရှားပါးပါးပင် တည်ငြိမ်လေးနက်နေသည်။

"ဒီလို မဟုတ်ဘူး... ရွှံ့ရည်ပြိုကျတာက တစ်ကြိမ် စောလာနိုင်တယ်ဆိုရင် ဒုတိယအကြိမ်လည်း စောလာနိုင်တာပဲ"

"မဟုတ်ရင် အခြေအနေ ပြောင်းလဲသွားတာနဲ့"

ချန်းရီ၏ စကားပင် မဆုံးလိုက်သေးပေ။

အခြားလူများက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အင်ဂျင်မှ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည်ကို မြင်လိုက်ကြရသည်။

"ကျစ်... ရွှီနန်... အရှိန်တင်စမ်း"

စကားပြောစက်ထဲမှ ချူချယ်၏ အော်သံကြီး ထွက်ပေါ်လာသည်။

ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားဆီမှလည်း ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

ဤကား၏ စွမ်းဆောင်ရည်သည် ချန်းရီ၏ ၂.၀ အင်ဂျင်ဖြင့် ယှဉ်နိုင်သော အရာမဟုတ်ပေ။ မကြာမီမှာပင် ချန်းရီ၏ကားကို မီသွားပြီး ကျော်တက်မည့် အရိပ်အယောင်ပင် ပြနေသည်။

"ရှောင်ယွီ... မြန်မြန်... မြန်မြန်... လိုက်ကြစို့"

ကုန်တင်ကားလေးနှင့် ကျောင်းကား၏ အင်ဂျင်များမှလည်း ဆူညံသော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး အနောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။

လမ်းဘေးရှိ မြက်ရိုင်းများနှင့် သစ်ကိုင်းများက ကားကိုယ်ထည်နှင့် ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော စူးရှသော အသံများက လူတိုင်း၏ အာရုံကြောများကို အလွန်အမင်း တင်းမာသွားစေသည်။

ကျိုးရှောင်ရှောင်က လီဗာကို အဆုံးထိ နင်းထားပြီး ဖြစ်သည်။

ကား၏ စွမ်းဆောင်ရည်ကို ယှဉ်ကြည့်မည်ဆိုပါက ကြော်ငြာ ကပ်ထားသော ဤကုန်တင်ကားလေးသည် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးကို ယှဉ်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။

သို့သော် အမီမလိုက်နိုင်ပါက နောက်ကျန်ရစ်ခဲ့ရမည့် အကျိုးဆက်ကို ကျိုးရှောင်ရှောင်က မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိရှိထားသည်။

အနောက်မှ ကျောင်းကားအနေဖြင့်မူ...

ကျောင်းကားထဲတွင် လူအများဆုံး ပါဝင်ပြီး ဝန်အလေးချိန်မှာလည်း အများဆုံး ဖြစ်သည်။

ကျောင်းကားပေါ်ရှိ လူများမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး သူတို့၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာများကို မည်သို့မျှ ထိန်းချုပ်၍ မရနိုင်တော့ပေ။

သို့သော် ခေါင်းဆောင်ချူ၏ ဆုံးဖြတ်ချက်ကို မည်သူကမျှ သံသယ မဝင်ကြချေ။

လူတိုင်းက မိမိတို့ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထိန်းထားနိုင်ရန် ဖမ်းကိုင်စရာ ရှိသည်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။

ကားက ရူးသွပ်စွာ ဆောင့်တက်ဆောင့်ကျ ဖြစ်နေသည်။

ထိပ်ပြောင်ကြီး လောင်လီ၏ နဖူးပေါ်တွင်လည်း ချွေးစေးများ အပြည့်ဖြစ်နေသည်။

လက်ဖဝါးထဲတွင်ပင် ချွေးစေးများ ထွက်နေသော်လည်း ထိုချွေးများကို သုတ်ရန်ပင် သူ သတိမရတော့ပေ။

ကံကောင်းသည်မှာ ကျောင်းကား သွားရသော လမ်းကြောင်းသည် ရှေ့မှကားများ ဖိကြိတ်သွားသော လမ်းကြောင်းဖြစ်သဖြင့် လမ်းအခြေအနေက အနည်းငယ် ပို၍ ကောင်းမွန်နေခြင်း ဖြစ်သည်။

ဤကားတွင် သီးသန့် ပြုပြင်ထိန်းသိမ်းသူများ ရှိပြီး နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။

ဤကားကို ပြုပြင်ထိန်းသိမ်းရသော အသက်ရှင်ကျန်ရစ်သူ အချို့က ဤကားကို သူတို့၏ မျက်လုံးများထက်ပင် ပို၍ တန်ဖိုးထားကြသည်။

ဤအချိန်တွင် ချန်းရီက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ သီးသန့် အစွမ်းများကို အပြည့်အဝ ဖွင့်လှစ်ထားလိုက်ပြီဖြစ်ရာ ဤကား၏ သေးငယ်သော တုံ့ပြန်မှုတိုင်းကို ချန်းရီက အတိအကျ သိရှိနေသည်။

ယခုအချိန်တွင် ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ထိန်းချုပ်မောင်းနှင်နိုင်စွမ်းမှာ လက်မအတိုင်းအတာအထိ အတိအကျ ဖြစ်နေပြီ ဖြစ်သည်။

ဘီးများ ကြိတ်နင်းသွားသော မြေပြင်၏ နေရာတိုင်းသည် အကောင်းဆုံး ရွေးချယ်မှုများသာ ဖြစ်သည်။

၂.၀ အင်ဂျင်သာ ဖြစ်ပါလျက်နှင့်။

ချူချယ်၏ ကားအနောက်မှ တင်းကြပ်စွာ ကပ်လျက် လိုက်ပါနေသည်။

ကားနှစ်စီးကြားရှိ အကွာအဝေးကို အများကြီး ကွာဟသွားစေခြင်း မရှိပေ။

အကယ်၍ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ယောက်သာ ဤအချိန်ရှိ ချန်းရီကို မြင်တွေ့သွားပါက သေချာပေါက် အံ့သြမှင်တက်သွားပေလိမ့်မည်။

ချန်းရီ၏ ဤကဲ့သို့ တိကျသေချာသော မောင်းနှင်မှုသည် ကားပြိုင်ပွဲ ရုပ်ရှင်များထဲတွင် ထည့်သွင်းထားလျှင်ပင် အနည်းငယ်မျှ ညံ့ဖျင်းနေမည် မဟုတ်ပေ။

သို့သော် ချန်းရီက ထိုမျှအထိ တိကျစွာ မောင်းနှင်နေသော်လည်း။

သူ၏ တင်ပါးက ထိုင်ခုံပေါ်တွင် အချိန်ထက်ဝက်ကျော်ခန့်ပင် ကပ်မနေနိုင်ဘဲ အကြိမ်ကြိမ် ဆောင့်တက် ဆောင့်ကျ ဖြစ်နေရသည်။

ချန်းရီက သူ့ကားနှင့် ယှဉ်လျက် ပြေးနေသော ရှောင်ယွီ၏ ခေါင်းကိုပင် လှမ်းမြင်နေရသည်။

သိထားရမည်မှာ ဤကောင်မလေးသည် အလိုအလျောက် မောင်းနှင်မှုစနစ်ကို အမြဲ အားသန်သူ ဖြစ်သည်။

ကားမောင်းနေစဉ်တွင် သူမ၏ ခေါင်းကို တစ်ပါးသူ လှမ်းမြင်ရသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။

အင်းပေါ့... လုံးဝကြီး မြင်နေရတာတော့လည်း မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှောင်ယွီ၏ ခေါင်းလေးက ကားပြတင်းပေါက်ပေါ်တွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။

ကျောင်းကားထဲတွင် မူလက နောက်ဆုံးတန်း၌ ထိုင်နေသော လူငယ်တစ်ယောက် ရှိသည်။

သို့သော် ခဏအကြာတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက လိမ့်ဆင်းလာပြီး ထိပ်ပြောင်ကြီး လောင်လီ၏ ဘေးသို့ ရောက်ရှိလာသည်။

နောက်ထပ် ခဏအကြာတွင် နောက်ဆုံးတန်းသို့ ပြန်ရောက်သွားပြန်သည်။

ထိုလူငယ်မှာ ခေါင်းကွဲပြီး သွေးများ ထွက်လာကာ ကားအခန်းထဲတွင် သွေးများ ပေကျံသွားသည်။

မည်သူကမျှ သူ့ကို မရယ်မောနိုင်ကြပေ။ ဤအချိန်တွင် လူအများစုမှာ မိမိတို့ကိုယ်ကို ထိုင်ခုံနှင့် ဂဟေဆော်ထားချင်စိတ် ပေါက်နေကြသည်။

ယာဉ်တန်းကြီးသည် ချောက်ကမ်းပါးလမ်းကျဉ်းလေးထဲတွင် ဟိန်းဟောက်သံများ ပြုလုပ်ကာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်နေသည်။

ရွှံ့ရည်နှင့် ကျောက်တုံးများ ပြိုကျမလာမီ ဤနေရာမှ ထွက်ခွာနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ဤတစ်မိနစ်အတွင်း ရွာသွန်းသော မိုးက ယခင်တစ်မိနစ်ကထက် များစွာ ပိုမို သည်းထန်လာသည်။

မြေပြင်ပေါ်ရှိ ရေအိုင်များလည်း ပိုမို များပြားလာသည်။

အစွမ်းပိုင်ရှင်များပင်လျှင် ဤအချိန်၌ ဖိအားများကို ခံစားနေကြရပြီ ဖြစ်သည်။

ထိုအချိန်မှာပင် အနောက်ဘက်ဆီမှ အလွန် ကျယ်လောင်ပြင်းထန်သော သီချင်းသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

နောက်ကြည့်မှန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ချန်းရီ၏ မျက်လုံးများပင် ပြူးထွက်သွားတော့သည်။

ယာဉ်တန်း၏ အနောက်ဘက်တွင် "ပျော်ရွှင်သော မင်းသားလေး" နှင့် တူသော ကားငယ်လေး တစ်စီးက ရူးသွပ်နေသကဲ့သို့ ပြေးလိုက်လာနေသည်။

ထိုမျှသာမကသေး။

ထိုကားလေး "ပျော်ရွှင်သော မင်းသားလေး" ၏ အနောက်တွင် ရူးသွပ်စွာ ပြေးဝင်လာနေသော အရာမှာ "ကမ္ဘာပျက်ကပ် ခံတပ်" ကားကြီး တစ်ခုပင် ဖြစ်သည်။

သိပ္ပံဇာတ်လမ်းများထဲကကဲ့သို့ ဖြစ်နေသော ထိုကားကိုယ်ထည်ကြီးသည် အထပ်သုံးထပ်စာခန့် (ပေသုံးဆယ်ခန့်) အမြင့်ရှိသည်။

အမြင့်ဆုံးနေရာတွင် အလံတစ်ခု စိုက်ထူထားပြီး ထိုအလံပေါ်တွင် စာလုံးနှစ်လုံး ရေးသားထားသည်။

သေချာစွာ ထပ်မံ ကြည့်ရှုလိုက်မှသာ ထိုစာလုံးနှစ်လုံးက ဘာရေးထားသည်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

ထိုစာလုံးနှစ်လုံးမှာ "ဧကရာဇ်" ဟူ၍ပင် ဖြစ်သည်။

"ကျစ်... သေစမ်းကွာ"

ချန်းရီမှာ အံ့သြလွန်းသဖြင့် ပါးစပ်ကြီး ဟသွားတော့သည်။

(ပျော်ရွှင်သော မင်းသားလေး ဆိုတာက တရုတ်မှာရှိတဲ့ ချန်းအန်း ဆူဇူးကီးစက်ရုံကထုတ်တဲ့ ဆူဇူးကီးအယ်တို မီနီကားလေးကိုပြောတာပါ။ သူ့ ပုံစံက ကာတွန်းကားလေးနဲ့တူပြီး သေးသေးကွေးကွေးလေးဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က ထုတ်တာဖြစ်ပြီး တရုတ်မှာ အရမ်းလူကြိုက်များခဲ့ပါတယ်တဲ့)

ဆက်ရန်...

All Chapters