အခန်း ၂၆၉
Vol. 14 Ch. 269
အပိုင်း(၂၆၉) ထယ်ရှီး မနိုးသေးဘူးလား
"ရိုင်းစိုင်းလိုက်တာ... မင်းက ဘာကောင်မို့လို့ အရှင်မင်းကြီးကို ဒီလို စော်ကားရဲတာလဲ"
စူးရှပြီး အက်ကွဲနေသော အသံတစ်ခုက စကားပြောစက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။
နားထောင်ရ ဆိုးလွန်းလှသဖြင့် ချန်းရီက လန့်သွားပြီး ကားစတီယာရင်ကို လွတ်ကျလုမတတ် ဖြစ်သွားသည်။
"တောက်"
ချန်းရီက ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာတော့မလို ဖြစ်သွား၏။
ချန်းရီက ကြောက်ရွံ့ပြီး ပြန်မတိုက်ခိုက်ရဲ၍တော့ မဟုတ်ပေ။
ယခု လက်ရှိအခြေအနေက တကယ်ကို အဆင်မပြေလှသောကြောင့် ဖြစ်သည်။
ကားပြတင်းပေါက် အပြင်ဘက်ရှိ ညအမှောင်ထုသည် အရူးအမူး နောက်သို့ ဆုတ်ခွာနေသည်။
တောင်ပေါ်လမ်းပေါ်တွင်လည်း ရေများက အရှိန်အဟုန်ဖြင့် တက်လာနေ၏။
ယခုအချိန်တွင် မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက အရေးမကြီးဘူးလဲ ဆိုသည်ကို...
ချန်းရီက ဉာဏ်ရှိသူပီပီ ကွဲကွဲပြားပြား ခွဲခြားနိုင်စွမ်း ရှိသည်။
ခဏနေ ပါးချချင်လျှင်တောင် လုံခြုံသည့် နေရာသို့ ရောက်မှသာ ချရပေမည်။
"ပါးစပ်ပိတ်ထားစမ်း... အရှင်မင်းကြီးက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ သားတော်ပဲ... မင်းတို့လို အောက်တန်းစားတွေက ရမ်းသန်းပြီး စော်ကားလို့ ရမလား"
"ပြီးတော့... ဟေ့ကောင်... မင်းရဲ့အသံက တကယ်ကို နားထောင်ရဆိုးလွန်းတယ်... ငါ့နားတွေကိုတောင် ညစ်ညမ်းစေတယ်... မင်း ပါးစပ်ကို ပိတ်ထားဖို့ ငါ အမိန့်ပေးတယ်... ဘာမှ ဆက်မပြောနဲ့"
စကားပြောလိုက်တိုင်း "အောက်တန်းစား" တဲ့လား။
ဟုတ်ပြီ... မင်း သိပ်ကောင်းတယ်... တကယ်ကို သိပ်ကောင်းတယ်။
ငါ့လက်ထဲ မိအောင် မလုပ်နဲ့... မင်းလို မိန်းမလျာကောင်ကို သေချာပေါက် မှတ်လောက်အောင် ဆုံးမပေးမယ်။
ချန်းရီက စကားနှစ်ခွန်းမျှသာ ပြောရသေးသော်လည်း ကြားဖြတ် ဟန့်တားခံလိုက်ရသည်။
ထို စူးရှရှ အက်ကွဲကွဲ အသံကြီးကြောင့် ချန်းရီ၏ ကျောပြင်တွင် ပုရွက်ဆိတ် ကောင်ရေ သန်းနှင့်ချီ တွားသွားနေသကဲ့သို့ ခံစားလိုက်ရ၏။
သို့ပါလျက်နှင့် ဤကောင်က သူ့အသံကို နားထောင်ရဆိုးသည်ဟု ပြောရဲသေးသည်။
ဒါက တကယ်ကို...။
လောကကြီးမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား။
"အရှင်မင်းကြီး... အောက်ကျနောက်ကျနိုင်တဲ့ ဒီအောက်တန်းစားကို ကျွန်တော်မျိုး မောင်းထုတ်လိုက်ပါပြီ... အရှင်မင်းကြီး ဒေါသမထွက်ပါနဲ့... ဒီအောက်တန်းစားတွေက အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကို နားမလည်ကြလို့ပါ"
"နောင်တစ်ချိန် အတူတူ နေထိုင်သွားရင်းနဲ့ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးအောက်မှာ သူတို့အလိုလို ဒူးထောက်လာကြမှာပါ"
"အင်း... ရှောင်တယ်ဇီ... မင်း လုပ်တာ မဆိုးပါဘူး... ကိုယ်တော်က"
ချန်းရီက စကားပြောစက်ကို ချက်ချင်း ပိတ်ပစ်လိုက်သည်။
နားထောင်လေလေ ဒေါသထွက်လေလေ ဖြစ်ပြီး နားထောင်လေလေ လူကို ထိုးကြိတ်ချင်လေလေ ဖြစ်လာ၏။
ဒီကောင်နှစ်ကောင်ရဲ့ ရုပ်သွင်က ဘယ်လိုများလဲ ဆိုတာကို တကယ်ကို မြင်ကြည့်ချင်မိသည်။
ကောင်းကင်မှ မိုးက ပို၍ပို၍ သဲကြီးမဲကြီး ရွာသွန်းလာသည်။
ကားအရှိန် ကျဆင်းသွားသည်ကိုပင် ချန်းရီက သိသိသာသာ ခံစားလိုက်ရသည်။
ခုနက ကြားဖြတ် အနှောင့်အယှက်က ယာဉ်တန်း၏ အရှိန်ကို အမှန်တကယ် ထိခိုက်စေခြင်းမျိုး မရှိခဲ့ပေ။
ယင်းအစား တောင်ကြားလမ်းပေါ်ရှိ စုပုံနေသော ရေများက ကားများအတွက် ကြီးမားသော အခက်အခဲကို ဖြစ်ပေါ်စေခဲ့သည်။
ချန်းရီတွင် ချူချယ်ကဲ့သို့ အနာဂတ် ရာသီဥတု ပြောင်းလဲမှုများကို ခံစားသိရှိနိုင်သော အစွမ်းမျိုး မရှိပေ။
သို့သော် အန္တရာယ် နီးကပ်လာနေပြီ ဖြစ်ကြောင်းကိုတော့ ချန်းရီက ရိပ်မိနေသည်။
ကျောပြင်တွင် ဆူးနှင့် ထိုးခံထားရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် သူ့ကိုယ်သူ သတိပေးနေသကဲ့သို့ ဖြစ်နေ၏။
သူ၏ ခြေထောက်က လီဗာကို အဆုံးအထိ နင်းထားပြီး ဖြစ်သည်။
ကားအရှိန်ကိုလည်း အမြင့်ဆုံးသို့ တင်ထားလိုက်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ သီးသန့် လှုံ့ဆော်မှု စွမ်းရည်သည် ချန်းရီ၏ ကိုယ်ပေါ်တွင် အပြည့်အဝ ပေါ်လွင်နေပြီ ဖြစ်သည်။
အသေးစိတ်ကျလွန်းသော အမြင့်ဆုံး ထိန်းချုပ်နိုင်စွမ်းက ချန်းရီကို ရှုပ်ထွေးလှသော လမ်းအခြေအနေများကြားတွင် အကောင်းဆုံး လမ်းကြောင်းကို အမြဲတမ်း ရွေးချယ်နိုင်စေသည်။
လွယ်လွယ်ပြောရလျှင် ယခုအချိန်၌ ချန်းရီသည် ကားမောင်းနတ်ဘုရား ဝင်စားနေသကဲ့သို့ပင် ဖြစ်သည်။
ချန်းရီ၏ အနောက်ဘက်ရှိ ကုန်တင်ကားနှင့် ကျောင်းကားတို့မှာမူ...
ထိုကားနှစ်စီးသည် ယခုအခါ ချန်းရီ၏ ကားဘီးရာအတိုင်း အတိအကျ လိုက်ပါ မောင်းနှင်နေကြသည်။
ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးမှာ ချန်းရီ၏ အရှေ့တွင် ရှိနေသည်။
ထိုကားနှစ်စီး၏ အင်ဂျင်စွမ်းအားက ချန်းရီ၏ ကားထက် အများကြီး ပိုများသည်။
ထိုသို့ ဖြစ်နေလျှင်တောင် ထိုကားနှစ်စီးက ချန်းရီကို အဝေးကြီး ဖြတ်မသွားနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကားနှစ်စီး၏ ယာဉ်မောင်းများမှာ သာမန်လူများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
အစွမ်းပိုင်ရှင် အားလုံးက အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော မမျှော်လင့်ထားသည့် အန္တရာယ်များကို ရင်ဆိုင်ရန် အပြည့်အဝ အာရုံစိုက်နေကြသည်။
ထိုအတောအတွင်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးက နှစ်မိနစ်၊ သုံးမိနစ်ခြားတစ်ခါ ဝင်ရောက် လှုပ်ရှားနေရသည်။
လမ်းဘေးတွင် ရုတ်တရက် လဲကျလာသော သစ်ပင်များကို သစ်သားစများအဖြစ် ခုတ်ထစ်ပစ်ခြင်း မဟုတ်လျှင် ယာဉ်တိုက်မှု ဖြစ်လုနီးပါး ကားများကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ဆွဲတင်ပေးခြင်းတို့ကို ပြုလုပ်နေရ၏။
တင်းတုံကလည်း ထိုကဲ့သို့ အလားတူ လုပ်ရပ်များကို လုပ်ဆောင်နေသည်။
တစ်ခါတစ်ရံတွင် အနောက်ဘက်ရှိ ကျောင်းကားကိုပင် ကူညီပေးနိုင်သေးသည်။
အစွမ်းပိုင်ရှင်များသာ မရှိပါက ယာဉ်တိုက်မှုများ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဖြစ်ပွားနေလောက်ပြီ ဖြစ်သည်။
မီးနဂါးဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်တိုင်း ပတ်ဝန်းကျင်ရှိ မိုးရေများက ရေခိုးရေငွေ့များအဖြစ်သို့ အငွေ့ပျံသွားသည်။
ကံကောင်းသည်မှာ ညအမှောင်ထုထဲတွင် သိပ်ပြီး သိသာထင်ရှားမှု မရှိလှပေ။
အမုန်းတရား ဓားရိုးမှ မိုးမခကိုင်းက ကားအပြင်ဘက်တွင် ယိမ်းနွဲ့နေပြီး သေးသွယ်သော ဝိညာဉ်မြွေတစ်ကောင်အလား မမျှော်လင့်ထားသည့် အခြေအနေများကို ရင်ဆိုင်ရန် အမြဲတမ်း အသင့်ဖြစ်နေသည်။
လမ်းအခြေအနေက လုံးဝ မကောင်းမွန်ပေ။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပါးစပ်တွင် ကိုက်ထားလိုက်သည်။ ကားခန်းထဲတွင် ဆေးလိပ်ငွေ့များ ပြည့်နှက်နေပြီး နောက်ထပ် ဖြစ်ပေါ်လာမည့် အခြေအနေများကို ရင်ဆိုင်ရန် အချိန်မရွေး ပြင်ဆင်ထားလိုက်သည်။
ဆေးလိပ်များက တစ်နေ့တခြား နည်းပါးလာသဖြင့် တိုက်ခိုက်ရေး အခြေအနေမျိုး မဟုတ်ပါက ချန်းရီက ယခင်ကကဲ့သို့ ဆေးလိပ်ကို လက်မှမချတမ်း သောက်ရန် နှမြောနေတတ်သည်။
"အား..."
စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
ထို အော်ဟစ်သံ၏ အဆုံးသတ် မပျောက်ကွယ်သွားခင်မှာပင်...
ချန်းရီက "ဝုန်း... ဝုန်း..." ဟူသော ထူးဆန်းသည့် မြည်ဟည်းသံကြီးတစ်ခုကို ကြားလိုက်ရသည်။
ထိုအသံကြီးက အလွန် ထူးဆန်းနေပြီး ပုံမှန် နေ့စဉ်ဘဝတွင် ကြားရလေ့ရှိသော အသံမျိုးနှင့် လုံးဝ မတူပေ။
ထိုအသံကြီးကို ကြားလိုက်ရသည်နှင့် လူသားတို့၏ မွေးရာပါ ကြောက်ရွံ့မှုကို နှိုးဆွလိုက်သကဲ့သို့ ခံစားရပြီး လူကို အလွန် နေရခက်သွားစေသည်။
ချန်းရီက ပတ်ဝန်းကျင်ကို အကဲခတ်ရန် အချိန်ပင် မရလိုက်ပေ။
မြေပြင်မှ တုန်ခါမှု သဲ့သဲ့ကို ခံစားလိုက်ရသည်။
ကားမီးရောင်က ညာဘက်ရှိ တောင်စောင်းကို ထိုးလင်းသွားသောအခါ...
ချန်းရီ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။
ဒါက...
ဒါက... မြေပြိုတာပဲ။
ချန်းရီ၏ ကိုယ်ပေါ်မှ ချွေးအေးများ ချက်ချင်း ကျလာ၏။
ကြီးမားလှသော ကျောက်တုံးကြီးများနှင့် ရွှံ့နွံများက တောင်ပေါ်လမ်းအတိုင်း အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည်။
နောက်ထပ် ဆယ်စက္ကန့်ခန့်... မဟုတ်ဘူး... စက္ကန့်အနည်းငယ်မျှ ကြာလျှင်ပင် ဤကျောက်တုံးများနှင့် ရွှံ့နွံများက အနီးသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ရှေ့ရှိ ကားကိုယ်ထည်ထဲမှ ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
အချင်းအားဖြင့် ၁၃ ပေမှ ၁၆ ပေခန့်ရှိသော အကြီးဆုံး ကျောက်တုံးကြီး တစ်တုံးမှာ ထိုဓားအလင်းတန်း၏ ခုတ်ပိုင်းမှုကြောင့် ချက်ချင်းပင် အမှုန့်ဖြစ်သွား၏။
များပြားလှသော ဆေးလိပ်ငွေ့များက ကားပြတင်းပေါက် အက်ကွဲကြောင်းများကြားမှ ရုတ်တရက် အပြင်သို့ ထွက်ပေါ်သွားသည်။
မကြာမီမှာပင် တောင်စောင်း၏ တစ်ဖက်တွင် မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော နံရံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်ကား မီးခိုးငွေ့ ပုံဖော်ခြင်း အစွမ်းပင် ဖြစ်သည်။
မီးခိုးငွေ့များက အရှည် ပေ ၃၃၀ ခန့်နှင့် အမြင့် ၂၅ ပေခန့်ရှိသော နံရံကြီးတစ်ခုအဖြစ် ပုံဖော်လိုက်ပြီး အောက်သို့ ကျဆင်းလာနေသော ကျောက်တုံးများနှင့် ရွှံ့နွံများကို အသေအလဲ တားဆီးထားလိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မီးနဂါးဓားကလည်း အနားမယူဘဲ အနည်းငယ် ကြီးမားသော ကျောက်တုံးများကို အမှုန့်ဖြစ်သွားသည်အထိ တိုက်ရိုက် ခုတ်ပိုင်းပစ်နေသည်။
ကျန်ရှိနေသော အရာများကိုတော့ ချန်းရီ၏ မီးခိုးငွေ့နံရံက တားဆီးထားနိုင်စွမ်း ရှိသည်။
ချန်းရီက သက်ပြင်းတစ်ချက် ချလိုက်နိုင်သည့် အချိန်မှာပင်...
ရုတ်တရက် ရင်ထဲ၌ ကျောချမ်းဖွယ် ခံစားချက်ကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။
ဤခံစားချက်မျိုးက အန္တရာယ်ကို ခံစားသိရှိနိုင်သော အစွမ်းပိုင်ရှင်တစ်ယောက်၏ အာရုံခံနိုင်စွမ်းမှ လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ခေါင်းမော့ကာ အခြားတစ်ဖက်ရှိ တောင်စောင်းသို့ လှမ်းကြည့်နေပြီ ဖြစ်သည်။
ဓားနတ်ဘုရား လမ်းစဉ်၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းသည် အစွမ်းပိုင်ရှင်များထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေ၏။
သာမန် အစွမ်းပိုင်ရှင်များက အန္တရာယ် နီးကပ်လာနေပြီ ဆိုသည်ကိုသာ အာရုံခံနိုင်ကြသည်။
သို့သော် ဓားနတ်ဘုရား လမ်းစဉ်ကမူ အန္တရာယ်က မည်သည့်နေရာမှ လာနေသည်ကိုပါ အာရုံခံသိရှိနိုင်သည်။
ဟိုဘက်မှာ...။
အချင်းအားဖြင့် ပေ ၁၆၀ ခန့်ရှိသော ဧရာမ ကျောက်တုံးကြီး တစ်တုံးက မြည်ဟည်းသံကြီးများ ထွက်ပေါ်နေပြီး လူကို ကျောချမ်းသွားစေသည်။
ဤအရာက ကျောက်တုံးတစ်တုံး မဟုတ်တော့ပေ။
တောင်ကုန်းလေး တစ်လုံးပင် ဖြစ်နေပြီ။
တောင်ကုန်းငယ်လေး တစ်ခုက တောင်ထိပ်မှနေ၍ တက်ကြွရွှင်လန်းစွာဖြင့် တစ်လျှောက်လုံး လိမ့်ဆင်းလာနေ၏။
အချင်းအားဖြင့် ပေ ၁၆၀ ခန့်ရှိသော ထိုဧရာမ ကျောက်တုံးကြီးက တောင်စောင်းနှင့် ထိခိုက်မိသွားတိုင်း တောင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ချန်းရီက ခံစားနေရသည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားပဲ ဖြစ်ဖြစ်...။
ဒါမှမဟုတ် အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားပဲ ဖြစ်ဖြစ်...။
ဒါမှမဟုတ် ထို အံ့မခန်း ကမ္ဘာပျက်ကပ် ခံတပ်ကြီးပဲ ဖြစ်ဖြစ်...။
အကယ်၍ ဤတောင်ကုန်းငယ်လေး၏ ကြိတ်ချေမှု ခံလိုက်ရပါက အမှုန့်ဖြစ်သွားပေလိမ့်မည်။
"တားဆီး၍မရနိုင်" ဆိုသော စကားပုံက ဤကဲ့သို့သော အခြေအနေမျိုးအတွက် သီးသန့် တီထွင်ထားခြင်း ဖြစ်ပေလိမ့်မည်။
ချန်းရီ၏ မျက်နှာက အနည်းငယ် ဖြူရော်သွားသည်။
ဤတစ်ကြိမ် အန္တရာယ်၏ ပြင်းထန်မှုသည် ယခင်တစ်ခေါက် နတ်ဆင်ရွာတွင် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော ထူးဆန်းသည့် ဝိညာဉ်ဆိုးများကို ရင်ဆိုင်ခဲ့ရစဉ်ကထက် လုံးဝ လျော့နည်းမှု မရှိပေ။
ဤတောင်ကုန်းငယ်လေး၏ လမ်းကြောင်းအရဆိုလျှင် ယာဉ်တန်းနှင့် အတိအကျ ဖြတ်သန်းသွားမည့် အမှတ်တွင် ရှိနေသည်။
ယာဉ်တန်းသည် ဤတောင်ကုန်းငယ်လေးအတွက် အလွန်တရာ သေးငယ်သော အစက်လေး တစ်စက်မျှသာ ဖြစ်ပြီး ဤတောင်ကုန်းငယ်လေး၏ ကြိတ်ချေမှုကြောင့် သံပြားများအဖြစ် ပြားကပ်သွားပေလိမ့်မည်။
အရှိန်လျှော့ရမလား။
အချိန်မမီတော့ပေ။
အရှိန်မြှင့်ရမလား။
ယခုအချိန်တွင် အမြန်ဆုံး အရှိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အစွမ်းပိုင်ရှင်တွေ ဆိုရင်တောင်မှ...
ဤတောင်ကုန်းလေးကို အမှုန့်ဖြစ်အောင် ရိုက်ခွဲနိုင်လျှင်တောင်မှ...
ဤတောင်ကုန်းလေး အမှုန့်ဖြစ်သွားပြီးနောက် ထွက်ပေါ်လာမည့် ကျောက်စကျောက်နများ၏ ရိုက်ခတ်မှုကပင် ယာဉ်တန်းအတွက် သေရေးရှင်ရေး အန္တရာယ်ကို ယူဆောင်လာပေးရန် လုံလောက်နေပြီ ဖြစ်သည်။
"ချန်းရီ"
"တင်းတုံ"
"ထယ်ရှီး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယခင်က တစ်ခါမှ မကြုံဖူးသော ဖိအားများကို ခံစားနေရသည်။
သူမ အကူအညီ လိုအပ်နေသည်။
တင်းတုံက ကုန်တင်ကား၏ ခေါင်မိုးပေါ်တွင် ရောက်ရှိနေပြီဖြစ်ပြီး ခြေထောက်နှစ်ဖက်ကို ကားခေါင်မိုးပေါ်တွင် အခိုင်အမာ ရပ်တည်ထားသည်။ ကားက မည်မျှပင် ဆောင့်ခုန်နေပါစေ သူမ၏ အရိပ်က နည်းနည်းမျှပင် ယိမ်းယိုင်ခြင်း မရှိပေ။
မိုးရေများက မိန်းမပျိုလေး၏ ကိုယ်ပတ်လည်တွင် ပါးလွှာသော ရေခိုးရေငွေ့ အလွှာလေး တစ်ခုအဖြစ် ဖြစ်ပေါ်နေသည်။
ချန်းရီက အံကြိတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ထယ်ရှီး... မင်း အခုထိ မနိုးသေးဘူးဆိုရင်တော့ ငါတို့အားလုံး ဒီနေရာမှာ အသက်ပျောက်ရတော့မယ်"
"ထယ်ရှီး... မနိုးသေးဘူးလား"
"ထယ်ရှီး... အမြန်ထစမ်း"
အသံ၏ ကျယ်လောင်မှုက မိုးရေစက်များကို ဖြတ်သန်းသွားပြီး အနောက်ဘက်ရှိ ကျောင်းကားထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
အိပ်မောကျနေသော ထယ်ရှီး၏ မျက်ခွံများက အရူးအမူး တုန်ခါနေတော့သည်။
ဆက်ရန်...