အခန်း ၂၇၀
Vol. 14 Ch. 270
အပိုင်း (၂၇၀) အမုန်းတရား၏ စတုတ္ထမြောက် အစွမ်း - ဓားသွားဝှက်
ညအချိန်ဖြစ်နေသည်မှာ ထင်ရှား၏။
အရိပ်များကိုပင် မမြင်နိုင်သည်မှာ ထင်ရှားနေသည်။
သို့သော်လည်း လူတိုင်းက ဧရာမကျောက်တုံးကြီး ဖုံးလွှမ်းလာသည့် ပြင်းထန်သော ဖိအားကြီးကို ခံစားနေရဆဲပင်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ သွယ်လျသော ခြေတံရှည်များကို ရှေ့တစ်လှမ်း နောက်တစ်လှမ်းချကာ ကားခေါင်မိုးပေါ်တွင် မြှားတစ်စင်းအလား မတ်မတ်ရပ်နေသည်။
ခြေနှစ်ဖက်က ကားခေါင်မိုးပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ခိုင်မြဲနေပြီး သူမ၏ မျက်ဝန်းများထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည့်အလား ထင်မှတ်ရ၏။
သူမက ခါးကို အနည်းငယ် ကိုင်းညွှတ်ထားပြီး လက်ထဲတွင် မီးနဂါးဓား၏ လက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ပြင်းထန်သော အရှိန်အဝါတစ်ခုက တဖြည်းဖြည်း စုဝေးဖြစ်တည်လာနေ၏။
သူမသည် လမ်းစဉ် အဆင့် (၃) ဓာတ်အစွမ်း ဓားသခင်တစ်ဦး ဖြစ်နေလျှင်တောင်မှ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အချင်း ပေ ၃၀၀ ကျော်ရှိသော ဤကျောက်တုံးကြီးကို မျက်တောင်တစ်ခတ်အတွင်း ဖြေရှင်းနိုင်ရန် ယုံကြည်ချက် မရှိပေ။
ကျောက်တုံးကြီးကို ဓားတစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲသွားအောင် ခုတ်ပိုင်းနိုင်မည် ဆိုလျှင်တောင်မှ နှစ်ခြမ်းကွဲသွားသော ကျောက်တုံးကြီးက ယာဉ်တန်းတစ်ခုလုံးကို အလွယ်တကူ စိစိညက်ညက် ကြေမွသွားစေနိုင်သေးသည်။
ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်နိုင်ရန် ကြိုးစားရသည်မှာ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ပင်။
အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားရန် အလွန်လွယ်ကူလှသည်။
ယာဉ်တန်းအနေဖြင့် တစ်ဖွဲ့လုံး ပျက်စီးသွားလောက်သည့် အန္တရာယ်မျိုးကို ဘယ်နှစ်ကြိမ်တိတိ ကြုံတွေ့ခဲ့ရသလဲ ဆိုသည်ကို မည်သူမျှ ရေတွက်၍ မရနိုင်တော့ပေ။
သို့သော် အကြိမ်တိုင်းတွင် အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ရသည်။ သို့မဟုတ်ပါက အနည်းငယ်မျှသော အမှားလေးတစ်ခုကပင် မခံစားနိုင်လောက်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေလိမ့်မည်။
တင်းတုံကလည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးကဲ့သို့ပင် ကုန်တင်ကား၏ ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေပြီး သူမ၏ မျက်ဝန်းများက ယခင်က တစ်ခါမှ မရှိခဲ့ဖူးလောက်အောင် တည်ငြိမ်နေသည်။
သို့သော် ထိုတည်ငြိမ်နေသော မျက်ဝန်းများထဲတွင် စွမ်းအားများက အချိန်မရွေး ပေါက်ကွဲထွက်လာရန် အသင့်စောင့်ဆိုင်းနေ၏။
ဤအမျိုးသမီး၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်နေသော ခံစားချက်ကို မြင်တွေ့ရန် အလွန်ခဲယဉ်းလှသည်။ သူမ၏ မျက်လုံးထဲတွင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပင် ပေါ့ပေါ့ပါးပါး သဘောထားနေသကဲ့သို့ ရှိသည်။
တင်းမာနေသော သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကသာ သူမ၏ စိတ်လှုပ်ရှားမှုများကို အနည်းငယ် ဖော်ပြနေခြင်း ဖြစ်သည်။
သူမကို အလွန်နားလည်သိကျွမ်းသူများ မဟုတ်ပါက သူမ၏ ပြောင်းလဲမှုကို ရိပ်မိနိုင်မည် မဟုတ်ပေ။
ချန်းရီအတွက်မူကား။
အမုန်းတရား ဓားက ဓားအိမ်ထဲမှ ထွက်ပေါ်နေပြီ ဖြစ်သည်။
ကားမောင်းခန်းအတွင်း၌ မြူခိုးထုကြီးက အလွှာလိုက် ဖုံးလွှမ်းနေပြီး ထိုမြူခိုးများသည် ကားပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် ယုံကြည်ကိုင်းရှိုင်းသော ဘာသာဝင်တစ်ဦးအလား ကားကိုယ်ထည်နှင့်အတူ ရှေ့သို့ လိုက်ပါသွားနေကြသည်။
မိုးရွာနေလျှင်တောင်မှ... ကားမောင်းနှင်မှုကြောင့် တိုက်ခတ်လာသော လေပြင်းများကပင် ဤမြူခိုးထုကို လွင့်စင်သွားအောင် မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် ဤမြူခိုးထုက ရူးသွပ်စွာဖြင့် ဆက်လက် ကျယ်ပြန့်လာနေဆဲ ဖြစ်သည်။
မြူခိုးများထဲတွင် ဝေဝါးသော လူပုံစံ အရိပ်များက စတင် ဖြစ်တည်လာ၏။
ပြီးတော့ ထိုကမ္ဘာပျက်ကပ် ခံတပ်ကြီးလည်း ရှိသေးသည်။
စကားပြောစက်ထဲတွင် သူတို့၏ ဆူညံနေသော အသံများ မရှိတော့ဘဲ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ထိုထူးဆန်းအံ့သြဖွယ်ကောင်းသော ပျော်ရွှင်သော မင်းသားလေးကား။
မသိမသာဖြင့်ပင် ထယ်ရှီး၏ ကျောင်းကားနောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့ပြီ ဖြစ်သည်။
ထယ်ရှီး၏ မျက်လုံးများက ရူးသွပ်နေသကဲ့သို့ တဖျပ်ဖျပ် ခတ်နေဆဲပင်။
နောက်တစ်စက္ကန့်တွင် မျက်လုံးဖွင့်လာတော့မည့်အလား ထင်ရသည်။
သို့သော်လည်း ထာဝရ ဖွင့်လို့မရတော့မည့် ပုံလည်း ပေါက်နေ၏။
ဧရာမ ကျောက်တုံးကြီးသည် ကြီးမားသည့် ဆူညံသံကြီးများနှင့်အတူ မြေပြင်နှင့် ထိခတ်မိပြီးနောက် အထက်သို့ မြင့်မားစွာ ခုန်တက်သွားသည်။
ကောင်းကင်မှ ကျဆင်းလာသော မိုးပေါက်များကို ကျောက်တုံးကြီးက ကာကွယ်ပိတ်ဆို့သွား၏။
နောက်တစ်စက္ကန့်တွင် ယာဉ်တန်းတစ်ခုလုံး အသားစိမ်းကြိတ်ထားသကဲ့သို့ ကြေမွသွားတော့မည် ဖြစ်သည်။
ကျောက်တုံးကြီး၏ လမ်းကြောင်းကို ပြောင်းလဲပစ်ရန်ဖြစ်စေ၊ ကျောက်တုံးကြီးကို လွင့်စင်သွားအောင် လုပ်ရန်ဖြစ်စေ။
ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
အချိန်နှင့် အခြေအနေ အရပ်ရပ်က လုံးဝ ခွင့်မပြုတော့ပေ။
ကျောင်းကားထဲတွင် ရှုလီနာက သူမ၏ ပါးစပ်ကို အတင်းပိတ်ကာ အသံတစ်သံမျှပင် ထွက်မလာရဲဘဲ မျက်လုံးများက အကြောက်လွန်ကာ တုန်ခါနေသည်။ သူမ၏ ခြေထောက်များက အနည်းငယ် ပျော့ခွေနေပြီး ခုံပေါ်တွင် ထိုင်မနေခဲ့လျှင်...
ဤအချိန်၌ သူမသည် ကြမ်းပြင်ပေါ်သို့ ပုံကျသွားလောက်ပြီ ဖြစ်သည်။
ဦးနှောက်က စဉ်းစားတွေးတောနိုင်စွမ်းကို ဆုံးရှုံးသွားပြီး အကြောက်တရား တစ်ခုတည်းသာ ကျန်ရစ်နေတော့၏။
ထိုခဏလေးအတွင်းမှာပင်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လှုပ်ရှားလိုက်သည်။
ဓားလှိုင်း ကိုယ်ပွား ဆယ်ခုကျော်က လေထုကို ခွဲထွက်သွားပြီး မကျဆင်းသေးသော မိုးပေါက်များကိုပါ ခုတ်ဖြတ်သွားသည်။
မိုးပေါက်လေးများမှာ နှစ်ခြမ်းကွဲသွားသော်လည်း ပုံပန်းသဏ္ဌာန် မပျက်ယွင်းဘဲ ထိုအတိုင်း ဆက်လက် ကျဆင်းသွားကြသည်။
တိတ်ဆိတ်ငြိမ်သက်နေသော မိုးရာသီ ညချမ်းတွင် ဓားအရှိန်အဝါနှင့် ကျောက်တုံးကြီးတို့ ထိခတ်မိသွားကြ၏။
"ထန်... ထန်... ထန်..."
တိုးညင်းသော ထိုးဖောက်ဝင်ရောက်သံ အနည်းငယ် ထွက်ပေါ်လာပြီး အသံက သိပ်မကျယ်လောင်လှပေ။
ယခင်က ပြသခဲ့သော အရှိန်အဝါကြီးများနှင့် ယှဉ်လျှင် ကွာခြားချက် အလွန် ကြီးမားနေသည်။
ဧရာမ ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်တွင် အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းသော အပေါက်ငယ် ဆယ်ပေါက်ကျော် ကျန်ရစ်ခဲ့သည်။
ကျောက်စကျောက်နများ အလွင့်လွင့်အစင်စင် ဖြစ်နေစဉ်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားပြီး သူမ၏ နှုတ်ခမ်းကို သွေးထွက်လာသည်အထိ ကိုက်ထားမိ၏။
ဓားလှိုင်း ကိုယ်ပွားများက သူမ၏ အာရုံခံစားမှုထဲတွင် ကျောက်တုံးကြီး၏ အတွင်းပိုင်း အတော်နက်နက်အထိ ထိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်သော်လည်း ကျောက်တုံးကြီးက ကြီးမားလွန်းနေသည်။
ကောင်မလေးက သူမ၏ လက်ထဲရှိ ဓားသိုင်းကွက်ကို တစ်ချက် ပြောင်းလဲလိုက်ရာ ကိုယ်ပွား ဓားလှိုင်းများက ကျောက်တုံးကြီး အတွင်းပိုင်း၌ တဝီဝီ မြည်ဟည်းသွားပြီး လမ်းကြောင်း ချက်ချင်း ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ကျောက်စကျောက်နများ လွင့်စင်လာပြီး ကားခေါင်မိုးပေါ်သို့ ကျရောက်ကာ ဆက်တိုက် ဆူညံသံများ ထွက်ပေါ်လာ၏။
ကားပြတင်းပေါက် မှန်တော်တော်များများမှာ ကျောက်စဲလေးများ၏ ရိုက်ခတ်မှုကြောင့် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဧရာမ ကျောက်တုံးကြီးက ကြီးမားလွန်းလှသည်။
ထို့အပြင် အချိန်ကလည်း အလွန် တိုတောင်းလွန်းနေသည်။
ကောင်မလေးအတွက် ဒုတိယအကြိမ် ဓားထုတ်ရန် လုံးဝ ခွင့်မပြုတော့ပေ။
ထိုအချိန်မှာပင် ကျားသစ်တစ်ကောင်အလား လျင်မြန်ဖြတ်လတ်သော အရိပ်တစ်ခုက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်ဝန်းထဲသို့ ချက်ချင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
ထိုမိန်းမသည် မည်သည့်အချိန်ကတည်းက ယာဉ်တန်းဆီသို့ ကျရောက်လာမည့် ကျောက်တုံးကြီး၏ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေမှန်း မသိရပေ။
အမျိုးသမီးက အထက်သို့ မြင့်မားစွာ ခုန်တက်သွားပြီး သူမ၏ မျက်ဝန်းများက ရေတွင်းဟောင်းတစ်ခုအလား လှိုင်းဂယက် အနည်းငယ်မျှပင် မရှိဘဲ တည်ငြိမ်နေ၏။
ကျန်ရစ်နေသော လက်တစ်ဖက်တည်းကို အနည်းငယ် ကွေးကာ ခန္ဓာကိုယ်ဘေးတွင် လက်သီးဆုပ်ထားလိုက်သည်။
"တောင်ဖြိုခွင်း"
ထိုစကားလုံးများက အမျိုးသမီး၏ ပါးစပ်မှ ထွက်ပေါ်လာချိန်တွင်။
အမျိုးသမီးက ကျောက်တုံးကြီးပေါ်သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။
လက်ဝှေ့သမား လမ်းစဉ် အဆင့် (၂) ၏ လမ်းစဉ်အမည်မှာ တောင်ဖြိုခွင်းခြင်း ပင် ဖြစ်သည်။
ဤသိုင်းကွက်ကို လမ်းစဉ်အမည်ဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်၏။
သိုင်းကွက်အမည်ကို လမ်းစဉ်အမည်အဖြစ် မှည့်ခေါ်နိုင်ခြင်း သို့မဟုတ် လမ်းစဉ်အမည်ကို သိုင်းကွက်အမည်အဖြစ် မှည့်ခေါ်နိုင်ခြင်း။
အားလုံးက ဤသိုင်းကွက် သို့မဟုတ် ဤအစွမ်းသည် ရိုးရှင်းမနေကြောင်း ဖော်ပြနေကြသည်။
အမျိုးသမီး၏ လက်သီးက သံမဏိလက်သီးအလား ဖြစ်နေသည်။
ယခင်က နတ်သူငယ်ရေကန် တွင် ထုတ်လွှတ်ခဲ့သော လက်သီးစွမ်းအင်နှင့် မတူညီတော့ပေ။
ဤလက်သီးက ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်သာ ဖြစ်ပြီး ခွန်အားများက အပြင်ဘက်တွင် မရှိဘဲ အတွင်းဘက်တွင်သာ စုစည်းနေသည်။
အမျိုးသမီးက ဤလက်သီးကို ထိုးချလိုက်သည့် အချိန်မှာပင်။
ဧရာမ ကျောက်တုံးကြီးက ဝုန်းခနဲ ပေါက်ကွဲ ကွဲအက်သွားတော့သည်။
ကျောက်စကျောက်နများ လွင့်စင်လာချိန်မှာပင်။
ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာ၏။
"ဂျိန်း... ဒိုင်း..."
လျှပ်စီးအလင်းရောင်က တောင်ကြားတစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း လင်းထိန်သွားစေသည်။
ဧရာမ ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်တွင် အလွန် ထင်ရှားသော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်ကို ချန်းရီက ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ကျောက်တုံးကြီးက တင်းတုံ၏ လက်သီးတစ်ချက်တည်းဖြင့် ကွဲထွက်သွားခြင်းတော့ မဟုတ်ပေ။
ပေ ၃၀၀ ကျယ်ဝန်းသော ကျောက်တုံးကြီးက လူသားတို့၏ စွမ်းအား နယ်ပယ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်နေလျှင်တောင်မှ လက်ရှိ လမ်းစဉ် အဆင့် (၂) ဖြင့် လုပ်ဆောင်နိုင်မည့် အရာမျိုး မဟုတ်ပေ။
တင်းတုံက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဖန်တီးပေးမှု အခြေခံပေါ်တွင် ဤလက်သီးတစ်ချက်ကို ထိုးချနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
"ဝေါ့..."
အမျိုးသမီးက သွေးတစ်ပွက် အန်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ အရှိန်ပြင်းပြင်း ဆုတ်ခွာသွားရသည်။
သူမကိုယ်တိုင် ထိုးချိုးလိုက်သဖြင့် နှစ်ခြမ်းကွဲသွားသော ကျောက်တုံးကြီးကို မှေးမှိန်နေသော မျက်ဝန်းများဖြင့် ကြည့်နေမိ၏။
ကျောက်တုံး အပိုင်းအစ တစ်ခုစီတိုင်းက တောင်ငယ်လေး တစ်လုံးအလား ဖြစ်နေသည်။
ထိုတောင်ငယ်လေးများ၏ အတွင်းပိုင်း နေရာတော်တော်များများကို ဓားအရှိန်အဝါက စိစိညက်ညက် ကြေမွသွားစေခဲ့ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ကျောက်တုံးကြီး အတွင်းပိုင်းတွင် ဖြစ်ပေါ်နေခြင်းသာ ဖြစ်သည်။
"တကယ်ပဲ... နည်းလမ်း မရှိတော့ဘူးလား"
"ဒီလို မဖြစ်သင့်ဘူးလေ"
"ငါတို့တွေ... တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား"
ချန်းရီက တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
ဧရာမ ကျောက်တုံးကြီးကို ရင်ဆိုင်ရာတွင် သွေးမျက်လုံး က လုံးဝ အသုံးမဝင်သလောက်ပင်။
အမုန်းတရား ဓားက ဓားအိမ်ထဲမှ ထွက်နေပြီဖြစ်ပြီး သွေးကြောမျှင်များက ဓားသွားကို အထဲသို့ ပြန်လည် ဆွဲသွင်းရန် ရုန်းကန်နေကြသည်။
သို့သော် ရလဒ်က အချည်းနှီးသာ ဖြစ်ခဲ့၏။
ချန်းရီက သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ တစ်ချက် ခါရမ်းလိုက်သည်။
ထင်းခုတ်ဓားမက ဝိညာဉ်ရှိနေသည့်အလား သူ၏ လက်ထဲမှ လွတ်ထွက်ကာ လွင့်ပျံသွားတော့သည်။
မိုးမခ ကိုင်းတံများက ရှည်လျားသော လက်မောင်းတစ်ဖက်အလား ထင်းခုတ်ဓားမကို ဆုပ်ကိုင်ထားပြီး လေထဲတွင် ဓားကွန်ရက်တစ်ခုအဖြစ် ဖန်တီးလိုက်ကြသည်။
ဓားကွန်ရက်က အဆုံးမရှိသော ဓားအရှိန်အဝါများကို သယ်ဆောင်လာကာ နှစ်ခြမ်းကွဲသွားသော ကျောက်တုံးကြီးများကို ဖုံးလွှမ်းသွားလေသည်။
ဓားပျံပညာရပ်နှင့် စွန်းချန်းချန်း ၏ ဓားထိန်းချုပ်မှု ပညာရပ်တို့ကြားတွင် သိသာထင်ရှားသော ကွာခြားချက် ရှိနေသည်။
စွန်းချန်းချန်း၏ ဓားထိန်းချုပ်မှု ပညာရပ်က အလွန်ကျယ်ပြန့်ပြီး ရန်သူကို အဝေးမှ တိုက်ခိုက်သတ်ဖြတ်နိုင်သည်။
လမ်းစဉ် အဆင့် မြင့်တက်လာသည်နှင့်အမျှ မိုင်တစ်ထောင် အကွာအဝေးမှ ရန်သူ့ခေါင်းဆောင်၏ ဦးခေါင်းကို ဖြတ်ယူနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်သော အရာ မဟုတ်တော့ပေ။
သို့သော် ဓားပျံပညာရပ်မှာမူကား အမုန်းတရား ဓားတွင် မူလကတည်းက ပါဝင်သော အစွမ်းတစ်ခု ဖြစ်ပြီး လွှမ်းခြုံနိုင်သည့် နယ်ပယ်က ထိုမျှလောက် မကျယ်ပြန့်ပေ။
ချန်းရီသည် အမြင်အာရုံ ကွယ်တော့မည့် ညာဘက်မျက်လုံးကို အသုံးပြု၍ အမုန်းတရား ဓားအား ပူဇော်ပသခဲ့ဖူးသည်။
ထိုအရာက အမုန်းတရား ဓားနှင့် ချန်းရီတို့ကြားတွင် အလွန် အံ့သြဖွယ်ကောင်းသော ဆက်သွယ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး အမုန်းတရား ဓားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမို သိမ်မွေ့တိကျလာခဲ့သည်။
ဓားလှိုင်း ကိုယ်ပွား မရှိသော်လည်း အမုန်းတရား ဓားတွင် အခြားသော အစွမ်းတစ်ခု ရှိနေသေးသည်။
၎င်းမှာ အမုန်းတရား ဓား၏ စတုတ္ထမြောက် အစွမ်း ဖြစ်သော ဓားသွားဝှက် ပင် ဖြစ်သည်။
သွေးဓားအိမ်က လေထုထဲတွင် လွင့်မျောနေသော အငြိုးအာဃာတများကို မရပ်မနား စုပ်ယူနိုင်သည်။
ယခင်က နတ်ဆင်ရွာ တွင် အမုန်းတရား ဓားက အငြိုးအာဃာတ အများအပြားကို စုပ်ယူခဲ့သည်။
ထိုအငြိုးအာဃာတများကို ဓားအိမ်အတွင်းပိုင်းရှိ သွေးကြောမျှင်များ က စုပ်ယူခဲ့ကြသည်။
ထို့နောက် ထူးခြားသော အငြိုးအာဃာတ အဆီအနှစ် တစ်မျိုးကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးနေခဲ့သည်။
ထိုအငြိုးအာဃာတ အဆီအနှစ်များက ဓားကိုယ်ထည် မျက်နှာပြင်ပေါ်တွင် အလွန်ပါးလွှာပြီး မိမိကိုယ်ကိုယ် အမြဲမပြတ် သွေးနေသော အငြိုးအာဃာတ ဓားသွား တစ်လွှာကို ဖြစ်ပေါ်စေခဲ့သည်။
ဓားက ဓားအိမ်ထဲတွင် အချိန်ကြာကြာ နေရလေလေ ဓားသွားက ပိုမို ထက်မြက်လာလေလေ ဖြစ်သည်။
နံပါတ်စဉ် အဆင့်ကိုပင် အလိုအလျောက် မြှင့်တင်ပေးနိုင်စွမ်း ရှိနေသေး၏။
ပြီးခဲ့သည့်အကြိမ်က နတ်ဆင်ရွာတွင် စုပ်ယူခဲ့သော အငြိုးအာဃာတများက များပြားလွန်းသဖြင့် ယခုအချိန်အထိ သွေးကြောမျှင်များက ခြေဖျက်နေရဆဲ ဖြစ်သည်။
ယနေ့အချိန်အထိ ထိုအငြိုးအာဃာတများကို အပြည့်အဝနီးပါး စုပ်ယူထားနိုင်ခဲ့ပြီဖြစ်သော အမုန်းတရား ဓားက လူ့လောကထဲသို့ ပထမဆုံးအကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ် ထွက်ပေါ်လာသော အမုန်းတရား ဓားက ယခင်ကထက် ပိုမို အစွမ်းထက်မြက်နေချေပြီ။
ဤအချိန်၌ အမုန်းတရား ဓား၏ နံပါတ်စဉ် အဆင့်ကို ပြန်ကြည့်မည်ဆိုလျှင် အများကြီး ရှေ့ရောက်နေပြီ ဖြစ်သည်။
ထက်မြက်မှုပိုင်းတွင် ယှဉ်မည်ဆိုလျှင် မီးနဂါးဓားက အမုန်းတရား ဓား၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
ထို့ကြောင့် အမုန်းတရား ဓားက ဓားကွန်ရက်တစ်ခု အဖြစ် ဖန်တီးလိုက်ချိန်နှင့် ထိုဓားကွန်ရက်က ကျောက်တုံးကြီးနှင့် ထိခတ်မိသွားချိန်တွင်။
ပူလောင်နေသော ဓားတစ်လက်က ထောပတ်ခဲနှင့် တွေ့သွားသည့်အလား။
သို့မဟုတ်ပါကလည်း မီးနဂါးဓားက ကျောက်တုံးကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံကို စောစောစီးစီးကတည်းက ဖျက်ဆီးထားခဲ့၍လည်း ဖြစ်နိုင်သည်။
တင်းတုံ၏ ထိုလက်သီးတစ်ချက်ဖြင့် ထပ်မံ ဖျက်ဆီးလိုက်မှုကလည်း ပေါင်းစပ်ပါဝင်သွားသေးသည်။
ဧရာမ ကျောက်တုံးကြီးမှာ စောစောစီးစီးကတည်းက အပိုင်းပိုင်းအစစ ကွဲအက်နေခဲ့ပြီ ဖြစ်သည်။
အမုန်းတရား ဓားက ကျောက်တုံးကြီးကို အဆုံးသတ်ပေးလိုက်သည့် နောက်ဆုံးခြေလှမ်းကိုသာ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုသို့ဖြစ်နေလျှင်တောင်မှ အလွန် အစွမ်းထက်နေသေးသည်။
ချန်းရီနှင့် နီးကပ်နေသော ထိုကျောက်တုံးကြီးမှာ ပြိုကျပျက်စီးလုဆဲဆဲ အနေအထားတွင် ရှိနေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွယ်တကူ ခုတ်ပိုင်းခံလိုက်ရသည်။
ကျန်သည့် အခြားကျောက်တုံး တစ်ခြမ်းအတွက်မူကား... ချန်းရီက မကယ်တင်ချင်၍ မဟုတ်ဘဲ အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ပြောရမည်ဆိုလျှင် အချိန်ကြာမြင့်သည်ဟု ထင်ရသော်လည်း တကယ်တမ်း ရှေ့နောက် အဖြစ်အပျက်များက အလွန်တိုတောင်းသော အချိန်လေးအတွင်းမှာသာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဆက်ရန်...