အခန်း ၂၇၁
Vol. 14 Ch. 271
အပိုင်း(၂၇၁) စကားစု လမ်းစဉ်
ချန်းရီက "အမုန်းတရား" ကို အသုံးပြုကာ ကျောက်တုံးကြီးကို ကြေမွသွားစေနိုင်သည်။
သို့သော် လမ်းစဉ်(၃) အစွမ်းပိုင်ရှင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မီးနဂါးဓားကမူ ထိုသို့ မလုပ်နိုင်ပေ။
ဤသည်မှာ ချန်းရီ၏ "အမုန်းတရား" သို့မဟုတ် ချန်းရီ ကိုယ်တိုင်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးထက် ပို၍ စွမ်းအားကြီးမားနေသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။
သူတို့နှစ်ဦး၏ အစွမ်းများနှင့် ထူးဆန်းသည့် အရာများ၏ အဓိက အားသာချက်များ မတူညီကြခြင်းသာ ဖြစ်သည်။
ထို့အပြင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ကျောက်တုံးကြီး၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို ကြိုတင် ဖျက်ဆီးထားခဲ့ပြီး တင်းတုံ၏ လက်သီးချက်ကလည်း အထောက်အကူ ပြုပေးခဲ့သည်။
ထို့ကြောင့်သာ ချန်းရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နှစ်ခြမ်းကွဲသွားသော ကျောက်တုံးကြီးများထဲမှ တစ်ခုကို ကြေမွသွားစေနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ် တစ်ခုလုံးမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် လူများကို မျက်စိနောက်သွားစေခဲ့၏။
လူအများစုမှာ သတိပင် မထားမိလိုက်ဘဲ ကျောက်တုံးကြီး နှစ်ခြမ်းကွဲသွားကာ ကျောက်စ၊ ကျောက်နွယ်များ လွင့်စဉ်ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။
ကျောက်တုံးကြီး တစ်တုံးကို ချန်းရီက ထင်းခုတ်ဓားမဖြင့် ခုတ်ပိုင်းပစ်ခဲ့ပြီး ကျန်ရှိနေသော နောက်တစ်တုံးမှာမူ...
အကယ်၍ ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ဆိုပါက ထိုအချိန်၌ ထယ်ရှီး ရုတ်တရက် ထွက်ပေါ်လာကာ လူတစ်ယောက်တည်း၏ ခွန်အားဖြင့် ကျောက်တုံးကြီးကို တားဆီးပြီး ယာဉ်ပေါ်ရှိ လူအားလုံး၏ အသက်ကို ကယ်တင်ပေးရမည် ဖြစ်သည်။
ထို့နောက် ထယ်ရှီးကို သူရဲကောင်းတစ်ဦးအလား အနီးကပ် မြင်ကွင်းဖြင့် ပြသရပေမည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်လေးအတွင်းမှာပင် သူသည် လမ်းစဉ်(၃) သို့ အဆင့်တက်သွားနိုင်ချေ ရှိပေသည်။
သို့သော် ရုပ်ရှင်ဆိုသည်မှာ ရုပ်ရှင်သာ ဖြစ်၏။
ထယ်ရှီး၏ မျက်ခွံများမှာ ရူးသွပ်စွာ တုန်ခါနေဆဲဖြစ်ပြီး အိပ်မက်ထဲမှ အချိန်မရွေး နိုးထလာမည့်အလား ဖြစ်နေသော်ငြားလည်း...
လက်တွေ့တွင်မူ ထယ်ရှီးသည် ကျောင်းကားပေါ်ရှိ ကုတင်ပေါ်၌သာ လှဲလျောင်းနေဆဲဖြစ်ပြီး ထိုရုပ်ရှင်ဆန်ဆန် ဇာတ်ကွက်မျိုးမှာ ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပေ။
ရှုလီနာသည် ကျောက်တုံးကြီးက ကားပေါ်ရှိ လူအားလုံးကို အသားပြားဖြစ်အောင် ဖိကြိတ်တော့မည်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်ထား၍ မရတော့သော မျှော်လင့်ချက်မဲ့မှုများ ထွက်ပေါ်လာခဲ့သည်။
"ချန်းရီ... ကျွန်မကို ကယ်ပါဦး"
ရှုလီနာသည် မသေချင်ပေ။ သူမ၏ လည်ချောင်းထဲမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
ချန်းရီ၏ မျက်ဝန်းထဲတွင် သနားညှာတာမှု တစ်စွန်းတစ်စ ဖြတ်ပြေးသွား၏။
သူသည် ရှုလီနာ သေဆုံးရတော့မည် ဖြစ်သောကြောင့် ဝမ်းနည်းသွားခြင်းတော့ မဟုတ်ချေ။
ဤမိန်းမသည် အလွန် လှပကာ ဆွဲဆောင်မှုရှိသော်လည်း ချန်းရီက သူမအပေါ်တွင် ကြီးကြီးမားမား စိတ်ဝင်စားမှု မရှိပေ။
ဤမိန်းမက ရုပ်ရည်သွင်ပြင်မှလွဲ၍ သူ့အတွက် ဘာအသုံးမှ မဝင်ချေ။
အကယ်၍ ဤမိန်းမ၏ အသက်နှင့် ကားပေါ်ရှိ လူအားလုံး၏ အသက်ကို လဲလှယ်ရမည် ဆိုပါက ချန်းရီက တုံ့ဆိုင်းနေခြင်း မရှိဘဲ ကားပေါ်ရှိ လူအားလုံး၏ အသက်ကိုသာ ရွေးချယ်ပေလိမ့်မည်။
သူ သနားညှာတာမိခြင်းမှာ ထိုကားပေါ်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေပြီး ထယ်ရှီးလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။
"အမုန်းတရား" ကို ချန်းရီက အမြင့်ဆုံးအဆင့်အထိ လှုံ့ဆော်ထားလိုက်ပြီ ဖြစ်သည်။ မီးခိုးငွေ့များက ပြင်းထန်စွာ စုဝေးလာကြပြီး အကာအကွယ်တစ်ခု ဖန်တီးကာ ထိုကျောက်တုံးကြီးကို တားဆီးရန် ရည်ရွယ်ထား၏။
သို့သော် ဤအရာအားလုံးမှာ အလွန် နှေးကွေးလွန်းနေခဲ့သည်။
နှေးလွန်းနေခဲ့ပြီ။
ထိုအချိန်မှာပင် လူတိုင်း၏ နားထဲသို့ စကားထစ်နေသော အသံတစ်သံ ဝင်ရောက်လာခဲ့သည်။
"ငါ... ငါ့ရဲ့ အမည်နာမနဲ့... ရပ်... ရပ်တန့်စေ"
ဤအသံမှာ လူကြောက်တတ်သည့်ဟန် ပါနေ၏။
သို့သော် လေသံကမူ အလွန် ပြတ်သားနေသည်။ အသံပိုင်ရှင်က သူ၏ စကားလုံးများအတိုင်း အမှန်တကယ် ဖြစ်လာမည်ကို အကြွင်းမဲ့ ယုံကြည်နေသကဲ့သို့ ဖြစ်နေသည်။
ရပ်တန့်စေ ဟုတ်လား။
ချန်းရီသည် နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သိပ်ပြီး နားမလည်နိုင် ဖြစ်သွားသည်။
ချန်းရီ တစ်ယောက်တည်း နားမလည်နိုင်ခြင်း မဟုတ်ပေ။
ထိုနေရာတွင် ရှိနေသော လူတိုင်း နားမလည်နိုင် ဖြစ်သွားကြသည်။
ဒါကို အင်တာနက်ပေါ်မှာ ဇာတ်လမ်း ကြည့်နေတယ်လို့များ ထင်နေတာလား။ ရပ်တန့်ချင်တိုင်း ရပ်တန့်လို့ ရနိုင်မလား။
သို့သော် အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိတ်လန့်ဖွယ် လေတိုက်ခတ်သံများနှင့်အတူ ပြုတ်ကျလာသော ကျောက်တုံးကြီးသည် ရုတ်တရက် တစ်ခဏမျှ အမှန်တကယ် ရပ်တန့်သွားခဲ့သည်။
ထိုအရာက တစ်ခဏလေးသာ ဖြစ်သည်။
သို့သော် ချန်းရီ၏ မျက်လုံးများကို ပြူးကျယ်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
နောက်ကြည့်မှန်ထဲတွင်မူ ထိုကျောက်တုံးကြီးသည် အလွန် အံ့မခန်းဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြင့် လေထဲတွင် တွဲလောင်း ရပ်တန့်နေသည်ကို မြင်တွေ့လိုက်ရ၏။
ဒါက...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချန်းရီ၏ အကြည့်များက မည်သည့် ထူးခြားမှုမျှ မရှိသော ပျော်ရွှင်သော မင်းသားလေး ကားငယ်ဆီသို့ ရောက်သွားသည်။
ခုနက အသံသည် ထိုကားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရ၏။
ကျောက်တုံးကြီး ရပ်တန့်သွားသော ထိုတစ်ခဏလေးအတွင်း။
ကျောင်းကား၏ အင်ဂျင်များက ဟိန်းဟောက်နေဆဲဖြစ်ပြီး အဝါရောင် လျှပ်စီးကြောင်းတစ်ခုအလား ကျောက်တုံးကြီး ပြုတ်ကျမည့် နေရာမှ လျှပ်တစ်ပြက် ရှောင်ထွက်သွားခဲ့သည်။
ထိုကားနောက်တွင်တော့ သေးငယ်လှသော ပျော်ရွှင်သော မင်းသားလေး ကားငယ်လေး ပါသွား၏။
၎င်းနှင့်အတူ သိပ္ပံစိတ်ကူးယဉ် ကမ္ဘာပျက်ကပ်ပုံစံ အပြည့်အဝ ပေါက်နေသော ကမ္ဘာပျက်ကပ် ကားလည်း ပါဝင်သွားသည်။
လူများနှင့် ကားများအားလုံး ဘေးကင်းသွားသည့် အချိန်ရောက်မှသာ ကြောက်မက်ဖွယ် ကျောက်တုံးကြီးသည် ချုပ်နှောင်ထားမှုမှ လွတ်ကင်းသွားသကဲ့သို့ လေတိုက်သံ၊ မိုးရွာသံများနှင့်အတူ အဝေးဆီသို့ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။
တစ်ဝက်ခန့် သေးငယ်သွားသော ထိုကျောက်တုံးကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် မြေပြင်က အနည်းငယ် တုန်ခါသွားသည်ကိုပင် ချန်းရီ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကျောက်စများနှင့် ကျောက်တုံးငယ်များက ကားကိုယ်ထည်ပေါ်သို့ ကျရောက်လာကာ မူလကတည်းက ပျက်စီးနေပြီဖြစ်သော ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ထိမှန်ပြီး ဆူညံသော အသံများ ထွက်ပေါ်လာစေသည်။
ကားခေါင်မိုးပေါ်တွင် ချိုင့်ခွက်နေသော နေရာအချို့ ပေါ်လာသည်ကိုပင် ချန်းရီ မြင်လိုက်ရ၏။
ကားခေါင်မိုးပေါ်ရှိ ဆိုလာပြားများလည်း ပျက်စီးသွားလောက်ပြီဟု ခန့်မှန်းရသည်။
သို့သော် ယခင်က ကြုံတွေ့ခဲ့ရသော အန္တရာယ်နှင့် နှိုင်းယှဉ်လိုက်ပါက...
ဤမျှလောက်သာရှိသော ကားပျက်စီးမှုကို ချန်းရီ လက်ခံနိုင်သေးသည်။
ရှေ့လေကာမှန်ကိုပင် လွင့်စဉ်လာသော ကျောက်စများက ထိမှန်သွားခဲ့၏။
ရှေ့လေကာမှန်ပေါ်တွင် ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ပေါ်လာသည်။
ဘယ်ညာ ကားပြတင်းပေါက် မှန်များမှာလည်း ထိမှန်ပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်။
ချန်းရီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် စနစ်မှ ထုတ်ပေးသော ပစ္စည်းများ မဟုတ်ပါက အရည်အသွေးက ညံ့ဖျင်းနေဆဲ ဖြစ်သည်။
ဤကားမှန်များသည် ယခင်က အခြားနေရာမှနေ၍ ထင်းခုတ်ဓားမဖြင့် ခုတ်ပိုင်း ဖြတ်တောက်လာခဲ့ပြီး စနစ်ကို အသုံးပြုကာ တပ်ဆင်ထားခဲ့သော ပစ္စည်းများ ဖြစ်သည်။
သို့သော် ဤအက်ကွဲကြောင်းများမှာ လက်ရှိတွင် သိပ်ပြီး မဆိုးရွားလှပေ။ ကြည့်မကောင်းခြင်းနှင့် အမြင်အာရုံကို အနည်းငယ် အနှောင့်အယှက် ဖြစ်စေခြင်းမှလွဲ၍...
လောလောဆယ်တွင် အသုံးပြု၍ ရနိုင်သေးသည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာပျက်ကပ် ရောက်နေပြီဖြစ်သဖြင့် ချန်းရီက ကားလှသည်၊ မလှသည်ကို ဂရုမစိုက်ပေ။
ကားကောင်းကောင်း သုံး၍ရ၊ မရနှင့် သူ့ကို နောက်ဆုံးအထိ အသက်ရှင်သန်နိုင်အောင် ခေါ်ဆောင်သွားနိုင်စွမ်း ရှိ၊ မရှိကိုသာ ဂရုစိုက်သည်။
ယာဉ်တန်းကြီးသည် အမှောင်ထုဖုံးလွှမ်းနေသော မိုးရာသီ ညဉ့်ယံတွင် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ပြေးနှင်နေဆဲ ဖြစ်သည်။
နားထဲတွင် ကြားနေရသော မိုးရွာသံများက ပို၍ ကျယ်လောင်လာ၏။
ချန်းရီသည် ကားမှန်သုတ်တံ၏ အမြန်နှုန်းကို နောက်ထပ် တစ်ဆင့် တိုးမြှင့်လိုက်ရသည်။
မှန်သုတ်တံက လေကာမှန်ပေါ်ရှိ မိုးရေများကို ဖယ်ရှားလိုက်သည်နှင့်...
မိုးရေအသစ်များက အမြင်အာရုံကို ချက်ချင်း ဝေဝါးသွားစေပြန်သည်။
ကံကောင်းသည်မှာ ဤအချိန်တွင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ သီးသန့် လှုံ့ဆော်မှု စွမ်းရည်များကို အမြင့်ဆုံးအထိ အသုံးပြုထားခြင်း ဖြစ်သည်။
ဝါရင့် ယာဉ်မောင်းတစ်ဦး၏ ဆဋ္ဌမအာရုံက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ရှေ့သို့ တည်ငြိမ်စွာ မောင်းနှင်ထွက်ပြေးနိုင်စေခဲ့သည်။
ချန်းရီက စကားပြောစက်ကို ဖွင့်လိုက်သည်။ ယခုအချိန်သည် ဆက်သွယ် ပြောဆိုရန် လိုအပ်သော အချိန်ဖြစ်၏။
ဟို ငတုံးကောင် လိုင်းထဲမှာ ရှိမနေဖို့ မျှော်လင့်ရသည်။
ထင်ထားသည့်အတိုင်းပင် စကားပြောစက်ကို ဖွင့်လိုက်သည်နှင့် ချူချယ်၏ အသံကို ကြားလိုက်ရသည်။
သူတို့အားလုံး အတူတကွ သေအတူရှင်မကွဲ ဖြတ်သန်းလာခဲ့သည်မှာ အတော်ကြာပြီဖြစ်သဖြင့် ဤမျှလောက် နားလည်မှုမျိုးတော့ ရှိနေကြပြီ ဖြစ်သည်။
"အားလုံးပဲ... အန္တရာယ်က မကင်းသေးဘူး... ဂရုစိုက်ကြပါ... ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြရအောင်... မကောင်းတဲ့ မြင်ကွင်းတွေကို ငါ မြင်နေရပြီ"
စကားပြောစက်ထဲရှိ ချူချယ်၏ အသံမှာ အနည်းငယ် လေးနက်နေ၏။
"ကြားပါပြီ"
"ခေါင်းဆောင်... ခုနက ဟာက... ဘာလမ်းစဉ်လဲ"
"မသိဘူး... လမ်းစဉ်တွေက အရမ်းများတော့ ငါလည်း တစ်ချို့တစ်ဝက်ပဲ သိတာ... ဒါပေမဲ့ အားလုံးပဲ... အခုက အဲဒီကိစ္စကို ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး... အရင်ဆုံး ဒီကနေ ထွက်ပြေးကြတာပေါ့"
"အဟမ်း... အဟမ်း... မင်းတို့လို တောသားတွေက ဒါကိုတောင် မသိကြဘူးလား... မင်းတို့တွေ ဒီကမ္ဘာပျက်ကပ်မှာ ဘယ်လိုများ အသက်ရှင်နေကြတာလဲ... မင်းတို့ရဲ့ မိုက်မဲမှုနဲ့ တုံးအမှုတွေကို အားကိုးပြီးများ အသက်ရှင်နေကြတာလား"
ချူချယ်တစ်ယောက် ခရီးဆက်ရန် အာရုံစိုက်နေချိန်မှာပင် အလွန် စိတ်ပျက်ဖွယ်ကောင်းပြီး အနည်းငယ် မောက်မာနေသော ထိုအသံ ထွက်ပေါ်လာခဲ့သည်။
"အရှင်မင်းကြီး... ဒီတောသားတွေက ဘာဗဟုသုတမှ မရှိကြပါဘူး... အရှင်မင်းကြီးက သနားကရုဏာထားပြီး သူတို့ကို ပြောပြလိုက်ပါလား... အဲဒါမှ သူတို့လည်း အရှင်မင်းကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ အသိပညာတွေကို သိသွားကြမှာ"
ဤစူးရှရှနှင့် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းသော လူ၏ အသံကြီးက စကားပြောစက်ထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။
ချန်းရီ၏ မျက်ထောင့်များ ရူးသွပ်စွာ တုန်လှုပ်သွား၏။
ထိုလူကို ထိုးကြိတ်ပစ်ချင်သော ခံစားချက်က တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
သူ အနည်းငယ်ပင် သည်းမခံနိုင်တော့သည့် အခြေအနေသို့ ရောက်လာသည်။
ဒီခွေးကောင်တွေ...။
စိတ်ပျက်စရာကောင်းတဲ့ ကောင် တစ်ကောင်တည်း ရှိတာတောင် တော်တော် ဆိုးနေပြီကို မြှောက်ပင့်ပေးမယ့်ကောင်က ပါသေးတယ်။
တကယ်ကို... သေချင်စရာပဲ။
အထူးသဖြင့် ထို မြှောက်ပင့်ပေးနေသော ကောင်ပင် ဖြစ်သည်။
ယခင်က ပါးစပ်ဟလိုက်သည်နှင့် "အောက်တန်းစားတွေ" ဟု ခေါ်ဝေါ်ခဲ့ပြီး...
ယခုတော့ ပါးစပ်ဟလိုက်သည်နှင့် "တောသားတွေ" ဖြစ်သွားပြန်ပြီ။
ချန်းရီသည် လိုင်းပြောင်းပစ်ချင်သွား၏။
သို့သော် ထိုအရိုက်ခံချင်စရာကောင်းသော အသံက သူ၏ သိချင်စိတ်ကို အသေအလဲ ဆွဲဆောင်ထားပြန်သည်။
သူကိုယ်တိုင်လည်း နောက်ဆက်တွဲ သတင်းအချက်အလက်များကို သိချင်နေမိသည်။
"အဟမ်း... အဟမ်း... အဲဒါက စကားစု လမ်းစဉ်ပဲ... ဟိုကားစုတ်လေးထဲက လူနာမည်က ချန်ဟောင် လို့ခေါ်တယ်... စကားစု လမ်းစဉ်ရဲ့ အစွမ်းပိုင်ရှင်ပေါ့... အဲဒီကောင်လေးက မင်းတို့လိုပဲ တုံးအပြီး တောဆန်ပေမယ့် ဒီလမ်းစဉ်ကတော့ တော်တော်လေး စွမ်းတယ်"
"မင်းတို့လို တောသားတွေ သူ့ကို သွားမရန်စမိစေနဲ့... မဟုတ်ရင်တော့... ဟီးဟီး"
(မင်မင် စေတစ်လုံးလမ်းစဉ် လို့မပြန်ပဲ စကားစုလမ်းစဉ် လို့ပဲ ပြန်ထားတယ်။ သူ့အစွမ်းက စေလိုရာအတိုင်းဖြစ်တာလားဆိုတာ မသိရသေးဘူး)
ချန်ဟောင် ဟုတ်လား။
ဒါက ယခင်က ထို ကျူးဇီကျိုက် ၏ ပါးစပ်မှ ထွက်လာခဲ့သော နာမည် မဟုတ်ပါလော။
စကားစု လမ်းစဉ် ဟုတ်လား။
ဒီလောက်တောင် စွမ်းတာလား။
ဆက်ရန်...