← Chapters

အခန်း ၂၇၂

Vol. 14 Ch. 272

အခန်း ၂၇၂

Vol. 14 Ch. 272

အပိုင်း(၂၇၂) ချန်းရီ၏ အကြံဆိုးများ

ချန်းရီက စကားပြောစက်၏ လိုင်းကို တိုက်ရိုက် ပြောင်းပစ်လိုက်သည်။

အခြားအဖွဲ့သားများကလည်း ချန်းရီနည်းတူ လုပ်ဆောင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ အားလုံးက ကြိုတင် နားလည်မှု ရှိထားပြီးဖြစ်ပုံရသည်။

"ခုနကလူက တကယ် အမြင်ကပ်ဖို့ကောင်းတာပဲ... သွားထိုးပစ်ချင်စိတ်တောင် ပေါက်လာပြီ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပထမဆုံး စကားစလိုက်ခြင်း ဖြစ်သည်။

"အားလုံးပဲ... စကားမပြောကြနဲ့တော့... ဘယ်အချိန်ရှိနေပြီလဲ... ဒီထက် ပိုမမြန်ရင် အကုန်လုံး သေကုန်ကြလိမ့်မယ်"

ခေါင်းဆောင်ချူချယ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ညည်းတွားသံကို ဖြတ်ပြောလိုက်သည်။

"ခေါင်းဆောင်ချူ... အခြေအနေ ဘယ်လိုလဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ထပ်မံ မေးမြန်းလိုက်သည်။

ချူချယ်၏ လေသံမှာ အလွန် လေးနက်နေသည်။

"ရာသီဥတုလေ... ဒီရာသီဥတုက အရမ်းကို ဖောက်ပြန်နေတာ"

"ငါ ရာသီဥတုကို အာရုံခံလိုက်တိုင်း ပြောင်းလဲမှုတွေ ရှိနေတယ်"

"ဒီလို ရာသီဥတုမျိုးကို ငါ တစ်ခါမှ မကြုံဖူးသေးဘူး"

"ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြရမယ်"

ချူချယ်က သူ အာရုံခံသိရှိထားသော ရလဒ်များကို အားလုံးအား ပြောပြခြင်း မရှိပေ။

တကယ်တမ်း ပြောပြလျှင်လည်း ဘာမှ ထူးခြားလာမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ အာရုံခံရရှိသော ရာသီဥတုမှာ ခန့်မှန်း၍မရအောင် ပြောင်းလဲနေသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော တစ်နာရီခန့်က အာရုံခံရရှိခဲ့သော ရာသီဥတု။

ထိုရာသီဥတုသည် တစ်နာရီကြာပြီးနောက် အာရုံခံရရှိသော ရာသီဥတုနှင့် ကြီးမားသော ကွာခြားမှုများ ရှိနေပြီ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

တစ်ခုတည်းသော တိကျပြီး ယုံကြည်စိတ်ချရသည့် သတင်းမှာ ဤနေရာသည် လုံခြုံမှု မရှိတော့ခြင်းပင် ဖြစ်သည်။

ဤနယ်မြေမှ အမြန်ဆုံး လွတ်မြောက်အောင် ထွက်ပြေးနိုင်လေ ပိုကောင်းလေ ဖြစ်သည်။

ချန်းရီက မိစ္ဆာပစ်ကပ်ကား၏ အဆင့်မြှင့်တင်မှု အချိန်ရေတွက်ခြင်းကို တစ်ချက် ကြည့်လိုက်သည်။

(၄၉) နာရီသာ ကျန်ရှိတော့သည်။

စနစ်၏ အဆင့်မြှင့်တင်ခြင်း စည်းမျဉ်းများအရ။

သာမန် အဆင့်မြှင့်တင်မှု အသေးစားများတွင် ပစ္စည်း၏ အမည်မှာ ပြောင်းလဲသွားလေ့ မရှိပေ။

အဆင့်မြှင့်တင်မှု ပြောင်းလဲချက် အလွန်ကြီးမားသွားမှသာ ပစ္စည်း၏ အမည်မှာ ပြောင်းလဲသွားမည် ဖြစ်သည်။

အကယ်၍ ယခု မောင်းနှင်နေသော ဤကားသည် မိစ္ဆာပစ်ကပ်ကား ဖြစ်ပြီး နံပါတ်စဉ် (၁၀၀၀) အတွင်းရှိ ထူးဆန်းသော သဘာဝလွန်ပစ္စည်း တစ်ခုသာ ဖြစ်ပါက ဤကဲ့သို့သော ဆိုးရွားသည့် ရာသီဥတုကို ရင်ဆိုင်ရာတွင် အလွန် လွယ်ကူနေမည်ဟု တွေးမိသည်။

သို့သော်လည်း အချိန်က (၄၉) နာရီ ကျန်ရှိနေသေးသည်။

ပြတင်းပေါက် အပြင်ဘက်မှ မိုးရေစက်များက ကားမှန်ကို ရိုက်ခတ်နေပြီး တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်နေသည်။

မိုးရေစက်များက ကားခေါင်မိုးပေါ်သို့လည်း ကျဆင်းရိုက်ခတ်နေ၏။

နားထဲတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသော ဆူညံသံများဖြင့်သာ ပြည့်နှက်နေတော့သည်။

……

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင်။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တတိယအထပ် ဖြစ်သော အမြင့်ဆုံးအထပ်တွင် ဖြစ်သည်။

အပြစ်အနာအဆာကင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ထိုင်ခုံပေါ်တွင် မတ်မတ် ထိုင်နေသည်။

သူ၏ အရှေ့ဘက်တွင်မူ ကျည်ကာမှန်များ တပ်ဆင်ထားသော ပြတင်းပေါက်ကြီး တစ်ခုရှိသည်။

၎င်းကို ကားအခန်းဟု ခေါ်ဆိုခြင်းထက် ဇိမ်ခံရုံးခန်းနှင့် အိပ်ခန်းတွဲလျက် ပါရှိသော အခန်းတစ်ခန်းဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ပြတင်းပေါက် အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။

အမျိုးသားက ပြတင်းပေါက်ရှေ့တွင် မတ်မတ်ထိုင်ကာ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီတစ်ခွက်ကို ဇိမ်ကျကျ ကိုင်ထားရာ ပြတင်းပေါက် အပြင်ဘက်ရှိ မိုးသက်မုန်တိုင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် ဩဇာတိက္ကမ ရှိပြီး မွေးရာပါ အထက်လူကြီး တစ်ဦးနှင့် တူလှသည်။

ဤကဲ့သို့ ဩဇာအာဏာရှိသော အမျိုးသားသည် ကမ္ဘာပျက်ကပ် မတိုင်မီက ကုမ္ပဏီတစ်ခု၏ အကြီးအကဲ မဟုတ်လျှင်ပင် နေရာတစ်နေရာမှ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး သေချာပေါက် ဖြစ်ခဲ့ပေလိမ့်မည်။

တစ်ချက် ကြည့်ရုံမျှဖြင့် ဤအမျိုးသားသည် သာမန်လူ မဟုတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ အစွမ်းထက်မှုကိုတော့ ချီးကျူးရမည် ဖြစ်သည်။

ဤမျှ ကြမ်းတမ်းပြီး ပျက်စီးနေသော တောင်ပေါ်လမ်းများတွင် မောင်းနှင်နေရသော်လည်း တတိယအထပ်မှာမူ ဤမျှလောက် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သေးသည်။

အမျိုးသား၏ လက်ထဲမှ ကော်ဖီသည် တစ်စက်လေးမျှပင် ဖိတ်စင်ကျခြင်း မရှိပေ။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ဒုတိယအထပ်တွင်မူ အသက်ရှင်ကျန်ရစ်သူ (၂၀) ကျော်ခန့်က ပြတင်းပေါက် အပြင်ဘက်သို့ စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်နေကြသည်။

ထိုနေရာသည် တတိယအထပ်ထက် ပိုမိုကျယ်ဝန်းသော ကားအခန်း နေရာတစ်ခု ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ အချို့က မိမိတို့၏ ထိုင်ခုံများပေါ်တွင် ထိုင်နေကြပြီး အချို့က ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ အပြင်ဘက်ရှိ ရာသီဥတုကို ထိတ်လန့်တကြား ကြည့်ရှုနေကြသည်။

ပထမအထပ်ကမူ အကြီးဆုံးအထပ် ဖြစ်သည်။

ထိုအထပ်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ သိသိသာသာ ပိုမိုများပြားပြီး လူလေးငါးဆယ်ခန့် ရှိသည်။ ထို့ပြင် သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း သိသိသာသာ ပိုမို ဟောင်းနွမ်းစုတ်ပြတ်နေကာ မျက်နှာပေါ်ရှိ အသွေးအရောင်မှာလည်း ဒုတိယအထပ်ရှိ လူများလောက် ကြည်လင်တောက်ပခြင်း မရှိပေ။

ယာဉ်မောင်းခန်းထဲတွင် လူငယ် ယာဉ်မောင်းနှစ်ဦးက ပြတင်းပေါက် အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းနေမှုကို အာရုံစိုက် ကြည့်ရှုနေပြီး သူတို့၏ အမူအရာများမှာ တင်းမာနေသည်။

"ရှဲ... ရှဲ..."

ပိန်ပိန်ပါးပါးနှင့် မင်္ဂလာဆောင်များတွင် ဝတ်လေ့ရှိသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ယာဉ်မောင်းနှစ်ဦး၏ ဘေးတွင် ရပ်နေပြီး သူ၏ လက်ထဲရှိ စကားပြောစက်ကို အဆက်မပြတ် ချိန်ညှိနေသည်။

နှမြောစရာကောင်းသည်မှာ လိုင်းပေါင်းများစွာကို ဆက်တိုက် ချိန်ညှိခဲ့သော်လည်း အသံတစ်စက်လေးမျှပင် ထွက်ပေါ်လာခြင်း မရှိပေ။

အမျိုးသား၏ မျက်နှာမှာ အနည်းငယ် နီရဲလာပြီး အရှက်ခွဲခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ကျက်သရေတုံးတဲ့ကောင်တွေ... အလကားကောင်တွေ... ဒီတောသား အယုတ်တမာတွေက ကြီးမြတ်လှတဲ့ အရှင်မင်းကြီးနဲ့ စကားပြောဖို့ကိုတောင် ငြင်းဆန်ရဲကြတယ်ပေါ့"

"အရှင်မင်းကြီးသာ မရှိရင် သူတို့က စကားစု လမ်းစဉ် ဆိုတာ ဘာမှန်း သိကြမှာတဲ့လား"

"အရှင်မင်းကြီးသာ မရှိရင်..."

"တောသားတွေ... အယုတ်တမာတွေ... အောက်တန်းစားတွေ"

ခုနက ထိုလူများ၏ စိတ်မရှည်သော လေသံကို ပြန်တွေးမိသောအခါ အမျိုးသားမှာ အလွန်တရာ ဒေါသထွက်လာတော့သည်။

"ရှောင်တယ်ဇီ"

ထိုအချိန်မှာပင် စကားပြောစက်ထဲမှ မာနထောင်လွှားနေသော လေသံကြီး ထွက်ပေါ်လာသည်။

အမျိုးသားမှာ တစ်ကိုယ်လုံး တွန့်လိမ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ပင်ကိုယ်အသိစိတ်အရ ဖားယားလိုသော အမူအရာများ ပေါ်လွင်လာသည်။

"အရှင်မင်းကြီး... ရှောင်တယ်ဇီ ရှိပါတယ်... အမိန့်ရှိပါဘုရား"

"အင်း... ရှောင်တယ်ဇီ... ငါတို့ ဒီကနေ ထွက်သွားဖို့ အချိန် ဘယ်လောက်ကြာဦးမလဲ"

အနီရောင် ဝတ်စုံဝတ် ရှောင်တယ်ဇီက ရှေ့ခရီးလမ်းကို တစ်ချက် ကြည့်လိုက်သော်လည်း ချက်ချင်းပင် မည်သို့ ပြောရမည်ကို မသိဖြစ်သွားသည်။

"အရှင်မင်းကြီး... အကြမ်းဖျင်းတော့ နှစ်နာရီလောက် ကြာပါဦးမယ်ဘုရား"

"အရှင်မင်းကြီး စိတ်ချတော်မူပါ... ရှောင်တယ်ဇီ ရှိနေသရွေ့ အရှင်မင်းကြီးကို ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်အောင် အာမခံပါတယ်... အရှင်မင်းကြီး ပင်ပန်းနေရင် ခဏလောက် အနားယူလိုက်တာ ပိုမကောင်းဘူးလား ဘုရား"

"တစ်ရေးအိပ်ရာက နိုးလာတဲ့ အချိန်ကျရင် ကျွန်တော်တို့ ဒီနေရာကနေ လွတ်ကင်းနေလောက်ပြီ ဖြစ်ပါတယ်"

"အင်း... ကိုယ်တော် တကယ်ပဲ နည်းနည်း နုံးချည့်နေပြီ... ဒီတော့ သွားနားလိုက်ဦးမယ်... မင်းတို့ ဖြည်းဖြည်း မောင်းကြ... ကိုယ်တော့်ရဲ့ အိပ်မက်လှလှလေးတွေကို မနှောင့်ယှက်မိစေနဲ့"

"မှန်လှပါဘုရား"

ရှောင်တယ်ဇီ၏ မျက်နှာအမူအရာမှာ ခဏတွင်းချင်းမှာပင် ပို၍ ဖားယားလွန်းသော ပုံပေါက်လာသည်။

ထို "အရှင်မင်းကြီး" ဆိုသူက ယခုအချိန်တွင် သူ၏ အမူအရာကို မမြင်နိုင်ကြောင်း ကောင်းကောင်း သိထားသော်လည်း ဤကောင်က ဒူးနှစ်ဖက်ကို မြေပြင်ပေါ် ထောက်ချကာ စကားပြောစက်ကို ကြည့်ပြီး အော်ဟစ်လိုက်သေးသည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ"

ကားမောင်းနေသော ယာဉ်မောင်းနှစ်ဦး၏ မျက်လုံးထောင့်များမှာ အနည်းငယ် တွန့်တက်သွားသော်လည်း စကားတစ်ခွန်းမျှပင် ဝင်မပြောရဲကြပေ။

……

သေချာသည်မှာ ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ဆိုသည်ကို...

ချန်းရီ တစ်ယောက် လုံးဝ မသိရှိပေ။ ချန်းရီက ကားမောင်းရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။

တောင်ပေါ်လမ်းပေါ်ရှိ ရေဝပ်နေသော နေရာများမှာ ပို၍ များပြားလာသည်။

ကား၏ အမြန်နှုန်းအပေါ် များစွာ သက်ရောက်မှု ရှိနေ၏။

ထိုအရှုပ်ထုပ်နှစ်ကောင်၏ အနှောင့်အယှက်ပေးခြင်းကို မခံရစေရန်အတွက်...

အားလုံးက စကားပြောစက်ကိုပင် ဖွင့်မထားကြတော့ဘဲ လီဗာကိုသာ အဆုံးထိနင်းကာ အပြေးအလွှား မောင်းနှင်နေကြသည်။

"ဝုန်း... ဝုန်း..."

မြည်ဟည်းသံကြီးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

သို့သော် ယခုတစ်ကြိမ် အသံမှာ အရင်ကထက် အများကြီး ပို၍ တိုးသွားသည်။

ချန်းရီက တစ်ချက် လှမ်းကြည့်လိုက်ရာ ညာဘက် တောင်စောင်းမှ မြေပြိုကျမှု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ချန်းရီက စတီယာရင်ကို အနည်းငယ် ချိန်ညှိလိုက်ရာ မိစ္ဆာပစ်ကပ်ကားလေးက အလန်းစား ဖင်ရမ်းချော်ထွက်မှု တစ်ခုကို ပြုလုပ်လိုက်ပြီး တောင်ပေါ်မှ လိမ့်ဆင်းလာသော ကျောက်တုံးများနှင့် ရွှံ့ရေများကို ကပ်သီးလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။

တင်းတုံကမူ လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီး လမ်းကြောင်းတစ်ခုကို တိုက်ရိုက် ဖောက်ချလိုက်သည်။

ကျောင်းကားကလည်း တင်းတုံ၏ ကားဘီးရာများနောက်မှ လိုက်ပါ မောင်းနှင်သွားသည်။

နောက်ဆုံးတွင် ကျန်ရစ်နေသော ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကမူ...

ဤကားမှာမူ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လမ်းပိတ်နေသော ကျောက်တုံးများနှင့် ရွှံ့ရေများကို တိုက်ရိုက် ဝင်တိုက်ကာ ရှင်းလင်းသွားလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်းရီ၏ မျက်ခွံများပင် တဆတ်ဆတ် တုန်သွားသည်။

ဒီ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကရော ထူးဆန်းတဲ့ သဘာဝလွန်ပစ္စည်း တစ်ခုများ ဖြစ်နေမလား။

တိတ်ဆိတ်နေသော တောင်ပေါ်လမ်းများကြားတွင် ယာဉ်တန်းတစ်တန်းက မီးရောင်များ လင်းလက်လျက် တောင်ပေါ်လမ်းတစ်လျှောက် အရူးအမူး မောင်းနှင်နေကြသည်။

လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းအလား အမှောင်ထုထဲသို့ တည့်မတ်စွာ ထိုးဖောက်ဝင်ရောက်သွား၏။

ယာဉ်တန်း၏ အနောက်ဆုံးတွင် ရှိနေသော ပုံကြီးချဲ့လွန်းသည့် ပုံပေါက်နေသော ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက လူအများ၏ အာရုံကို အဖမ်းစားနိုင်ဆုံး ဖြစ်ပြီး သိပ္ပံရုပ်ရှင်များထဲက ကားတစ်စီးနှင့် တူလှသည်။

တောင်ပေါ်လမ်း တစ်ဖက်တစ်ချက်စီရှိ တောင်တန်းကြီးများမှာ ရှေးဟောင်း သားရဲကြီးနှစ်ကောင်နှင့် တူနေပြီး ဤယာဉ်တန်းကို အချိန်မရွေး မျိုချပစ်ရန် ရည်ရွယ်ထားပုံရသည်။

မိုးကလည်း ပို၍ ပို၍ သည်းထန်လာသည်။

ထို့အပြင် တစ်ဖက်တစ်ချက်စီရှိ တောင်စောင်းများတွင် မြေပြိုကျမှုများက အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ကားထဲတွင် မထိုင်ရဲတော့ပေ။

ဤကောင်မလေးသည် ကားခေါင်မိုးပေါ်တွင် မတ်တတ်ရပ်ကာ လက်ထဲတွင် မီးနဂါးဓားကို ဆုပ်ကိုင်ထားပြီး ရုတ်တရက် ဖြစ်ပေါ်လာမည့် အခြေအနေများကို ရင်ဆိုင်ရန် အချိန်မရွေး အသင့်ပြင်ထားသည်။

တင်းတုံသည်လည်း ကုန်တင်ကားလေး၏ ခေါင်မိုးပေါ်တွင် ရပ်နေသည်။

ချန်းရီကမူ ထင်းခုတ်ဓားမ၏ လက်ကိုင်ကို ဆုပ်ကိုင်ထားပြီး သူ၏ စိတ်အာရုံမှာလည်း အထွတ်အထိပ်သို့ ရောက်နေကာ ပါးစပ်ထဲမှ ဟွာဇီးဆေးလိပ်မှာလည်း တစ်လိပ်ပြီးတစ်လိပ် ပြတ်မသွားခဲ့ပေ။

ချန်းရီသည် ကားနောက်ကြည့်မှန်ထဲမှနေ၍ ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက ယာဉ်တန်းအနောက်မှ အေးအေးလူလူ လိုက်ပါလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သေနာကောင်တွေ... ငါတို့က လမ်းဖောက်ပေးနေရပြီး သူတို့ကတော့ အသင့်လာစားနေကြတာပဲ။

ဤကား၏ အမြန်နှုန်းမှာ သိသိသာသာကို မနှေးကွေးပေ။

သို့သော် ယခုအချိန်တွင်မူ သူတို့၏ အနောက်၌ ပုန်းအောင်းကာ လမ်းဖောက်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

တကယ့်ကိုပဲ...

ကိုယ့်ဘာသာကိုယ် တခြားသူတွေဆီက အမြတ်ထုတ်နေကျကို... ဘယ်တုန်းကများ သူတစ်ပါးက ကိုယ့်ဆီက အမြတ်ထုတ်ဖို့ အလှည့်ရောက်သွားတာလဲ။

ချန်းရီ၏ ခေါင်းထဲမှ အကြံဆိုးများ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

လူတွေက မကောင်းမှု လုပ်တော့မည်ဆိုပါက အမြဲလိုလို အဆုံးအစမရှိသော ခွန်အားတွေ ရှိနေတတ်ကြသည်။

ဤကဲ့သို့ အန္တရာယ်များပြီး အရေးပေါ် အခြေအနေမျိုးတွင်ပင်...

ချန်းရီ၏ အကြံဆိုးများမှာ လုံးဝ ရပ်တန့်မသွားခဲ့ပေ။

ဆက်ရန်...

All Chapters