အခန်း ၂၇၃
Vol. 14 Ch. 273
အပိုင်း(၂၇၃) ငါက ပြောတဲ့အတိုင်း လုပ်တယ်
လူတွေက မကောင်းမှုလုပ်သည့်အခါ ပင်ပန်းသည်ဟု မခံစားရသလို နွမ်းနယ်သည်ဟုလည်း မထင်တတ်ကြပေ။
ဒီလိုအချိန်မျိုးမှာ ငွေစိုက်ထုတ်ရမည်ဆိုလျှင်တောင် သူတို့က ကြည်ကြည်ဖြူဖြူ လုပ်ကြဦးမည်သာ ဖြစ်သည်။
ချန်းရီက စကားပြောစက်ကို ချက်ချင်း ကောက်ကိုင်သည်။
"ဟယ်လို... ဟယ်လို"
ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ယာဉ်မောင်းခန်းအတွင်း။
ရှောင်တယ်ဇီက ရှေ့ကလမ်းကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။
တကယ်တော့ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံအရဆိုလျှင်။
လက်ရှိ တောင်တက်လမ်းက အနည်းငယ် အန္တရာယ်များနေသော်ငြားလည်း။
ရင်ဆိုင်ကျော်လွှားနိုင်စွမ်း ရှိနေဆဲပင်။
ထို့အပြင် ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တပ်ဆင်ထားမှုက သာမန်လူတွေ စိတ်ကူးယဉ်ကြည့်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ထူးဆန်းသောပစ္စည်း မဟုတ်သော်လည်း ဤခံတပ်ယာဉ်က သာမန်ထူးဆန်းသောပစ္စည်းများထက် အများကြီး ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။
တောင်တက်လမ်းပေါ်တွင် ရေဝပ်သည့်နေရာများ ပိုများလာပြီး ချန်းရီတို့၏ ကားအတွက်မူ သက်ရောက်မှု ရှိကောင်း ရှိနိုင်ပေမည်။
တခါတရံ လမ်းပိတ်နေသည့် သစ်ပင်ကြီးများ သို့မဟုတ် ကျောက်တုံးကြီးများနှင့် ကြုံတွေ့ရလျှင်ပင်။
ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးအတွက်မူ ပြဿနာ တစ်စုံတစ်ရာ မရှိလှချေ။
ထို့အပြင် ချန်းရီတို့က လမ်းရှင်းပေးနေသေးသည်။
ဤသည်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးအတွက် မောင်းနှင်ရ ပို၍ သက်သောင့်သက်သာ ဖြစ်စေသည်။
သို့သော် စောစောက ထိုလူအနည်းငယ်က အရှင်မင်းကြီးအပေါ် ရိုသေလေးစားမှု မရှိခဲ့ခြင်းကြောင့် ရှောင်တယ်ဇီမှာ အလွန်တရာ ဒေါသထွက်နေရသည်။
အရှင်မင်းကြီးဆိုသည်မှာ ကောင်းကင်အောက်တွင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ပင် မဟုတ်ပါလော။
ဘေးကင်းလုံခြုံသည့် နေရာသို့ ရောက်သည်နှင့် ထိုလူများကို အရှင်မင်းကြီး၏ ဘုန်းတန်ခိုးအာဏာအား မည်သို့ ပြသရမည်ကို ရှောင်တယ်ဇီက စိတ်ထဲတွင် တွက်ချက်နေပြီ ဖြစ်သည်။
ဤ "လူမိုက်များ"၊ "တောသားများ" က မိမိကိုပင် အလေးမထားဘဲ နေရဲသည်ပေါ့...
မိမိကို အလေးမထားခြင်းက အရှင်မင်းကြီးကို အလေးမထားခြင်းပင်။
ခွင့်လွှတ်၍ မရနိုင်ပေ။
ထိုသို့ တွေးတောနေစဉ်မှာပင်။
စကားပြောစက်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ရှောင်တယ်ဇီ အံ့သြသွားပြီး ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် တစ်ဖက်မှ ထပ်မံ စကားပြောလာသည်။
"ဟယ်လို... ဟယ်လို"
"မင်း ငါ့အသံကို ကြားနေရတယ်ဆိုတာ ကျွန်တော် သိတယ်"
"နည်းနည်းလောက် တိုင်ပင်ရအောင်လေ... ဘယ်လိုလဲ"
ရှောင်တယ်ဇီ၏ မျက်ဝန်းများ အရောင်လက်သွားပြီး ခဏအတွင်းမှာပင် အတွေးပေါင်းများစွာက စိတ်ထဲမှ ထွက်ပေါ်လာသော်လည်း ဤသို့ ပြန်ပြောသည်။
"ဟမ့်... မင်းတို့လို အောက်ခြေလူတန်းစားတွေက ဘာပြောချင်လို့လဲ... မြန်မြန်ပြော... ငါဒီမှာ အလုပ်များနေတယ်... မင်းတို့နဲ့ အပိုစကားပြောနေဖို့ အချိန်မရှိဘူး"
ချန်းရီက အံကြိတ်ကာ ရိုက်ပစ်ချင်နေသည့် စိတ်ကို ဖိနှိပ်ထားသည်။
စိတ်ခံစားချက်ကို ထိန်းညှိပြီးနောက် ဆက်ပြောသည်။ "ဒီလိုလုပ်ရင် အဆင်ပြေမလား စဉ်းစားကြည့်ပါဦး... မင်းတို့ကားက ငါတို့ကားထက် ပိုမိုက်တယ်လေ... မင်းတို့က ရှေ့ကနေ လမ်းပြပေးရင် မကောင်းဘူးလား"
အကယ်၍ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကသာ ရှေ့မှ လမ်းပြပေးမည် ဆိုပါက။
ဤကား၏ အရှိန်အဝါကို ကြည့်ရုံဖြင့် ရှေ့ဆက်ရမည့် ခရီးစဉ်အတွက် အများကြီး ပိုမို အဆင်ပြေချောမွေ့သွားနိုင်ပေသည်။
ဤသည်က ရွေ့လျားနေသော ရဲတိုက်ကြီး တစ်ခုပင် ဖြစ်သည်။
လမ်းပေါ်တွင် အတားအဆီး တစ်ခုခု ရှိနေလျှင်ပင် ဤကားက အလွယ်တကူ ရှင်းလင်းသွားနိုင်စွမ်း ရှိသည်။
ထို့အပြင် ဤကား၏ အမြန်နှုန်းကလည်း မနှေးလှပေ။
ရှောင်တယ်ဇီ၏ နှုတ်ခမ်းထောင့်များက လှောင်ပြောင်သရော်စွာ ပြုံးယောင်သမ်းသွားသည်။
"တောသားတွေဆိုတော့လည်း တောသားတွေပါပဲ... ဒါပေမဲ့ အကဲခတ်တော့ နည်းနည်း တတ်သားပဲ... ဒါပေမဲ့ ငါတို့က ဘာကိစ္စနဲ့ ရှေ့ကနေ လမ်းရှင်းပေးပြီး မင်းတို့ကို အချောင်နှိုက်ခိုင်းရမှာလဲ"
ဒီကောင်က သိပ်တော့ မအလှချေ။
ချန်းရီက စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ဆက်ပြောသည်။ "မင်းက တကယ် အလုပ်မလုပ်တတ်တာပဲ... အတိုင်းအဆမသိ မြင့်မြတ်လှတဲ့ မင်းတို့ရဲ့ အရှင်မင်းကြီးက အခု ငါတို့ နောက်မှာ နေနေရတာ... အဲဒါ သင့်တော်လို့လား"
"အဲဒါက သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီလို့လား"
"နောက်ပိုင်း အပြင်မှာ သတင်းထွက်သွားရင်... အရှင်မင်းကြီးက ယာဉ်တန်းနောက်ကနေ ဖုန်ရှူပြီး လိုက်နေရတယ်လို့ ပြောကြမှာ... နားထောင်ကြည့်ပါဦး... အဲဒါ သင့်တော်ရဲ့လား"
"ရိုင်းစိုင်းလိုက်တာ... မင်းက အရှင်မင်းကြီးကိုများ... အရှင်မင်းကြီးကိုများ"
ရှောင်တယ်ဇီက ချန်းရီ၏ စကားကို ကြားသောအခါ ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားသည်။
သို့သော် ရှောင်တယ်ဇီသည် ချန်းရီ၏ ဆွပေးသော စကားတစ်ခွန်းတည်းဖြင့်တော့ လုံးဝ ဒေါသပေါက်ကွဲသွားခြင်း မရှိချေ။
သူကလည်း အရူးမှ မဟုတ်ဘဲ။
ချန်းရီက အမြန် ဝင်ပြောသည်။ "ကြည့်လေ... စကားတစ်ခွန်း ပြောလိုက်တာနဲ့ မင်းက ဒေါသထွက်နေပြီ... ဒါပေမဲ့ အခု ဒီကိစ္စက တကယ် ဖြစ်နေတာလေ"
"မင်းက လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ထားနိုင်မယ်ဆိုရင်တောင်... လူတိုင်း အဲဒီလို မတွေးအောင် တားဆီးနိုင်လို့လား"
ချန်းရီ စကားပြောနေသည့် အချိန်လေးအတွင်းမှာပင်။
တောင်ပေါ်မှ ကျောက်တုံးကြီးများနှင့် သစ်ပင်ကြီးများက တောင်စောင်းတစ်လျှောက် ထပ်မံ ပြိုကျလာသည်။
ချန်းရီက မီးခိုးငွေ့များကို အသုံးပြုကာ နံရံတစ်ခု ဖန်တီး၍ တားဆီးလိုက်မှသာ ယာဉ်တန်းက ချောမွေ့စွာ ဖြတ်သန်းသွားနိုင်တော့သည်။
ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကမူ ဘီးပေါင်းများစွာ ပါရှိသဖြင့် ဤကျောက်တုံးများနှင့် သစ်ပင်များကို မျက်လုံးထဲပင် ထည့်မတွက်ချေ။
တိုက်ရိုက်ပင် ကြိတ်ကာ ကျော်ဖြတ်သွားသည်။
၎င်း ကြိတ်ဖြတ်သွားသော လမ်းမျက်နှာပြင်မှာ အလွန် ညီညာသွားပြီး ကားမောင်းရန် အလွန် သင့်တော်သွားသည်။
အနည်းငယ် ကြီးမားသော ကျောက်တုံးကြီးများကိုမူ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက အမှုန့်ကြိတ်ကာ အတင်း ဖြတ်မောင်းသွားခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ထိုကြီးမားသော ကျောက်တုံးကြီးများကို တိုက်ခွဲနိုင်စွမ်း ရှိသော်ငြားလည်း။
ထိုသို့ လုပ်ရန် မလိုအပ်ပေ။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တိုက်ခိုက်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ဤကဲ့သို့ ကြမ်းတမ်းသော တောင်တက်လမ်းများနှင့် ကြုံတွေ့ရချိန်တွင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက အများကြီး ပို၍ လွယ်ကူသက်သာစွာ ကိုင်တွယ်နိုင်ကြောင်း သိသာထင်ရှားသည်။
အဓိက အကြောင်းရင်းမှာ ကင်းခြေများ၏ ခြေထောက်များကဲ့သို့ များပြားလှသော ဘီးများကြောင့်ပင် ဖြစ်သည်။
"မင်း"
စူးရှရှ အသံက သိသိသာသာကို ဒေါသထွက်နေပုံရသည်။
"နေဦး... နေဦး... အမတ်ကြီး... အရင် ဒေါသမထွက်နဲ့ဦး"
"မင်းက တကယ်ပဲ အရှင်မင်းကြီးရဲ့ နာမည်ဂုဏ်သတင်းအတွက် စဉ်းစားပေးတယ်ဆိုရင် မင်းက ရှေ့ကနေ လမ်းပြပေးပါ...ငါတို့လို... တောသားတွေက မင်းတို့ကား နောက်ကနေ လိုက်ခဲ့မယ်"
"နောက်ပိုင်း အပြင်ရောက်သွားရင် အရှင်မင်းကြီးက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာကို လူတိုင်းကို သေချာပေါက် ပြောပြပေးမယ်"
ချန်းရီက ဖြည်းဖြည်းချင်း သွေးဆောင်ဖြားယောင်းနေသည်။
စကားပြောစက်၏ တစ်ဖက်မှ အသက်ရှူသံ အနည်းငယ်ကို ကြားနေရသည်။
တကယ်ပင်... ဤခွေးကောင်များက အစကတည်းက လိုင်းဖမ်းမိနေပြီး အချိန်တောက်လျှောက် ခိုးနားထောင်နေကြခြင်း ဖြစ်သည်။
ချန်းရီက စတီယာရင်ကို အနည်းငယ် ချိုးကွေ့သည်တွင် ကားဘီးက တစ်စုံတစ်ခုကို ကြိတ်မိသွားသကဲ့သို့ ဖြစ်ပြီး အပေါ်သို့ မြင့်မားစွာ ခုန်တက်သွားသည်။
ချန်းရီ ကိုယ်တိုင်လည်း ၄ လက်မကျော်ခန့် အပေါ်သို့ လွင့်တက်သွားသည်။
နောက်ဘက်ရှိ ကုန်တင်ကားနှင့် ကျောင်းကားတို့သည်လည်း ဆောင့်တက်ကာ ခုန်ပျံသွားကြသည်။
"မင်း ဘာကြံစည်နေလဲဆိုတာ ငါ သိတယ်... ကောင်လေး... ငါ့ကို အနေလို့ မထင်နဲ့... ဒီလောက်နဲ့တော့ မင်းရဲ့ လှည့်ကွက်ထဲ ငါက ဝင်မသွားဘူး"
"မဟုတ်တာ... အမတ်ကြီး... အဲဒီလိုပြောရင် မမှန်ဘူးလေ... ငါတို့က အရှင်မင်းကြီးအတွက် စဉ်းစားပေးနေတာ မဟုတ်ဘူးလား"
"ဟမ့်... မင်းရဲ့ အကြံပြုချက်က မဆိုးပါဘူး... ဒါပေမဲ့ ငါတို့ကို လမ်းရှင်းခိုင်းချင်ရင် မင်းက ငါ့ရဲ့ စည်းကမ်းချက် တစ်ခုကိုတော့ လက်ခံရမယ်"
"ပြောကြည့်လေ"
ရွံရှာဖွယ် အရာကြီးက ချက်ချင်း ထွက်ပေါ်လာပြီး တောင်စောင်းဘေးရှိ သစ်ပင်ကြီး တစ်ပင်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားသည်။
မိုးမခကိုင်းက ကျုံ့ဝင်သွားပြီး ကားကိုယ်ထည်ကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေရန် ဆွဲယူထိန်းမတ်ပေးသည်။
"မင်းက အရှင်မင်းကြီးရဲ့ လက်အောက်ခံ ပြည်သူတစ်ယောက် ဖြစ်ရမယ်... အဲဒီလိုမှ မဟုတ်ရင်တော့ ငါတို့ကို လမ်းရှင်းခိုင်းဖို့ တွေးတောင် မတွေးနဲ့"
"ရတယ်... ပြဿနာ မရှိဘူး"
ချန်းရီက ချက်ချင်းပင် သဘောတူသည်။
"မင်း"
ရှောင်တယ်ဇီသည် ချန်းရီ ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပုံရသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားပြီး ချန်းရီ မည်သို့တွေးနေသည်ဆိုတာကို သူမ စိတ်ထဲတွင် ခန့်မှန်းမိပြီး ဖြစ်သည်။
ချူချယ်က သူ၏ ကျဲပါးနေသော ဆံပင်များကို ပွတ်သပ်ရင်း ရွှီနန်အား ကားကို သေချာမောင်းရန် သတိပေးသည်။
တင်းတုံကမူ တိတ်ဆိတ်နေဆဲပင်။
"မရဘူး... မင်းက အရမ်းလွယ်လွယ်ကူကူ သဘောတူလိုက်တာ... ငါ မင်းကို မယုံဘူး"
"ဟမ်... ဒါဆို မင်းက ငါ့ကို ဘယ်လို လုပ်စေချင်တာလဲ"
ချန်းရီ အနည်းငယ် ဒေါသထွက်သွားသည်။ ဤကောင်က အဘယ်ကြောင့် ဤမျှလောက် သံသယ ကြီးမားနေရသနည်း။
လူသားများကြားတွင် ယုံကြည်မှုဆိုသည်မှာ တစိုးတစိမျှပင် မရှိတော့ပြီလော။
"မင်း... မင်း ကျိန်ဆို... အရှင်မင်းကြီးရဲ့ ပြည်သူအဖြစ် ခံယူပါမယ်လို့ ကျိန်ဆို... သစ္စာဖောက်ရင် အူပြတ်၊ ဗိုက်ပွင့်ပြီး အသေဆိုးနဲ့ သေပါစေလို့ ကျိန်ဆိုစမ်း"
ကျိန်ဆိုရမည် ဟုတ်လား။
ကောင်းပြီလေ... ရှောင်တယ်ဇီမှာ တစ်ဖက်လူကို ဘယ်လို ယုံကြည်ရမည်ဆိုတာ ချက်ချင်း စဉ်းစား၍ မရနိုင်ခဲ့ချေ။
ကျိန်ဆိုခြင်းကသာ လက်ရှိအခြေအနေတွင် သူ စဉ်းစား၍ရသည့် အသင့်တော်ဆုံးသော နည်းလမ်း ဖြစ်နေသည်။
လက်ရှိ အခြေအနေအရဆိုလျှင် တစ်ဖက်လူက မည်သို့သော လူမျိုးဖြစ်သည်ကိုပင် သူ မသိပေ။
"ငါ ကျိန်ဆိုတယ်... ငါ အရှင်မင်းကြီးရဲ့ ပြည်သူ သေချာပေါက် ဖြစ်လာစေရပါမယ်... ဖောက်ဖျက်မိရင် အူပြတ်၊ ဗိုက်ပွင့်ပြီး အသေဆိုးနဲ့ သေပါစေ"
ချန်းရီက တစိုးတစိမျှ တုံ့ဆိုင်းမနေပေ။
"မင်း"
စကားပြောစက်ထဲတွင် ထပ်မံ တုံ့ဆိုင်းသွားပြန်သည်။
ရှောင်တယ်ဇီက မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူက အဘယ်ကြောင့် နည်းနည်းလေးမျှပင် မတုံ့ဆိုင်းရသနည်း။
ချန်းရီလည်း စိတ်လောလာသည်။ လမ်းက ပိုပိုပြီး သွားရခက်လာကာ သူက ဤမိန်းမစိုးလေးနှင့် အကွက်ချ တိုက်ခိုက်နေရသလို တစ်ဖက်ကလည်း ကားကို အာရုံစိုက် မောင်းနှင်နေရသည်။
သူ့တွင် နိုးကြားလာသော အစွမ်းများ ရှိနေလျှင်ပင် ယခုအချိန်တွင် အနည်းငယ် လက်ဝင်နေသကဲ့သို့ ခံစားနေရသည်။
"သေစမ်း... မင်းက ကျိန်ဆိုပြတာတောင် မယုံဘူးလား... ဘယ်လိုလုပ်ပြမှ ငါ့ကို ယုံမှာလဲ"
"ငါ... ငါလည်း မသိဘူး... ဒါပေမဲ့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားမယ်... မင်းက ငါတို့ဆီ ဝင်လာချင်ရင်တောင် အောက်ဆုံးအဆင့် အောက်ခြေလူတန်းစား ကနေပဲ စရမှာ"
"မင်းက အစွမ်းပိုင်ရှင် ဖြစ်နေရင်တောင်မှ ဘာစွမ်းဆောင်ရည်မှ မရှိသေးတဲ့ အခြေအနေမှာတော့ တစ်ဆင့်ချင်းစီပဲ တက်ရမယ်... ရောက်ရောက်ချင်း တပ်မှုးရာထူး ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
အောက်ခြေလူတန်းစား ဟုတ်လား။
အောက်ခြေလူတန်းစား ဆိုပြန်ပြီလော။
ချန်းရီက အံကြိတ်ကာ "အေးပါ... ငါ သိပါတယ်... ငါ နားလည်ပါတယ်"
"အခုငါက ကျိန်တောင် ကျိန်ဆိုပြပြီးပြီကို မင်းက သဘောမတူသေးဘူးလား"
ရှောင်တယ်ဇီမှာ အမှန်တကယ်ပင် အနည်းငယ် တုံ့ဆိုင်းနေရသည်။
ဖြစ်စဉ်တစ်ခုလုံးက အလွန်အမင်း ချောမွေ့လွန်းနေသည်။
စကားပြောစက်ထဲမှ အသံ ထပ်ထွက်လာပြန်သည်။
"မဟုတ်ဘူး... မင်းက ငါ့ကို မယုံရင်တောင် တခြားသူတွေကိုတော့ ယုံသင့်တယ်လေ... သူတို့ကို မေးကြည့်ပါလား... ငါ့ အဖွဲ့သားတွေကို မေးကြည့်... ငါက တကယ့်ကို ကတိတည်တဲ့လူ ဟုတ် မဟုတ် ဆိုတာ"
"ငါက တခြားသူတွေကို ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး... ပြောတဲ့အတိုင်း အမြဲလုပ်တယ်... မင်း သူတို့ကို မေးကြည့်... သူတို့ အခု လိုင်းပေါ်မှာ ရှိတယ်"
ဆက်ရန်...