← Chapters

အခန်း ၂၈၀

Vol. 14 Ch. 280

အခန်း ၂၈၀

Vol. 14 Ch. 280

အပိုင်း (၂၈၀) အစွဲအလမ်းကြီးသူ

နှာခေါင်းနှင့် မျက်နှာတစ်ခုလုံး ပွန်းပဲ့ရောင်ရမ်းနေအောင် အရိုက်ခံထားရသော ရှောင်တယ်ဇီသည် ရုန်းကန်လျက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ အသွင်အပြင်လေးမှာ အလွန်တရာ သနားစရာ ကောင်းနေတော့၏။

အကယ်၍ ယခုအချိန်တွင် ဂန္ထဝင် နောက်ခံတေးဂီတတစ်ခုသာ ဖွင့်လိုက်မည်ဆိုပါက ယခုနှစ်၏ အသည်းကွဲဆုံး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ကြမ်းပြင်မှ မျက်နှာကြက်အထိ တပ်ဆင်ထားသော မှန်ပြတင်းပေါက်ကြီးရှေ့တွင် ရပ်နေသည့် အမျိုးသားက ရှောင်တယ်ဇီကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် ချန်းရီဘက်သို့ အကြည့်လွှဲလိုက်သည်။

အဆင့်မြင့် အရာရှိတစ်ဦး၏ အငွေ့အသက်မျိုးက သူ့ထံမှ သဘာဝကျကျ ထွက်ပေါ်လာ၏။

အကယ်၍ ဤအဖြစ်အပျက်သာ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤကဲ့သို့သော လူကို တွေ့လိုက်ရသည်နှင့် အလွန် ဩဇာတိက္ကမ ကြီးမားသည့် နောက်ခံရှိသူ တစ်ယောက်ဟု တွေးထင်မိကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူ့ဘေးနားရှိ စကားထစ်နေသော လူက သူ့ရှေ့ရှိ ထိုအမျိုးသားကို လုံးဝ ရောင်းစားပစ်လိုက်ပြီ ဖြစ်သည်။

ဤလူသည် ဖြစ်နိုင်သမျှ တိုက်ခိုက်ရေးစွမ်းရည် အားလုံးကို စွန့်လွှတ်လိုက်ပြီး သူ၏ အစွမ်းအားလုံးကို ဤကမ္ဘာပျက်ကပ် ခံတပ်ကြီး ဖန်တီးတည်ဆောက်ရန်အတွက် အသုံးပြုထားခြင်း ဖြစ်သည်။

အထူးသဖြင့် ထိုတတိယထပ်ကို "အမုန်းတရား" ဓားကပင် ဖျက်ဆီးပစ်ရန် မတတ်နိုင်ခဲ့ချေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤလူ၏ သတိထားတတ်မှုနှင့် သတိကြီးမှုကို မြင်တွေ့နိုင်ပေသည်။

၎င်းမှာ သူ၏ ခန့်ညားထည်ဝါသော အပြင်ပန်းသွင်ပြင်နှင့်တော့ အလွန် ဆန့်ကျင်ဘက် ဖြစ်နေ၏။

"ဟမ့်... နေရာသေးသေးလေးက လာတဲ့လူတွေက ဒီလောက်တောင် ရိုင်းစိုင်းကြတာပဲ"

ချန်းရီ၏ မျက်ခုံးများက တဆတ်ဆတ် ခုန်သွားသည်။

ဒီကောင်ကတော့...။

ဒီလေသံကြီးက...။

"ရှောင်တယ်ဇီ... ငါကိုယ်တော်ကို စော်ကားတဲ့သူကို... ငါကိုယ်တော် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

"ဒီလို လူယုတ်မာမျိုးက နေရာသေးသေးလေး... ဆင်းရဲတဲ့ နေရာလေးကနေ ပေါက်ဖွားလာတဲ့ တောရိုင်းပင်လေးသက်သက်ပဲ ဖြစ်ရမယ်"

"ဒီလိုလူမျိုးက ငါကိုယ်တော့်ရဲ့ လက်အောက်ခံ ဖြစ်လာဖို့တောင် အရည်အချင်း မပြည့်မီဘူး"

ထိုအသံများ အားလုံးသည် အသံချဲ့စက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကြားလိုက်ရသော ချန်းရီမှာ မျက်ထောင့်များ တဆတ်ဆတ် ခုန်သွားရတော့သည်။

ဒီကောင်ကတော့...။

အဖြူရောင် ဝတ်စုံနှင့် အမျိုးသားသည် ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ တတိယထပ်တွင် ရပ်နေပြီး အဆင့်မြင့်လူတန်းစား တစ်ယောက်က အောက်ခြေလူတန်းစားကို ကြည့်သည့် အကြည့်မျိုးဖြင့် ချန်းရီကို စောင်းငဲ့ကြည့်နေသည်။

ချန်းရီကို အရှိန်အဝါဖြင့် ဖိနှိပ်ရန် ရည်ရွယ်ထားပုံရ၏။

ချန်းရီက နှုတ်ခမ်းကို သပ်လိုက်ပြီး နှုတ်ခမ်းထောင့်မှ ဟီးဟီး ဟု ရယ်မောလိုက်သည်။

ထို့နောက် ဘေးနားရှိ ရိုးသားပြီး စကားထစ်တတ်သည့် လူ၏ ပခုံးကို ဖက်လိုက်သည်။

"ညီအစ်ကို... မင်း ငါတို့ယာဉ်တန်းနဲ့ပဲ လိုက်ခဲ့လိုက်ပါလား"

"ငါတို့ ယာဉ်တန်းမှာ အစွမ်းပိုင်ရှင် ငါးယောက် ရှိတယ်... မင်းပါ ထပ်ပေါင်းလိုက်ရင် ငါတို့ဆီမှာ အစွမ်းပိုင်ရှင် ခြောက်ယောက် အပြည့် ရှိသွားပြီ"

"ငါတို့ ယာဉ်တန်းက တရားမျှတမှုကို အဓိကထားတယ်... မင်း မလုပ်ချင်တဲ့ကိစ္စကို ဘယ်သူကမှ အတင်းအကျပ် ခိုင်းမှာ မဟုတ်ဘူး... ဘယ်လိုလဲ"

"ဒီကောင်နဲ့ လိုက်နေရတာထက်စာရင် အများကြီး ပိုကောင်းတယ်"

ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ တတိယထပ်တွင် ရပ်နေသော အမျိုးသားက အထင်အမြင်သေးစွာဖြင့် နှာမှုတ်လိုက်သည်။

"ဟမ့်... မင်းလို လူယုတ်မာက ချန်းဟောင်ကို မင်းနဲ့တူမယ် ထင်နေတာလား... သူက ငါကိုယ်တော့်ကို ကတိပေးထားပြီးသား... သေရမယ်ဆိုရင်တောင် သူ လုပ်ပေးလိမ့်မယ်"

"တောသား... ငါကိုယ်တော် မင်းကို နောက်တစ်ချက် ထပ်ပြောပြမယ်"

"စကားစု လမ်းစဉ်က လူတွေအားလုံးက အစွဲအလမ်းကြီးသူတွေချည်းပဲ... ချန်းဟောင်က ကတိစကားကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ မင်းလိုလူမျိုးက လုံးဝ တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး... သူတို့ သတ်မှတ်ထားပြီးသား ကိစ္စဆိုရင် ဘယ်သူကမှ ပြောင်းလဲပစ်လို့ မရဘူး"

တကယ်တမ်းလည်း လမ်းစဉ်တိုင်းတွင် ကိုယ်ပိုင် ဘေးထွက်ဆိုးကျိုးများ ရှိနေကြသည်။

ဥပမာအားဖြင့် ဤစိတ်ကူးယဉ် လမ်းစဉ်က လူလိုမျိုးပင်။

သူ့ကိုယ်သူ ဧကရာဇ် တစ်ပါးအဖြစ် စိတ်ကူးယဉ်နေပြီး သစ္စာရှိသော လက်ပါးစေ တစ်ယောက်ကို နန်းတွင်းအမတ်ချုပ်ကြီး ဖြစ်လာစေရန်ပင် လွှမ်းမိုးထားနိုင်သေးသည်။

သူ့ရှေ့ရှိ စကားစု လမ်းစဉ် က လူမှာမူ သူ၏ ကတိစကားအပေါ် အလွန်အမင်း တန်ဖိုးထားလွန်းနေသည်။

ကတိပေးပြီးသွားပါက သေရမည်ဆိုလျှင်တောင် အပြီးသတ် လုပ်ဆောင်ပေးလိမ့်မည်။

ချူချယ်က နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး ဇာတ်လမ်းကောင်း တစ်ပုဒ်ကို ကြည့်ရှုနေသည့် အမူအရာမျိုး သူ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။

ဤကဲ့သို့သော ကိစ္စမျိုးဖြင့် ချန်းရီကို အခက်တွေ့စေရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်သလောက်ပင်။

ချန်းရီကို အကျိုးရှိသော အလုပ်တစ်ခု လုပ်ခိုင်းရန်မှာ အလွန် ခက်ခဲလှသည်။

သို့သော် ချန်းရီကို ရွံရှာစရာကောင်းသော ကိစ္စတစ်ခုခု လုပ်ခိုင်းရန် တွေးတောမိပါက ၎င်းမှာ လက်တစ်ဖက်တည်းဖြင့် ဖမ်းယူလိုက်သကဲ့သို့ အလွန် လွယ်ကူလှပေသည်။

ဤကောင်၏ မကောင်းဆိုးဝါး အတွေးများက ကောင်းကင်ယံမှ ကြယ်များထက်ပင် ပို၍ များပြားနေသေးသည်။

သူ့ကိုယ်သူ ဧကရာဇ်ဟု ခေါ်ဆိုနေသော ထိုလူမှာတော့ ကံဆိုးတော့မည်မှာ သေချာနေပြီ ဖြစ်သည်။

တကယ်တမ်းလည်း ချန်းဟောင်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာများ ပေါ်လာခဲ့သည်။

"ကျွန်... ကျွန်တော်..."

အချိန်အတော်ကြာ "ကျွန်တော်" ဟု ပြောနေသော်လည်း ချန်းဟောင်သည် စကားတစ်ခွန်းကိုပင် အပြည့်အစုံ မပြောနိုင်ခဲ့ချေ။

ချန်းရီသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ထိုအရူးကို လုံးဝ ဂရုမစိုက်ဘဲ ချန်းဟောင်၏ ပခုံးကို ဖက်လိုက်ကာ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ညီအစ်ကို... ငါတို့နှစ်ယောက်လုံး မျိုးရိုးက ချန်း ပဲ... ငါ မင်းကို မလိမ်ပါဘူးကွာ"

"ဒီလိုလုပ်... မင်းကို မင်းရဲ့ကတိ ဖောက်ဖျက်ခိုင်းမှာ မဟုတ်ဘူး... ငါတို့က မင်းကို ကြိုးတုပ်ပြီး ငါတို့နောက် ခေါ်သွားမယ်... အဲဒီလိုဆိုရင် မင်းကိုယ်တိုင် ကတိဖျက်တာ မဟုတ်တော့ဘူးလေ... ငါက အတင်းအကျပ် ခေါ်သွားတယ်လို့ သတ်မှတ်လို့ရပြီ... အဲဒီ အပြစ်ကို မင်းကိုယ်စား ငါက တာဝန်ယူပေးမယ်... ဘယ်လိုလဲ"

ချန်းဟောင်သည် သူ့နည်းတူ မျိုးရိုးတူညီသော ဤလူကို မျက်လုံးပြူးကာ ကြည့်နေမိပြီး ခဏတာမျှ ဘာပြောရမှန်းပင် မသိဖြစ်သွားသည်။

ချန်းရီက ခေါင်းလှည့်ကာ ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ တတိယထပ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

မှန်ပြတင်းပေါက်ကြီးရှေ့တွင် ရပ်နေသော ထိုအမျိုးသားမှာ အရိပ်အယောင်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ချန်းရီက ဟီးဟီး ဟု ရယ်မောလိုက်၏။

ကမ္ဘာပျက်ကပ် ခံတပ် ယာဉ်တန်းမှာ အလွန်တရာ ပုံပျက်ပန်းပျက် ဖြစ်နေသည်မှာ အလွန် သိသာလှသည်။

ဤယာဉ်တန်းတွင် လမ်းပြသူ မရှိသလို ပုံမှန် တိုက်ခိုက်ရေးအဖွဲ့များပင် မရှိချေ။

စိတ်ကူးယဉ် လမ်းစဉ်၏ အစွမ်းပိုင်ရှင် တစ်ယောက်နှင့် စကားစု လမ်းစဉ်၏ အစွမ်းပိုင်ရှင် တစ်ယောက်သာ ရှိသည်။

စိတ်ကူးယဉ် လမ်းစဉ်၏ အစွမ်းပိုင်ရှင်မှာ ဘေးထွက်ဆိုးကျိုးများ၏ လွှမ်းမိုးမှုကို ခံထားရပြီး သူ့ကိုယ်သူ ဧကရာဇ်ဟု ထင်မှတ်နေသည်။

ထို့ပြင် သူ၏ အစွမ်းအားလုံးကို အသုံးပြုကာ ဤကမ္ဘာပျက်ကပ် ခံတပ်ကြီးကို ဖန်တီးတည်ဆောက်ထားသည်။

ဤစကားစု လမ်းစဉ်၏ အစွမ်းပိုင်ရှင်မှာမူ လောင်းကြေးတစ်ခုကြောင့် ကတိစကားကို အလွန်အမင်း တန်ဖိုးထားလွန်းနေပြီး ဤစိတ်ကူးယဉ် လမ်းစဉ် အစွမ်းပိုင်ရှင်၏ အသုံးချခြင်းကို ခံနေရသည်။

သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ သိပ်မကောင်းလှပေ။

မဟုတ်လျှင် ထို "ဧကရာဇ်" ဆိုသူကို အစောပိုင်းကတည်းက အစအဆုံး ရောင်းစားပစ်ခဲ့မည် မဟုတ်ပေ။

သို့သော် ဤ ချန်းဟောင် ဆိုသောလူက အစွဲအလမ်းကြီးသူ ဖြစ်နေသည်ကိုတော့ ဘယ်သူက တတ်နိုင်မည်နည်း။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အားနည်းပြီး ထူးဆန်းနေသော်လည်း အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။

ချန်းဟောင်နှင့် ချန်းရီ နှစ်ဦးစလုံးမှာ မျိုးရိုးတူ ချန်း များပင် ဖြစ်ကြသည်။

သို့သော် ထိုနှစ်ဦး၏ စရိုက်လက္ခဏာများမှာတော့ တောင်နှင့် မြောက်ကဲ့သို့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။

ချန်းရီကမူ သစ္စာဆိုခြင်းများကို လုံးဝ ဂရုမစိုက်တတ်ချေ။

လူတွေကို လှည့်စားရာတွင်လည်း မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှ ရှိမနေပေ။

ချန်းဟောင်မှာမူ လောင်းကြေးရှုံး၍ ပေးခဲ့ရသော ကတိစကားတစ်ခုကြောင့် ဤယာဉ်တန်းကို အမြဲတစေ ကာကွယ်စောင့်ရှောက်နေခဲ့ခြင်း ဖြစ်သည်။

လောင်းကြေး၏ အကြောင်းအရာကို မသိရသလို ကတိစကား၏ အကြောင်းအရာကိုလည်း ပို၍ပင် မသိရပေ။

သို့သော် တွေးကြည့်ရုံဖြင့် ခန့်မှန်း၍ ရနိုင်ပါသည်။

ကမ္ဘာပျက်ကပ် ခံတပ်ကြီး သို့မဟုတ် ဤ "ဧကရာဇ်" ကို ကာကွယ်ပေးရန်စသည့် အကြောင်းအရာမျိုး ဖြစ်လောက်ပေသည်။

"တော်ပြီ... မပြောနဲ့တော့... အချိန်လည်း မစောတော့ဘူး... ငါတို့လည်း သွားရတော့မယ်"

ချူချယ်က ဝင်ပြောလိုက်သည်။

လမ်းပြသူ တစ်ယောက်အနေဖြင့် သူသည် ရာသီဥတု ပြောင်းလဲမှုများနှင့် ထူးဆန်းသည့် အရာများ၏ အခြေအနေကို အချိန်တိုင်း စောင့်ကြည့်နေတတ်သည်။

ဤနယ်မြေသို့ ရောက်ရှိပြီးနောက် ရာသီဥတု ပြောင်းလဲမှုမှာ အဆင်ပြေနေဆဲ ဖြစ်သည်။

ယခင်က ကြုံတွေ့ခဲ့ရသော မုန်တိုင်းနှင့် မိုးသက်လေပြင်းများနှင့်တော့ မတူညီပေ။

ဤနေရာ၏ ရာသီဥတုမှာ အလွန် ပုံမှန်ဖြစ်နေပြီး လေပြေလေးများ တိုက်ခတ်နေသည်မှလွဲ၍ မည်သည့် ဆိုးရွားသော ရာသီဥတုမျှ မရှိချေ။

ထူးဆန်းသည့် အရာများ ဆိုလျှင်လည်း...

ချူချယ်သည် မိုင်ဆယ်ဂဏန်းခန့် အကွာတွင် အလွန် ပြင်းထန်သည့် အငွေ့အသက်များရှိသော ထူးဆန်းသည့် အရာတစ်ခုကို အာရုံခံမိနေသည်။

ထိုထူးဆန်းသည့် အရာ၏ အလျင်မှာ အလွန် မြန်ဆန်ပုံရပြီး တည်ငြိမ်မှုလည်း မရှိပေ။

သို့သော် လောလောဆယ်တွင် ဤဘက်သို့ လာမည့် အရိပ်အယောင်တော့ မတွေ့ရသေးချေ။

ဤဘက်ရှိ သက်ရှိလူသားများ၏ အငွေ့အသက်ကို သတိမထားမိသေးသကဲ့သို့ ရှိနေသည်။

သို့သော် ဤနေရာတွင် အချိန်ကြာမြင့်စွာ ဆက်လက် နေထိုင်နေမည် ဆိုပါက တစ်ဖက်လူ၏ အာရုံစိုက်မှုကို ခံရနိုင်ခြေ ရှိနေသည်။

ချန်းရီသည်လည်း ချန်းဟောင်ကို ခိုးယူသွားမည့် သူ၏ အကြံအစည်ကို မလွှဲမရှောင်သာ ရပ်တန့်လိုက်ရတော့သည်။

ယာဉ်တန်းအတွင်း ဤကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းပြသူတွင် အကြွင်းမဲ့ အာဏာ ရှိသည်။

ချူချယ်က ထွက်ခွာမည်ဟု ပြောဆိုလာပါက သူ့တွင် ခိုင်လုံသော ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေမည်မှာ သေချာသည်။

ဤအချက်ကိုတော့ သံသယဖြစ်နေစရာ မလိုပေ။

ချန်းရီက ချန်းဟောင်၏ ပခုံးကို ပုတ်လိုက်သည်။

"ညီအစ်ကို... သေချာ စဉ်းစားနော်... ဒီလို ယာဉ်တန်းမျိုးနဲ့ လိုက်သွားရင်... တစ်ချိန်ကျရင် မင်း ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး"

ရှောင်တယ်ဇီသည်လည်း ကြည့်မကောင်းသော မျက်နှာဖြင့် ကြမ်းပြင်ပေါ်မှ ကုန်းထလာပြီး ကမ္ဘာပျက်ကပ် ခံတပ်ကြီးဆီသို့ ပြန်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများက သူ့ကို လျှို့ဝှက်သော အဓိပ္ပာယ်များ ပါဝင်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသည်။

ရှောင်တယ်ဇီက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဘာကြည့်နေတာလဲ... ဘာကြည့်နေတာလဲ... မင်းတို့လို အောက်ခြေလူတန်းစားတွေ အလုပ်မလုပ်ကြသေးဘူးလား"

တကယ်တော့ ကမ္ဘာပျက်ကပ် ခံတပ်ကြီးအတွင်းတွင် ပထမထပ်၌ နေထိုင်သူများကို "အောက်ခြေလူတန်းစား" ဟု အမှန်တကယ် ခေါ်ဆိုကြခြင်းပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား အတွင်းသို့ ပြန်ရောက်သောအခါ...

စက်နှိုးပြီး ဂီယာ ထိုးလိုက်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားမှာ နှစ်ချက်ခန့် ရုန်းကန်လိုက်ရပြီးမှ တဖြည်းဖြည်း စတင် ရွေ့လျားသွားတော့သည်။

ဤအဖြစ်အပျက်ကို ဖြတ်သန်းပြီးနောက် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားမှာ ပို၍ပင် ပျက်စီးသွားခဲ့ပြီး အဆင့်မြှင့်တင်မှု ပြီးဆုံးရန် နာရီလေးဆယ်ခန့် လိုအပ်နေသေးသည်။

သို့သော် ယခုအချိန်တွင် ချန်းရီသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား အဆင့်မြှင့်တင်ရေး ကိစ္စကို အာရုံစိုက်ရန် မရည်ရွယ်ထားသေးပေ။

လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားသည်။

ကျန်လက်တစ်ဖက်က ခါးနောက်ဘက်မှ "အမုန်းတရား" ကို ဖြုတ်ယူလိုက်သည်။

ယခင်က နတ်သူငယ်ရွာ တိုက်ပွဲတွင် "အမုန်းတရား" က ဝိညာဉ်ဆိုး အများအပြားကို မျိုချခဲ့သည်။

နတ်သူငယ်ရွာမှ ထွက်ခွာလာပြီးနောက်ပိုင်းတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။

စောစောက "အမုန်းတရား" ကို အသုံးပြု၍ ကျောက်တုံးကြီးကို ခုတ်ပိုင်းလိုက်ချိန်တွင် "အမုန်းတရား" မှာ အနည်းငယ် ကွဲပြားသွားသည်ကို သူ အာရုံခံမိလိုက်သည်။

ယခင်က စုပ်ယူထားသော ဝိညာဉ်ဆိုးများကို အပြည့်အဝ ချေဖျက်လိုက်နိုင်ပြီ ဖြစ်ပုံရသည်။

မှတ်သားထားရမည်မှာ "အမုန်းတရား" ၏ စတုတ္ထမြောက် အစွမ်းဖြစ်သော "တိတ်ဆိတ်ပျောက်ကွယ်" တွင် အငြိုးအာဃာတများကို စုပ်ယူပြီး နံပါတ်စဉ် အဆင့်ကို မြှင့်တင်ပေးနိုင်သည့် အစွမ်း ရှိနေသည်။

စောစောက အခွင့်အရေး မရခဲ့သဖြင့် ယခု သေချာ ကြည့်ရှုရမည် ဖြစ်သည်။

"အမုန်းတရား" ၏ လက်ရှိ နံပါတ်စဉ် အဆင့်မှာ မည်မျှ ဖြစ်နေပြီလဲ ဆိုသည်ကို ကြည့်ရှုရပေမည်။

ဆက်ရန်...

နောက်အပိုင်းတွေမှာတော့... ချန်းရီတို့အခုရောက်နေတဲ့နေရာက ကမ္ဘာမြေမှာပဲလား ဒါမှမဟုတ် လာပေါင်းစပ်နေတဲ့ တခြားကမ္ဘာလား၊ ချန်းရီရဲ့ကားကရော အဆင့်မြှင့်လို့ပြီးသွားရင် ဘယ်လောက်ထိစွမ်းသွားမလဲ၊ အဆင့်တက်သွားတဲ့ ထယ်ရှီးကရော ဘယ်လောက်ထိ စွမ်းလာလဲ၊ မြို့ပြကိုဝင်ဖို့အတွက် လာခဲ့ဖို့ဖိတ်ခေါ်ထားတဲ့ ကိစ္စကရော တကယ်တမ်း ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters