အခန်း ၅၆၁
Vol. 57 Ch. 561
အခန်း (၅၆၁)
ဝမ်ပေါင်လဲ့တို့ နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့ရှေ့တွင် ရှည်လျားသော စင်္ကြံလမ်းတစ်ခု ပေါ်လာသည်။
စင်္ကြံလမ်း တစ်ဖက်စီတွင် မြင့်မားသော ကျောက်စိမ်းတိုင်များ စိုက်ထူထား၏။
တိုင်တစ်ခုစီတွင် နတ်ဆိုးသားရဲပုံရိပ်များကို အသက်ဝင်စွာ ထွင်းထုထားသည်။ ကျောက်စိမ်းတိုင်များပေါ်တွင် ထွင်းထုထားသော ပုံရိပ်များသည် ထောင်ထျဲ့ဖြစ်ကြောင်း နျဲ့ရှို့ယွမ် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွား၏။
အံ့သြစရာအကောင်းဆုံးသည် ထောင်ထျဲ့ပုံစံတိုင်းက တာအိုအနှစ်သာရများကို ထုတ်လွှတ်နေပြီး အချိန်မရွေး အသက်ဝင်လာနိုင်သည့်အလားနှယ်။
မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားနှင့် သူ့အဖော်နှစ်ဦး ကျောက်စိမ်းတိုင်များနှင့် ပတ်သက်၍ ထူးခြားချက်တစ်ခုကို သတိပြုမိသွားကြကာ ခြေလှမ်းများကို သတိတကြီး နှေးလိုက်ကြသည်။
သူတို့အဖွဲ့ တိုင်တစ်ခုကို ဖြတ်သွားတိုင်း မူလက မှေးမှိန်နေသောမျက်နှာပြင်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
သူတို့ ဧရာမခန်းမကြီး၏ အဆုံးသို့ ရောက်သွားချိန် မူလက မှောင်မိုက်နေသော အခန်းသည် နေ့ခင်းအလား ထိန်လင်းသွားသည်။
ခန်းမကြီး၏ အဆုံးတွင် ပေဆယ်ချီ မြင့်မားသော ထောင်ထျဲ့ရုပ်တုတစ်ခု တည်ရှိ၏။
တိုင်များအပေါ်မှ ရုပ်ကြွများနှင့် မတူစွာ ထိုရုပ်တုသည် တာအိုအနှစ်သာရများကို ထုတ်လွှတ်နေသည့်အပြင် တာအိုစွမ်းအားများကိုပါ ထုတ်လွှတ်နေသည်။
၎င်းသည် ရုပ်တုတစ်ခုသာ ဖြစ်သော်လည်း သူတော်စင်တစ်ပါး သူတို့ရှေ့တွင် ရပ်နေသည့်အလား ခံစားရစေ၏။
လူငါးဦးထဲမှ လေးဦးသည် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားသော်လည်း သူတို့ရှေ့မှ ရုပ်တုကို မြင်တော့ စိတ်ထဲတွင် ယခင်က မကြုံဖူးသော အကြောက်တရားတစ်ခု ပေါက်ဖွားလာသည်။
“မင်းတို့ ဂျူနီယာတွေ ဒီသူတော်စင်ကို မြင်တာတောင် ဘာလို့ အရိုအသေ မပေးကြတာလဲ”
ပြိုင်ဘက်ကင်းအလား ခမ်းနားထည်ဝါသည့် အသံတစ်သံ ရုပ်တုထံမှ ထွက်ပေါ်လာပြီး လူငါးဦး၏ စိတ်ထဲမှ နောက်ဆုံး ခံစစ်မျဉ်းကို ချိုးဖျက်သွား၏။
သူတို့ ဆန္ဒမရှိသော်လည်း မြေပြင်ပေါ်တွင် ဒူးထောက်သွားကြသည်။
နျဲ့ရှို့ယွမ် တည်ငြိမ်နေ၏။
“ကျုပ်တို့က မိုးမြေ၊ မိဘနဲ့ ဆရာသမားကိုပဲ ဦးညွှတ်တယ်။ တခြားသူတွေဆို ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူတော်စင်စွမ်းအားကို အသုံးပြုပြီး အတင်းအကျပ် ဒူးထောက်ခိုင်းရင်တောင် ကျုပ်တို့ စိတ်ရင်းနဲ့ ဒူးထောက်မှာမဟုတ်ဘူး”
မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား၊ ရွှေပိုးဟပ်ဗုဒ္ဓနှင့် ဝမ်ချင်းသူတော်စင်မလေးတို့ စကားမပြောကြသော်လည်း သူတို့အားလုံး ခေါင်းအသာညိတ်လိုက်ကြသည်။
နျဲ့ရှို့ယွမ် သူတို့စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်ခြင်းပေ။ သူတို့သည် ဆန်းကြယ်ကောင်းကင်ဒေသ၏ ထိပ်တန်း ကောင်းကင်ရွေးချယ်ခံများဖြစ်ပြီး သူတို့ခန္ဓာကိုယ်များ ဒူးထောက်နေရရင်တောင် နှလုံးသားများဖြင့် ဒူးထောက်မည် မဟုတ်ကြောင်း ပြသနေ၏။
“ကောင်းတယ် အရမ်းကောင်းတယ်။ ဒီသခင် အရိုးမာတဲ့သူတွေ မတွေ့ရတာ ကြာပြီ။ ဒါပေမဲ့ မင်းတို့ ဒီသခင်ဆီကနေ အကျိုးအမြတ်တွေ ယူချင်တယ်ဆိုရင် ဒူးထောက်တာက သဘာဝမကျဘူးလား”
ရုပ်တု ဆက်မေးခွန်းထုတ်သည်။
နျဲ့ရှို့ယွမ် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ရုပ်တု၏ အကြည့်က ဝမ်ပေါင်လဲ့အပေါ်သို့ ကျရောက်သွား၏။
“ဖက်တီးလေး မင်း ဒီသခင်ကို ဖြေရမယ်”
ဝမ်ပေါင်လဲ့ နှိမ့်ချလွန်းခြင်းမရှိသလို မောက်မာလွန်းခြင်းမရှိဘဲ ပြောလိုက်သည်။
“စီနီယာ ခင်ဗျားကိုယ်တိုင် ကျွန်တော်တို့ကို အကျိုးအမြတ်တွေ ပေးရုံပဲလို့ ပြောခဲ့တယ်လေ။ ဒီအကျိုးအမြတ်တွေက အလကားရမှာ မဟုတ်ဘူးထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကြားက မျှတတဲ့ အရောင်းအဝယ်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ မျှတဖို့ ရည်ရွယ်ထားမှတော့ ဘာလို့ ဒူးထောက်ရမှာလဲ”
ရုပ်တု ပြန်ပြောလိုက်၏။ “လျှာစောင်းထက်လိုက်တဲ့ ကောင်လေး။ မင်း ငါတို့ထောင်ထျဲ့မျိုးနွယ်စု သွေးကြောကို မနိုးထထားရင် ဒီသခင် မင်းကို တစ်လုတ်တည်းနဲ့ မျိုချပစ်ပြီးပြီ”
၎င်းကို ကြားတော့ ဝမ်ပေါင်လဲ့ သူတို့ ယာယီ အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း သိလိုက်ကာ သူ လက်သီးဆုပ်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့အသက်တွေကို ချမ်းသာပေးတဲ့အတွက် ဒီဂျူနီယာက ကျေးဇူးတင်ပါတယ်။ အရောင်းအဝယ်လုပ်ဖို့ ဘာကို အသုံးပြုချင်တာလဲ ဆိုတာကို မေးလို့ရမလား”
“ဟမ့်”
ရုပ်တု အေးစက်စွာ နှာမှုတ်လိုက်၏။
“အဲဒါ မင်းတို့ ဘာလိုအပ်လဲဆိုတဲ့အပေါ် မူတည်တယ်။ ဒီသခင်ဆီမှာ ကျင့်စဉ်တွေ၊ နတ်ဘုရားလက်နက်တွေနဲ့ မိုးမြေရတနာမျိုးစုံ ရှိတယ်။ မင်းတို့ ဘယ်လောက် တန်ကြေးပေးချင်လဲအပေါ်မှာပဲ မူတည်တယ်။ မင်းတို့ ပိုင်ထားသမျှထဲ အဖိုးတန်ဆုံးအရာတွေကို လဲလှယ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ”
ထိုစကားများကို ကြားတော့ လူငါးဦးသည် သူတို့ရှေ့က ရှေးဟောင်းနတ်ဘုရားသားရဲနှင့် အရောင်းအဝယ် ပြုလုပ်ရန် စတင်စဉ်းစားလာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ဖိအား ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရပြီး အလိုလို မတ်တတ်ရပ်လိုက်ကြ၏။
သူတို့ စကားမပြောသည်ကို မြင်တော့ ရုပ်တု ဆက်ပြောသည်။
“ဒီသခင်မှာ စည်းမျဉ်းတစ်ခု ရှိတယ်။ အင်မော်တယ်နန်းတော်ကို ရောက်လာတဲ့ ကျင့်ကြံသူတွေထဲမှာ ငါနဲ့ ပထမဆုံး အရောင်းအဝယ်လုပ်တဲ့သူက အကောင်းဆုံးရတနာတွေကို ရလိမ့်မယ်”
ထိုစကားများထွက်ပေါ်လာသည်နှင့် အချင်းချင်း သင့်မြတ်နေခဲ့ကြသော လူငါးဦး တစ်စုံတစ်ယောက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမည်ကို ကြောက်ရွံ့၍ ကျန်သုံးဖွဲ့နှင့် အလိုအလျောက် ခပ်ခွာခွာ နေလိုက်ကြ၏။
ရွှေပိုးဟပ်ဗုဒ္ဓ အရင်ဆုံး စကားဆိုလိုက်သည်။
“အောမီထောဖော ဒီဘုန်းကြီး တိုက်ခိုက်ရတာကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ကျန်တဲ့သူတွေ ဘယ်သူ အရင်သွားမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်”
သူ့စကားများက အခြားသူများကို ချက်ချင်း သဘောပေါက်သွားစေ၏။ လက်ရှိ အဆင့်အတန်းအထိ ရောက်ရှိလာသူတိုင်းသည် လူမိုက်များ မဟုတ်ကြပေ။ ဤနေရာတွင် တိုက်ခိုက်ခြင်းသည် ပညာရှိသော လုပ်ရပ်တစ်ခု မဟုတ်ကြောင်း နားလည်သွားကြသည်။
ဝမ်ချင်းသူတော်စင်မလေး ဝင်ပြောလိုက်သည်။
“ကျွန်မ အရင်က တာအိုရောင်းရင်းနျဲ့ကို ရှုံးထားတယ်။ တာအိုရောင်းရင်းနျဲ့ပဲ အရင်သွားလိုက်ပါ”
ထိုရိုးရှင်းသော စကားလုံးလေးများဖြင့် ဝမ်ချင်းသူတော်စင်မလေးနှင့် ရွှေပိုးဟပ်ဗုဒ္ဓတို့ ပြိုင်ပွဲမှ နုတ်ထွက်သွားကြ၏။
ရုပ်တု ရှေ့ကမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။
‘ဒီကောင်းကင်ရွေးချယ်ခံအသုတ်က လှည့်စားဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ လဲပေးမဲ့ ရတနာတွေသာ များရင် သူတို့ လုယက်ဖို့ စိတ်မဝင်စားမှာ မကြောက်ရဘူး’
‘တစ်ယောက်ယောက်သာ ပိုင်ယုတောင်မှာ သေသွားရင် သူတို့ကံကြမ္မာအားလုံးကို ငါ ဝါးမျိုနိုင်ပြီလေ’
‘ဒီငါးယောက်ဆီမှာ ရှိနေတဲ့ကံကြမ္မာက တကယ်ကို သွားရည်ကျစရာပဲ’
သူ ရေရွတ်လိုက်သည်။
နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်၏။
“အရှင်မင်းသား စကားပုံတစ်ခု ရှိပါတယ်။ ရန်ငြိုးကို ဖက်တွယ်ထားတာထက် ဖြေရှင်းလိုက်တာ ပိုကောင်းတယ်။ ငါတို့ အရင်က ပဋိပက္ခတချို့ ရှိခဲ့ကြတယ်။ ဒီနေ့ ဒီအခွင့်အရေးကို ငါ စွန့်လွှတ်လိုက်မယ်။ လက်နက်တွေကို ကျောက်စိမ်းတွေအဖြစ် ပြောင်းလိုက်ကြတာပေါ့”
“ကောင်းပြီလေ”
မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား နျဲ့ရှို့ယွမ် ယဉ်ကျေးသမှုဖြင့် ပြောကြောင်း သိသော်လည်း ပစ္စည်းကောင်းများ ကြည့်ရန် ပထမဆုံးရောင်းဝယ်မည့်သူ ဖြစ်လာမည့်အခွင့်အရေးကို လက်ခံလိုက်သည်။
သူ ရုပ်တုကို ကြည့်ကာ မေးမြန်းလိုက်၏။ “ကျွန်တော်တို့ စီနီယာကို ဘာနဲ့ပေးချေရမလဲဆိုတာ သိပါရစေ”
ရုပ်တု ပြန်ပြောသည်။ “မင်း ပိုင်ဆိုင်ထားတဲ့အထဲမှာ အရေးအကြီးဆုံးအရာက ဘာလဲ”
အဆင့်အတန်း၊ ရာထူး၊ ခွန်အားနှင့် စည်းစိမ်ချမ်းသာများ ဖြစ်ကြ၏။
ထိုအတွေးများသည် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားသော်လည်း သူ ၎င်းတို့ကို အလျင်အမြန် ဖယ်ရှားပစ်လိုက်သည်။
သူ ပိုင်ဆိုင်ထားသောအရာများသည် သူတော်စင်တစ်ပါး၏ မျက်လုံးထဲတွင် လုံးဝ အရေးမပါလှသဖြင့် သူ ပြောလိုက်၏။
“သက်တမ်းများလား”
ရုပ်တု ပြန်ပြောသည်။
“တန်ဖိုးတစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ မင်းက လူသားမျိုးနွယ်ဝင် တစ်ယောက်။ သက်တမ်းက ငါ့လို ရှေးဟောင်းသားရဲမျိုးနွယ်စုသက်တမ်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ မင်းသက်တမ်းက ဒီသခင်ရဲ့ မျက်လုံးထဲမှာ ပြောပလောက်စရာ မရှိဘူး။ သေချာ ပြန်စဉ်းစားပါ”
မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား ချက်ချင်းပင် အတွေးနက်သွား၏။ နတ်ဆိုးသူတော်စင်တစ်ပါး၌ မရှိ၊ သူသာ ပိုင်ဆိုင်ထားသည့်အရာကို သူ တကယ် စဉ်းစား၍ မရနိုင်ပေ။
နျဲ့ရှို့ယွမ်၊ ဝမ်ပေါင်လဲ့၊ ရွှေပိုးဟပ်ဗုဒ္ဓနှင့် ဝမ်ချင်းသူတော်စင်မလေးတို့သည်လည်း အတွေးနက်သွား၏။
အချိန်အတော်ကြာပြီးနောက် ရွှေပိုးဟပ်ဗုဒ္ဓ စကားဆိုလိုက်၏။ “ဒီဘုန်းကြီး သိပြီ”
ရုပ်တု ပြုံးကာ ပြောလိုက်သည်။
“အနောက်အရပ်က ကတုံးပြောင်မြည်းတွေအားလုံးမှာ ဉာဏ်ပညာအမြစ်ရှိကြတယ်လို့ ကြားဖူးတယ်။ မင်းလည်း ဉာဏ်ကောင်းသားပဲ။ ပြောစမ်း ဘာလို့ထင်လဲ”
“စီနီယာက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ”
ရွှေပိုးဟပ်ဗုဒ္ဓ တစ်ခဏတာ ရပ်တန့်သွားပြီးနောက် ပြောလိုက်၏။
“စီနီယာ လိုအပ်တာက ကံကြမ္မာဖြစ်မယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏အမူအရာများ ပြောင်းလဲသွားသည်။ သာမန် ကျင့်ကြံသူများအတွက် ကံကြမ္မာဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ မရသော အရာတစ်ခု ဖြစ်သည်။
သို့သော် သူတို့လက်ရှိ ကျင့်ကြံမှုနှင့် အဆင့်အတန်းအရ ကံကြမ္မာ၏ အရေးပါမှုကို သိရှိထားကြ၏။
ခေတ်ကာလတစ်ခု ပျက်သုဉ်းခြင်းသည် ကံကြမ္မာပျက်သုဉ်းခြင်းကြောင့်ပေ။ လုံလောက်သည့် ကံကြမ္မာပိုင်ဆိုင်မှသာ ကောင်းကင်ရွေးချယ်ခြင်းကို ခံရမည် ဖြစ်သည်။
အဖြေကို သိချင်နေကြသဖြင့် လူတိုင်း ရုပ်တုကို ကြည့်လိုက်၏။
“မှန်တယ်”
ထောင်ထျဲ့ရုပ်တု ရွှေပိုးဟပ်ဗုဒ္ဓကို တန်ဖိုးထားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီသခင်ဆီမှာ ကံကြမ္မာကိုပဲ ရတနာတွေနဲ့ လဲလှယ်လို့ရတယ်။ မင်းတို့ လိုချင်တာမှန်သမျှ ငါ့ဆီမှာ အကုန်ရှိတယ်”
ထိုစကားအဆုံး ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်များ မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားဆီသို့ ရောက်သွားကြသည်။