← Chapters

အခန်း ၅၆၂

Vol. 57 Ch. 562

အခန်း ၅၆၂

Vol. 57 Ch. 562

အခန်း (၅၆၂)

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား သူတို့အကြည့်များမှ ဖိအားကို ခံစားလိုက်ရပြီး ဖြောင့်မတ်သော လေသံဖြင့် ပြောသည်။

“ကျွန်တော့်ဆီက ကံကြမ္မာကို ယူချင်တာလား။ တွေးတောင် မတွေးနဲ့”

လူများသည် ထိုအဖြေကြောင့် လုံးဝမအံ့ဩပေ။

သို့သော် သူတို့ကို အံ့ဩသွားစေသည်က အခြားတစ်ခုပေ။ သူတို့ရှေ့က နတ်ဘုရားသားရဲရုပ်တုသည် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား၏ အဖြေကို ကြားပြီးနောက် ဒေါသမထွက်သွားခြင်းပင်။

နတ်ဘုရားသားရဲရုပ်တု၏ အကြည့်က အခြားသူများအပေါ်သို့ ကျရောက်သွားပြီး စကားဆိုလိုက်၏။

“သူက ပထမဆုံး မလုပ်ချင်မှတော့ မင်းတို့ထဲက ဘယ်သူ လာမလဲ”

တိတ်ဆိတ်မှု လွှမ်းမိုးသွားပြီး နတ်ဘုရားသားရဲရုပ်တုတိတ်ဆိတ်မှု တစ်သီတစ်တန်းကြီးနှင့် ရင်ဆိုင်လိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် ဝမ်ပေါင်လဲ့ စကားဆိုလိုက်၏။

“စီနီယာ ကျွန်တော် ခင်ဗျားနဲ့ ဒီအရောင်းအဝယ်ကို လုပ်ရင် ဘယ်လိုလဲ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း ဝမ်ပေါင်လဲ့ကို အံ့အားသင့်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

နျဲ့ရှို့ယွမ်ကပင် ဝင်ပြောလိုက်၏။ “ဂျူနီယာညီလေးဝမ် မင်းကိုယ်မင်း သေတွင်းထဲ မပို့ပါနဲ့”

ဝမ်ပေါင်လဲ့ ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော့်ဆီမှာ ကျွန်တော်နဲ့ အရင်က မသက်ဆိုင်တဲ့ ကံကြမ္မာတွေ ရှိနေပြီးသား။ အဲဒီထဲက တချို့ကို လဲလိုက်လည်း အန္တရာယ် မရှိပါဘူး”

ဝမ်ချင်းသူတော်စင်မလေး အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး မေးလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နတ်ဘုရားသားရဲရုပ်တု ရယ်မောလိုက်သည်။

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ။ မင်းတို့ကို ကောင်းကင်ရွေးချယ်ခံတွေလို့ ခေါ်ကြပေမဲ့ တကယ်တမ်းကျတော့ မင်းတို့ရဲ့ အမြင်က ဒီဖက်တီးလေးလောက်တောင် မကောင်းပါလား”

၎င်းက စကားပြောနေရင်း ရွှေရောင်အလင်းတန်းတစ်ခု မျက်လုံးများမှ ထွက်လာပြီး ဝမ်ပေါင်လဲ့အပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှု တစ်စွန်းတစ်စ ဖြတ်ပြေးသွား၏။

“ဖက်တီးလေး မင်း ကံကြမ္မာသားတော် တစ်ယောက်ကို အရင်က သတ်ဖြတ်ခဲ့ဖူးမယ်လို့ မထင်ထားဘူး”

ဝမ်ပေါင်လဲ့ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “စီနီယာက အမြင်စူးရှတာပဲ။ အရင်တုန်း ကျွန်တော် ဂိုဏ်းတူညီလေး တစ်ယောက်ကို ကူညီရင်း ကောင်းကင်ရွေးချယ်ခံတစ်ယောက်ကို သတ်ပေးခဲ့ဖူးတယ်”

နတ်ဘုရားသားရဲရုပ်တု မေးမြန်းလိုက်၏။

“မင်း ဘာနဲ့ လဲလှယ်ချင်လဲ”

ဝမ်ပေါင်လဲ့ မဆိုင်းမတွ သူ လိုအပ်သည်ကို ထုတ်ဖော်လိုက်သည်။ “ကျွန်တော် ခင်ဗျား သွေးအဆီအနှစ်ကို လိုချင်တယ်”

“ကောင်လေး မင်း ဒီအဘိုးကြီးခန္ဓာကိုယ်အပေါ်က အဖိုးတန်ဆုံးအရာတွေထဲကတစ်ခုကို သဘောကျသွားတာပဲ။ မူရင်း‌တန်ဖိုးအရဆို မင်း ကံကြမ္မာ သုံးကျန်းကို ပေးရမယ်။ ဒါပေမဲ့ မင်းက ပထမဆုံးလဲလှယ်တဲ့သူ ဖြစ်နေလို့ မင်းဆီကနေ ကံကြမ္မာကိုးချိပဲ ယူမယ်”

နတ်ဘုရားသားရဲရုပ်တု စကားပြောပြီးနောက် လူငယ်လေး၏ အဖြေကို သိချင်နေသဖြင့် ဝမ်ပေါင်လဲ့ကို တိတ်တဆိတ် စောင့်ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့ ချက်ချင်း ပြန်ဖြေကြားလိုက်သည်။ “သဘောတူတယ်”

နတ်ဘုရားသားရဲရုပ်တု သူ့ဧရာမလက်ကြီးကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာသည်။ ထိုအလင်းတန်းတွင် တာအိုဆန္ဒများ ပါဝင်နေကာ ကြည့်ရုံမျှဖြင့် ပြိုင်ဘက်ကင်း သန့်စင်မှုခံစားချက်တစ်ခုကို ပေးစွမ်းနိုင်၏။

သူ ပြောလိုက်သည်။

“ဒါက လမ်းမှန်လမ်းစဉ်ရဲ့ အလင်းတန်းပဲ။ ဒီအလင်းတန်းအောက်မှာ အရောင်းအဝယ်အားလုံးက တရားမျှတတယ်။ ကောင်လေး ငါတို့ စလိုက်ကြစို့”

ဝမ်ပေါင်လဲ့ မေးမြန်းလိုက်၏။

“ဒီဂျူနီယာ ဘယ်လို လုပ်ရမလဲ ဆိုတာကို မေးပါရစေ”

နတ်ဘုရားသားရဲရုပ်တု ပြောလိုက်သည်။

“မင်းလက်ကို ဒီအလင်းတန်းပေါ် တင်လိုက်ပြီး အရောင်းအဝယ်လုပ်မဲ့ ပစ္စည်းကို စိတ်ထဲမှာ တိတ်တဆိတ် ရွတ်လိုက်ဖို့ပဲ လိုတယ်။ အရောင်းအဝယ်က သူ့အလိုလို ပြီးမြောက်သွားလိမ့်မယ်”

“ကောင်းပါပြီ”

လူတိုင်း၏ အကြည့်များအောက်တွင် ဝမ်ပေါင်လဲ့ သူ့လက်ကို အလင်းတန်းပေါ်သို့ တင်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်၏။

တစ်ချိန်တည်းမှာပင် နတ်ဘုရားသားရဲရုပ်တုသည် သူ့ခြေသည်းကို အလင်းတန်းပေါ်သို့ တင်လိုက်သည်။

အလင်းတန်းသည် လူနှင့်ရုပ်တုကို ဝါးမျိုသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ပုံရိပ်သည် သူ ရပ်နေသော နေရာမှ ပျောက်ကွယ်သွားခဲ့၏။

၎င်းကို မြင်တော့ နျဲ့ရှို့ယွမ် အေးစက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

“စီနီယာ ကျွန်တော့်ဂျူနီယာညီလေးကို ဘယ်ခေါ်သွားတာလဲ”

နတ်ဘုရားသားရဲရုပ်တု ပြောလိုက်၏။

“ကောင်လေး မင်း စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ ဖက်တီးလေးက ဒီသခင်နဲ့ အရောင်းအဝယ် ပြီးမြောက်သွားပြီမလို့ အင်မော်တယ်နန်းတော်ထဲကနေ ထွက်သွားတာ။ နောက်ထပ် မင်းတို့ထဲက ဘယ်သူ ဒီအဘိုးကြီးနဲ့ အရောင်းအဝယ် လုပ်မလဲ”

“ဒီဘုန်းကြီးကို လုပ်ခွင့်ပြုပါ”

ရွှေပိုးဟပ်ဗုဒ္ဓ ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

၎င်းကို မြင်တော့ မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားက ချက်ချင်း ပြောလိုက်၏။

“ရွှေပိုးဟပ် မင်းတို့ ဗုဒ္ဓဘာသာဝင်တွေက အာရုံခြောက်ပါးကြည်လင်မှုကို အလေးထားတာ မဟုတ်ဘူးလား။ မင်း ဘာလို့ လောဘမတက်ရဘူးဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက်လိုက်တာလဲ”

“အဲဒီလို မဟုတ်ရပါဘူး”

ရွှေပိုးဟပ်ဗုဒ္ဓ ပြုံးကာ ပြောလိုက်သည်။

“ဒီဘုန်းကြီး ငယ်ငယ်တုန်းက ကံကြမ္မာကို တိုးပွားစေနိုင်တဲ့ ဗုဒ္ဓကျမ်းစာတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ဖူးတယ်။ ကံကြမ္မာ နည်းနည်းလောက် ဆုံးရှုံးသွားရင်တောင် သက်ရှိတွေ အားလုံးကို ကယ်တင်ဖို့အတွက် ကျမ်းစာတွေ ရွတ်ဆိုပြီး ဗုဒ္ဓကို ဆုတောင်းလိုက်ရုံနဲ့ ပြန်ပြည့်ဝလာလိမ့်မယ်”

“မဟာမိုးကြိုးကျောင်းတော်က ကတုံးပြောင်မြည်းလေးက တကယ်ကို စွမ်းရည်တချို့ ရှိနေတာပဲ”

နတ်ဘုရားသားရဲရုပ်တု နောက်ပြောင်လိုက်၏။

“ကတုံးပြောင်မြည်းလေး မင်း ဘာလိုချင်တာလဲ”

ရွှေပိုးဟပ်ဗုဒ္ဓ လေးစားစွာ ပြောလိုက်သည်။

“သူတော်စင်ဆီမှာ နဂါးဗုဒ္ဓဓာတ်တော်တစ်ဆူ ရှိတယ်လို့ ကြားဖူးတယ်။ ဒီဘုန်းကြီး အဲဒါနဲ့ လဲလှယ်ချင်ပါတယ်”

နတ်ဘုရားသားရဲရုပ်တု ၎င်းကို ကြားတော့ ပြောလိုက်၏။ “တကယ်ကို တောင်းဆိုမှုကြီးပဲ။ နဂါးဗုဒ္ဓဓာတ်တော်က ကံကြမ္မာကိုးကျန်း လိုအပ်တယ်။ မင်း အရောင်းအဝယ်လုပ်ရဲလား”

“ဆန္ဒရှိပါတယ်”

ရွှေပိုးဟပ်ဗုဒ္ဓ တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

၎င်းကို ဘေးမှ စောင့်ကြည့်နေကြသော မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားနှင့် ဝမ်ချင်းသူတော်စင်မလေးတို့ လုံးဝ အံ့အားသင့် မှင်တက်သွား၏။ အခြားတစ်ဖက်တွင် နျဲ့ရှို့ယွမ်သည် အတွေးနက်သွားပြီး လွတ်လပ်ပေါ့ပါးမှုကို ရှာဖွေနေသော သူ့တွင် လဲလှယ်စရာမရှိကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

မကြာမီမှာပင် ရွှေပိုးဟပ်ဗုဒ္ဓ အင်မော်တယ်နန်းတော်ထဲမှ ပျောက်ကွယ်သွား၏။

နတ်ဘုရားသားရဲရုပ်တု၏ အကြည့်များသည် ကျန်ရစ်နေသော လူသုံးဦးအပေါ်သို့ ကျရောက်သွားသည်။ နျဲ့ရှို့ယွမ် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်၏။

“စီနီယာ ဒီဂျူနီယာမှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်”

“အင်း”

နတ်ဘုရားသားရဲရုပ်တု လူငယ်လေးကို မျှော်လင့်နေသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။

“ပြောကြည့်စမ်းပါဦး”

နျဲ့ရှို့ယွမ် ပြောလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို အင်မော်တယ်နန်းတော်ထဲကနေ အပြင်ကို ပို့ပြီးရင် ဂျူနီယာညီလေးဝမ်ရဲ့ အနားကိုပို့ပေးဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားအတွက် အားထုတ်စရာမလိုတဲ့ အလုပ်တစ်ခုပါ”

ထိုစကားများ ထွက်ပေါ်လာပြီးနောက် အင်မော်တယ်နန်းတော်တစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။

နတ်ဘုရားသားရဲရုပ်တုပင် သူ့ရှေ့က ဂျူနီယာကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“လူငယ်လေး မင်းက ဒီသခင် တွေ့ဖူးသမျှထဲမှာ ဆန္ဒနဲ့ တောင်းဆိုမှု အကင်းမဲ့ဆုံးလူပဲ။ မင်း တကယ် ဘာမှ မလိုချင်တာလား”

နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်၏။

“ကျွန်တော် ကလဲ့စားချေပြီးကတည်းက လွတ်လပ်ပေါ့ပါးမှုကိုပဲ ရှာဖွေခဲ့တာပါ။ သူတော်စင် ဒါမှမဟုတ် နတ်ဘုရားတစ်ပါး ဖြစ်လာတာက ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်မှမရှိပါဘူး။ ဒီနေ့ ဝိုင်သောက်ပြီး ဒီနေ့ မူးမယ်ဆိုတာက ကျွန်တော့်ရဲ့ စစ်မှန်ဆန္ဒပါ။ ဒီတစ်ကြိမ် ပိုင်ယုတောင်မှာ ကျွန်တော် မြင့်မြတ်ဝိုင်ချက်ဖို့ သုံးလို့ရတဲ့ ဆေးပင်အများကြီးကိုလည်း ရခဲ့ပါတယ်။ ဒီခရီးစဉ်က အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်”

“ငါ လေးစားပါတယ်။ ဒီသခင် မင်းကို လေးစားတယ်။ မင်း ဘာမှ မလိုချင်မှတော့ ဒီသခင် အတင်းအကျပ် မလုပ်ပါဘူး။ ဒါပေမဲ့ ငါ မင်းကို နတ်ဘုရားဝိုင်ချက်လုပ်နည်းတစ်ခုကိုတော့ ပေးနိုင်ပါတယ်”

နတ်ဘုရားသားရဲရုပ်တု စကားပြောလိုက်သည်နှင့် အလင်းတန်းတစ်ခု သူ့မျက်လုံးများမှ ထွက်လာပြီး နျဲ့ရှို့ယွမ်အပေါ်သို့ ကျရောက်သွားသည်။

နျဲ့ရှို့ယွမ် အတွင်းက အချက်အလက်များကို အလျင်အမြန် လက်ခံလိုက်ပြီး နတ်ဘုရားသားရဲရုပ်တုကို လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာ”

နတ်ဘုရားသားရဲရုပ်တု ပြောလိုက်သည်။ “လူငယ်လေး ဆန္ဒကင်းမဲ့တယ်ဆိုတာ ဘာလဲဆိုတာ ဒီသခင် နောက်ဆုံးတော့ နားလည်သွားပြီ။ ဒါပေမဲ့ ကျင့်သုံးဖို့ဆိုတာက တကယ်ကို ခက်ခဲလွန်းပါတယ်။ မင်း အခု သွားလို့ရပြီ”

ထိုစကားအဆုံး အလင်းတန်းတစ်ခု နျဲ့ရှို့ယွမ်အပေါ်သို့ ကျရောက်သွား၏။

နျဲ့ရှို့ယွမ် မျက်လုံးပြန်ပွင့်လာချိန်တွင် သူ တောအုပ်တစ်ခုထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ဝမ်ပေါင်လဲ့သည် သူ့လက်ထဲတွင် ကြွေပုလင်းတစ်လုံးကို ကိုင်ထားပြီး အတွင်းက အရာများကို လေ့လာနေသည်။

ဝမ်ပေါင်လဲ့ သူ့အနောက်မှ လာနေသော အရှိန်အဝါကို ခံစားမိသွားသောကြောင့် ကြွေပုလင်းကို သိမ်းဆည်းလိုက်ပြီး ဓားကျောက်စိမ်းကို ထုတ်ယူကာ လှည့်ကြည့်လိုက်၏။

နျဲ့ရှို့ယွမ် ဖြစ်ကြောင်း သူ မြင်လိုက်ရမှ သူ့စိတ်ထဲတွင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိပြီး ချက်ချင်း မေးမြန်းလိုက်သည်။

“စီနီယာအစ်ကိုနျဲ့ ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

ဝမ်ပေါင်လဲ့ ထိုသို့ ပြောလိုက်သော်လည်း သူ့လက်ထဲရှိ ဓားကျောက်စိမ်းကို ပြန်မသိမ်းချေ။

၎င်းကို မြင်တော့ နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်သည်။

“စီနီယာနတ်ဘုရားသားရဲကို ဒီပို့ခိုင်းလိုက်တာလေ။ ဂျူနီယာညီလေးဝမ် မင်း ဘယ်လို ခံစားနေရလဲ”

“ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး မသက်သာသလိုတော့ ခံစားနေရတယ်”

ဝမ်ပေါင်လဲ့ ၎င်းကို အပိုပြောနေခြင်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာများ လျော့ကျသွားကတည်းက တစ်ကိုယ်လုံး သက်သောင့်သက်သာ မရှိသလို ခံစားနေရ၏။

နျဲ့ရှို့ယွမ် ပြောလိုက်သည်။ “ဝမ်တောက်ကျောင်းတော်က ငါတို့ဂိုဏ်းတူညီအစ်ကိုတွေကို အရင်လူစုပြီးတော့မှ ပိုင်ယုတောင်ကနေ အတူတူ ပြန်ကြတာပေါ့”

“ကောင်းပါပြီ”

ဝမ်ပေါင်လဲ့ အကြံပြုချက်ကို လက်ခံပြီး နျဲ့ရှို့ယွမ်နှင့်အတူ ထွက်ခွာသွား၏။

All Chapters