အခန်း ၅၆၃
Vol. 57 Ch. 563
အခန်း (၅၆၃)
“ဆရာ ဒီတပည့် ပြန်ရောက်ပါပြီ”
မြောင်တောင်ပေါ်တွင် ဝမ်ပေါင်လဲ့ စာအုပ်ဖတ်နေသော ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။
ချူဖုန်း သူ့စာအုပ်ကို ချထားကာ ဝမ်ပေါင်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြော၏။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့။ မင်း ဒီခရီးစဉ်ကနေ ဘာတွေရခဲ့လဲ”
ဝမ်ပေါင်လဲ့ ပိုင်ယုတောင်ခရီးစဉ်မှ သူ့အတွေ့အကြုံများကို တည်ငြိမ်စွာ ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ချူဖုန်း ပြောလိုက်၏။ “ကောင်လေး မင်း ဒီလောက် ကောင်းတဲ့အရာကို ရလာလိမ့်မယ် မထင်ထားဘူး။ အဘိုးကြီးရှို့ယွမ်ရော ဘယ်လိုနေလဲ”
ဝမ်ပေါင်လဲ့ ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုနျဲ့ လောကကြီးကို ဆက်ပြီးလှည့်လည်သွားလာနေပါတယ်”
ချူဖုန်း ဆက်မေးလိုက်၏။ “ဒါဆို မင်း နားမလည်တာတွေ ရှိနေလို့ ငါ့ကို လာရှာတာပေါ့”
“ဆရာ့ ဒီတပည့်ရဲ့ ဓားဆန္ဒက အလုံးစုံပြီးပြည့်စုံခြင်းကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ ဒါနဲ့ဆိုရင် ဒီတပည့်မှာ အလုံးစုံပြီးပြည့်စုံခြင်းအထိ နားလည်သဘောပေါက်ထားတဲ့ စစ်မှန်ဆန္ဒနှစ်ခု ရှိလာပါလိမ့်မယ်။ တာအိုအနှစ်သာရကို နားလည်သဘောပေါက်ဖို့ ဘယ်စစ်မှန်ဆန္ဒကို ရွေးချယ်ရမလဲဆိုတာကို ဒီတပည့် မသိလို့ပါ”
ဝမ်ပေါင်လဲ့ သူ့ကို ဒုက္ခပေးနေသော မေးခွန်းအား မေးမြန်းလိုက်သည်။
နားထောင်ပြီးနောက် ချူဖုန်း သူ့ငှက်မွေးယပ်တောင်ကို ခတ်ကာ ပြောဆိုလိုက်၏။
“မင်း အနှစ်သက်ဆုံးအရာက ဘာလဲ”
ဝမ်ပေါင်လဲ့ သူ့ဆရာက ပြန်မေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ အကယ်၍ သူကသာ ဆုံးဖြတ်ချက်ချနိုင်ပါက အဘယ်ကြောင့် မေးနေစရာ လိုမည်နည်းဟု တွေးလိုက်သည်။
“ဒီတပည့် စားရတာကို သဘောကျပါတယ်။ ဒါပေမဲ့ စစ်မှန်ဆန္ဒနှစ်ခုစလုံးက ဒီတပည့်အတွက် အရမ်း အသုံးဝင်နေပါတယ်”
ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်၏။
“ဒါဆို ဘာလို့ ဝါးမျိုခြင်းအနှစ်သာရကို နားလည်လုပ်ဖို့ ထောင်ထျဲ့ အနှစ်သာရကို အသုံးပြုလို့ရတယ်။ ပြီးတော့ မင်း သင်ယူထားသမျှ အရာအားလုံးကို တစ်သားတည်း ပေါင်းစပ်လိုက်လေ”
၎င်းကို ကြားတော့ ဝမ်ပေါင်လဲ့ ရုတ်တရက် သဘောပေါက်သွားပြီး သူ့နဖူးကို ရိုက်လိုက်သည်။
“ဟုတ်သားပဲ။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘယ်လိုလုပ် မေ့သွားရတာလဲ”
ချူဖုန်း ဝမ်ပေါင်လဲ့၏ပခုံးကို ပုတ်လိုက်၏။
“ကောင်လေး မင်း အရမ်း တွေးလွန်းနေပြီး အနှစ်သာရကို ရှင်းရှင်းလင်းလင်း မမြင်ဘူးလေ”
၎င်းကို ကြားတော့ ဝမ်ပေါင်လဲ့ ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။
“လမ်းညွှန်မှုအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်”
ချူဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
“မင်း မေးချင်တာ တခြားကိစ္စ ရှိသေးလား”
ဝမ်ပေါင်လဲ့ ခေါင်းခါလိုက်သည်။
“တပည့် နားမလည်နိုင်တာတွေ ရှင်းလင်းသွားပါပြီ။ ဓားဆန္ဒကို အလုံးစုံပြီးပြည့်စုံခြင်းအထိ အဆင့်တက်ရောက်ဖို့ အရင်ဆုံး တံခါးပိတ်ကျင့်ကြံရမယ်။ ပြီးတော့မှ ဝါးမျိုခြင်းအနှစ်သာရကို နားလည်သဘောပေါက်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်”
ချူဖုန်း လက်ဝှေ့ယမ်းလိုက်၏။
“သွားတော့”
“တပည့်ကို ခွင့်ပြုပါဦး”
ထိုသို့ပြောပြီးနောက် ဝမ်ပေါင်လဲ့ လှည့်ကာ ထွက်ခွာသွား၏။ ချူဖုန်း သူ ထွက်သွားသည်ကို ကြည့်ကာ သူ့ဝတ္ထုစာအုပ်ကို ကောက်ကိုင်လိုက်သည်။
သူ့ကိုယ်ပိုင်ခြံဝင်းအတွင်းသို့ ပြန်ရောက်ပြီးနောက် ဝမ်ပေါင်လဲ့ သူ့ဇနီးချောလေးနှစ်ယောက်နှင့် အရင်ဆုံး ဆွေးနွေးသည်။ ထို့နောက် သူ့ဓားဆန္ဒကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံမှုကို စတင်၏။
သူ့တံခါးပိတ်ကျင့်ကြံခြင်းသည် အခြားသူများနှင့် ကွာခြားပြီး သူ နေ့စဉ်နေ့တိုင်း ပါဝင်ပစ္စည်းအမျိုးမျိုးကို ပြင်ဆင်သည်။
လေးဆယ့်ကိုးရက်အကြာတွင် ဝမ်ပေါင်လဲ့ ဉာဏ်အလင်းပွင့်သွား၏။
သူ့ဓားဆန္ဒက အလုံးစုံပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။
သူ့လက်ထဲမှ ဓားဖြင့် ထိုက်ရွှီကို လွှဲခုတ်လိုက်ပြီး နဂါးတစ်ကောင်ပုံ ထွင်းထုလိုက်၏။
“ဒါက ဓားဆန္ဒ အလုံးစုံပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတဲ့ ခံစားချက်ပဲ။ တကယ်ကို သာမန်ထက် ထူးကဲလွန်းတယ်”
“နောက်ထပ် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ရမဲ့အချိန်ပဲ။ တာအိုအနှစ်သာရကို နားလည်သဘောပေါက်မှသာ လောကကြီးကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်မှာ”
ဝမ်ပေါင်လဲ့ ထောင်ထျဲ့ သွေးအဆီအနှစ်ကို အလျင်စလို မသောက်ပေ။ ယင်းအစား ပါဝင်ပစ္စည်းများကို သောင်းပြောင်းပညာရပ်ဌာန၏ မီးဖိုချောင်ဆီသို့ ပို့ဆောင်လိုက်သည်။
ပင်မခြံဝင်းအတွင်း ချက်ပြုတ်နေသော ချူဖုန်း သူ့စိတ်ထဲတွင် စနစ်အသိပေးချက်တစ်ခုကို ကြားလိုက်ရ၏။
“လက်ခံသူတပည့် ဝမ်ပေါင်လဲ့၏ဓားဆန္ဒသည် အလုံးစုံပြီးပြည့်စုံခြင်းကို ရောက်ရှိသွားပါပြီ။ လက်ခံသူကို တာအိုအနှစ်သာရရှစ်ခု ချီးမြှင့်ပါတယ်”
‘ဒီလောက်တောင် မြန်တာလား’
သူ တွေးလိုက်သည်။
ရင်းနှီးနေသောစနစ်အသံကို ကြားတော့ ချူဖုန်း၏ နှုတ်ခမ်း အနည်းငယ် တွန့်ကွေးသွား၏။ ယနေ့ ဝမ်ပေါင်လဲ့အတွက် အရသာရှိသော အစားအစာတစ်ခုကို သူ ချက်ပြုတ်ပေးရမည့်ဟန်ပင်။
“ဆရာ ကျွန်တော် ဓားဆန္ဒကို အလုံးစုံ ပြီးပြည့်စုံခြင်းအဆင့်အထိ နားလည်သွားပြီ”
ဝမ်ပေါင်လဲ့၏ ပျော်ရွှင်နေသော အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ချူဖုန်း သူ့လှုပ်ရှားမှုများကို ရပ်တန့်ပြီး ဝမ်ပေါင်လဲ့ကို လှည့်ကြည့်ကာ ပြောလိုက်၏။
“မင်း ဓားဆန္ဒကို ဒီလောက်မြန်မြန် အလုံးစုံပြီးပြည့်စုံခြင်းအထိ နားလည်သွားတာ ဉာဏ်အလင်းပွင့်သွားလို့ပဲ”
ဝမ်ပေါင်လဲ့ ပြုံးကာ သူ့ခေါင်းကို ကုတ်လိုက်သည်။
“ဒါတွေအားလုံးက ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ။ အဲဒီလိုမှ မဟုတ်ရင် တပည့် ကိုယ်ပိုင်ကျင့်ကြံခြင်း လမ်းကြောင်းကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
ချူဖုန်း မေးလိုက်၏။
“မင်း ပါရမီကလည်း မဆိုးပါဘူး။ တစ်ခါတလေ မင်းရဲ့ စိတ်ကို ဖြောင့်အောင် မထားနိုင်တာလေးပဲ ရှိတာ။ မင်း တစ်ခုခုက်ို အရမ်း လိုချင်လွန်းတဲ့အခါ ပရမ်းပတာတွေ ဖြစ်လာရော။ တာအိုအနှစ်သာရကို ဆင်ခြင်ဖို့ ဘယ်တော့ တံခါးပိတ်ကျင့်ကြံဖို့ ရည်ရွယ်ထားလဲ”
ဝမ်ပေါင်လဲ့ : “ဆရာ တပည့် ရက်အနည်းငယ်အတွင်းမှာ နားလည်ဆင်ခြင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအချိန်အတွင်းမှာ တပည့် ပါဝင်ပစ္စည်းကောင်းတွေအများကြီးကို ပြင်ဆင်ထားပါတယ်။ ဆရာ့ကို စစ်ဆေးစေချင်ပါတယ်”
“အင်း”
ချူဖုန်း ချက်ချင်း စိတ်ဝင်စားသွားသည်။
“မြန်မြန် ငါ ကြည့်ဖို့ အဲဒါတွေကို ထုတ်ပြ”
“ဟုတ်ကဲ့ပါ”
ဝမ်ပေါင်လဲ့ သူ့သိုလှောင်လက်စွပ်ထဲမှ ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်း အပုံလိုက်ကို ဆက်တိုက် ထုတ်ယူလိုက်၏။
ချူဖုန်းပင် ထိုကောင်လေးကို လက်မထောင်ပြလိုက်မိသည်။
“မဆိုးဘူး။ မင်း တကယ်ကို စွမ်းရည်တချို့ ရှိနေတာပဲ။ ဒီညတော့ ငါတို့ အစားကောင်းသောက်ကောင်းတွေ စားလို့ရပြီ။ လာ ငါ့ကို ကူလုပ်ပေးဦး”
“ဟုတ်ကဲ့ပါ”
ဝမ်ပေါင်လဲ့ ပြန်ဖြေကြားလိုက်ပြီး ဆရာနှင့်တပည့်တို့ ညစာစားပွဲ စတင်သည်အထိ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြ၏။
စားသောက်ပွဲအပြီးတွင် ဗိုက်တင်းသွားသည့် ဝမ်ပေါင်လဲ့ သူ့ဇနီးချောလေးနှစ်ဦးနှင့် ချစ်စဖွယ် အချိန်အချို့ကို ကုန်ဆုံးခဲ့ပြီးနောက် မြောင်တောင်၏ အနောက်ဘက်မှ ဂူတစ်ခုသို့ တစ်ယောက်တည်း လာကာ သိုလှောင်လက်စွပ်ထဲမှ ထောင်ထျဲ့ သွေးအဆီအနှစ်ကို ထုတ်ယူလိုက်သည်။
သူ ကြွေပုလင်းထဲမှ သွေးအဆီအနှစ်ကို တစ်ကျိုက်တည်း မျိုချလိုက်၏။
သွေးအဆီအနှစ် သူ့အစာအိမ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် ဝမ်ပေါင်လဲ့ သူ့အစာအိမ်ထဲ၌ ပူလောင်သည့်ခံစားချက်ကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်ထောင့်ပေါင်းစုံသို့ တိုက်ခိုက်လာသည်။
ထိုအခိုက်အတန့်တွင် ကြမ်းကြုတ်သားရဲကြီးတစ်ကောင် သူ့ကို ပေါက်ကွဲထွက်စေမည့်အလား သူ့ခန္ဓာကိုယ်အတွင်း၌ သောင်းကျန်းနေသည်နှယ်။
သူ့စိတ်ထဲတွင် ရှေးဟောင်းကြမ်းကြုတ်သားရဲ ထောင်ထျဲ့၏ပုံရိပ် ပေါ်လာပြီး သူ့ကို အထက်မှနေ၍ ငုံ့ကြည့်နေသည်။ ယင်းမျက်လုံးများက သူ့လို သေမျိုးတစ်ဦး ထောင်ထျဲ့၏ သွေးအဆီအနှစ်ကို ခံစားရန် မထိုက်တန်ကြောင်း ပြောနေပုံရသည်။
ဝမ်ပေါင်လဲ့ ထိုကြောက်မက်ဖွယ်စွမ်းအားကို ဖိနှိပ်ရန် သူ့ဝိညာဉ်စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်လိုက်သော်လည်း သူ့ဝိညာဉ်စွမ်းအားသည် ထိုအရှိန်အဝါနှင့် ထိတွေ့သည့်အခိုက် ပျံ့ကျဲသွားကြောင်း အလျင်အမြန် တွေ့လိုက်၏။
ဝမ်ပေါင်လဲ့ သူ့စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း အရှုံးမပေးချေ။ ကြောက်မက်ဖွယ်အရှိန်အဝါကို ဖိနှိပ်ရန် သူ့ကိုယ်ပိုင် စစ်မှန်ဆန္ဒများကို ချက်ချင်း အသုံးပြုလိုက်၏။
ပထမဆုံး ဓားဆန္ဒကို သုံးပြီး ထို့နောက် ထိုက်ချီစစ်မှန်ဆန္ဒကို သုံးသည်။
သို့သော် စစ်မှန်ဆန္ဒနှစ်ခုစလုံးကို အသုံးပြုလိုက်လျှင်ပင် ဝမ်ပေါင်လဲ့ ကြောက်မက်ဖွယ်အရှိန်အဝါကို လုံးဝ ဖိနှိပ်နိုင်ခြင်း မရှိသေးပေ။ ၎င်းသည် သူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေမှုအား အနည်းငယ်သာ နှေးကွေးသွားစေ၏။
အချိန်များ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားသည်။ သွေးအဆီအနှစ်တစ်စက်သည် ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို စတင် ခံလာရသည်။
အနည်းငယ်စုပ်ယူလိုက်တိုင်း ဝမ်ပေါင်လဲ့ ဖိအား အနည်းငယ် လျော့ကျသွားကြောင်းကို ခံစားနိုင်၏။
သူ သွေးအဆီအနှစ်အတွင်းရှိ ထောင်ထျဲ့ အရှိန်အဝါကို ဖိနှိပ်ရန် သူ့စစ်မှန်ဆန္ဒနှစ်ခုကို တည်ငြိမ်စွာ ဆက်လက် အသုံးပြုနေ၏။
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားသည်။
တစ်လအကြာတွင် ဝမ်ပေါင်လဲ့ နောက်ဆုံး၌ ထောင်ထျဲ့ သွေးအဆီအနှစ်ကို စုပ်ယူပြီးစီးသွား၏။
သူ့အသိစိတ်ပင်လယ်ထဲရှိ ထောင်ထျဲ့ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝါးမျိုခြင်းလမ်းစဉ်ဆိုတာ...”
ဝမ်ပေါင်လဲ့ ထောင်ထျဲ့၏ အသံကို နားထောင်နေစဉ် သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် စုပ်ယူထားသော ထောင်ထျဲ့ သွေးအဆီအနှစ်ကိုလည်း စတင် အသုံးပြုလိုက်၏။
ရက်ပေါင်း ရှစ်ဆယ့်တစ်ရက်ကြာပြီးနော်
ဝမ်ပေါင်လဲ့ ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ တီးတိုးရေရွတ်လိုက်၏။
“ဒါက ဝါးမျိုခြင်းတာအိုပေါ့။ အထက်မှာ နေ၊ လနဲ့ ကြယ်တွေကို ဝါးမျိုနိုင်တယ်။ အောက်မှာ တောင်တွေနဲ့ မြစ်တွေကို ဝါးမျိုနိုင်တယ်။ လောကကြီးထဲက အရာအားလုံးကို ဝါးမျိုလို့ရတယ်။ နတ်ဆိုးသူတော်စင်ထောင်ထျဲ့ အလဲအလှယ်လုပ်ဖို့ ငါတို့ကံကြမ္မာတွေကို တောင်းဆိုတာ မအံ့သြတော့ဘူး။ ကံကြမ္မာအားလုံးကို ဝါးမျိုပစ်လိုက်တာပဲ။ ဝါးမျိုပြီးရင် ဘယ်နေရာမှာ အသုံးဝင်လဲဆိုတာကိုတော့ ငါ သိချင်မိတယ်”
ထိုသို့နှယ် ရေရွတ်ပြီးနောက် သူ ထိုအတွေးများကို ဘေးဖယ်ထားလိုက်၏။ သူ ယခု လုပ်ရမည်မှာ သတင်းကောင်းကို ဆရာထံ တင်ပြရန် ဖြစ်ပေသည်။
“ငါ ဝမ်ပေါင်လဲ့ ဘယ်သူ့ထက်မှ မနိမ့်ကျဘူး”
ထို့နောက် ဝမ်ပေါင်လဲ့ သူ့သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားတစ်စုံကို ထုတ်ယူကာ သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ပင်မခြံဝင်းဆီသို့ အလျင်စလို သွား၏။