← Chapters

အခန်း ၅၆၅

Vol. 57 Ch. 565

အခန်း ၅၆၅

Vol. 57 Ch. 565

အခန်း (၅၆၅)

သတ်ဖြတ်ခြင်းနယ်မြေသည် ဆန်းကြယ်ကောင်းကင်ဒေသအတွင်းရှိ အလွန်အမင်း အန္တရာယ်များသော ထိပ်တန်းအဆင့် နေရာတစ်ခု ဖြစ်၏။ ၎င်းသည် ဆန်းကြယ်ကောင်းကင်ဒေသအတွင်းတွင် တည်ရှိသော်လည်း တကယ်တမ်း၌ ထိုနယ်မြေအတွင်းရှိ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်၏။

သတ်ဖြတ်ခြင်းနယ်မြေသည် ယခင်က ရှေးဟောင်း တိုက်ပွဲမြေပြင်တစ်ခု ဖြစ်သည်။ အခြားကမ္ဘာများနှင့် ရွှမ်ထျန်းတိုက်ကြီးတို့ ထိပ်တိုက်တွေ့ခဲ့ကြသော နေရာများထဲမှ တစ်ခုဖြစ်သည်။

ရွှမ်ထျန်းသည် ကမ္ဘာသုံးထောင်ကို လွှမ်းမိုးထားသဖြင့် စစ်မီးလျှံများ ရွှမ်ထျန်းတိုက်ကြီးဆီသို့ တိုက်ရိုက်ရောက်လာမတတ်ပေ။ သို့သော် တိုက်ပွဲမြေပြင်အတွင်းတွင် မရေမတွက်နိုင်သော ကြွင်းကျန်ရစ်သည့် ဝိညာဉ်များ ရှိနေသေးပြီး သောင်းကျန်းနေကြ၏။

ဝိညာဉ်များ လျှို့ဝှက်နယ်မြေထဲမှ ထွက်မလာနိုင်စေရန်အတွက် မြင့်မြတ်နယ်မြေဆယ်ခုသည် ထိုနေရာတွင် ကျင့်ကြံသူများကို တပ်စွဲထားခဲ့သည်။ သူတို့ ဝိညာဉ်များကို ထိန်းချုပ်ထားရန်အတွက် အချိန်တစ်ခုကြာတိုင်း နှိမ်နင်းမှုများ ပြုလုပ်ကြသည်။

သဘာဝကျကျပင် အချို့သော ကျင့်ကြံသူများသည် ပိုမို သန်မာလာစေရန် သတ်ဖြတ်ခြင်းနယ်မြေသို့ လာကြ၏။ ရှီးရွှမ် ဤနေရာတွင် ခွန်အားလာရှာသူများထဲ၌ ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်လာမည် မဟုတ်ပေ။

သူ နေရာရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် သတ်ဖြတ်ခြင်းနယ်မြေအပြင်ဘက်ရှိ ဝမ်တောက်ဂိတ်ဝသို့ ရောက်လာ၏။ သူ အပြင်သို့ ထွက်လာသည်နှင့် ဝမ်တောက်ကျောင်းတော်မှတပည့်အချို့ သူ့ကို နှုတ်ဆက်ရန် ချက်ချင်း ရှေ့သို့ လှမ်းလာကြသည်။

“မင်းက ဂျူနီယာညီလေးရှီး ဖြစ်ရမယ်”

စကားပြောနေသူသည် ကြီးကြပ်သူတစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။

ရှီးရွှမ် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ရှီးရွှမ် စီနီယာအစ်ကိုကို နှုတ်ဆက်ပါတယ်။ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”

“ငါ့မျိုးရိုးနာမည်က ရှီပါ။ နာမည်ကတော့ ယွီချီ။ ငါ ပြင်ပရေးရာဌာနက အကြီးအကဲပိုင်ရဲ့ တပည့်ပါ”

ထိုလူ ပြန်ဖြေလာ၏။

ရှီယွီချီ တောက်ပသော အပြုံးဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့ တစ်ဖက်တည်းဖြစ်ကြောင်း ရှီးရွှမ်အား အချက်ပြလိုက်သည်။

ရှီးရွှမ်မျက်လုံးများ တောက်ပသွားပြီး သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။

“ဒါဆို စီနီယာအစ်ကိုက ဦးလေးပိုင်ရဲ့ တပည့်ပေါ့။ ခင်ဗျားအကြောင်းကို ကျွန်တော် အများကြီး ကြားဖူးပါတယ်”

“မင်း ငါ့ကို ချီးကျူးလွန်းနေပါပြီ”

ရှီယွီချီ ပြန်ပြောလိုက်သည်။ ဂျူနီယာညီလေး ယဉ်ကျေးသမှုဖြင့် ပြောခြင်း ဖြစ်ကြောင်းကို သူ သိထားသော်လည်း ၎င်းက သူ့အတွက် ဂုဏ်ယူစရာတစ်ခုပင်။

သောင်းပြောင်းပညာရပ်ဌာနမှ ပါရမီရှင်တစ်ဦးနှင့် ရင်းနှီးစွာ နှုတ်ဆက်စကား ပြောရခြင်းက ရှားပါးသော အခွင့်ထူးတစ်ခု ဖြစ်၏။ လူအများအပြား ဤကဲ့သို့ပါရမီရှင်များနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အခွင့်အရေး မရခဲ့ကြချေ။

သူ ဆက်ပြောသည်။

“ဂျူနီယာညီလေးရှီး မင်း ခရီးပန်းလာမှာပဲ။ မင်းကို ကြိုဆိုဖို့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားတယ်။ မင်း တက်ရောက်ပေးဖို့ မျှော်လင့်ပါတယ်”

“စီနီယာအစ်ကို့ကို ဒုက္ခပေးသလို ဖြစ်သွားပြီ”

ရှီးရွှမ် ပြန်ဖြေလိုက်၏။ မြောက်ပိုင်းတောရိုင်းမင်းဆက်၏ တော်ဝင်မြေးတော်အဖြစ် သူသည် လူမှုရေးယဉ်ကျေးမှုများတွင် ကျွမ်းကျင်နေပြီးသား ဖြစ်၏။

မကြာမီ သူတို့ စားသောက်ပွဲခန်းမတစ်ခုသို့ ရောက်ရှိလာကြသည်။ ရှီယွီချီသည် ကြီးကြပ်သူတစ်ဦး ဖြစ်သော်လည်း ရှီးရွှမ်ကို ဂုဏ်ထူးဆောင် နေရာတွင် ထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

ရှီးရွှမ် ပင်မနေရာတွင် ထိုင်င်ရန် ငြင်းဆန်ခဲ့၏။ ထိုနှစ်ဦး အချင်းချင်း ညှိနှိုင်းပြီးနောက် ရှီယွီချီ နောက်ဆုံး၌ ထိပ်ဆုံးတွင် ထိုင်ပြီး စားသောက်ပွဲ စတင်၏။

စားသောက်နေစဉ် ရယ်မောသံများနှင့် စကားဝိုင်းများကြားတွင် ခွက်များ တိုက်ကြသည်။ ဝိုင်သုံးခွက် သောက်ပြီးနောက် လေထုက ပိုမို ပြေလျော့လာသည်။

နောက်ဆုံးတွင် ရှီယွီချီ မေးမြန်းလိုက်၏။

“ဂျူနီယာညီလေးရှီး ဒီတစ်ကြိမ် သတ်ဖြတ်ခြင်းနယ်မြေမှာ မင်း ဘယ်လောက်ကြာကြာ နေဖို့ ရည်ရွယ်ထားလဲ”

ရှီးရွှမ် ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျွန်တော် သတ်ဖြတ်ခြင်းနယ်မြေမှာ လေ့ကျင့်ဖို့ သက်သက်အတွက် လာခဲ့တာပါ။ အချိန်တန်ပြီလို့ ခံစားရတဲ့အခါ ဒီနေရာကနေ ထွက်သွားမှာပါ”

ရှီယွီချီ ထိုအဖြေကို သံသယမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ရှီးရွှမ်လို ပါရမီရှင်တစ်ဦး သတ်ဖြတ်ခြင်းနယ်မြေတွင် သူ့ဘဝတစ်လျှောက်လုံး ကုန်ဆုံးသွားရန် မဖြစ်နိုင်ပေ။

ထို့နောက် သူ သိုလှောင်လက်စွပ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူကာ ရှေ့သို့ တွန်းပို့လိုက်သည်။

“ဂျူနီယာညီလေး ဒါ နတ်ဆိုးသတ္တဝါ အမျိုးမျိုးရဲ့ တည်နေရာတွေကို မှတ်သားထားတဲ့ သတ်ဖြတ်ခြင်းနယ်မြေရဲ့ မြေပုံပဲ”

“အတွေ့အကြုံယူဖို့ မင်း ဘယ်နေရာကို သွားချင်လဲ ဆိုတာကို ကြည့်လို့ရတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

ရှီးရွှမ် မြေပုံကို ယူကာ သူ့ဝိုင်ခွက်ကို မြှောက်ရင်း ပြောလိုက်၏။

ရှီယွီချီ ရယ်မောကာ ပြောလိုက်သည်။

“ဒါက သေးငယ်တဲ့ အားထုတ်မှုလေးတစ်ခုပါ။ အနာဂတ်မှာ ငါတို့ ဂျူနီယာညီလေးရှီးအပေါ်မှာ မှီခိုနေရဦးမှာပဲ”

စားသောက်ပွဲသည် နာရီအတော်ကြာပြီးနောက် အဆုံးသတ်သွား၏။ ရှီးရွှမ် တည်းခိုဖို့ နေရာယူပေးပြီးနောက် သူ့လေ့ကျင့်ရေးအတွက် သတ်ဖြတ်ခြင်းနယ်မြေထဲသို့ မည်သည့်အချိိန်ဝင်ရောက်ဖို့ ရည်ရွယ်ထားသနည်းဟု ရှီယွီချီ မေးမြန်း၏။

ယခင်က စားသောက်ပွဲခန်းမထဲတွင် လူအရမ်းများနေသဖြင့် သူ ဤမေးခွန်းကို မမေးခဲ့ခြင်း ဖြစ်သည်။ ပါးစပ်ဖွာသူတစ်ဦး ရှီးရွှမ် တည်နေရာကို ဖော်ထုတ်ပစ်လိုက်မည်ကို သူ အလိုမရှိပေ။

သတင်းပေါက်ကြားမှုကြောင့် သတ်ဖြတ်ခြင်းနယ်မြေတွင် ရှီးရွှမ်သာ ပြဿနာကြုံတွေ့ခဲ့ပါက ရှီယွီချီ တာဝန်ယူနိုင်မည် မဟုတ်ချေ။ သူ သေချာပေါက် ဂျူနီယာညီလေး ဘေးကင်းလုံခြုံမှုကို ဦးစားပေးရမည်။

“မနက်ဖြန် သွားဖို့ ရည်ရွယ်ထားတယ်”

ရှီးရွှမ် သူ့ရည်ရွယ်ချက်များကို ဖုံးကွယ်မထားပေ။

ရှီယွီချီ ပြောလိုက်၏။

“ဂျူနီယာညီလေး သတ်ဖြတ်ခြင်းနယ်မြေက သတ်ဖြတ်လိုစိတ်နဲ့ နတ်ဆိုးစွမ်းအင်တွေ အရမ်း များလွန်းတယ်။ မင်း သတိထားရမယ်”

ရှီးရွှမ် ပြန်ပြောသည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။ ကျွန်တော် ဘေးကင်းဖို့ ဂရုစိုက်ပါ့မယ်”

ရှီယွီချီ ပြောလိုက်၏။

“ကောင်းပြီ။ ဒါဆို မင်း အနားယူတာကို အနှောင့်အယှက် မပေးတော့ဘူး။ သွားတော့မယ်”

“ကောင်းပါပြီ”

တစ်ဖက်လူကို နှုတ်ဆက်လိုက်ပြီးနောက် ရှီးရွှမ် မြေပုံကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ မြေပုံသည် အလွန် အသေးစိတ်ကျပြီး နတ်ဆိုးသတ္တဝါအမျိုးမျိုး၏ နေရာများသာမက သူတို့ခွန်အားအဆင့်များကိုပါ မှတ်သားထား၏။

ရှီးရွှမ် သေချာ ဂရုတစိုက် လေ့လာပြီးသွားချိန်တွင် ညသန်းခေါင်ယံသို့ပင် ရောက်နေ၏။

နောက်တစ်နေ့ မနက်စောစောတွင်၊

ရှီးရွှမ် ရှီယွီချီကို နှုတ်ဆက်စကား မပြောတော့ပေ။

သူ ရုပ်ဖျက်ရန် ကြေးဝါမျက်နှာဖုံးတစ်ခုကို တပ်ဆင်ပြီး သတ်ဖြတ်ခြင်းနယ်မြေဝင်ပေါက်ဆီသို့ ဦးတည်သွားသည်။ ဝင်ပေါက်ကို စောင့်ကြပ်နေသော တပည့်များ ရှီးရွှမ်၏ ထူးဆန်းသောဝတ်စုံကို မြင်တော့ သူ့ကို တားဆီးလိုက်ကြ၏။

“ရပ်လိုက်စမ်း ရှေ့မှာက သတ်ဖြတ်ခြင်းနယ်မြေပဲ။ ငါတို့ ဝမ်တောက်ကျောင်းတော်က တပည့်တွေကလွဲပြီး တခြားဘယ်သူမှ ဝင်ခွင့်မရှိဘူး”

ရှီးရွှမ် သူတို့နှင့် မငြင်းခုံလိုပေ။

ယင်းအစား သူ သိုလှောင်လက်စွပ်ထဲမှ တိုက်ရိုက်တပည့်တစ်ဦးကို ကိုယ်စားပြုသော တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတိုကင်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ဝမ်တောက်ကျောင်းတော်မှ တပည့်များ လေးစားစွာ ပြောလာကြသည်။

“တိုက်ရိုက်တပည့်စီနီယာအစ်ကို ဖြစ်နေတာကိုး။ ကျေးဇူးပြုပြီး ဝင်ပါ”

“ဒုက္ခပေးသလို ဖြစ်သွားပြီ”

ရှီးရွှမ် ဝင်ပေါက်ဆီသို့ လျှောက်သွား၏။

လူအုပ်ကြီး သူ ထွက်သွားသော ပုံရိပ်ကို ကြည့်ကာ သူတို့အချင်းချင်း ဆွေးနွေးကြတော့သည်။

“စီနီယာအစ်ကိုက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ။ သူက ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်များ ဖြစ်နေမလား”

“သူက ပါရမီရှင်တစ်ယောက် မဟုတ်ရင်တောင် နောက်ခံကြီးကြီးထဲကပဲ။ သူ့မျက်နှာပေါ်က ကြေးဝါမျက်နှာဖုံးက နတ်ဘုရားအာရုံကို ဟန့်တားနိုင်တဲ့ ဝိညာဉ်ရတနာတစ်ခုပဲ”

“သာမန်တပည့်တွေက အဲဒီလိုအရာမျိုးကို ဝယ်ဖို့ ဝိညာဉ်ကျောက်တုံး အများကြီး မရှိကြဘူး”

ထိုနေရာရှိ လူများ ဝိညာဉ်ရတနာဟူသော စကားလုံးကို ကြားတော့ ပင့်သက်ရှိုက်မိကြ၏။

သူတို့ ဆယ်နှစ်တာ အချိန်ကုန်ခံစုလျှင်တောင် တစ်ခုဝယ်ဖို့ ဝိညာဉ်ကျောက်တုံးများကို လုံလောက်အောင် စုဆောင်းနိုင်မည် မဟုတ်ပေ။ ရှီးရွှမ် သတ်ဖြတ်ခြင်းနယ်မြေထဲသို့ ဝင်ရောက်လိုက်သည့်အခိုက် ပြင်းထန်သောသွေးညှီနံ့ သူ့ဆီ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။

သူ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောလာဟလများအတိုင်း ကောင်းကင်သည် သွေးပမာ နီရဲနေပြီး မြေပြင်မှာမူ မှောင်မိုက်နေ၏။

ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် နတ်ဆိုးအရှိန်အဝါကို သယ်ဆောင်ထားသည်။ ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းဖြင့် ကျင့်ကြံမှုကိုပြန်ဖြည့်တင်းရန် ကြိုးစားခြင်းက ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ပို၍ နှေးကွေးသည်။

လူတစ်ဦးသည် ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ပြန်ဖြည့်တင်းရန် ဆေးလုံးများနှင့် ရတနာများအပေါ်၌သာ မှီခိုနိုင်ပေ၏။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို အချိန်တိုင်း သတိထားနေရမည်။

ဤနေရာသည် ရှီးရွှမ် သွားရောက်ခဲ့ဖူးသမျှထဲတွင် အန္တရာယ်အများဆုံး နေရာတစ်ခုဟု ဆိုနိုင်သည်။ သို့တိုင် ရှီးရွှမ် စိတ်ထဲတွင် အနည်းငယ်မျှပင် မကြောက်လန့်မိပေ။

ယင်းအစား ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုကိုသာ ခံစားရ၏။ သူ ယမန်နေ့ည လေ့လာထားသော မြေပုံကို အလျင်အမြန် ပြန်အမှတ်ရလိုက်သည်။ ခဏအကြာတွင် သူ ဦးတည်ချက်တစ်ခုကို သတ်မှတ်ပြီး ပစ်မှတ်ကို ရှာတော့သည်။

ရှီးရွှမ် အနောက်တောင်ဘက် မိုင်တစ်ရာအကွာတွင် တည်ရှိသော အရိုးဖြူတောင်ကြားသို့ ဦးတည်သွားနေ၏။ ထိုနေရာရှိ နတ်ဆိုးသတ္တဝါများသည် အရိုးနတ်ဆိုးများ ဖြစ်ကြသည်။

တာအိုတည်ဆောက်ခြင်းအဆင့်မှ နတ်ဆိုးသတ္တဝါများကို နေရာတိုင်းတွင် တွေ့မြင်နိုင်၏။ ထို့အပြင် နတ်ဆိုးစစ်သူကြီးတိုင်းသည် စစ်မှန်ကံကြမ္မာအဆင့်တွင် ရှိကြပြီး နတ်ဆိုးစစ်သူကြီးချုပ်များသည် ကောင်းကင်ဇာစ်မြစ်အဆင့်တွင် ရှိသည်

ရှီးရွှမ် ဓားပျံမသုံးပေ။ သတ်ဖြတ်ခြင်းနယ်မြေတွင် ဝိညာဉ်စွမ်းအင်ကို စောစီးစွာ အသုံးပြုခြင်းက ပညာရှိသော လုပ်ရပ်တစ်ခု မဟုတ်ပေ။

သူ့သယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုရန် ဝိညာဉ်သားရဲအိတ်ထဲမှ ဝိညာဉ်သားရဲ တစ်ကောင်ကို သူ ဆင့်ခေါ်လိုက်၏။ ထိုဝိညာဉ်သားရဲသည် စစ်မှန်ကံကြမ္မာအဆင့် ရေခဲဝံပုလွေတစ်ကောင် ဖြစ်သည်။

၎င်းသည် အလွန် မြန်ဆန်သည့်အပြင် ပြေးလွှားသည့်အခါတွင် အေးစက်သည့် လေပြင်းများကိုပါ ထုတ်လွှတ်သဖြင့် မလိုလားအပ်သော ပြဿနာအချို့ကို ကြို၍ ရှောင်ရှားနိုင်၏။

တစ်နာရီအကြာတွင် ရှီးရွှမ် အရိုးဖြူတောင်ကြား အပြင်ဘက်သို့ အနှောင်အယှက်ကင်းစွာ ရောက်ရှိလာခဲ့၏။ သူ ဝိညာဉ်သားရဲကို ဝိညာဉ်သားရဲဆေးတစ်လုံး ကျွေးပြီး သားရဲအိတ်ထဲသို့ ပြန်ထည့်သွင်းလိုက်၏။

ထို့နောက် သူ ဓားကို ကိုင်ဆောင်ကာ တောင်ကြားထဲသို့ ဝင်ရောက်သည်။

All Chapters