အခန်း ၅၆၉
Vol. 57 Ch. 569
အခန်း (၅၆၉)
“စီနီယာဦးလေးဟုန် စီနီယာအစ်ကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပါပြီ”
တိတ်ဆိတ်ခြံဝင်း၏ စောင့်ကြည့်ရေးခန်း အတွင်းသို့ အတွင်းစည်းတပည့်တစ်ဦး အလျင်စလို ဝင်ရောက်လာပြီး သူ သိထားသမျှ အရာအားလုံးကို တစ်ထိုင်တည်း သတင်းပို့လိုက်၏။
ဤအချိန်တွင် ကြီးကြပ်သူဟုန် သူ့ကျင့်ကြံမှုကို ယခုလေးတင် ပြီးဆုံးသွားသည်။ သူ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး တိုးညှင်းစွာ ပြောလိုက်၏။
“သာမန်နေ့တွေမှာ ငါ မင်းကို ဘယ်လို သင်ပေးထားလဲ။ မင်း ဘာနဲ့ပဲ ကြုံကြုံ မထိတ်လန့်နဲ့”
“ဒါပေမဲ့ ဒီလူကိုအနီးကပ် စောင့်ကြည့်ထားဖို့ ပြောထားလို့ပါ”
အတွင်းစည်းတပည့် စကားပြောရင်း သူ့အသံက ပို၍ တိုးဝင်သွားပြီး ကြီးကြပ်သူဟုန်ကို တိုက်ရိုက် မကြည့်ရဲတော့ပေ။
“ဒီကြီးကြပ်သူ မင်းကို စောင့်ကြည့်ခိုင်းထားတဲ့ သူလား”
ကြီးကြပ်သူဟုန် သူ့မျက်နှာတွင် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်၏။
“စီနီယာဦးလေးရှီ ခေါ်လာတဲ့ စီနီယာအစ်ကိုပါ”
အတွင်းစည်းတပည့် ပြောပြီးသည်နှင့် စီနီယာဦးလေးဟုန် အမူအရာကို အကဲခတ်ရန် သူ အလိုအလျောက် မော့ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် စီနီယာဦးလေးဟုန်အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ နောက်ထပ် တစ်ခဏမျှပင် မတုံ့ဆိုင်းရဲတော့ဘဲ အလျင်အမြန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“ဂျူနီယာညီလေးကို သွားကြည့်ဖို့ ငါနဲ့ လိုက်ခဲ့”
“ဟုတ်ကဲ့ပါ”
အတွင်းစည်းတပည့် ပြန်ဖြေကြားပြီး သူ့စိတ်ထဲတွင် မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။
‘စီနီယာဦးလေး ကျွန်တော်တို့ကို မထိတ်လန့်ဖို့ ပြောပြီး အခု ဘာလို့ ကိုယ်တိုင် ထိတ်လန့်နေရတာလဲ’
ထိုအခိုက်အတန့်တွင် ကြီးကြပ်သူဟုန် အကြီးအကျယ် ထိတ်လန့်သွားသည်။ လွန်ခဲ့သော ခုနစ်ရက်က ထိုဂျူနီယာညီလေး အဆင့်နိမ့် တိတ်ဆိတ်ခန်းထဲသို့ မဝင်ရောက်ခင် သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းအရှိန်အဝါကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထိုသို့အချိန်တိုအတွင်း ၎င်းတို့အားလုံးကို သန့်စင်ရန် လုံးဝကို မဖြစ်နိုင်သော ကိစ္စရပ်ပင်။
ဂျူနီယာညီလေးစိတ်သည် သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် ရှုပ်ထွေးသွားခြင်းများလော။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက တိတ်ဆိတ်ခန်းများကို တာဝန်ယူရသော ကြီးကြပ်သူများနှင့် အကြီးအကဲများ အားလုံး ဒုက္ခရောက်ကြပေလိမ့်မည်။
ထိုလူသည် မဟာပဏ္ဍိတမိုးမြေ၏ တပည့်များထဲမှတစ်ဦး ဖြစ်သည်။ အကယ်၍ သူတို့နှာခေါင်းအောက်တွင်သာ သူ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ဖြစ်လာမည့်အရာကို သူ မတွေးရဲတော့ချေ။
သူ တပည့်တစ်ဦးကို ပေါ့ပေါ့ပါးပါး လှမ်းခေါ်ကာ ပြောလိုက်သည်။
“မင်း သွားပြီး ကြီးကြပ်သူရှီကို အကြောင်းကြားလိုက်။ သူ့သူငယ်ချင်း တိတ်ဆိတ်ခန်းထဲကနေ ထွက်လာပြီလို့ သူ့ကို ပြောလိုက်”
ကြီးကြပ်သူဟုန် ထိုသို့ပြောပြီးနောက် သူ့စိတ်ထဲတွင် ရှီယွီချီ၏ မိသားစုတစ်ခုလုံးကို ကျိန်ဆဲလိုက်၏။
‘ဒီကောင်က နည်းနည်းလေးလောက် အားကိုးရအောင် မနေနိုင်ဘူးလား။ ငါ တစ်ယောက်တည်း ဒီအပြစ်ကို ခံလို့မရဘူး’
အချိန်ခဏအကြာတွင် ကြီးကြပ်သူဟုန်တို့ ကြေးဝါမျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသား သူတို့ဆီသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ကြီးကြပ်သူဟုန် အံ့အားသင့်သွားရသည်။ သူ့ရှေ့က လူငယ်လေးတွင် သတ်ဖြတ်ခြင်းအရှိန်အဝါ အနည်းငယ်မျှပင် မရှိတော့ပေ။ ယင်းအစား သူ အထူးသန့်စင်မှုကို ခံယူခဲ့သည့်အလား သေမျိုးလောကနှင့်မသက်ဆိုင်သော အရှိန်အဝါတို့ ထွက်ပေါ်နေ၏။
ထိုသို့အခြေအနေမျိုးကို မဟာမိုးကြိုးကျောင်းတော်မှ ကျွမ်းကျင်သူများ သူတို့တပည့်များ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများကို သန့်စင်ပေးပြီးနောက်မှသာ သူ မြင်တွေ့ဖူးခြင်းဖြစ်၏။
သူ အလိုအလျောက် နှုတ်ဆက်လိုက်သည်။
“ဂျူနီယာညီလေး မင်း ဒီလောက် မြန်မြန် ထွက်လာတာလား”
“ဟုတ်တယ်”
ယခုအခါ ရှီးရွှမ် သူ့ဝိညာဉ်စွမ်းအား ပြည့်ဝနေပြီး သူ့အခြေအနေ အလွန်ကောင်းမွန်နေကြောင်း ခံစားရသဖြင့် ပြန်ဖြေကြားလိုက်၏။
“ဂျူနီယာညီလေး မင်း ဘာသက်သောင့်သက်သာ မရှိသလို ခံစားနေရသေးလား”
ကြီးကြပ်သူဟုန် နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။
ရှီးရွှမ် တစ်ဖက်လူ၏ နောက်ခံကို မသိသော်လည်း ကြီးကြပ်သူ၏ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်တော့ လုပ်ရိုးလုပ်စဉ်မေးခွန်းများကို မေးမြန်းနေသော တိတ်ဆိတ်ခန်း၏ကြီးကြပ်သူ ဖြစ်မည်ဟု သူ တွက်ဆလိုက်၏။
သူ လက်သီးဆုပ်ကာ ပြောလိုက်သည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကို ကျွန်တော် သက်သောင့်သက်သာမဖြစ်သလို မခံစားရပါဘူး”
“ကောင်းပြီ။ ဂျူနီယာညီလေး တကယ်ကို သာမန်ထက် ထူးကဲလွန်းတာပဲ”
ကြီးကြပ်သူဟုန်၏အသံ ဆုံးသွားချိန်တွင် ကျယ်လောင်သောအသံတစ်သံ အဝေးတစ်နေရာမှ ထွက်ပေါ်လာ၏။
“ဂျူနီယာညီလေး မင်း ဒီလောက် မြန်မြန် ထွက်လာတာကိုး။ မင်း တိတ်ဆိတ်ခန်းထဲမှာ နောက်ထပ် နှစ်ရက်လောက် နေဦးမယ်လို့ ဒီစီနီယာအစ်ကို ထင်ထားတာ”
၎င်းကိုကြားတော့ လူတိုင်း အသံလာရာသို့ အလိုအလျောက် လှည့်ကြည့်လိုက်ကြ၏။ ရှီယွီချီ တပည့်အချို့ကို ဦးဆောင်ကာ သူတို့ဆီသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရှီးရွှမ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော သတင်းကို ပထမဆုံး ကြားလိုက်ရချိန်တွင် ရှီယွီချီ တစ်ခဏတာ မှင်တက်သွားသော်လည်း ရှီးရွှမ်သည် ထိုလူ့တပည့် ဖြစ်ကြောင်း တွေးမိပြီးနောက် သူ စိတ်အေးသွား၏။
လက်ရှိခေတ်၏ နံပါတ်တစ်မဟာပဏ္ဍိတသည် သတ်ဖြတ်ခြင်းအရှိန်အဝါကို သန့်စင်ရန် ရှီးရွှမ်အား ရတနာအချို့ ပေးထားသည်က မထူးဆန်းပေ။
ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။
“စီနီယာအစ်ကိုရှီ ခင်ဗျား ရောက်လာတာက တော်တော်လေးကို တိုက်ဆိုင်နေတယ် မဟုတ်ဘူးလား”
ရှီယွီချီ ပြောလိုက်သည်။
“တိုက်ဆိုင်တာ မဟုတ်ဘူး။ မင်း တိတ်ဆိတ်ခန်းကို မှတ်ထားဖို့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ ငါ့ကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတာလေ။ သွားကြစို့ အရင်ဆုံး သောက်ရအောင်”
သူ ကြီးကြပ်သူဟုန်ကို မဖော်ထုတ်ပေ။ သူတို့အားလုံး ဂိုဏ်းတူညီအစ်ကိုများဖြစ်ကြသဖြင့် ကိစ္စသေးသေးလေးကို ပြဿနာလုပ်နေရန် မလိုအပ်ပေ။
သေချာပေါက်ပင် ဘေးတွင်ရှိနေသော ကြီးကြပ်သူဟုန် ၎င်းကိုကြားတော့ ရှီယွီချီထံ ကျေးဇူးတင်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။
‘ဒီအဘိုးကြီး ငါ့ကို သူငယ်ချင်း တစ်ယောက်လို သဘောထားနေသေးတယ်။ ဒီဂျူနီယာညီလေးနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး ရဦးမလား’
“ကောင်းပြီလေ”
ရှီးရွှမ် မငြင်းဆန်ပေ။ သတ်ဖြတ်ခြင်းနယ်မြေတွင် အချိန်အကြာကြီး တိုက်ခိုက်ပြီးနောက် ယခု အနည်းငယ် အပန်းဖြေရမည့် အချိန်ပင်။
ရှီယွီချီ၏ အကြည့်သည် ကြီးကြပ်သူဟုန်အပေါ်သို့ ကျရောက်သွားသည်။
“ဂျူနီယာညီလေးဟုန် မင်း ငါတို့နဲ့ ပူးပေါင်းချင်သလား”
“လိုက်ချင်ပါတယ်။ ဒါပေမဲ့ သွားဖို့ အဆင်ပြေပါ့မလား ဆိုတာတော့ မသေချာဘူး”
ကြီးကြပ်သူဟုန် သူ့စိတ်ထဲတွင် အလွန် ဝမ်းသာသွား၏။ နောက်ဆုံးတွင် သူ ဂျူနီယာညီလေးနှင့် ဆက်သွယ်ရန် အခွင့်အရေးတစ်ခု ရရှိသွားသည်။
ရှီယွီချီသည် အလွန်ပါးနပ်ပြီး လောကအကြောင်း နားလည်ထား၏။ ထိုအဘိုးကြီး ဟန်ဆောင်နေကြောင်းကို သူ သေချာပေါက် သိနိုင်သည်။ သူ ပြောလိုက်၏။
“ဘယ်လိုလုပ် အဆင်မပြေဖြစ်ရမှာလဲ။ ဂျူနီယာညီလေးရှီးက တိတ်ဆိတ်ခန်းထဲကို တစ်ကြိမ်ထက်မက ဝင်ဖို့ လိုအပ်ဦးမှာပဲ။ အနာဂတ်မှာ မင်း သူ့ကို ကာကွယ်ပေးရမှာပေါ့”
“ဒါဆိုရင် ကျုပ် ဝိုင်တစ်ခွက်အတွက် အရှက်မရှိ လိုက်ခဲ့မယ်”
ကြီးကြပ်သူဟုန် ပြုံးကာ ပြောလိုက်သည်။
“သွားကြစို့”
ရှီယွီချီ ပြောပြီးနောက် သူတို့ အတူတကွ ခမ်းနားစွာ ထွက်ခွာသွားကြ၏။
အချိန်ခဏအကြာတွင် စားသောက်ပွဲခန်းမသို့ ရောက်လာကြသည်။
အစေခံအချို့ ဝိုင်နှင့်အခြားအရာများကို ယူဆောင်လာရန် အလုပ်ရှုပ်နေကြ၏။
နာရီဝက်အကြာတွင် စားသောက်ပွဲ တရားဝင် စတင်လာသည်။
လူသုံးဦးသာ ရှိနေသဖြင့် ရှီးရွှမ် သူ့မျက်နှာဖုံးကို ရိုးရှင်းစွာပင် ချွတ်လိုက်၏။
ကြီးကြပ်သူဟုန်က ရှီးရွှမ်၏ ငယ်ရွယ်သောမျက်နှာကို မြင်သောအခါ သူ့မျက်နှာတွင် အံ့အားသင့်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သူ ဝိုင်ခွက်ကို မြှောက်ကာ မေးမြန်းလိုက်၏။
“ကျုပ် ဟုန်ပိပေါ်ပါ။ ဂျူနီယာညီလေးရဲ့ နာမည်ကို မေးခွင့်ပြုပါ”
“ရှီးရွှမ်ပါ”
ရှီးရွှမ်လည်း သူ့ကိုယ်ပိုင် ဝိုင်ခွက်ကို မြှောက်ရင်း ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကြီးကြပ်သူဟုန် ပင့်သက်ရှိုက်မိသည်။
“ဒါဆို ဂျူနီယာညီလေးက မြောက်ပိုင်းချောက်နက်ကိုတုန်လှုပ်သွားစေခဲ့တဲ့ပါရမီရှင်ပေါ့”
“စီနီယာအစ်ကို ခင်ဗျား ကျွန်တော့်ကို ချီးကျူးလွန်း နေပါပြီ။ ကျွန်တော်က ဝမ်တောက်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို အသုံးပြုနေရုံပါ”
ရှီးရွှမ် ကြွားဝါခြင်းကင်းမဲ့စွာ ပြောလိုက်သည်။
ဝိုင်သုံးခွက်သောက်ပြီးနောက် စားပွဲဝိုင်းရှိ လေထု တက်ကြွလာ၏။ စားသောက်ပွဲသည် ညဥ့်နက်အထိ မပြီးဆုံးသေးပေ။
နောက်တစ်နေ့တွင် ရှီးရွှမ် သူ့ကြေးဝါမျက်နှာဖုံးကို ထပ်တပ်လိုက်ပြီး သတ်ဖြတ်ခြင်းနယ်မြေဆီသို့ ဦးတည်သွားသည်။
သူ ပေါ်လာသည်နှင့် မရေမတွက်နိုင်သော လူများ၏ အာရုံကို ဆွဲဆောင်သွား၏။ မည်သို့ပင်ဆိုစေ သူ သတ်ဖြတ်ခြင်းနယ်မြေမှ ထွက်လာခဲ့သည်မှာ ရှစ်ရက်သာ ကြာသေး၏။
“ကြေးဝါမျက်နှာဖုံး တပ်ထားတဲ့စီနီယာအစ်ကိုက ဘယ်သူလဲ။ သိကြလား။ ဒီလောက်အချိန်တိုလေးအတွင်းမှာ သူ့ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်းအရှိန်အဝါ အားလုံးကို သန့်စင်နိုင်တယ်ဟ”
“မမေးနဲ့။ အဲဒီလိုလူက သူဘယ်သူဆိုတာ ထုတ်ပြောမှာ မဟုတ်ဘူး”
“…”
ထာဝရ သိမ်းဆည်းထားနိုင်သော လျှို့ဝှက်ချက်များဟူ၍ မရှိပေ။ ရှီးရွှမ်၏ အံ့မခန်းစွမ်းဆောင်ရည်သည် ဝမ်တောက်ကျောင်းတော်မှ တပည့်များကြားတွင် ပျံ့နှံ့သွားသည်။
နှစ်ဝက်အကြာတွင် ရှီးရွှမ်၏ လုပ်ရပ်များကို မြင့်မြတ်နယ်မြေဆယ်ခုမှ တပည့်များ သိသွားကြ၏။
သူ မျက်နှာဖုံး တပ်ထားသဖြင့် သူ့ရုပ် သို့မဟုတ် သူ့အကြောင်းကို မည်သူမျှ မသိကြသဖြင့် မြင့်မြတ်နယ်မြေဆယ်ခုမှ တပည့်များက သူ့ကို နာမည်ပြောင်တစ်ခု ပေးလိုက်ကြသည်။
‘သတ်ဖြတ်ခြင်းဖြတ်တောက်ဓား’
နာမည်အတိုင်း သူ့လက်ထဲမှ ဓားသည် သတ်ဖြတ်ခြင်းအရှိန်အဝါကို ချိုးဖျက်နိုင်သည်။
ယနေ့တွင် ရှီးရွှမ် ထုံးစံအတိုင်း တိတ်ဆိတ်ခန်းထဲမှ ထွက်လာပြီး ဟုန်ပိပေါ်၊ ရှီယွီချီတို့နှင့် တွေ့၏။
“ဂျူနီယာညီလေး မင်း အခု ငါတို့သတ်ဖြတ်ခြင်းနယ်မြေမှာ တော်တော်လေး နာမည်ကြီးနေတာပဲ”
ဟုန်ပိပေါ် နောက်ပြောင်လိုက်သည်။ အတူတူသောက်စားပြီးနောက် သူတို့ဆက်ဆံရေးသည် အများကြီး နီးကပ်လာ၏။
ရှီးရွှမ် ပြုံးကာ ပြောလိုက်သည်။ “အဲဒါတွေက အပြင်ပန်း နာမည်တွေ သက်သက်ပါ။ ကိုယ်ပိုင် ခွန်အားကသာ အစွမ်းထက်တာပါ”
ရှီယွီချီ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဂျူနီယာညီလေး သတ်ဖြတ်ခြင်းနယ်မြေမှာ မင်း ဘယ်လောက်ကြာကြာ နေဖို့ ရည်ရွယ်ထားလဲ”
ရှီးရွှမ် ဖုံးကွယ်မထားခဲ့ချေ။ “ဆယ်နှစ်ပါ”
ထိုအခါ ရှီယွီချီ ပြောလိုက်၏။ “ဂျူနီယာညီလေး ငါ့မှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိတယ်။ အဲဒါကို ပြောလို့ရမလား”