အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း(၁၂၁)
ပန်းရောင်စကတ်အောက်မှ ကတ္တီပါနီရောင် ပန်းထိုးဖိနပ်ကလေးများက တံခါးခုံကို ဖြတ်ကျော်ဝင်ရောက်လာသည်။
ပြီးနောက် တောက်ပကာ လှပလွန်းသည့် မိန်းမပျိုလေးတစ်ဦး၏ ပုံရိပ် လူတိုင်းမျက်စိရှေ့သို့ ရောက်ရှိလာ၏။
အခန်းတွင်းရှိ လူတိုင်း၏ မျက်ဝန်းများတွင် အံ့ဩမှင်သက်သွားသည့် အရိပ်အယောင်များကို မဖုံးကွယ်နိုင်ခဲ့ကြချေ။
ထိုမိန်းမပျိုလေးက တောက်ပသော သွားညီညီလေးများနှင့် ကြယ်စင်ပမာ လင်းလက်သော မျက်ဝန်းများ ရှိပြီး ဝိုင်းစက်ကာ အရည်လဲ့နေသော မျက်ဝန်းအစုံက နူးညံ့ညင်သာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားနှင့် ပေါ့ပါးသော ခြေလှမ်းများကြောင့် မိန်းမောချင်စဖွယ် ကောင်းသော သူမ၏ နုနယ်လှသည့် ခါးသိမ်သိမ်လေးမှာ မိုးကုတ်စက်ဝိုင်းအောက်ရှိ မိုးမခပင်ခက်လေးအလား ယိမ်းနွဲ့နေခဲ့သည်။
သူမက လူတိုင်း၏ အာရုံစိုက်မှုများကို ချက်ချင်းပင် သိမ်းပိုက်လိုက်နိုင်သည်။
သေသေချာချာ ပြင်ဆင်ခြယ်သထားသော ကျန်းရော့ရှီးနှင့် ကုဝမ်ရုတို့မှာ သူမနှင့်ယှဉ်လျှင် မှေးမှိန်သွားခဲ့ရ၏။
ကုဝမ်ရု သူမ၏ တရားမဝင် ညီမလေး အလွန်ပင် လှပသည်ကို အစတည်းက သိရှိထားခဲ့သော်လည်း ယခုကဲ့သို့ အဖိုးတန်စွာ ဝတ်စားပြင်ဆင်ထားသည်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ဤဝတ်စားဆင်ယင်ပုံမျိုးနှင့် ကုဟွားက ကုဝမ်ရုထက်ပင် ပို၍ ဂုဏ်သရေရှိ လှပနေသည့်အပြင် ပို၍လည်း နုနယ်ကာ ဆွဲဆောင်မှု ရှိနေခဲ့သည်။
အဘွားအို၏ မျက်ဝန်းများပင် တောက်ပသွား၏။
လှပသော အမျိုးသမီးများစွာကို မြင်တွေ့ဖူးခဲ့သော်လည်း ဤမိန်းမပျိုလေးကို မြင်တွေ့ရချိန်တွင် ပထမဆုံးအကြိမ်အဖြစ် မျက်စိမလွှဲနိုင် ဖြစ်သွားခဲ့ရသည်။
သို့သော် သူမ အလျင်အမြန်ပင် မူလကဲ့သို့ ရူးချင်ယောင် ပြန်ဆောင်ကာ ရူးကြောင်ကြောင် ပြုံးနေသည့် မျက်နှာထားသို့ ပြန်လည်ပြောင်းလဲလိုက်၏။
ကုဟွား ဖိအားအပြင်းထန်ဆုံး ရှိနေသည့် နေရာဆီသို့ တိုက်ရိုက် စိုက်ကြည့်လိုက်ရာ တစ်စုံတစ်ဦး၏ ခန့်မှန်းရခက်သော အကြည့်များနှင့် ဆုံတွေ့သွားခဲ့ရသည်။
မုကျွင်းယန် မျက်မှောင်အနည်းငယ် တွန့်ကွေးသွားခဲ့၏။
‘ငါက သူ့ကို သေသေချာချာ ဝတ်စားပြင်ဆင်လာဖို့ ပြောခဲ့တာလေ။ ဘာလို့ အခုလို ပိုပြီး ဆွဲဆောင်မှုရှိရှိ ဝတ်စားပြင်ဆင်လာရတာလဲ’
‘ဒါက... ဟိုလူငယ်လေး နှစ်ယောက်ကြောင့်များလား’
သူ့အကြည့်များမှာ သူမ၏ ဆံပင်ထက်ရှိ ထပ်တရာပန်း ကျောက်စိမ်းဆံထိုးလေးပေါ်သို့ ကျရောက်သွားခဲ့ပြီး ရင်ထဲ၌ အတော်လေး ကျေနပ်သွားခဲ့ရသည်။
ထို့နောက် သူမမျက်နှာထက်ရှိ ဖုံးကွယ်ထားရန် ကြိုးစားနေသော မကျေနပ်သည့် အမူအရာလေးကို မြင်တွေ့လိုက်ရချိန်တွင် တွေးတောမိသွားခဲ့သည်။
‘မနေ့ညက ငါ သူ့ကို ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့် မပေးခဲ့လို့လား’
‘အဲဒါကြောင့် စိတ်ကောက်နေတာများလား’
သူ တည်ငြိမ်မှုကို ထိန်းသိမ်းလိုက်ပြီး အဘွားအိုကို ကူတွဲလျက် နေရာတွင် ထိုင်စေလိုက်၏။
အခန်းအပြည့် လူများကို မြင်တွေ့လိုက်ရချိန်တွင် ကုဟွား ရင်ထဲ၌ အနည်းငယ် အဆင်မပြေ ဖြစ်သွားခဲ့ရသည်။
သူမကို ပြုံးလျက် လက်ဝှေ့ယမ်းပြနေသော အဘွားအိုထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့ပြီး ဦးညွှတ်ဂါရဝပြုရန်ပင် အချိန်မရခင်၌ ကုဝမ်ရုက သူမကို ကြားဖြတ်တားဆီးလိုက်သည်။
ကုဝမ်ရု အံကြိတ်လိုက်ပြီး တရားဝင် အစ်မကြီးတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ပြသရန် ကြိုးစားကာ သူမကို ဆုပ်ကိုင်ထားလျက် ဆူပူကြိမ်းမောင်းလိုက်၏။
“ဒုတိယညီမလေးက ဘာလို့ ဒီလောက် နှေးကွေးနေရတာလဲ။ အဖေက နင့်ကို ဂုဏ်သရေရှိ ဧည့်သည်တော်နဲ့ တွေ့ဆုံဖို့ ခေါ်ခိုင်းလိုက်တာကို နင်က အချိန်ဆွဲနေသေးတယ်။ မြန်မြန်လေး ခရိုင်မင်းသမီးကို တောင်းပန်လိုက်စမ်း”
ကုဟွား သူမကို အကြည့်တစ်ချက် ပေးလိုက်သည်။
သူမအနေဖြင့် ယခင်ဘဝက အဘယ်ကြောင့် ဤမျှအထိ ရူးမိုက်လှသော ကုဝမ်ရု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို အမှန်တကယ်ပင် နားမလည်နိုင်တော့ချေ။
‘အာ... အဲဒီတော့ ငါကိုယ်တိုင်က ပိုပြီးတော့ ရူးမိုက်ခဲ့လို့ပေါ့ ဟုတ်လား’
ကျန်းရော့ရှီး ချက်ချင်းပင် စကားဝိုင်းကို ကြားဖြတ်လိုက်ပြီး လှောင်ပြောင်လိုက်၏။
“ဆိုတော့... ဒါက ငါ့ယောင်းမရဲ့ တရားမဝင်ညီမဖြစ်သူရဲ့ ခင်ပွန်းဘက် ကုန်သည်မိသားစုနောက်ခံက မွေးလာတဲ့ တရားမဝင် ညီမလေးကိုး။ ငါကတော့ သခင်မကြီးက နတ်သမီးဆိုပြီး ချီးမွမ်းခန်းဖွင့်နေလို့ မင်းသမီးတစ်ပါးပါးများလားလို့ ထင်နေခဲ့တာ”
သူမ စကားလုံးများမှာ ကုဟွား၏ အဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် နှိမ့်ချပြောဆိုလိုက်ခြင်း ဖြစ်သည်။
‘သူက လှနေတော့ရော ဘာဖြစ်လဲ။ အဆိုးဆုံး အခြေအနေ အနေနဲ့ ငါ ဒီအိမ်တော်ကို လက်ထပ်ဝင်ရောက်လာပြီးရင် ဒီမြေခွေးမကို ကိုယ်လုပ်တော်အဆင့်လောက်ပဲ ပေးလိုက်မှာပေါ့။ ဒီလိုနိမ့်ကျလှတဲ့ နောက်ခံနဲ့ မိန်းမကများ ငါ့လို ခရိုင်မင်းသမီးတစ်ယောက်နဲ့ ယောက်ျားပြိုင်လုဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်း ရှိမှာလဲ’
မုဖုန်း မသိစိတ်အရ ဝင်ရောက်ပြောဆိုလိုက်၏။
“ညီမလေးဟွားက အမှန်တကယ်ပဲ နတ်သမီးလေးတစ်ပါးလို လှပတာလေ။ မင်းသမီးတွေပဲ နတ်သမီးလို လှပနိုင်တယ်လို့ ဘယ်သူပြောလဲ”
ပြောပြီးမှသာ သူ ဤကဲ့သို့သော စကားမျိုးကို လူအများရှေ့တွင် ပြောဆိုရန်မသင့်တော်ကြောင်း သတိရသွားခဲ့သည်။
သူ၏ ဖြူစင်သော မျက်နှာလေးမှာ ချက်ချင်းပင် ရင့်မှည့်နေသော ပန်းသီးတစ်လုံးအလား နီမြန်းသွားခဲ့ရပြီး အလှနတ်သမီးလေးကို ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်မိ၏။
ကုဟွားလည်း ထိုလူငယ်လေးက လူအများရှေ့တွင် သူမဘက်မှ ကာကွယ်ပြောဆိုပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။
အလှနတ်သမီးလေးထံမှ ကျေးဇူးတင်ရှိသော အကြည့်တစ်စုံကို လက်ခံရရှိလိုက်ရချိန်တွင် မုဖုန်း ချက်ချင်းပင် သူ၏ ကျောပြင်ကို မတ်လိုက်မိ၏။
သူ့ပူလောင်နေသော မျက်နှာကို လျစ်လျူရှုထားလိုက်ပြီး ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်ကာ အားပေးစကား ဆိုလိုက်သည်။
မုကျွင်းယန်၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် အေးစက်သွားခဲ့ရ၏။
သူ မျက်တောင်များကို ချလိုက်ပြီး အနောက်တွင် စုစည်းထားသော သူ့လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပွတ်သပ်နေခဲ့မိသည်။
‘ပထမဆုံးအကြိမ် အချစ်မျက်ဝန်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လူငယ်လေးတွေပဲ... သူတို့ရဲ့ အကြည့်တွေ ဆုံသွားကြတာက သဘာဝကျတာပေါ့’
‘သူက ကိုယ်တိုင်အတွက် လမ်းစတစ်ခုခုကို ရှာဖွေနေတာများလား’
ကုဟွားက လူအများရှေ့တွင် အမျိုးသားတစ်ဦးနှင့် အလွန်အကျွံ ပတ်သက်ဆက်နွှယ်မှု ပြုလုပ်မည် မဟုတ်ချေ။
အထူးသဖြင့် မုကျွင်းယန် ရှိနေသည့် နေရာမျိုးတွင် ဖြစ်သည်။
သူမ အလျင်အမြန်ပင် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ချိုသာစွာ ပြောလိုက်၏။
“အစ်မ... ညီမလေး အရင်ဆုံး သခင်မကြီးကို ဂါရဝပြုရပါဦးမယ်”
ထိုအခါမှသာ ကုဝမ်ရုကလက်ကို ပြန်ကြည့်လိုက်မိပြီး မျက်စိပျက် မျက်နှာပျက်ဖြင့် လွှတ်ပေးလိုက်၏။
ကုဟွား အဘွားအိုထံသို့ လျှောက်သွားခဲ့ပြီး ပြုံးလျက် ဦးညွှတ်လိုက်သည်။
“သခင်မကြီး... ဟွားအာကို ခေါ်တာလားဟင်”
“နတ်သမီးလေး... ဒီကို မြန်မြန်လေး လာပါဦး”
အဘွားအို သူမကို ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်၏။
ကုဟွား လိမ္မာယဉ်ကျေးစွာ ဂါဝန်လေးကို ပင့်မလိုက်ပြီး ရှေ့သို့ တိုးကပ်လိုက်ကာ သူမလက်နှစ်ဖက်ကို အဘွားအို၏ လက်ဖဝါးအတွင်းသို့ ထည့်သွင်းပေးလိုက်သည်။
အဘွားအိုက သူမလက်တစ်ဖက်ကို ဆုပ်ကိုင်ထားခဲ့ပြီး အခြားလက်တစ်ဖက်ဖြင့် အစေခံမိန်းကလေးနှစ်ဦး သယ်ဆောင်ထားသော ကျောက်စိမ်းကွမ်ရင်မယ်တော် ရုပ်တုကြီးကို လက်ညှိုးထိုးပြလိုက်၏။
“မြန်မြန်လေး... ကလေးလေး ပေးသနားဖို့ ကွမ်ရင်မယ်တော်ဆီမှာ ဆုတောင်းလိုက်ပါဦး”
ကုဟွား တံတွေးပင် သီးမတတ် ဖြစ်သွားခဲ့ရသည်။
‘ငါ့ကို လူတွေရှေ့မှာ ကလေးလေး ပေးသနားဖို့ ကွမ်ရင်မယ်တော်ဆီမှာ ဆုတောင်းခိုင်းတာ ဟုတ်လား’
သူမက အလျင်အမြန်ပင် မုကျွင်းယန်ကို လှမ်းကြည့်လိုက်ပြီး အကူအညီတောင်းခံသည့် အကြည့်များ ပေးပို့လိုက်သော်လည်း သူက သူမကို လုံးဝ လှည့်မကြည့်ချေ။
‘ငါ... ငါ ဒီအခြေအနေကြီးကနေ ဘယ်လို ရုန်းထွက်ရပါ့မလဲ’
ကုဟွား၏ အကြည့်များ ဟိုဟိုဒီဒီ ရောက်ရှိနေခဲ့စဉ် ရုတ်တရက် ကျန်းရော့ရှီး၏ မကျေမနပ်ဖြစ်နေသော ဒေါသအကြည့်များဖြင့် ဆုံတွေ့သွားခဲ့ရသည်။
ထို့နောက်တွင် သူမ ဘယ်ဘက်ပါးပြင်ကို သတိပြုမိသွားခဲ့ရ၏။
‘ဟမ်... သူ အရိုက်ခံထားရတာလား’
ကျန်းရော့ရှီး ချက်ချင်းပင် မျက်နှာကို လွှဲဖယ်လိုက်၍ သူမ၏ အကြည့်များကို ရှောင်ဖယ်လိုက်ပြီး မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။
“သခင်မကြီး... ဒါက ရှီးအာ ကွမ်ရင်မယ်တော် ဘုရားကျောင်းကို သီးသန့် သွားရောက်ပြီးတော့ သခင်မကြီးရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့တဲ့ ရုပ်တုပါ။ ဒါက ဘယ်သူမဆို လျှောက်ပြီးတော့ ဆုတောင်းလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး”
အဘွားအိုက မူလ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် သူမ၏ အပြုံးများမှာ တောင့်တင်းသွားခဲ့ရ၏။
“အာ... လူတွေ ဆုတောင်းလို့မရတဲ့ ကျောက်စိမ်းရုပ်တုက ဘာအသုံးဝင်မှာလဲ။ ယူသွားကြစမ်း... ယူသွားကြစမ်း။ နောက်မှ ဒီအဘွားကြီးက နတ်သမီးလေး ဟွားအာကို ကွမ်ရင်မယ်တော် ဘုရားကျောင်းကို ကိုယ်တိုင် ခေါ်သွားပြီး ကလေးလေး ရဖို့အတွက် အမွှေးတိုင်ထွန်းပြီး ဆုတောင်းပေးမယ်နော်”
ကျန်းရော့ရှီး အလွန်ပင် ဒေါသထွက်သွားခဲ့ရသော်လည်း ပြန်လည်မတုံ့ပြန်ရဲချေ။
သူမ မျက်နှာလေးမှာ ဒေါသများကြောင့် နီမြန်းနေခဲ့ရသဖြင့် ပါးရိုက်ခံထားရသော နေရာက ပို၍ ထင်ရှားလာခဲ့ရ၏။
၎င်းကို မြင်တွေ့လိုက်ရချိန်တွင် ကုဝမ်ရု အလျင်အမြန်ပင် ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။
“အဘွား... ခရိုင်မင်းသမီးက အမေ့ရဲ့ ညီမအရင်းလေ။ အဘွားအနေနဲ့ သူ့ရဲ့ မွေးနေ့လက်ဆောင်ကို ဘယ်လိုလုပ်ပြီး လက်မခံဘဲ နေလို့ရမှာလဲ”
အဘွားအိုက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိုက်ကြည့်လိုက်၏။
“နင်က ဘယ်သူလဲ”
ကုဝမ်ရု ကြောင်အမ်းသွားခဲ့ရ၏။
လူအများရှေ့တွင် သူမအနေဖြင့် ဒေါသတကြီး ပြန်လည်မတုံ့ပြန်ရဲချေ။
သူမက မသက်မသာ အပြုံးလေး တစ်ခုဖြင့်သာ ဆိုလိုက်ရ၏။
“အဘွား... ကျွန်မက အဘွားရဲ့ မြေးချွေးမပါ”
ပြောဆိုနေစဉ်မှာပင် သူမက အဘွားအို၏ လက်မောင်းကို လှမ်း၍ ဆုပ်ကိုင်ရန် လက်ကို ဆန့်တန်းလိုက်သော်လည်း သူမ၏ ရင်ထဲ၌ ထပ်မံ၍ ပါးရိုက်ခံရမည်ကို စိုးရိမ်သဖြင့် တုန်လှုပ်နေခဲ့မိသည်။
ထိုအမူအရာကို ကြည့်ရသည်မှာ တကယ်ပင် အဆင်မပြေလှချေ။