အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း(၁၂၂)
သို့သော် အဘွားအို ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သည့်အလား သူမ လက်ကို ဝှေ့ယမ်းပစ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
“ငါ့သားက အခုထိ ဇနီးတောင် မယူရသေးတာကို ဘယ်ကနေ ဘယ်လို မြေးချွေးမတစ်ယောက်က ရောက်လာရတာလဲ”
မုအန်းနှင့် ကုဝမ်ရုတို့၏ မျက်နှာထားများ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရ၏။
မုယုံနှင့် မုဖုန်းတို့လည်း အချင်းချင်း တစ်ချက် လှမ်းကြည့်လိုက်မိကြသည်။
အခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ရပြီး မည်သူမျှ စကားတစ်လုံး မဆိုရဲကြချေ။
အဟမ်း... အဟမ်း...
မုကျွင်းယန် တိုးညင်းစွာ ချောင်းနှစ်ချက် ဟန့်လိုက်သည်။
“ဒုတိယမမလေးကု... မင်းနဲ့ ဒေါ်လေးရီတို့ အမေ့ကို အထဲတွဲခေါ်သွားလိုက်ကြပါ။ အမေ ဗိုက်ဆာနေလောက်ပြီ”
“ဟုတ်ကဲ့ပါ”
ကုဟွားနှင့် ဒေါ်လေးရီတို့ အဘွားအိုကို ဘေးတစ်ဖက်စီမှ ကူတွဲလိုက်ကြပြီး များပြားလှသော အစေခံအဖွဲ့ကြီးနှင့်အတူ ထွက်ခွာသွားခဲ့ကြ၏။
“မင်းတို့ လေးယောက်လည်း သွားပြီးတော့ အဖော်ပြုပေးလိုက်ကြဦး”
မုစစ်လန်နှင့် မုလျိုလန်တို့လည်း အလျင်အမြန်ပင် အနောက်မှ လိုက်ပါသွားခဲ့ကြသည်။
ကုဝမ်ရု မျက်ဝန်းများ နီမြန်းလျက် မုအန်းနှင့်အတူ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် အလားတူပင် ထွက်ခွာလာခဲ့ကြ၏။
မုကျွင်းယန် ငိုတော့မည့်အလား ဝမ်းနည်းပူဆွေးနေသော ကျန်းရော့ရှီးထံသို့ လှည့်ကြည့်လိုက်ကာ တည်ငြိမ်ပြီး မည်သည့်ခံစားချက်မျှ မရှိသေ လေသံဖြင့် ဆိုလိုက်သည်။
“ခရိုင်မင်းသမီး... ကျွန်တော့်ရဲ့ မိခင်က သူငယ်ပြန်ရောဂါ ခံစားနေရတာ ကြာလှပြီမို့လို့ သူကိုယ်တိုင် ဘာတွေပြောနေလဲဆိုတာကို မသိပါဘူး။ တကယ်လို့ ဒါက ခရိုင်မင်းသမီးကို အဆင်မပြေဖြစ်စေခဲ့ရင် သူ့ကို အပြစ်မတင်ပါနဲ့”
ကျန်းရော့ရှီး၏ မျက်ရည်များမှာ မထိန်းနိုင်ဘဲ ကျဆင်းလာခဲ့ရ၏။
သူမ တိုးညင်းပြီး နုနယ်သောအသံဖြင့် လှမ်းခေါ်လိုက်မိသည်။
“ခဲအို... ရော့ရှီးက သခင်မကြီးကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရဲမှာလဲရှင်။ ရော့ရှီးက ခဲအိုကို သဘောကျတာပါ... အနာဂတ်မှာ သခင်မကြီးကလည်း ရော့ရှီးရဲ့ ယောက္ခမ ဖြစ်လာမှာပဲလေ...”
“ခရိုင်မင်းသမီးရဲ့ မွေးနေ့လက်ဆောင်ကို သဘာဝကျစွာပဲ လက်ခံလိုက်ပါတယ်။ ကျွန်တော်ကတော့ အမေနဲ့အတူတူ ထမင်းစားဖို့အတွက် လိုက်ပါသွားရဦးမှာ ဖြစ်လို့ ခရိုင်မင်းသမီးကို ဆက်ပြီးတော့ ဧည့်မခံနိုင်တော့ပါဘူး။ တုန်းမော့... ဒါကို သေသေချာချာ သိမ်းဆည်းထားလိုက်ပါ။ ကျိုးချွန်းယွီ... ခရိုင်မင်းသမီးကို အပြင်အထိ လိုက်ပါပို့ဆောင်ပေးလိုက်ပါဦး”
မုကျွင်းယန် သူမ၏ စကားများကို မကြားချင်ယောင်ဆောင်လိုက်ပြီး ဘေးနားတွင် မတ်တတ်ရပ်နေသော တုန်းမော့နှင့် ကျိုးချွန်းယွီတို့ကို အမိန့်ပေးလိုက်၏။
ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ ဆက်လက်၍ အားနာနေရန် စိတ်မဝင်စားတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
ကြီးမားလှသော ခန်းမဆောင်ကြီးအတွင်း၌ ကျန်းရော့ရှီးနှင့် သူမ ခေါ်ဆောင်လာခဲ့သော အစေခံအချို့သာ ကျန်ရှိတော့ပြီး အိမ်ရှင်များအားလုံး ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
သူမ ဒေါသများကြောင့် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့ရပြီး ခြေထောက်ကို ပြင်းထန်စွာ ဆောင့်လိုက်ပြီး ငိုယိုလျက် အပြင်သို့ ပြေးထွက်သွားခဲ့၏။
ကျိုးချွန်းယွီ တံခါးဝအပြင်ဘက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့ပြီး အော်ဟစ်လိုက်သည်။
“ခရိုင်မင်းသမီး... ဖြည်းဖြည်းသွားပါ... မချော်လဲအောင် ဂရုစိုက်ပါဦး “
သူမ အစေခံများနှင့်အတူတူ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးသွားသည်ကို စောင့်ကြည့်ပြီးနောက်တွင် ကျိုးချွန်းယွီ သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ပြီး သူမအနောက်ဘက်သို့ တံတွေးတစ်ချက် လှမ်းထွေးလိုက်၏။
“ကိုယ့်အဆင့်အတန်းတောင် ကိုယ်မသိဘဲ ငါတို့ရဲ့ သခင်ကြီးကို လာကြံရဲသေးတယ်”
မိသားစု စားသောက်ပွဲတွင် လူတိုင်း၌ ကိုယ်စီကိုယ်ငှ ကွဲပြားသော မျက်နှာထားများ ရှိနေခဲ့ကြသည်။
မုဖုန်းနှင့် မုယုံတို့ စကားများကို လျှောက်မပြောရဲကြသဖြင့် မြို့တော်အတွင်းရှိ ပြက်လုံးများနှင့် စိတ်ဝင်စားဖွယ်ရာ ပုံပြင်များကိုသာ ဉာဏ်ထုတ်၍ ပြောဆိုနေခဲ့ကြရ၏။
ကုဟွားနှင့် ကျိုးကျစ်လန်တို့ အဘွားအို၏ ဘေးတစ်ဖက်စီတွင် ထိုင်နေခဲ့ကြပြီး တောက်ပသော အပြုံးများဖြင့် သူမကို ပျော်ရွှင်အောင် ပြုလုပ်ပေးနေခဲ့ကြသည်။
အဘွားအိုကလည်း တဟားဟားဖြင့် အော်ဟစ်ရယ်မောနေခဲ့၏။
ကုဝမ်ရုနှင့် မုအန်းတို့မှာ စားပွဲဝိုင်းတွင် တောင့်တင်းစွာဖြင့် ထိုင်နေကြရပြီး သူတို့အနေဖြင့် လုံးဝ ဝင်ဆံ့နိုင်ခြင်း မရှိကြချေ။
မုကျွင်းယန် အထဲသို့ လျှောက်လှမ်းဝင်ရောက်လာချိန်တွင် မိခင်ဖြစ်သူမှာ အလွန်အမင်း ပျော်ရွှင်စွာဖြင့် ရယ်မောနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ့ရင်ထဲ၌ နွေးထွေးမှုများ ခံစားလိုက်ရ၏။
‘ဒီနှစ်တွေထဲမှာ အပင်ပန်းဆုံး ဖြစ်ခဲ့ရသူက ငါ့အမေပဲလေ’
သူမ မြို့တော်အတွင်း၌ ရှိနေခဲ့ပြီး သူ့အတွက် နောက်ကွယ်မှ သတင်းအချက်အလက်များကို ထိန်းချုပ်ပေးခဲ့ရုံသာမက ဧကရာဇ်နှင့် မယ်တော်ကြီးတို့၏ မျက်စိရှေ့မှောက်တွင် ဓားစာခံတစ်ဦးအလား နေထိုင်ခဲ့ရပြီး မကောင်းသော ရည်ရွယ်ချက် ရှိကြသူများကို လှည့်စားရန်အတွက်သာ အရူးအသွင် ဆောင်နေခဲ့ရခြင်း ဖြစ်သည်။
ယနေ့တွင် မိခင်ဖြစ်သူ ကျန်းရော့ရှီးအပေါ် ထားရှိသော သဘောထားမှာ တကယ်တမ်း၌ နန်းတော်ထဲမှ လူတစ်ယောက်ကို ပြသရန်အတွက် သရုပ်ဆောင်နေခြင်းဖြစ်သည်ကို သူ ကောင်းမွန်စွာ သိရှိထားသည်။
မိခင်တစ်ဦးအနေဖြင့် လူအများက သားဖြစ်သူ၏ အိမ်ထောင်ရေးကို အာဏာလုပွဲများအတွက် အသုံးချ ကိရိယာတစ်ခုအဖြစ် အသုံးပြုကြသည်ကို အမုန်းတီးဆုံး ဖြစ်သည်။
ကျိုးကျစ်လန်နှင့် အခြားသူများ အကောင်းဆုံး ကြိုးစားပေးနေကြသော်လည်း သူတို့က အစေခံများသာ ဖြစ်ကြသည်။
သူ့မိခင်က လူတိုင်းအပေါ်တွင် ခုခံကာကွယ်မှုများ ထားရှိတတ်သည်။
အကယ်၍ သူ့ဘေးနားတွင် ဂရုစိုက်တတ်ပြီး အလိုက်သိတတ်သော လူတစ်ယောက်သာ အမြဲတမ်း အဖော်ပြုပေးနိုင်မည်ဆိုလျှင် သူ ပို၍ စိတ်အေးနိုင်လိမ့်သည်။
မုကျွင်းယန်၏ အကြည့်များက ပန်းလေးပွင့်တစ်ပွင့်အလား ပြုံးရွှင်နေသော မိန်းမပျိုလေး၏ မျက်နှာထက်သို့ ကျရောက်သွားခဲ့ရသည်။
သူမအနေဖြင့် ယခုကဲ့သို့ အမှန်တကယ် ပျော်ရွှင်စွာ ပြုံးရယ်ခဲလှသည်။
ထို့ပြင် သူမ၏ ရှေ့တည့်တည့်တွင် ထိုင်နေသော မုဖုန်းက သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ပြီး လူငယ်လေးတစ်ဦး၏ ပထမဆုံးသော အချစ်စိတ်များကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။
“အဖေ...”
မုအန်း ရုတ်တရက်ပင် မတ်တတ်ထရပ်လိုက်ပြီး သူ၏ မျက်နှာထားမှာ အလွန်အမင်း ဆိုးဝါးနေခဲ့သည်။
မုကျွင်းယန် သူ့ကို တစ်ချက် ကြည့်လိုက်သည်။
“အရင်ဆုံး ထမင်းစားလိုက်ဦး။ ဘာကိစ္စပဲရှိရှိ ထမင်းစားပြီးမှ ဆက်ပြောကြတာပေါ့”
သူ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ကုဟွားက နေရာဖယ်ပေးရန်အတွက် အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်သော်လည်း သူ လက်ကို ဝေ့ယမ်းလိုက်ပြီး သူမအား ဆက်ထိုင်နေရန် အချက်ပြလိုက်၏။
သူက ကုဟွား၏ ဘေးနားရှိ လွတ်နေသော ထိုင်ခုံဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့ပြီး ထိုင်ချလိုက်သည်။
ကုဟွား ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရပြီး အပြုံးများ ပျောက်ကွယ်သွားခဲ့ရကာ နေရာ၌ပင် သေသေချာချာဖြင့် မတ်မတ်လေး ထိုင်နေခဲ့မိ၏။
မုဖုန်းနှင့် သူ့အစ်ကိုဖြစ်သူတို့လည်း အလျင်အမြန်ပင် အပြုံးများကို ရုပ်သိမ်းလိုက်ကြပြီး အိမ်ရှင်ဖြစ်သူ၏ စကားကို လိမ္မာယဉ်ကျေးစွာ စောင့်ဆိုင်းနေခဲ့ကြသည်။
မုကျွင်းယန် မူလက သူ့မိခင်ကို ပျော်ရွှင်စေချင်သဖြင့် သူမ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲကို ဆင်နွှဲနိုင်ရန်အတွက် အလျင်အမြန် ပြန်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် မသက်ဆိုင်သော လူအချို့၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသဖြင့် သူ့ရင်ထဲ၌လည်း မပျော်မရွှင် ဖြစ်သွားခဲ့ရ၏။
ပတ်ဝန်းကျင်တစ်ခုလုံးရှိ လေထုဖိအားမှာ အလွန်ပင် နိမ့်ကျသွားခဲ့ရသည်။
ကုဟွား အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရသဖြင့် သူမလက်ဖဝါးလေးများအတွင်း၌ ချွေးများပင် ထွက်လာခဲ့ရ၏။
ကံကောင်းထောက်မသည်မှာ အဘွားအိုက အစားအသောက် အများကြီးမစားနိုင်သောကြောင့် စားသောက်ပွဲ၏ အနေရခက်သော လေထုမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့ပြီး လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ကြသည်။
အဘွားအိုကို ပြန်လည်ပို့ဆောင်ပေးပြီးနောက် မုယုံတို့ ညီအစ်ကိုနှစ်ဦးလည်း နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြ၏။
မုဖုန်း မထွက်ခွာမီ ဒုတိယဦးလေးကို ကုဟွားနှင့် ပတ်သက်ပြီး စကားအချို့ ပြောကြားလိုသော်လည်း မုကျွင်းယန်မှာ အလျင်စလို ထွက်ခွာသွားမည့်ပုံ ပေါ်နေသဖြင့် သူ၏ စကားများကို ပြန်လည်မျိုချလိုက်ရသည်။
သူ အိမ်တော်သို့ ပြန်ရောက်လျှင်ရောက်ချင်း သူ့အမေကို ချက်ချင်း ပြောပြရန် ပျော်ရွှင်စွာ ကြံစည်နေခဲ့မိ၏။
မိခင်ဖြစ်သူကို မရီးဖြစ်သူ၏ စိတ်သဘောထားကို စုံစမ်းခိုင်းပြီး တစ်ပြိုင်နက်တည်းမှာပင် ဤအကြောင်းအရာကို ဒုတိယဦးလေးကို ပြောပြခိုင်းရန် ဖြစ်သည်။
အကယ်၍ သူတို့က သူ့အတွက် ကုမိသားစုထံသို့ စကားကမ်းလှမ်းပေးမည်ဆိုလျှင် ဤကိစ္စက သေချာပေါက် အောင်မြင်လိမ့်မည်။
မုအန်းက မုကျွင်းယန်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့သဖြင့် ကုဝမ်ရုတစ်ယောက်တည်း မှောင်မိုက်သော ညအမှောင်ထဲတွင် ကျန်ရစ်ခဲ့ရ၏။
သခင်လေး ထွက်ခွာသွားသည်ကို မြင်တွေ့ရမှသာ ကျင်းခွေလည်း အနားသို့ ကပ်ရဲတော့သည်။
“အကြီးဆုံး မမလေး... မှောင်နေပြီမို့လို့ မြန်မြန်ပြန်ကြရအောင်ပါ”
ကုဝမ်ရု လူအများရှေ့တွင် အဘွားအို၏ အရှက်ခွဲခြင်းကို ခံလိုက်ရသဖြင့် ရင်ထဲ၌ မွန်းကြပ်ပြီး အဆင်မပြေဖြစ်နေသော်လည်း သူမအနေဖြင့် ဘာမျှမတတ်နိုင်ချေ။
သူမ၏ ခင်ပွန်းဖြစ်သူက ယောက္ခထီးနှင့် သေသေချာချာ စကားပြောဆိုနိုင်ရန်သာ မျှော်လင့်နေမိသည်။
သို့မှသာ ယောက္ခထီးအနေဖြင့် သူတို့ကို အမြဲတမ်း အထီးကျန်အောင် ပြုလုပ်နေမည် မဟုတ်ပေ။
ကုဟွားသည် ယာယွင်ဆောင်သို့ ပြန်ရောက်လာခဲ့၏။
တုန့်ဟွားနှင့် အခြားသူများက ဆံပင်ပေါ်မှ အလှဆင်ပစ္စည်းများကို ဖြုတ်ပေးကြပြီး ရေချိုးသန့်စင်၍ အဝတ်အစားလဲလှယ်ရန် ကူညီပေးခဲ့ကြသည်။
ထို့နောက်တွင် တုန်းမော့ ရောက်ရှိလာခဲ့၏။
သူ့ကို မြင်တွေ့လိုက်ရချိန်တွင် ကုဟွား ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။
ယနေ့ညတွင် သူမအနေဖြင့် တစ်စုံတစ်ဦးဆီမှ ဒေါသ ပုံချခံရတော့မည်ကို ကြိုတင်ခံစားနေခဲ့မိသည်။
တုန့်ဟွားနှင့် အခြားသူများက ဤကဲ့သို့သော အခြေအနေမျိုးကို ရိုးအီနေခဲ့ပြီ ဖြစ်သဖြင့် သူမအတွက် မီးအိမ်လေးတစ်လုံးကို ထွန်းညှိပေးလိုက်ကြပြီး ကွမ်းရှန်းဆောင်သို့ သွားရာ လမ်းကြားလေးအတိုင်း လျှောက်လှမ်းသွားသည်ကို စောင့်ကြည့်နေခဲ့ကြ၏။
ကုဟွား တံခါးနားသို့ ရောက်ချိန်တွင် အတွင်းဘက်မှ မုအန်း၏ ဒေါသတကြီးဖြင့် ပြင်းထန်စွာ ငြင်းခုံနေသောအသံကို ကြားလိုက်ရသည်။
“မမေ့လိုက်နဲ့ဦး... တကယ်လို့ ကျွန်တော့် ဖခင်သာ မရှိခဲ့ရင် အဖေ့အနေနဲ့ ယုံမြို့စားအိမ်တော်ရဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်သရေတွေကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ။ အဖေ ဒီဘွဲ့ထူးအာဏာကို မဆက်ခံရခင်တည်းက အသက်ဆုံးရှုံးသွားခဲ့မှာလေ။ အခုကျတော့ ဘာလဲ... မြစ်ကူးပြီးတော့ တံတားကို မီးရှို့ပြီး ကျေးဇူးတရားတွေကို မေ့ဖျောက် တရားမျှတမှုကို ချိုးဖောက်တော့မလို့လား”
ဒုန်း...
ပြင်းထန်သော ဆူညံသံကြီးတစ်သံ ထွက်လာခဲ့၏။
ကုဟွား ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး လက်ထဲရှိ မီးအိမ်လေးပင် လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထို့နောက်တွင် မုအန်းက အပြင်သို့ ပြေးထွက်လာခဲ့ပြီး တံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်၏။
သူ လှေကားထစ်များအတိုင်း အရှိန်အဟုန်ဖြင့် ဆင်းလာခဲ့သည်။
ပုန်းကွယ်ရန် ကြိုးစားနေသော ကုဟွားကို လှမ်းမြင်လိုက်ရချိန်တွင် သူ သားကောင်ကို မြင်တွေ့လိုက်ရသည့် သားရဲတစ်ကောင်အလား အရှိန်အဟုန်ဖြင့် ဇွတ်အတင်း ပြေးဝင်လာခဲ့၏။
သူ ကုဟွားလက်ကို ဆုပ်ကိုင်လိုက်ပြီး အနောက်ဘက်သို့ ပြင်းထန်စွာ ပိတ်တွန်းလိုက်သည်။
မျှော်လင့်မထားမိသဖြင့် ကုဟွားက ကျောက်တောင်၏ အေးစက်လှသော ကျောက်နံရံနှင့် ဆောင့်မိသွားခဲ့ရပြီး ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ကျောပြင်တစ်ခုလုံး နာကျင်သွားခဲ့ရသည်။
သူမလက်ထဲရှိ မီးအိမ်လေးမှာလည်း မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့ရပြီး ဝုန်းခနဲ မီးတောက်လောင်သွားခဲ့၏။
“မင်းလို မိန်းမပျက်ကများ...မင်း...”
ရုတ်တရက်ပင် အေးစက်လှသော လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့၏။
သူ့အနောက်ဘက်ရှိ အန္တရာယ်ကို သတိပြုမိသွားခဲ့သဖြင့် မုအန်းက ကုဟွား၏ လက်ကို ချက်ချင်းပင် လွှတ်ပေးလိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။
ကုဟွား ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် မျက်နှာလေး ဖြူစုတ်နေခဲ့ရပြီး သူမရှေ့မှောက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သော မြင့်မားလှသည့် ကျောပြင်ကြီးကို ငေးစိုက်ကြည့်နေခဲ့မိ၏။
“မုအန်း... သူက ငါ့အမျိုးသမီးပဲ”
ထိုအမျိုးသား၏ နက်ရှိုင်းလှသောအသံကြောင့် ကုဟွားတစ်ကိုယ်လုံး တုန်ယင်သွားသည်။