အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း(၁၂၅)
သူမခေါင်းကို ဖြည်းဖြည်းချင်း အနားသို့ ကပ်လိုက်ပြီး ချွန်ထက်နေသော သွားစွယ်လေးတစ်စုံကို ထုတ်ဖော်လိုက်၏။
မုကျွင်းယန် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူမ၏ ဖြူစင်ဝင်းပလှသော သွားလေးများကို ထုတ်ဖော်ပြသလျက် ပြုံးဖြဲဖြဲ လုပ်နေသည်ကို အချိန်ကိုက် မြင်တွေ့လိုက်ရ၏။
“မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
ကုဟွား၏ နှလုံးသားလေးမှာ ပြင်းထန်စွာ ခုန်လှုပ်သွားရ၏။
သူမ ကြောက်ရွံ့စွာ သွားစွယ်လေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အသက်ကို အောင့်ထားလျက် လေသံတိုးတိုးလေးဖြင့် စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်သည်။
“ဘာမှ... မလုပ်ပါဘူး”
သူမ၏ သေးငယ်သော လက်လေးနှစ်ဖက်မှာ တိတ်တဆိတ်ဖြင့် အနောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သော်လည်း တစ်စုံတစ်ဦးက ၎င်းတို့ကို စုစည်းလျက် ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက်ပင် သူမ ဦးခေါင်းအထက်သို့ မြှောက်တင်လိုက်၏။
နောက်ထပ် လက်ကြီးတစ်ဖက်က သူမ၏ ကျောပြင်လေးကို သိုင်းဖက်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ထိုအမျိုးသား၏ ခန့်ညားသော မျက်နှာကြီးမှာ အနားသို့ တိုးကပ်လာခဲ့ပြီး အန္တရာယ်ရှိသော အရှိန်အဝါများ ထုတ်ဖော်ပြသနေခဲ့ကာ သူ့နက်ရှိုင်းသော မျက်ဝန်းအစုံက သူမကို စိုက်ကြည့်နေ၏။
ကုဟွား အကြည့်များကို ရှောင်လွှဲလိုက်မိပြီး တိုက်ရိုက် စိုက်ကြည့်ရန် လုံးဝ မဝံ့ရဲချေ။
အတန်ကြာပြီးနောက်တွင် ထိုအမျိုးသား၏ နက်ရှိုင်းသောအသံမှာ သူမ နားစည်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။
“နောက်ထပ် လိုချင်သေးလို့လား”
“ဟင့်အင်း”
ကုဟွား ထိတ်လန့်တုန်လှုပ်စွာ ခေါင်းခါယမ်းလိုက်မိသည်။
မုကျွင်းယန်၏ မျက်ဝန်းများအတွင်းရှိ အေးစက်မှုများအားလုံး ပျောက်ကွယ်သွား၏။
၎င်းတို့အစား သူ့မျက်ဝန်းထောင့်များတွင် အပြုံးရိပ်အချို့ ထွက်ပေါ်လာခဲ့ရ၏။
သူ အက်ရှရှဖြင့် ဆိုလိုက်သည်။
“ကိုယ်တို့တွေ အကြိမ်နည်းနည်းလောက် လုပ်ခဲ့ပြီးပြီပဲဟာ... ရှက်နေဖို့ မလိုပါဘူးကွာ။ တကယ်လို့ မင်း ထပ်လိုချင်သေးတယ်ဆိုရင် ဒီသခင်ကြီးကို တိုက်ရိုက်ပဲ ပြောလိုက်စမ်းပါ။ ဒီသခင်ကြီးမှာ အင်အားတွေ အများကြီး ကျန်နေသေးတာမို့လို့ မင်းကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ”
ကုဟွား အလွန်ပင် အရှက်ရပြီး နောင်တရသွား၏။
ညဉ့်သုံးချက်တီးပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူမအနေဖြင့် သူ့ကို ထပ်၍ ဆွပေးမိမည်ဆိုပါက သူမတစ်ညလုံး အိပ်စက်ခွင့် ရတော့မည် မဟုတ်ချေ။
သူမ ပျင်းရိသော လူတစ်ဦး ဖြစ်သော်လည်း အိမ်တော်စီမံခန့်ခွဲမှုများကို သင်ယူရန်အတွက် မမကျိုး၏ အနောက်သို့ လိုက်ပါနေရဆဲ ဖြစ်သည်။
သူမအနေဖြင့် ငိုက်မြည်းနေသော မျက်ဝန်းများဖြင့် လူအများရှေ့သို့ သွားရောက်၍ မတွေ့ဆုံနိုင်ချေ။
၎င်းက အလွန်ပင် ရှက်စဖွယ် ကောင်းလှသည်။
သူမ အလျင်အမြန်ပင် တိုးညှင်းသောအသံလေးဖြင့် ကရုဏာသက်ရန် တောင်းပန်လိုက်၏။
“ဟင့်အင်း... မဟုတ်ပါဘူး... ဒီကိုယ်လုပ်တော်က ခဏလောက် အိပ်မပျော်နိုင်ဖြစ်သွားရုံတင်ပါ”
“ဒါဆိုရင် မင်းက ဘာလို့ ပါးစပ်ကို ဖွင့်ပြီးတော့ အနားကပ်လာရတာလဲ။ ဒီသခင်ကြီးကို နမ်းချင်လို့လား။ ဟမ်...”
ရှည်လျားလှသော နောက်ဆုံးအသံကြောင့် ကုဟွားတစ်ကိုယ်လုံး အလွန်ပင် စိတ်လှုပ်ရှားသွား၏။
သူ သူမကို ရမ္မက်ဆန္ဒများ ပြင်းထန်နေသည်ဟု မှားယွင်းစွာ တွေးတောမိသွားခဲ့ခြင်း ဖြစ်နိုင်သည်။
သူမအနေဖြင့် ပုံမှန်အားဖြင့် အပြုံးအရယ်နည်းလှသော မုကျွင်းယန် ယခုကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ကုဟွား ငိုတော့မည့်အသံဖြင့် ပြောလိုက်မိသည်။
“တကယ် မဟုတ်ပါဘူး။ သခင်ကြီး... အိပ်ကြရအောင်လေ။ နော်...”
‘သခင်ကြီးမှာ မနက်ဖြန်ကျရင် အရေးတကြီး လုပ်စရာ ကိစ္စတွေ ရှိနေသေးတယ် မဟုတ်လား’ ဆိုသည့် စကားလုံးများ သူမပါးစပ်မှ ထွက်မလာသေးမီ၌ သူ စကားကို ဖြတ်ပိတ်လိုက်၏။
“အမ်း... တကယ်လို့ မင်းက အတူတူ အိပ်ချင်နေတယ်ဆိုရင်လည်း တိုက်ရိုက်ပဲ ပြောလိုက်စမ်းပါ”
မုကျွင်းယန် ရှောင်လွှဲနေသော သူမ၏ မေးစေ့လေးကို ပင့်မော့လိုက်သည်။
“မင်း ပြောတော့ စာကြည့်ခန်းကို အကြိမ်နည်းနည်းလောက် ပိုပြီး လာလိုက်မယ်ဆိုရင် ကျင့်သားရသွားလိမ့်မယ်ဆို။ အခုရော မင်း ကျင့်သားရသွားပြီလား”
ကုဟွားအနေဖြင့် မည်သို့ ငြင်းဆန်ရမည်ကို ဉာဏ်ထုတ်၍ တွေးတောရန် ကြိုးစားနေစဉ် သူမကျောပြင်ထက်ရှိ လက်ဖဝါးကြီးမှာ စတင်၍ လှုပ်ရှားလာခဲ့ပြန်၏။
သူ၏ အခြားလက်ကြီးတစ်ဖက်မှာ သူမလက်နှစ်ဖက်ကို လွှတ်ပေးလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ပွတ်သပ်ပေးနေခဲ့သည်။
ကုဟွား အလွန်ပင် ထိတ်လန့်သွားခဲ့ရသဖြင့် ငိုယိုတော့မည့်အလား နူးညံ့လှသောအသံလေးဖြင့် တုန်ယင်စွာ ဆိုလိုက်မိ၏။
“သခင်ကြီး... ဒီကိုယ်လုပ်တော်... ဆက်ပြီးတော့ မတောင့်ခံနိုင်တော့ပါဘူး”
မုကျွင်းယန် ရုတ်တရက်ပင် တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ပြီးနောက် သူ့လက်ဖဝါးကြီးဖြင့် သူမတင်ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်၏။
၎င်းက မလိမ္မာသော ကြောင်ပေါက်စလေးတစ်ကောင်ကို ဆုံးမနေသကဲ့သို့ ဖြစ်သည်။
“ဒါဆိုရင်လည်း ငြိမ်ငြိမ်လေး အိပ်လိုက်တော့”
ကုဟွား နာကျင်မှုကြောင့် အံကြိတ်ထားမိသော်လည်း ပြန်လည်၍ မကန့်ကွက်ရဲချေ။
သူမက သူ၏ ပူနွေးလှသော ရင်ခွင်အတွင်း၌ လိမ္မာစွာ ကွေးကွေးလေး အိပ်စက်လိုက်ပြီး ထပ်မံ၍ မလှုပ်ရှားရဲတော့ချေ။
နောက်တစ်နေ့တွင် သူမ မျက်ဝန်းများ ဖွင့်လိုက်ချိန်၌ တောက်ပသော နေရောင်ခြည်ကြောင့် မျက်စိပင် ကျိန်းသွားခဲ့ရ၏။
ကုဟွား ထိတ်လန့်တုန်လှုပ်စွာဖြင့် လူးလဲထလိုက်မိသည်။
သွားပါပြီ... တော်တော် နောက်ကျနေပြီ...
အတွင်းဘက်မှ လှုပ်ရှားမှုများကို ကြားရချိန်တွင် အပြင်ဘက်ရှိ ပုံရိပ်တစ်ခုမှာ လှုပ်ရှားသွားခဲ့သည်။
တုန့်ဟွား တိုးညှင်းသော အသံလေးဖြင့် မေးမြန်းလိုက်၏။
“မမလေး နိုးပြီလားဟင်... သက်တော်စောင့် ချီယန်က အပြင်မှာ စောင့်ဆိုင်းနေတာ တော်တော်လေး ကြာလှပါပြီ”
ကုဟွား၏ စိတ်ထဲ၌ ဝုန်းခနဲ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမအနေဖြင့် လူအများရှေ့သို့ ထွက်ရန် အမှန်တကယ်ပင် မျက်နှာမရှိတော့ချေ။
‘နေပါဦး... ချီယန်တဲ့လား’
‘ဒါက... ယန်ကျစ် နိုးလာပြီဆိုတဲ့ သဘောများလား’
ကုဟွား အရှက်ရနေရန်ပင် စိတ်မဝင်စားနိုင်တော့ချေ။
“မြန်မြန်လေး... အဝတ်အစားလဲဖို့ ကူညီပေးကြပါဦး”
ကုဟွား ချီယန်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလာပြီး ကွမ်းရှန်းဆောင်မှ တိတ်ဆိတ်သော လမ်းကြားလေးအတိုင်း ဘေးဘက်တံခါးငယ်လေးတစ်ခုဆီသို့ လျှောက်လှမ်းလာခဲ့၏။
ထိုတံခါးအပြင်ဘက်တွင် လူများ သတိမထားမိနိုင်လောက်သော မြင်းလှည်းငယ်တစ်စီး ရပ်တန့်ထားလျက် ရှိသည်။
မြင်းလှည်းပေါ်သို့ တက်ရောက်ပြီးနောက် နာရီဝက်ခန့် ဖြတ်သန်းမောင်းနှင်သွားခဲ့ပြီးမှသာ လှည်းကလေးမှာ ရပ်တန့်သွားခဲ့၏။
မြင်းလှည်းပေါ်မှ ဆင်းလိုက်ချိန်တွင် သူမက ချောင်ကျလှသော လမ်းကြားတစ်ခုအတွင်းရှိ ခြံဝင်းငယ်လေးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ချီယန် တံခါးကို စနစ်တကျ ခေါက်လိုက်ရာ တံခါးငယ်လေးမှာ အသံမြည်လျက် ပွင့်ဟသွားခဲ့၏။
ကုဟွား အလျင်အမြန်ပင် အတွင်းသို့ ဝင်သွားခဲ့သည်။
သူမ ရှေ့မှောက်တွင် သမားတော်စွန်းကို မြင်တွေ့လိုက်ရချိန်၌ ကုဟွား အံ့ဩမနေဘဲ တိုးညှင်းစွာ မေးမြန်းလိုက်၏။
“သူ့ ဒဏ်ရာတွေ ဘယ်လိုနေလဲဟင်”
“သက်တော်စောင့်တွေက ရိုက်နှက်တဲ့နေရာမှာ ကျွမ်းကျင်ကြပါတယ်။ အားလုံးက အပေါ်ယံဒဏ်ရာတွေပဲ ဖြစ်ပေမဲ့ အသားထဲကို နည်းနည်းလေး နက်နက်ရှိုင်းရှိုင်း စုတ်ပြဲသွားခဲ့တာဖြစ်လို့ ပြန်သက်သာလာဖို့အတွက်တော့ အချိန်နည်းနည်း ယူရဦးမှာပါ”
ဤစကားကို ကြားရမှသာ ကုဟွား ရင်ထဲ၌ သက်ပြင်းချနိုင်လိုက်၏။
“ဒုက္ခပေးမိပါပြီ... ကျေးဇူးတင်ပါတယ် သမားတော်စွန်း”
“ဒါက သခင်ကြီးရဲ့အမိန့် ဖြစ်တာမို့လို့ ကျွန်တော်မျိုးအနေနဲ့ အစွမ်းကုန် မဆောင်ရွက်ပေးဘဲ မနေရဲပါဘူး။ ဒါပေမဲ့ သူ့ကျောပြင်က အမာရွတ်တွေကိုတော့ ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲပါလိမ့်မယ်”
ကုဟွား နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ချီယန်က အတွင်းဘက် အခန်းတစ်ခန်းဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
“ဒီအခန်းထဲမှာပါ”
သူက အသံကို နှိမ့်ချလိုက်ပြီး ဆက်ပြောလိုက်၏။
“သူ့ဝမ်းကွဲအစ်ကိုကို ရှာတွေ့ခဲ့ပါပြီ။ ဒါပေမဲ့ သူကတော့ အခြေအနေတွေကို အခုထိ မသိသေးပါဘူး”
“ကျေးဇူးတင်ပါတယ်”
ကုဟွား သူ့ကို အလွန်ပင် ကျေးဇူးတင်လွန်းသဖြင့် ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။
သူ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး အလျင်အမြန်ပင် ဘေးသို့ ရှောင်ဖယ်လိုက်ကာ သူမ ဂါရဝပြုခြင်းကို မခံယူရဲချေ။
ကုဟွား စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။
ယန်ကျစ် အုံ့မှိုင်းနေသော အခန်းတွင်း၌ မှောက်လျက် လဲလျောင်းနေခဲ့ပြီး ဆေးဝါးများ၏ အနံ့အသက်များက လေထုထဲတွင် ပျံ့လွင့်နေခဲ့သည်။
မျက်နှာသေနှင့် အထိန်းတော်ကြီးတစ်ဦး ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်သဖြင့် အခန်းတွင်း၌ ချက်ချင်းပင် လင်းထိန်သွားခဲ့၏။
ထိုအလင်းရောင်ကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရသဖြင့် ယန်ကျစ်က မျက်လုံးများကို အသည်းအသန် ဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။
သူမရှေ့မှောက်တွင် ရပ်နေသော ကုဟွားကို မြင်တွေ့လိုက်ရချိန်တွင် သူမ မျက်လုံးများကို ချက်ချင်း ပြန်ပိတ်လိုက်၏။
ကုဟွား သူမကို သေသေချာချာ စိုက်ကြည့်နေခဲ့မိပြီး ယခုအချိန်တွင် သူမ စိတ်ထဲ၌ မည်သည့်အကြောင်းအရာများ တွေးတောနေမည်ကို မခန့်မှန်းနိုင်ချေ။
သို့သော် သူမအနေဖြင့် ကုဝမ်ရုအပေါ်တွင် သေချာပေါက် စိတ်ပျက်နေလိမ့်မည် ဖြစ်သည်။
အထိန်းတော်ကြီးက ကုလားထိုင်တစ်လုံးကို ယူဆောင်လာခဲ့၏။
“မမလေး... ကျေးဇူးပြုပြီး ထိုင်ပါရှင်”
ထို့နောက်တွင် သူမက တံခါးအပြင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ချီယန်ကဲ့သို့ပင် တံခါးဝ၌ အစောင့်အကြပ်အဖြစ် ရပ်တန့်နေခဲ့သည်။
ကုဟွား ထိုင်လိုက်၏။
သူမ စကားတစ်လုံးမျှ မဆိုတော့ဘဲ ယန်ကျစ်၏ မိခင်ထံမှ ရရှိခဲ့သော သွေးဖြင့် ရေးသားထားသည့် စာကို ထုတ်ယူလိုက်ပြီး သူမမျက်စိရှေ့တွင် ဖြန့်ပြလိုက်၏။
“နင့်အမေက ကြိုးဆွဲချပြီးတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပြီ”
ယန်ကျစ် ရုတ်တရက်ပင် မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးစပ်ဟလျက် အားနည်းပြီး အက်ကွဲနေသော အသံဖြင့် ညည်းတွားလိုက်၏။
“ဘာ... နင် ဘာပြောလိုက်တာလဲ”
“နင် ဒီလက်ရေးကို မှတ်မိလား”
ယန်ကျစ်၏ မျက်ဝန်းများမှာ နီမြန်းသွားခဲ့ရပြီး သွေးစာထက်ရှိ ‘အဖေနဲ့ အမေအတွက် ကလဲ့စားချေပေးပါ’ ဆိုသည့် စကားလုံးငါးလုံးကို စိုက်ကြည့်နေခဲ့မိ၏။
သူမ ပါးစပ်ကို ဖွင့်လိုက်သော်လည်း အခြား အသံတစ်သံမျှ ထပ်ထွက်မလာနိုင်တော့ချေ။
ကုဟွားက သွေးစာကို ပြန်ခေါက်လိုက်ပြီး သူမ ခေါင်းအုံးအောက်သို့ ထိုးထည့်ပေးလိုက်၏။
သူမ ဖြည်းဖြည်းချင်း စကားဆိုလိုက်သည်။
“နင့်အမေက ကိုယ်လုပ်တော်ပိုင်ရဲ့ အနောက်ကနေ လိုက်ပါ ကြီးပြင်းလာခဲ့ရတာ။ ကိုယ်လုပ်တော်ပိုင်နဲ့အတူတူ ဝမ်ချန်မှူးမတ်အိမ်တော်ကို ခန်းဝင်ပစ္စည်းတစ်ခုအနေနဲ့ လိုက်ပါလာခဲ့တာ။ ကိုယ်လုပ်တော်ပိုင်အတွက်နဲ့တင် သူရဲ့ ငယ်ချစ်ဦးကို စွန့်လွှတ်ခဲ့ရတာ။ ကိုယ်လုပ်တော်ပိုင်ရဲ့ စကားကို နာခံပြီး ကုအိမ်တော်ရဲ့ အိမ်တော်ပြင်ပ စီမံခန့်ခွဲသူတစ်ဦးနဲ့ လက်ထပ်ခဲ့ရတာ။
သူက အရမ်း သစ္စာရှိခဲ့ပြီး ကိုယ်လုပ်တော်ပိုင်ကို ပံ့ပိုးကူညီပေးဖို့အတွက် သူ့ရဲ့ နှလုံးသားနဲ့ သွေးတွေကို သွန်းလောင်းပေးခဲ့တာ”