← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း(၁၂၆)

“နင်ကို မွေးပြီးတဲ့နောက်မှာ နင်ကလည်း အလားတူပဲ ကုဝမ်ရုရဲ့ အစေခံ ဖြစ်လာခဲ့ရပြန်တယ်။ နင်တို့ သားအမိနှစ်ယောက်လုံးက ကိုယ်လုပ်တော်ပိုင်နဲ့ ကုဝမ်ရုတို့ သားအမိနှစ်ယောက်ကို အလုပ်အကျွေးပြုခဲ့ကြတာ။ နောက်ဆုံး ရလဒ်အပေါ်မှာရော နင် ကျေနပ်ရဲ့လား”

ယန်ကျစ် အိပ်ရာထက်၌ အားနည်းစွာဖြင့် လဲလျောင်းနေခဲ့ပြီး တစ်ကိုယ်လုံး တုန်ယင်လျက် မျက်ရည်များ တစ်စက်ပြီးတစ်စက် စီးကျနေ၏။

အတိတ်ဘဝ၌ ကုဝမ်ရု၏ ခွေးတစ်ကောင်အလား ပြုမူနေထိုင်ခဲ့ပြီး သူမကို နှိပ်စက်ညှဉ်းပန်းရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကာ နောက်ဆုံးတွင် မုအန်းက သူမကို သတ်ဖြတ်နိုင်ရန်အတွက် ကူညီပေးခဲ့သော လူတစ်ဦးကို စိုက်ကြည့်နေရသဖြင့် ကုဟွားကလည်း ယခုအချိန်တွင် အလွန်ပင် ဝမ်းနည်းကြေကွဲပြီး မခံမရပ်နိုင် ဖြစ်နေခဲ့ရသည်။

ဤဘဝတွင် သူမကို နာကျင်အောင်ရစလိုပြီး တစ်ဖက်လူ၏ နှလုံးသားတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်ပစ်လိုသည်။

ကုဟွား သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“နင့်အမေက မသေခင်မှာ တအား သနားဖို့ကောင်းတဲ့ ဘဝကို ဖြတ်သန်းသွားခဲ့ရတာ။ သူ နာမကျန်းဖြစ်နေတဲ့ အချိန်မှာ ဆေးကုသခွင့်လည်း မရခဲ့ဘူး။ စားစရာ အစားအသောက်နဲ့ သောက်စရာ ရေတောင် မရှိခဲ့ဘူး။ ဒါက သူ့ကို ဒီတိုင်း သေသွားအောင် ပစ်ထားခဲ့တာပဲလေ။

ငါ ဒီသတင်းကို ကြားရချိန်မှာ အရမ်းထိတ်လန့်သွားခဲ့ရပြီး မယုံနိုင် ဖြစ်ခဲ့ရတာ။ ငါ မှတ်မိသလောက်တော့... ယန်ကျစ်...နင် ဂရုအစိုက်ဆုံးက နင့်အမေပဲ မလား။ ကိုယ်လုပ်တော်ပိုင်က နင့်အမေရဲ့ နာရေးကိစ္စကို သေသေချာချာ စီမံခန့်ခွဲပေးပါ့မယ်လို့ ကတိပေးခဲ့လို့သာ နင် ကုဝမ်ရုရဲ့ အနောက်ကနေ လိုက်ပါပြီး လက်မထပ်ခင်ကတည်းက မြို့စားအိမ်တော်ဆီကို ဝင်ရောက်လာခဲ့တာလေ”

“ပြီးတော့ နင်နဲ့ နင့်ဝမ်းကွဲအစ်ကိုတို့က ငယ်ငယ်တည်းက စေ့စပ်ထားခဲ့ကြတာ။ နင့်ဝမ်းကွဲအစ်ကိုက နင်အကြိုက်ဆုံးမုန့်တွေကို ဝယ်ပြီး အိမ်တော်ထဲကို တိတ်တဆိတ် ပို့ပေးနေခဲ့တာကို ငါ မကြာခဏ မြင်ခဲ့ဖူးတယ်လေ။ နင်တို့နှစ်ယောက် မုန့်တွေစားရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြတဲ့ ပုံရိပ်ကို မြင်တွေ့ရတာက... ငါ့ကို တအား အားကျစေခဲ့တာပေါ့”

“တော်တော့... ဆက်မပြောနဲ့တော့...”

ယန်ကျစ် ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ သူမ အင်အားရှိသမျှဖြင့် အော်ဟစ်လိုက်၏။

သို့သော် သူမအသံမှာ မြေပြင်ပေါ်၌ တစ်စုံတစ်ခုကို ကြိတ်ခြေနေသကဲ့သို့ စူးရှလွန်းလှသည်။

“အမှန်အတိုင်း ပြောရရင်... ငါ နင့်ကို မုန်းတယ်”

ကုဟွား ပြုံးလိုက်မိ၏။

“ဒါပေမဲ့ နင့်အမေ သနားဖို့ကောင်းအောင် သေသွားခဲ့ရတာကို မြင်ရတာ၊၊ နင်က ငါ့ရဲ့ ကိုယ်ပွားတစ်ခုအနေနဲ့ အသုံးချခံရပြီး မုအန်းရဲ့ နှိပ်စက်တာတွေ ခံနေရတာကို မြင်ရတာ၊ နင် ချစ်မြတ်နိုးရတဲ့ အမျိုးသားနဲ့ ခွဲခွာခဲ့ရတာကို မြင်ရတာ ပြီးတော့ နင် အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့ သခင်မက နင့်ကို သစ္စာဖောက်ပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာကို မြင်ရတာတွေက ငါ့ကို စိတ်သက်သာရာ ရစေခဲ့တာပေါ့”

“ဆိုရိုးတောင် ရှိသေးတယ်လေ... သနားစရာ လူတစ်ယောက်မှာ မုန်းစရာကောင်းတဲ့ အချက်တွေ ရှိတတ်တယ်ဆိုတာ။ နင်က မုန်းစရာကောင်းတာထက် ပိုပြီးတော့ သနားစရာ ကောင်းတယ်”

ယန်ကျစ် သူမကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

အကယ်၍ သူမအနေဖြင့် ထနိုင်မည်ဆိုပါက သေချာပေါက် ရှေ့သို့ ပြေးဝင်သွားပြီး ကုဟွားကို ကိုက်ခဲမိပေလိမ့်မည်။

ကုဟွား အနားသို့ တိုးကပ်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းတစ်စုံအတွင်း၌ ငရဲဘုံမှ တက်လှမ်းလာခဲ့သော မိစ္ဆာတစ်ကောင်အလား အေးစက်လှသော အပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

သူမ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

“နင့်ကို အသက်ရှင်ခွင့် ပေးထားခဲ့တာက နင့်အမေက မသေခင်မှာ လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟသွားခဲ့လို့ပဲ”

ယန်ကျစ်၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွား၏။

ကုဟွား သူမမျက်ဝန်းများအတွင်းမှ ခဏတာ ထွက်ပေါ်လာခဲ့သော ကြောက်ရွံ့မှုများကို အမိအရ ဖမ်းဆုပ်နိုင်လိုက်သည်။

တကယ်ကို ယန်ကျစ်လည်း သိနေခဲ့တာပဲ...

သို့မဟုတ်ပါက သူမအနေဖြင့် ကုဝမ်ရု ကိုယ်စား ကုဟွားကို ဤမျှအထိ ပြင်းထန်စွာ နှိပ်စက်ရဲမည် မဟုတ်ချေ။

ကုဟွား၏ လေသံမှာ တိုးညှင်းလှပြီး ဖြားယောင်းသွေးဆောင်မှုများ ပြည့်နှက်နေခဲ့သည်။

“ငါက တရားဝင်ဇနီးရဲ့ သမီးအရင်းဖြစ်ပြီးတော့ ကုဝမ်ရုကသာ ကိုယ်လုပ်တော်ပိုင်ရဲ့ သမီးအရင်းဖြစ်တယ်ဆိုတာကို နင် သိနေခဲ့တာပဲ ဟုတ်တယ်မလား”

ယန်ကျစ် အကြည့်များကို ရှောင်လွှဲလိုက်မိ၏။

ကုဟွား သူမကို ထပ်မံ၍ ဖိအားမပေးတော့ချေ။

သူမ မတ်တတ်ထရပ်လိုက်ပြီး လေသံကို နူးညံ့အောင် ထိန်းလိုက်သည်။

“နင့်ရဲ့ ဝမ်းကွဲအစ်ကိုက အခုထိ နင့်ကို စောင့်ဆိုင်းနေတုန်းပဲ။ အခုအချိန်မှာတော့ နင်က သေလူတစ်ယောက် ဖြစ်နေပြီလေ။ တကယ်လို့ နင် ဒီငရဲတွင်းကနေ လွတ်မြောက်ချင်တယ်ဆိုရင် ငါ နင့်ကို ကူညီပေးနိုင်တယ်။ ဒါမှမဟုတ် နင် ကုဝမ်ရုရဲ့ ဘေးနားကို ပြန်သွားချင်သေးတယ်ဆိုရင်လည်း နင့်ရဲ့ သစ္စာရှိမှုကို ငါ ဖြည့်ဆည်းပေးနိုင်ပါတယ်”

ယန်ကျစ် ကုဟွားကို လှည့်ကြည့်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားလိုက်ရာ သူမကျောပြင်ထက်ရှိ အနာဖေးတက်ခါစ ဒဏ်ရာများမှာ ပြန်လည်ပွင့်ထွက်သွားခဲ့ရပြီး သွေးများ စီးကျလာခဲ့၏။

သို့သော် သူမအနေဖြင့် နာကျင်မှုကို လုံးဝ မခံစားရချေ။

“ကျေးဇူးပြုပြီး... ဒုတိယမမလေး...”

ဤသည်က ကုဟွားအနေဖြင့် ယန်ကျစ် သူမကို ပထမဆုံးအကြိမ်အဖြစ် တောင်းပန်တိုးလျှိုးနေသည်ကို ကြားလိုက်ရခြင်း ဖြစ်သည်။ သူမရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ရယ်မောချင်စိတ်များ ထွက်ပေါ်လာခဲ့ရ၏။

ထို့ကြောင့် လူတစ်ယောက်အနေဖြင့် အလွန်အမင်း အားနည်းမနေသင့်ချေ။

အကယ်၍ မင်းက အားနည်းနေမည်ဆိုလျှင် လူအများက မင်းကို အလွယ်တကူ အနိုင်ကျင့်ကြလိမ့်မည်။

ပြောင်းပြန်အားဖြင့် မင်းက အင်အားကြီးနေမည်ဆိုပါက အခြားသူများက အားနည်းသွားကြလိမ့်မည်။

“နင် နင့်ဝမ်းကွဲအစ်ကိုနဲ့အတူတူ အဝေးကို ထွက်ပြေးချင်တယ်... ဟုတ်တယ်မလား”

ယန်ကျစ် ခေါင်းကို ပြင်းထန်စွာ ညိတ်လိုက်မိပြီး သူမ၏ မျက်ရည်များမှာလည်း ထိန်းမရအောင် စီးကျနေခဲ့မိ၏။

ကုဟွား၏ လက်သည်းလေးက သူမ၏ ကျောပြင်ထက်ရှိ ရုပ်ဆိုးလှသော ဒဏ်ရာအနာဖေးများတစ်လျှောက် ကုတ်ခြစ်ပေးလိုက်ရာ ယန်ကျစ်တစ်ယောက် နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့ရ၏။

“နင့်ဝမ်းကွဲအစ်ကိုက အခုလိုမျိုး ရုပ်ဆိုးပြီး ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်မျိုးကို လက်ခံနိုင်ပါ့မလားဆိုတာကိုတော့ ငါ သိချင်မိသားပဲ”

ယန်ကျစ်တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရပြီး သူမ အင်အားရှိသမျှဖြင့် ဝမ်းနည်းတကြီး ငိုယိုလိုက်၏။

ကုဟွား လက်ကို ပြန်ရုပ်လိုက်ပြီး လက်ကိုင်ပဝါတစ်ခုကို ထုတ်ကာ သူမလက်သည်းများကို သန့်စင်အောင် သုတ်လိုက်ပြီးနောက် ရုတ်တရက်ပင် ထိုလက်ကိုင်ပဝါဖြင့် သူမပါးစပ်ကို ပိတ်ဆို့လိုက်ကာ ငိုကြွေးသံများကို ညည်းတွားသံများအဖြစ် ပြောင်းလဲပစ်လိုက်၏။

သူမ အေးစက်စွာ စကားဆိုလိုက်သည်။

“ငါက နင်တို့အားလုံးရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရလို့ အသက်ရှူဖို့တောင် ခက်ခဲခဲ့ရတာ။ သဘာဝကျစွာပဲ ငါက စိတ်နှလုံးနူးညံ့လှတဲ့ ဗုဒ္ဓလည်း မဟုတ်ဘူး။ တကယ်လို့ နင် ဘဝသစ်တစ်ခုကို လိုချင်တယ်ဆိုရင် နင်သိထားတဲ့ အရာမှန်သမျှကို လူအများရှေ့မှာ ထုတ်ပြောရမယ်”

ယန်ကျစ် ညည်းတွားနေခဲ့ရပြီး စကားတစ်လုံးမျှ မဆိုနိုင်တော့ချေ။

“နင့်အမေရဲ့ သွေးစာကို သေသေချာချာ ကြည့်လိုက်စမ်း။ နင့်အမေက တစ်စုံတစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ။ ပြီးတော့ နင့်ရဲ့ အဖေရောပဲ... အခုတော့ နင့်အလှည့်ပေါ့”

ကုဟွား အဝတ်အစားများထက်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။

“နင့်ရဲ့ ဝမ်းကွဲအစ်ကိုကို ငါ ဘာတွေ ပြောပြရမလဲဆိုတာ သေသေချာချာ စဉ်းစားထားလိုက်ပေါ့။ နင်က စည်းစိမ်ချမ်းသာကို မက်မောလို့ သခင်လေးရဲ့ အိပ်ရာပေါ်ကို တက်ခဲ့ပြီး သခင်လေးက ငြီးငွေ့သွားလို့ အသေရိုက်နှက်ခံရပြီးတော့ ဖိနပ်စုတ်တစ်ရံလို စွန့်ပစ်ခံလိုက်ရတာလို့ ပြောရမလား။ ဒါမှမဟုတ် နင်က အတင်းအဓမ္မ စေခိုင်းခြင်း ခံခဲ့ရတာလို့ ပြောရမလား။ ဒါက နင့်အပေါ်မှာပဲ မူတည်တယ်”

သူမ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ချေ။ ကုဟွား သူမကို ထပ်မကြည့်တော့ဘဲ ပြန်လှည့်လိုက်ပြီးနောက် တံခါးအပြင်ဘက်သို့ လျှောက်သွားခဲ့ကာ တံခါးကို ပိတ်လိုက်သဖြင့် အတွင်းဘက်မှ သနားစဖွယ် ငိုကြွေးသံများကို ထပ်မကြားရတော့ချေ။

သူမ အပြင်သို့ ထွက်လာသည်ကို မြင်တွေ့ရချိန်တွင် ချီယန်က ချဉ်းကပ်လာခဲ့ပြီး တိုးညှင်းစွာ မေးမြန်းလိုက်၏။

“ဒုတိယမမလေးကုမှာ ဘာညွှန်ကြားစရာများ ရှိပါသေးလဲ”

“ငါ သူ့ဝမ်းကွဲအစ်ကိုနဲ့ တွေ့ချင်တယ်”

ချီယန် အနည်းငယ် တွေဝေသွား၏။

“ဒါက... မရဘူးလား”

ကုဟွား ယန်ကျစ်နှင့် စကားပြောဆိုခဲ့သော စ်တ်ခံစားချက်များအတွင်းမှ လုံးဝ မထွက်ခွာနိုင်သေးသဖြင့် သူမမျက်ဝန်းများအတွင်း၌ အေးစက်မှုအချို့ ရှိနေဆဲ ဖြစ်သည်။

ချီယန် အလျင်အမြန်ပင် ဆိုလိုက်၏။

“ဒါက သခင်ကြီးရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်”

ကုဟွား ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ... ကျေးဇူးပြုပြီး မြို့စားကြီးကို အကြောင်းကြားပေးပါဦး”

“ဟုတ်ကဲ့ပါ”

ရုတ်တရက်ပင် ကုဟွား ဝမ်းဗိုက်အောက်ပိုင်း၌ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

ရင်ထဲ၌ အခြေအနေ မကောင်းကြောင်း တွေးတောမိလိုက်သဖြင့် သူမ နာကျင်မှုကို အောင့်အည်းသည်းခံပြီး မြင်းလှည်းပေါ်သို့ အမြန် တက်လိုက်၏။

လှုပ်ခါနေသော မြင်းလှည်း၏ မောင်းနှင်မှုကြောင့် နာကျင်မှုမှာ ပိုမို၍ ပြင်းထန်လာခဲ့ရသည်။

သူမ ဝမ်းဗိုက်အောက်ပိုင်းကို အုပ်ကိုင်လိုက်၍ ထိုင်ခုံထက်၌ ကွေးကွေးလေး ဖြစ်သွားခဲ့ရပြီး နဖူးပြင်ထက်တွင်လည်း အေးစက်သော ချွေးစေးများ ထွက်လာခဲ့ရ၏။

မြင်းလှည်းမှာ ဘေးတံခါးဝ၌ ထပ်မံ၍ ရပ်တန့်သွားခဲ့ပြန်သည်။

မြင်းလှည်းအတွင်းမှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို မြင်လိုက်ရသဖြင့် ချီယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး မြင်းလှည်းလိုက်ကာ၏ ထောင့်တစ်ဖက်ကို သေသေချာချာ ပင့်တင်၍ ကြည့်ရှုလိုက်၏။

သေလူတစ်ယောက်အလား ဖြူစုတ်နေသော မျက်နှာဖြင့် မြင်းလှည်းအတွင်း၌ ကွေးကွေးလေး လဲလျောင်းကာ သတိလစ်မေ့မြောနေသော ကုဟွားကို မြင်တွေ့လိုက်ရသည်။

ထိတ်လန့်တုန်လှုပ်သွားခဲ့ရသဖြင့် သူ နံရံပေါ်သို့ ဝုန်းခနဲ ခုန်တက်လိုက်ပြီး အိမ်တော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့၏။

မကြာမီ၌ တုန့်ဟွားက ဆေးသေတ္တာကို သယ်ဆောင်ထားသော ရှန်လီ၊ တုန့်ချင်းတို့နှင့်အတူတူ အလန့်တကြား ပြေးထွက်လာခဲ့ကြ၏။

ရှန်လီ သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်ရာ အလွန်ပင် အားနည်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။

“မဖြစ်ဘူး... သူ့ကို အိမ်တော်ထဲ ချက်ချင်း ပွေ့ချီသွားရမယ်”

All Chapters